အခန်း ၁၉၂
Vol. 20 Ch. 192
အခန်း (၁၉၂)
လင်းလက်သောဓားနှလုံးသား၊ မာနဓားဂိုဏ်း၏ သတ်ဖြတ်သူ
ဧရာမ ပြောင်းပြန်ရှေးဟောင်းတောင်တန်းကြီးပေါ်တွင် ပုံရိပ်တစ်ခု မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူ့အကြည့်ထဲတွင် မရေတွက်နိုင်သည့်ဓားအော်ရာတွေ လှည်ပတ်နေပုံရပြီး အလွန်အမင်းထက်ရှလှ၏။
ဤပုံရိပ်မှာ မာနဓားဂိုဏ်းပါရမီရှင် လီကျင်းမှလွဲ၍ အခြားသူမဟုတ်ပေ။
သူ့ဘေး၌ အခြားနှစ်ယောက်ရှိနေပြီး အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်ဖြစ်ရာ နှစ်ယောက်လုံးက ထက်ရှသည့် အရှိန်အဝါတွေ ထုတ်လွတ်နေခဲ့သည်။
ဝမ်ရှန်းအဆောက်အဦး ဒိုင်လူကြီး၏ ကြေညာသံထွက်ပေါ်လာသည့်အခါ မာနဓားဂိုဏ်းတစ်ခုလုံး ခေတ္တမျှ မှင်တက်သွားခဲ့သည်။
သူတို့၏ပြိုင်ဘက်က ထိုက်ရွမ်ဂိုဏ်း ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပုံပင်။
စဉ်းစားကြည့်လျှင် မနေ့က ထိုထိုက်ရွမ်ဂိုဏ်းတပည့် ပြသခဲ့သော ခွန်အားက လောကတုန်လှုပ်ဖွယ်ပါရမီရှင်အများစုကိုပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
တောင်ပိုင်းဒေသ မျိုးဆက်သစ်လူငယ်များထဲတွင် အလွယ်တကူထိပ်ဆုံးသုံးယောက်စာရင်းဝင်နိုင်သော အစွမ်းထက်ပြိုင်ဘက်တစ်ဦးဖြစ်သည်။
သူနှင့် ဤမျှလောက် စောစီးစွာ ဆုံတွေ့ရခြင်းက ကောင်းသော အရာမဟုတ်ချေ။
“မင်းမှာ ယုံကြည်ချက်ရှိလား...”
မာနဓားဂိုဏ်းဂိုဏ်းချုပ် တည်ငြိမ်သော အကြည့်ဖြင့် ဖြည်းညှင်းစွာ မေးလိုက်သည်။
“စိတ်ချပါ ဆရာ... ကျွန်တော် နိုင်ပါမှာ...”
လီကျင်း ဖြည်းညှင်းစွာမတ်တပ်ရပ်လိုက်ပြီး ဘေးရှိ ဓားသေတ္တာကို ကျော၌လွယ်လိုက်သည်။
သူသည် အရပ်ရှည် သန်မာထွားကျိုင်းကာ ထူထဲသောမျက်ခုံးများနှင့် မျက်လုံးကြီးများရှိနေသဖြင့် ဓားသိုင်းပညာရပ် ကျွမ်းကျင်သူဟု ထင်မှတ်ရန် ခက်ခဲလှသည်။
သို့ပေမယ့် ရှားပါးထူးခြားသော လင်းလက်သောဓားနှလုံးသားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
“ဒီမျိုးဆက်မှာ ထိုက်ရွမ်ဂိုဏ်းရဲ့ လမ်းစဉ်ကို တားဆီးဖို့က ကျွန်တော့်ရဲ့ တာဝန် ဖြစ်လာခဲ့ပြီ...”
လီကျင်း ရှေ့သို့လှမ်းလျှောက်ရင်း ပြောလိုက်ရာ အခြားနှစ်ဦးကလည်း နောက်မှ ကပ်လျက် လိုက်ပါလာခဲ့ကြသည်။
“ဂိုဏ်းချုပ်...”
