အခန်း ၁၉၃
Vol. 20 Ch. 193
အခန်း (၁၉၃)
မင်းတို့သုံးယောက် အတူတူတက်ခဲ့ကြ
“လာခဲ့... မင်းတို့ရဲ့ ဓားသိုင်းပညာကို ကြည့်ရအောင်...”
မုန့်ချန်ချင်းနှုတ်ခမ်းများ တွန့်ကွေးသွားပြီး စိန်ခေါ်ဖို့ စိတ်အားထက်သန်နေခဲ့သည်။
“မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်...”
လီကျင်း အပိုစကားပြောမနေပေ။
ကလစ်...
ဓားသေတ္တာပွင့်သွားပြီး သူ့လက်ထဲ၌ သွေးနီရောင်ဓားရှည်တစ်လက် ပေါ်လာခဲ့သည်။
ချက်ချင်းပဲ သူ့အော်ရာတစ်ခုလုံးမှာ မယုံနိုင်လောက်အောင်ထက်ရှသွား၏။
နောက်ဘက်မှလည်း ဧရာမပုံရိပ်ယောင်ဓားကြီးတစ်လက် မြေပြင်မှထွက်ပေါ်လာပြီး ကောင်းကင်ယံထက်သို့ ထိုးတက်သွားခဲ့သည်။
ဓားရည်ရွယ်ချက် ၂၀ ရာခိုင်နှုန်း...
“၂၀ ရာခိုင်နှုန်း...”
လူအုပ် ပင့်သက်ရှိုက်လိုက်ကြသည်။
အခြားလောကတုန်လှုပ်ဖွယ်ပါရမီရှင်များနှင့်ယှဉ်လျှင် ယွီဟုန်းရွယ်ရော လီကျင်းပါ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့ကြ၍ မည်သူမှ သူတို့၏ စစ်မှန်သောရည်ရွယ်ချက်အဆင့်အတန်းကို မသိကြပေ။
လီကျင်းမှာ ဓားရည်ရွယ်ချက် ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိနေလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။
“သူ့ရည်ရွယ်ချက်က မုန့်ချန်ချင်းရဲ့ လက်သီးရည်ရွယ်ချက်ထက် နိမ့်နေသေးတယ်ဆိုပေမယ့် အခြားလူတွေနဲ့ ယှဉ်ရင် ကွာဟချက်ကို အများကြီး ကျဉ်းမြောင်းလိုက်နိုင်တာပဲ...”
“သူ့မှာ မုန့်ချန်ချင်းကို အနိုင်ယူဖို့ အခွင့်အရေး ရှိတယ်...”
မသိစိတ်အတွင်း၌ လူအများစု သတိမထားမိကြချေ။
သူတို့၏ နှလုံးသားထဲတွင် မုန့်ချန်ချင်းသည် မျိုးဆက်သစ်လူငယ်များထဲ၌ ပြိုင်ဘက်ကင်းတည်ရှိမှုတစ်ခုအဖြစ် တဖြည်းဖြည်းဖြစ်လာခဲ့ပြီဖြစ်သည်။
သူက အခြားသူများကို စိန်ခေါ်နေခြင်း မဟုတ်ဘဲ အခြားသူများကသာ သူ့ကို စိန်ခေါ်နေရခြင်းဖြစ်သည်။
“မာနဓားသိုင်း - ပထမဆုံး လူသားသတ်ဖြတ်ခြင်းဓားချက်...”
လီကျင်း တိုက်ရိုက်ခုတ်ပိုင်းလိုက်သည်။
ဓားအလင်းတန်း ရှေ့သို့ပြေးထွက်သွားပြီး ၎င်းအထဲ၌ မရေမတွက်နိုင်သည့်လူရိပ်တွေ ဝဲပျံနေခဲ့ကြသည်။
“မဆိုးဘူး...”
မုန့်ချန်ချင်း လက်မြောက်လိုက်ပြီး လက်ငါးချောင်းကို လက်သီးဆုပ်လိုက်သည်။
၎င်းက ကြယ်တာရာများကိုယ်တိုင် တုန်ခါသွားသည့်အလား လက်သီးတစ်ချက်တည်းနှင့် စကြဝဠာကြီးတစ်ခုလုံး ပြိုလဲပျက်စီးသွားတော့မလိုပင်။
စစ်မှန်သော လက်သီးရည်ရွယ်ချက် ၃၀ ရာခိုင်နှုန်းမှာ လေထုထဲတွင် ပြည့်နှက်သွားခဲ့သည်။
ခရက်...
ဓားအလင်းတန်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ပြီး လီကျင်း နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်ရသည်။
သူ့ဘေးရှိနှစ်ဦးကမူ လှုပ်ရှားခြင်းမရှိကြသေးချေ။
အဘယ်ကြောင့်ဆိုသော် ထိုအရာက လီကျင်း၏ တောင်းဆိုမှုဖြစ်သောကြောင့် ဖြစ်သည်။
လောကတုန်လှုပ်ဖွယ်ပါရမီရှင်တစ်ဦးအနေဖြင့် သဘာဝအတိုင်း မာနရှိနေသည်မဟုတ်ပါလား။
သုံးယောက် တစ်ယောက်?...
ထိုအရာက အရှက်ရစရာ ကောင်းလှသည်။
“ထပ်လာ...”
လီကျင်းအကြည့် အေးစက်သွားပြီး သူ၏ ဓားဖြင့်ရှေ့သို့နောက်တစ်ကြိမ် ပြေးထွက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပဲ မည်သည့် လျို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်သည်မသိရဘဲ အော်ရာတွေ တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။
ဓားအလင်းတန်း၏စွမ်းအားမှာလည်း ပိုမိုကြမ်းကြုတ်လာပြီး ဓားချက်တိုင်းက ဟင်းလင်းပြင်ကို လှိုင်းထသွားစေခဲ့သည်။
သူ့ခြေဖဝါးအောက်ရှိ တိုက်ပွဲမြေပြင်တစ်ခုလုံးမှာလည်း ဓားရာများဖြင့် ပြည့်နှက်နေပြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးနေခဲ့ပြီ ဖြစ်သည်။
သို့ပေမယ့် မုန့်ချန်ချင်းမှာ ပြင်းထန်သောလေပြင်းမုန်တိုင်းကြား၌ တောင်ကြီးတစ်လုံးကဲ့သို့ မလှုပ်မယှက်ရှိနေဆဲဖြစ်သည်။
အစမှအဆုံးထိအောင် ခြေလှမ်းတစ်လှမ်းမျှ နောက်ဆုတ်သွားခြင်းမရှိပေ။
“ဒါက မာနဓားသိုင်းလား... စွမ်းအားက တကယ့်ကြီးတာပဲ... ငါသာ အဲဒီထဲမှာ ပိတ်မိနေရင် ပထမဆုံး ဓားချက်နဲ့တင် ပြာကျသွားလိမ့်မယ်...”
“ဒီဓားသိုင်းမှာ လူသားသတ်ဖြတ်ခြင်းအခန်းနဲ့ ကောင်းကင်သတ်ဖြတ်ခြင်းအခန်းဆိုပြီး ခွဲထားတယ်ဆိုပဲ...”
“လီကျင်းက လူသားသတ်ဖြတ်ခြင်းအခန်းကို ပြီးပြည့်စုံတဲ့အဆင့်အထိ လေ့ကျင့်ထားတာ ထင်ရှားတယ်... ဓားချက်တိုင်းက မရေမတွက်နိုင်တဲ့သိုင်းပညာရှင်တွေ တစ်ပြိုင်နက်တည်း တိုက်ခိုက်နေသလိုပဲ... တကယ့်ကို အစွမ်းထက်တယ်...”
“ကြည့်စမ်း... မုန့်ချန်ချင်း အဲဒီနေရာမှာတင် ဖိနှိပ်ခံထားရပြီး လုံးဝ မလှုပ်ရှားနိုင်တော့ဘူး...”
လူအများအပြား ဆွေးနွေးငြင်းခုံနေကြသည်။
“မုန့်ချန်ချင်း ဖိနှိပ်ခံထားရတယ်ဆိုတာ မင်းသေချာလား...”
ထက်ရှသောမျက်လုံးများရှိသည့် စောင့်ကြည့်သူတစ်ဦးက ချက်ချင်းပင် ပြန်လည် ချေပလိုက်သည်။
“ဒါက သူအပေါ် လုံးဝသက်ရောက်မှုမရှိဘဲ အလွယ်တကူကိုင်တွယ်နိုင်တယ်ဆိုတာ ရှင်းနေတာပဲ...”
“အကယ်၍ သူသာတကယ်ဖိနှိပ်ခံထားရရင် ပုံပျက်ပန်းပျက်ဖြစ်နေမှာပေါ့... ဒါပေမဲ့ မုန့်ချန်ချင်းက မင်းတို့မျက်လုံးထဲမှာ အဲ့လိုပုံဖြစ်နေလို့လား...”