ဘေးနားရှိ အကြီးအကဲတစ်ဦး တွေဝေစွာဖြင့် ပြောလိုက်သည်။
“ဒီတိုက်ပွဲဇယားစာရင်းမှာ ပြဿနာတစ်ခုခု ရှိနေပုံရတယ်...”
“ဖြစ်နိုင်ပါတယ်...”
ဂိုဏ်းချုပ် တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။
“ဒါပေမဲ့ ငါတို့ နောက်မှပဲ စုံစမ်းလို့ရမယ်... ဒါ့ပြင် ဒီတပည့်ရဲ့ အရှိန်အဝါကို စောစောစီးစီး ရိုက်ချိုးပစ်တာက အကောင်းဆုံးပဲ... မဟုတ်လို့ ဒီလိုမျိုးဆက်ပြီးနိုင်နေဦးမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်တွေက အဖြစ်အပျက်တွေ ထပ်ဖြစ်လာနိုင်တယ်...”
အတိတ်တုန်းက ရှီယင်ချင်းကဲ့သို့ပင် သူက တားဆီးမရနိုင်သည့် အရှိန်အဟုန်ကို တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
အကယ်၍ ထိုက်ရွမ်ဂိုဏ်းတပည့်သာ ယခုအကြိမ် တောင်ပိုင်းဒေသပါရမီရှင်တိုက်ပွဲကို အပြတ်အသတ်သိမ်းပိုက်သွားမည်ဆိုပါက ၎င်းက ကျန်ရှိသောထိပ်သီးဂိုဏ်းကြီးများအတွက် အမှန်တကယ်ပင် ကြီးမားသော အရှက်ရမှု ဖြစ်လာမည်ဖြစ်သည်။
တိုက်ပွဲကွင်းပြင်ထက်တွင် မာနဓားဂိုဏ်း ပထမဆုံးဝင်ရောက်လာခဲ့ပြီး သေခြင်းရှင်ခြင်းနယ်ပယ် အဆင့် ၃ တွင် ရှိနေသော လီကျင်းမှ ဦးဆောင်လာခဲ့သည်။
သူဘေးရှိနှစ်ဦးမှာ သေခြင်းရှင်ခြင်းနယ်ပယ် အဆင့် ၁ တွင် ရှိကြသည်။
ဤကျင့်ကြံရေးအဆင့်က အစောပိုင်းတိမ်ပင်လယ်အကယ်ဒမီထက် အနည်းငယ် ပိုမိုမြင့်မားသည်။
သို့သော် လောကတုန်လှုပ်ဖွယ်ပါရမီရှင်များအတွက်မူ အဆင့်အနည်းငယ် ကွာဟချက်က ဘာမျှအဓိပ္ပာယ်မရှိချေ။
သူတို့သုံးဦး ဝင်ရောက်လာခြင်းက ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လီကျင်းသည် ထျန်းရှူစီရင်စုတွင်သာမက တောင်ပိုင်းဒေသတစ်ခုလုံးတွင်ပါ လူသိများသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သောကြောင့်ဖြစ်သည်။
သူသည် တောင်ပိုင်းနယ်မြေတွင် ကိုးရောင်ခြယ်မှန်ကျောင်းဆောင်မှ ယွီဟုန်းရွယ်ပြီးလျှင် ဒုတိယမြောက် အစွမ်းအထက်ဆုံးလူအဖြစ် သတ်မှတ်ခြင်း ခံထားရသူလည်း ဖြစ်သည်။
“သေခြင်းရှင်ခြင်းနယ်ပယ်အဆင့် သုံးယောက်... ပြီးတော့ တစ်ယောက်က လီကျင်းပဲ...”
“လီကျင်းရဲ့ ဓားရည်ရွယ်ချက်က အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ မသိဘူး... ကွာဟချက် အရမ်းမကြီးဘူးဆိုရင် သေချာပေါက် အဲဒီမုန့်ချန်ချင်းထက် အားနည်းမှာ မဟုတ်ဘူး...”
“ပြီးတော့ ထိုက်ရွမ်ဂိုဏ်းမှာ သေခြင်းရှင်ခြင်းနယ်ပယ်ဆိုလို့ မုန့်ချန်ချင်းတစ်ယောက်ပဲရှိပုံပဲ...”