ထိုအရာကို ကြားသည့်အခါ လူအုပ် ချက်ချင်းပဲ သေချာစွာ စိုက်ကြည့်လိုက်ကြသည်။
သူတို့ ပင့်သက်ရှိုက်လိုက်ကြ၏။
ထိုအရာက အမှန်ပင်ဖြစ်သည်။
လီကျင်း၏တိုက်ခိုက်မှုက ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်းပိုမိုပြင်းထန်လာသော်လည်း...
မုန့်ချန်ချင်း၏ မျက်နှာအမူအရာကမူ တည်ငြိမ်နေဆဲ ဖြစ်သည်။
သူ၏လက်သီးများက မဖောက်ထွင်းနိုင်သော တံတိုင်းတစ်ခုအလား ရှိနေပြီး လီကျင်း၏ဓားချက်တိုင်းကို အလွယ်တကူ ပိတ်ဆို့ထားခဲ့သည်။
ဤအမြင်အရဆိုလျှင် တိုက်ပွဲကွင်းပြင်ထက်ရှိအခြေအနေက သူတို့ထင်ထားသကဲ့သို့ မဟုတ်ပေ။
မုန့်ချန်ချင်း ဖိနှိပ်ခံထားရခြင်း မဟုတ်ဘဲ, ဆန့်ကျင်ဘက်အနေဖြင့် ကလေးတစ်ယောက်ကိုကစားနေသည့် လူကြီးတစ်ယောက်အလား အသာစီးရမှုကို ပြသနေခြင်းဖြစ်သည်။
ဘုန်း...
လက်သီးတစ်ချက်က မရေတွက်နိုင်သောကြယ်တာရာများ ပေါက်ကွဲသွားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး လီကျင်းကို နောက်သို့ လွင့်ပျံသွားစေခဲ့သည်။
တပ်... တပ်... တပ်...
မီတာတစ်ရာခန့် နောက်ဆုတ်လိုက်ရပြီးမှသာ မနည်းရပ်တန့်နိုင်ခဲ့သည်။
“စီနီယာအစ်ကို...”
မာနဓားဂိုဏ်းမှပါရမီရှင်နှစ်ဦး ချက်ချင်း ရှေ့တက်လာခဲ့ကြသည်။
အပေါ်ယံဗဟုသုတသာရှိသော ပရိသတ်များနှင့်မတူဘဲ သူတို့သည် စောစောက တိုက်ပွဲတွင် လီကျင်း မည်သည့်အသာစီးမှ မရခဲ့သည်ကို အသေအချာမြင်နေရ၏။
ဆန့်ကျင်ဘက်အနေဖြင့် တန်ပြန်နိုင်စွမ်းမရှိသောအခြေအနေတွင် ရှိနေခဲ့ခြင်းဖြစ်သည်။
မည်မျှပင် အစွမ်းထက်သောဓားသိုင်းပညာရပ်များကိုထုတ်ဖော်ပါစေ မုန့်ချန်ချင်းအပေါ် မည်သည့် ထိခိုက်ဒဏ်ရာမျှ မပေးနိုင်ခဲ့ချေ။
စစ်မှန်သောရည်ရွယ်ချက်၏ကွာဟချက်က သိသာသည့်ခွန်အားကွာခြားမှုအဖြစ်ပြောင်းလဲသွားခဲ့သည်။
၁၀ ရာခိုင်နှုန်းမျှသာကွာခြားသော်လည်း ၎င်းက ကြီးမားသော သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့သည်။
“ဒီကောင်မှာလည်း စွမ်းအားတိုးမြှင့်တဲ့ လျို့ဝှက်နည်းစနစ်တစ်ခုရှိနေတာပဲ...”
လီကျင်းက နှုတ်ခမ်းထောင့်က သွေးစများကို သုတ်လိုက်ပြီး အကြည့်မှာတုန်လှုပ်နေခဲ့သည်။
သူက လျို့ဝှက်နည်းစနစ်ကိုအသုံးပြုပြီး စစ်မှန်ရည်ရွယ်ချက်၏ကွာဟချက်ကို ဖာထေးနိုင်မည်ဟု ထင်ထားခဲ့သော်လည်းဤလူကလည်း ထိုအရာကိုပြုလုပ်နိုင်မည်ဟု မည်သူထင်ထားမည်နည်း။
သူ့လက်မောင်း၌ ရံဖန်ရံကာလင်းလက်သွားသော ထိုအနက်ရောင်စာလုံးများမှာ သေချာပေါက် လျို့ဝှက်နည်းစနစ်တစ်ခုပင်။
“ထူးခြားတဲ့ ဓားသိုင်းပဲ...”
“မာနဓားသိုင်းက သူ့နာမည်အတိုင်း တကယ့်ကို အစွမ်းထက်တာပဲ...”
မုန့်ချန်ချင်းအသံ ထွက်ပေါ်လာခဲ့သည်။
၎င်းက ချီးမွမ်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ထို့ပြင် ပျော်ရွှင်မှုလည်းပါဝင်နေသည်။
လီကျင်း ချက်ချင်းပင် လှမ်းကြည့်လိုက်ရာ မုန့်ချန်ချင်းမျက်နှာထက်တွင် ကျေနပ် အားရသော အပြုံးတစ်ခုရှိနေသည်ကို မြင်လိုက်ရသည်။
သို့ပေမယ့် ထိုကောင်က ဘာကို ဒီလောက်အထိ ကျေနပ်နေရသနည်း။
“မင်း...”
လီကျင်း သူ့လက်ထဲရှိဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။
သူက အစွမ်းကုန်ထုတ်သုံးခဲ့သော်လည်း ထိုကောင်က အလေးအနက်ပင်ထားပုံမရဟု ခံစားလိုက်ရသည်။
အမှန်တကယ်ပင်...
သူက အစကတည်းက ဤတိုက်ပွဲကို လုံးဝအလေးအနက်ထားခဲ့ပုံမရချေ။
သူ့ခွန်အားမှာ လီကျင်းခန့်မှန်းထားသည်ထက် များစွာကျော်လွန်နေခဲ့သည်။
ပထမတန်းစားဂိုဏ်းတစ်ခုမှ တပည့်တစ်ယောက်က ဘယ်လိုလုပ် ကဏ္ဍတိုင်း၌ နက်ရှိုင်းသည့်သိုင်းပညာအုတ်မြစ်ကို ပိုင်ဆိုင်ထားရသနည်း။
“နည်းနည်းပဲ လိုတော့တယ်... မင်းတို့သုံးယောက် အတူတူတက်ခဲ့ကြ...”
မုန့်ချန်ချင်း အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်သည်။
ပြန်ဖွင့်လာသည့်အခါ သူ့အကြည့်တွေက အလွန်မတန်တောက်ပနေခဲ့သည်။
ပြင်းထန်သောဖိအားတစ်ခုလည်း ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
လီကျင်း၏အကူအညီကြောင့် သူစိတ်ထဲရှိ ‘ဓားချက် ၂၄ ချက်’မှာ ပြီးပြည့်စုံလုနီးပါး ဖြစ်လာခဲ့သည်။
သို့ပေမယ့် နောက်ထပ်အနည်းငယ်မျှ လိုအပ်နေသေးသည်။
အခြားနှစ်ဦး၏အကူအညီသာပါဝင်လာပါက သေချာပေါက် ပြီးပြည့်စုံသွားမည်ဖြစ်သည်။
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက်...
နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
တကယ့်ကို မောက်မာလွန်းသည့် ကြေညာချက်ပင်။
သုံးယောက် တစ်ယောက် ရင်ဆိုင်မည်?
ထို့ပြင် ပြိုင်ဘက်တွေက သာမန်ပါရမီရှင်တွေ မဟုတ်ချေ။
လောကတုန်လှုပ်ဖွယ်ပါရမီရှင်များ ဖြစ်ကြပြီး ၎င်းတို့ထဲတွင် လီကျင်းကဲ့သို့ ထူးခြားထက်မြက်သူလည်း ပါဝင်နေသေးသည်။
အကယ်၍ သူတို့သုံးဦးသာ တိုက်ပွဲအစီအရင်တစ်ခုဖွဲ့စည်းလိုက်လျှင် ခွန်အားတိုးမြင့်မှုက သေးငယ်လိမ့်မည်မဟုတ်ပေ။
သူတို့က မာနဓားဂိုဏ်း သုံးယောက် တစ်ယောက် အခြေအနေမျိုးဖြစ်အောင် ဖိအားပေးခံရမည်ဟု ထင်ထားခဲ့ကြသော်လည်း ယခုမူ မုန့်ချန်ချင်းကိုယ်တိုင်က တောင်းဆိုနေခဲ့သည်။
“မောက်မာလွန်းတယ်...”