“ထိုက်ရွမ်ဂိုဏ်းအတွက်တော့ ဒါက ခက်ခဲတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်... သူတို့ ဒီနေရာမှာတင် ဖယ်ရှားခံလိုက်ရနိုင်တယ်...”
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြတော့သည်။
အချို့က ထိုက်ရွမ်ဂိုဏ်းကို အားပေးကြသော်လည်း အများစုမှာမူ မာနဓားဂိုဏ်းကို ထောက်ခံနေကြသည်။
အဆုံးမှာတော့ ထိုဂိုဏ်းက တောင်ပိုင်းဒေသ၏ ထိပ်တန်းပါရမီရှင်လူငယ်များကို စေလွှတ်ထားခြင်း မဟုတ်ပါလား။
ဘုန်း... ဘုန်း...
ယခင်အတိုင်းပင် ရှီညီအစ်ကိုနှစ်ဦး မုန့်ချန်ချင်းနှင့်အတူ စင်မြင့်ထက်သို့ လိုက်ပါလာခဲ့ကြသည်။
ဧရာမ တောင်ငယ်နှစ်လုံး မြေပြင်ပေါ်သို့ ကျရောက်လာသည့်အလား ဖုန်မှုန့်များ တထောင်းထောင်းထသွားခဲ့သည်။
မိမိတို့ထက် များစွာသန်မာသော သေခြင်းရှင်ခြင်းနယ်ပယ် ပညာရှင်များနှင့် ရင်ဆိုင်နေရသော်လည်း ညီအစ်ကိုနှစ်ဦးမှာမူ ကြောက်ရွံ့သည့် အရိပ်အယောင် အနည်းငယ်မျှမရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ မျက်လုံးများထဲတွင် တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
ကျောက်တုံးလူသားသွေးမျိုးဆက်သည် ရှေးဟောင်းသွေးမျိုးဆက်တစ်ခု ဖြစ်ပြီး မွေးရာပါ ကြမ်းကြုတ်၏။
ကြောက်ရွံ့ခြင်း? ထိုအရာက သူတို့အဗိဓ္ဓာန်မှာ မရှိပေ။
ရန်သူက မည်မျှပင်သန်မာနေပါစေ သူတို့၏ လက်သီးများကို ဝှေ့ယမ်းကာ ရှေ့သို့သာ တိုးဝင်သွားကြမည်ဖြစ်သည်။
မုန့်ချန်ချင်းပုံရိပ် ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။
သူက မူလ၌ ပြိုင်ဘက်များကို တစ်ယောက်တည်း ရင်ဆိုင်ရန် ရည်ရွယ်ခဲ့သော်လည်း စည်းကမ်းချက်များအရ သုံးဦးစလုံး တိုက်ပွဲကွင်းပြင်ထဲသို့ အတူတူ ဝင်ရောက်ရန် လိုအပ်သည်။
“စီနီယာအစ်ကို မုန့်, ကျွန်တော်တို့အတွက် မစိုးရိမ်ပါနဲ့... သူတို့ထဲကတစ်ယောက်ကို ကျွန်တော်တို့ အချိန်တိုအတွင်း တားထားနိုင်ပါတယ်...”
ရှီဂွမ်း ပြောလိုက်သည်။
“အို...”
မုန့်ချန်ချင်း အံ့ဩသွားသည်။
အဆုံးမှာတော့ ဤညီအစ်ကိုနှစ်ဦးက နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၁ တွင်သာ ရှိသေးသည်။
သူတို့သည် စစ်မှန်သော သေခြင်းရှင်ခြင်းနယ်ပယ် ပညာရှင်တစ်ဦးကို၊ အထူးသဖြင့် လောကတုန်လှုပ်ဖွယ်ပါရမီရှင်တစ်ဦးကို အချိန်တိုအတွင်း မည်သို့တားဆီးထားနိုင်မည်နည်း။
သို့ပေမယ့် သူတို့၏လေးနက်သည့်အမူအရာကိုမြင်သည့်အခါ ကြည့်ရတာ ကြွားဝါနေပုံမရပေ။
“ကောင်းပြီလေ စမ်းကြည့်လိုက်ပါ... အဆင်မပြေရင် နောက်ဆုတ်လိုက်... ငါပဲ ဖြေရှင်းလိုက်မယ်...”
မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။
လောကတုန်လှုပ်ဖွယ်ပါရမီရှင်များနှင့် တိုက်ခိုက်ရခြင်းက ရှားပါးသော အခွင့်အရေးဖြစ်သည်။
အနိုင်အရှုံးကို ခဏထားလျှင်ပင် ရရှိမည့် အကျိုးကျေးဇူးက အလွန်တရာ ကြီးမားလှသည်။
“အင်း... အင်း...”
ညီအစ်ကိုနှစ်ဦး ပြင်းထန်စွာ ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် ဆန်းကြယ်သော အမှတ်အသားတစ်ခု သူတို့နဖူးထက်တွင် ထွက်ပေါ်လာခဲ့သည်။
ထိုအမှတ်အသား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှီယောင်၏ပုံရိပ်မှာ တဖြည်းဖြည်းဝေဝါးသွားပြီး ရှီဂွမ်းနှင့် ပေါင်းစပ်သွားခဲ့တော့သည်။
ထို့နောက် ချက်ချင်း သူတို့၏အရှိန်အဝါတွေ မြင့်တက်လာပြီး မျက်စိတစ်မှိတ်အတွင်း နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၉ သို့ ရောက်ရှိသွားခဲ့ပြီး သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်လုနီးပါးဖြစ်သွား၏။
“သွေးမျိုးဆက် နည်းစနစ်တစ်ခုလား...”
မုန့်ချန်ချင်း မျက်ခုံးပင့်လိုက်သည်။
၎င်းက ကျောက်တုံးဘုရင်နတ်ဘုရားအမှတ်အသားဟု ခေါ်သောအရာဖြစ်နိုင်၏။
ခရက်... ခရက်... ခရက်...
ရှီဂွမ်း၏ ခန္ဓာကိုယ်အရွယ်အစားမှာ ပိုမိုကြီးမားလာခဲ့ပြီး ငွေဖြူရောင် ချပ်ဝတ်တန်ဆာတစ်ခုက သူ့ကိုဖုံးလွှမ်းသွားကာ အမြင့်မီတာတစ်ရာအထိ ကြီးထွားလာခဲ့သည်။
လေးလံသောခေါင်းဆောင်းအောက်၌ မျက်လုံးလေးလုံးက တောက်ပနေခဲ့ပြီး ဘယ်လက်တွင် ပုဆိန်ကိုင်ထားပြီး ညာလက်တွင် တူတစ်လက်ကို ကိုင်ဆောင်ထားခဲ့သည်။
“ဒီညီအစ်ကိုနှစ်ယောက်ပဲ ဒါကို လုပ်နိုင်လိမ့်မယ် ထင်တယ်...”
မုန့်ချန်ချင်း သူ့အကြည့်ကို ရုပ်သိမ်းရင်း တွေးလိုက်မိသည်။
ကျင့်ကြံရေးလောကတွင် အမြွှာများက တစ်ခါတစ်ရံ၌ ရှင်းပြ၍မရသော ထူးခြားသည့် စွမ်းရည်များစွာကို ထုတ်လုပ်နိုင်ကြသည်။
အဝေးတွင်မူ လီကျင်းနှင့် အခြားနှစ်ဦး ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့ကြသည်။
ရှီညီအစ်ကိုများ၏ အသွင်ပြောင်းလဲမှုက သူတို့၏ အာရုံစိုက်မှုကို သိပ်မရရှိခဲ့ချေ။
သူတို့အတွက်မူ နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၉ က အဆင့် ၁ နှင့် မည်သည့်ကွာခြားချက်မှမရှိချေ။
“မုန့်ချန်ချင်း...”
လီကျင်း ရပ်တန့်လိုက်ပြီး စကားပြောလိုက်ရာ သူ့အသံက မရေတွက်နိုင်သည့်ဓားသံတွေ ပဲ့တင်ထွက်ပေါ်လာသကဲ့သို့ပင်။
“မင်းရဲ့ လမ်းစဉ်က ဒီနေရာမှာတင် အဆုံးသတ်ပြီ...”
သူက ကျောပေါ်မှဓားသေတ္တာကို ဖြုတ်လိုက်ပြီး ဘေးတွင်မတ်မတ်ထောင်ထားလိုက်သည်။
“မာနဓားဂိုဏ်းက သူတို့ရဲ့ ဓားသိုင်းပညာရပ်ကြောင့် ကျော်ကြားတယ်လို့ ငါ ကြားဖူးတယ်... မင်းတို့ အစွမ်းကုန် ထုတ်သုံးပြီး ငါ့ကို စိတ်ပျက်စေဖို့မျှော်လင့်တယ်...”
မုန့်ချန်ချင်းမျက်လုံးများ တောက်ပနေပြီး အနည်းငယ်ပြုံးလိုက်သည်။
ယခုချိန်၌ ဓားချက် ၂၄ ချက်၏ ပြီးပြည့်စုံမှုက ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။
ကျန်ရှိသော ၂၀ ရာခိုင်နှုန်းကိုမူ လီကျင်းထံမှ ရရှိနိုင်ရန် အခွင့်အရေး အများဆုံး ဖြစ်သည်။
ဤအတွေးဖြင့် မုန့်ချန်ချင်း သူ၏စူးစမ်းရေးမျက်လုံးကို အသက်သွင်းလိုက်သည်။
အခြေခံအချက်အလက် -
[နာမည် - လီကျင်း]
[မျိုးနွယ် - လူသား]
[ကျင့်ကြံရေး - သေခြင်းရှင်ခြင်းနယ်ပယ် အဆင့် ၃]
ပင်ကိုယ်ပါရမီအချက်အလက် -
[အမြစ်ရိုး - အဆင့် ၁]
[နားလည်နိုင်စွမ်း - ထူးခြားထက်မြက်ခြင်းအဆင့်]
[ပါရမီစွမ်းရည် - လင်းလက်သောဓားနှလုံးသား]
[နည်းစနစ်များ - “မာနဓားသိုင်း - လူသားသတ်ဖြတ်ခြင်းအခန်း” (ပြီးပြည့်စုံခြင်းအဆင့်)...]
“လင်းလက်သောဓားနှလုံးသား...”
မုန့်ချန်ချင်း မျက်ခုံးပင့်လိုက်မိသည်။
ဤပါရမီစွမ်းရည်ကလည်း အလွန်တရာ ရှားပါးလှပေသည်။
၎င်းက ပိုင်ဆိုင်ထားသူကို ဓားသိုင်းပညာရပ်တွင် အလွန်တရာ မြင့်မားသော နားလည်နိုင်စွမ်းကို ပေးစွမ်းနိုင်သည်။
ထို့ပြင် လီကျင်းကိုယ်တိုင်ကလည်း ထူးခြားထက်မြက်ခြင်းအဆင့် နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။
သူ၏ ဓားပညာအလားအလာကို စိတ်ကူးကြည့်နိုင်တာပဲဖြစ်သည်။
သို့ပေမယ့် လင်းလက်သောဓားနှလုံးသားမှာ မွေးရာပါဓားခန္ဓာနှင့်မတူဘဲ ဓားသိုင်းပညာရပ်များ၏စွမ်းအားကို တိုးမြှင့်ပေးခြင်း မဟုတ်ပေ။
၎င်းက နားလည်နိုင်စွမ်းကိုသာ မြှင့်တင်ပေးခြင်းဖြစ်သည်။
“မင်းက တကယ့်ကို ယုံကြည်ချက်ရှိတာပဲ...”
လီကျင်း မျက်လုံးအနည်းငယ်မှေးကျဥ်းလိုက်သည်။
ရိုးရိုးသားသားပြောရလျှင် သူ မုန့်ချန်ချင်း၏ အကြည့်ကို သဘောမကျပေ။ သူ့ကို သားကောင်တစ်ကောင်ကဲ့သို့ ဆက်ဆံနေသည့် အကြည့်မျိုးဖြစ်သည်။