မာနဓားဂိုဏ်းမှ ပါရမီရှင်တစ်ဦး ချက်ချင်းပင် အော်ဟစ်လိုက်သည်။
သူက ချေပချင်ပေမယ့် မည်သည့် အကြောင်းပြချက်ကိုမျှ ရှာမတွေ့ပေ။
အဆုံးမှာတော့ တစ်ယောက်ချင်းတိုက်ခိုက်မှုတွင် သူတို့က တကယ်ပဲပြိုင်ဘက်မဟုတ်ကြပေ။
“အစီရင် ခင်ကျင်းမယ်...”
လီကျင်း အံ့ကြိတ်ပြောလိုက်သည်။
သုံးယောက် တစ်ယောက် တိုက်ခိုက်ရခြင်းက ရှက်စရာကောင်းသော်လည်း အခြား ရွေးချယ်စရာ မရှိတော့ချေ။
“စီနီယာအစ်ကို...”
အခြားနှစ်ဦး သူတို့၏ ဓားများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ကြသည်။
သူတို့လည်း အနည်းငယ် အရှက်ရသလို ခံစားလိုက်ရသည်။
“မင်းတို့ဟာက နှေးလွန်းတယ်... ငါပဲ မင်းတို့အတွက် ရွေးချယ်ပေးလိုက်မယ်...”
မုန့်ချန်ချင်း ခေါင်းခါလိုက်သည်။
ထို့နောက် ပြုံးလိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် သူ့ခြေလှမ်းများကို ရွှေ့လျားလိုက်သည်။
ဘုန်း...
သူ့ခြေထောက်အောက်ရှိမြေပြင် စွမ်းအားကို တောင့်မခံနိုင်တော့ဘဲ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့သည်။
သူ့ပုံရိပ် ရှေ့သို့ပြေးထွက်သွားပြီး ဟိန်းဟောက်နေသည့်လေပြင်းတစ်ခုအလား သူတို့သုံးယောက်ဆီသို့ တိုက်ရိုက်ပြေးဝင်သွားခဲ့သည်။
“မင်း...”
သုံးယောက်သား မျက်နှာပျက်သွားပြီး ဒေါသများဖြင့် ပြည့်နှက်သွားခဲ့သည်။
ဤအရာက အလွန်အမင်းအထင်သေးလွန်း၏။
“ဓားအစီအရင် - မဟာစွမ်းရည်သုံးပါး...”
နောက်ထပ်တွေဝေမနေဘဲ သုံးယောက်သား ချက်ချင်း နေရာယူကာ အစွမ်းထက်ဓားအစီအရင်တစ်ခုကို ခင်းကျင်းလိုက်ကြသည်။
ဘုန်း... ဘုန်း... ဘုန်း...
ဓားရည်ရွယ်ချက်သုံးခု မြေပြင်မှ ထိုးထွက်လာခဲ့သည်။
အစီအရင်၏မြှင့်တင်မှုနှင့်အတူ သူတို့၏ စွမ်းအားမှာ ဒီရေအလား တိုးတက်လာခဲ့ပြီး မုန့်ချန်ချင်းဆီသို့ ဓားချက်များကို ခုတ်ပိုင်းလိုက်တော့သည်။
“အရှင်သခင်သွေးကြော...”
သူ့ခန္ဓာကိုယ်ထဲရှိသွေးကြောတွေ တောက်ပလာခဲ့သည်။
သို့ပေမယ့် ကြယ်တာရာခန္ဓာကြောင့် ၎င်းတို့မှာ မျက်နှာပြင်၌ပေါ်မလာခဲ့ပေ။
သို့သော် မုန့်ချန်ချင်းအော်ရာမှာ နောက်တစ်ကြိမ်မြင့်တက်လာပြီး ဓားအစီအရင်ကို တိုက်ရိုက်ဖိနှိပ်လာခဲ့သည်။
ဘုန်း...
မုန့်ချန်ချင်း ရှေ့သို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။
ရေတွက်၍မရသော ကြယ်တာရာပုံရိပ်တွေ ပျက်စီးသွားခဲ့ပြီး လက်သီးစွမ်းအားက လေဟာနယ်ကိုထိုးဖောက်ကာ တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ဖြတ်သန်းသွားခဲ့သည်။
ဖူး...
သုံးယောက်စလုံး တစ်ပြိုင်နက်တည်း သွေးတစ်လုပ်အန်လိုက်ကြရပြီး နောက်သို့လွင့်ပျံသွားခဲ့သည်။
သူတို့၏မျက်လုံးများထဲတွင်လည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဒါက... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ငါတို့အင်အားချင်းပေါင်းထားတာတောင် လက်သီးတစ်ချက်တည်းနဲ့ နောက်လွင့်သွားတာလား?...