အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း (၁၉၄)
လက်သီးသိုင်းအထူးပြုသိုင်းပညာရှင်တစ်ယောက်က ဘာလို့ ဓားယူလာတာလဲ?
တုန်လှုပ်သွားခဲ့ရသူများမှာ သူတို့သုံးဦးတင် မဟုတ်ပေ။
ပတ်ဝန်းကျင်ရှိ စောင့်ကြည့်သူပရိသတ်များမှာလည်း မှင်တက်သွားခဲ့ကြရသည်။
ဤမြင်ကွင်းက သူတို့မျှော်လင့်ချက်များကို လုံးဝ ကျော်လွန်နေခဲ့ပြီဖြစ်သည်။
အင်အားပေါင်းစပ်ပြီးသည့်အခါ မုန့်ချန်ချင်းကို သေချာပေါက်ဖိအားပေးနိုင်မည်ဟု သူတို့ထင်ထားခဲ့သည်။ သို့ပေမယ့် ရလဒ်က လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
သူတို့က အပြတ်အသတ် ဖိနှိပ်ခံနေရဆဲဖြစ်သည်။
“ဒီမုန့်ချန်ချင်းက သိုင်းပညာမှာ တကယ့်ကို နက်ရှိုင်းတဲ့ အခြေခံရှိတာပဲ...”
“ခွန်အားမြှင့်တင်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေတယ်...”
“ဒါကြောင့်မလို့လည်း မာနဓားဂိုဏ်းရဲ့ ဓားအစီအရင်ကိုတောင် ဖိနှိပ်ပစ်နိုင်ခဲ့တာပေါ့...”
လူအများအပြား အသေးစိတ်အချက်အလက်များကို သတိပြုမိသွားကြပြီး အံ့ဩလေးစားစွာ ပြောဆိုနေကြတော့သည်။
မိမိ၏ ခွန်အားကို မြှင့်တင်နိုင်သည့်နည်းလမ်းဆိုသည်မှာ အင်အားကြီးအဖွဲ့အစည်းတိုင်း ပိုင်ဆိုင်ထားကြသည့် အရာမျိုးဖြစ်သော်လည်း မည်သူ့နည်းလမ်းက ပိုမိုထိရောက်သလဲဆိုသည့်အပေါ်တွင်သာ မူတည်ပေသည်။
မုန့်ချန်ချင်း၏နည်းလမ်းကမူ တကယ့်ကို ထိရောက်သည်မှာ သိသာလှသည်။ ထို့ပြင် ၎င်းက နည်းလမ်းတစ်ခုတည်းလည်း မဟုတ်ချေ။
မဟုတ်ပါက အစွမ်းထက်ပါရမီရှင်လူငယ် သုံးဦးကို ဖိနှိပ်ထားနိုင်ရန်မှာ မည်သို့မျှမဖြစ်နိုင်ပေ။
တိုက်ပွဲကွင်းပြင်ထက်တွင် ရှီဂွမ်းခေါင်း ကုတ်နေပြီး ဇဝေဇဝါ ဖြစ်နေပုံရသည်။
သူက ပြိုင်ဘက်တစ်ဦးကို တားဆီးထားရမည် မဟုတ်ပါလား။
အဘယ်ကြောင့် စီနီယာအကိုမုန့် တစ်ယောက်တည်း ရှေ့သို့ ပြေးထွက်သွားရသနည်း။
ထို့ပြင် ပြိုင်ဘက်ကို အပြတ်အသတ် ဖိနှိပ်နိုင်ခဲ့ပြီ သူ ကြားဝင်ရန် လုံးဝ မလိုအပ်တော့ပေ။
ဤအတွေးဖြင့် ရှီဂွမ်းပုံရိပ်မှာ ဝေဝါးသွားပြီး နှစ်ယောက်အဖြစ် ကွဲသွားခဲ့သည်။
ပုံရိပ်နှစ်ခု တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဘေးတွင် ငြိမ်သက်စွာ ထိုင်ကာ ပရိသတ်များအဖြစ် စောင့်ကြည့်နေကြတော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
မြေပြင်က ဆက်တိုက် ပျက်စီးနေခဲ့ပြီး ထိတ်လန့်ဖွယ်ရာ လက်သီးအလင်းတန်းများက နေရာအနှံ့ ရှိနေခဲ့သည်။
မြင့်မားသည့်ဧရာမဓားရည်ရွယ်ချက် သုံးခုမှာမူ ပျက်စီးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ထို့ပြင် "မဟာစွမ်းရည်သုံးပါး ဓားအစီအရင်" ဟု ခေါ်သောအရာမှာလည်း အချိန်အတော်ကြာကတည်းက ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
ဘန်း...
ပုံရိပ်တစ်ခုလွင့်ပျံသွားပြီး မြေပြင်နှင့်ပြင်းထန်စွာရိုက်ကာ သတိမေ့သွားခဲ့သည်။
၎င်းမှာ မျက်နှာတစ်ခုလုံး ညိုမည်းယောင်ကိုင်းနေသော မာနဓားဂိုဏ်းပါရမီရှင်တစ်ဦးပင်ဖြစ်သည်။
ဘန်း...
အခြားပုံရိပ်တစ်ခုလည်း လွင့်ပျံသွားပြီး လယ်ကွင်းထဲကောက်စိုက်ထားသည့်အလား ခြေထောက်နှစ်ချောင်းသာမိုးပေါ်ထောင်ပြီး အနည်းငယ်လှုပ်နေခဲ့သည်။
ဖူး...
လီကျင်း သွေးတစ်လုပ်အန်လိုက်ပြီး ဒူးတစ်ဖက်ထောက်လိုက်ရသည်။ သူက ဓားထောက်ထားပြီး လဲကျမသွားအောင် မနည်းရပ်နေခဲ့ရသည်။
ခရက်...
သူ့နောက်ရှိဓားရည်ရွယ်ချက်မှာလည်း နောက်ထပ်တောင့်မခံနိုင်တော့ပဲ နောက်ဆုံးအစိတ်စိတ်အမွှာမွှာကွဲကြေကာ အလင်းစက်များအဖြစ် ပျောက်ကွယ်သွားခဲ့တော့သည်။
ဤအရာက လီကျင်း၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် စိတ်ဝိညာဉ် နှစ်ခုစလုံး ၎င်းတို့၏အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း ပြသနေခဲ့သည်။
သူ ဆက်လက် မတိုက်ခိုက်နိုင်တော့ပေ။
ယခုချိန်၌ စိတ်ဆန္ဒတစ်ခုတည်းဖြင့်သာ ကြံ့ကြံ့ခံနေခြင်း ဖြစ်သည်။
လီကျင်း ခေါင်းခက်ခက်ခဲခဲမော့လိုက်ပြီး မလှမ်းမကမ်းရှိ အရပ်ရှည်ရှည်ပုံရိပ်ကိုကြည့်လိုက်ရာ ခန္ဓာကိုယ်တုန်ခါနေခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။
သူ့တစ်သက်တွင် ဤကဲ့သို့ပြိုင်ဘက်မျိုး တစ်ကြိမ်မျှ မကြုံတွေ့ဖူးကြောင်း ကျိန်ဆိုနိုင်၏။
ဤခွန်အားက မျှော်လင့်ချက်မဲ့စေသည့် အဆင့်အထိ ထိတ်လန့်စရာကောင်းလှသည်။
ဤမျှလောက် သန်မာသောခန္ဓာကိုယ်၊ အဆုံးမရှိသည့်စစ်မှန်ချီ၊ သံမဏိကဲ့သို့စိတ်ဆန္ဒ၊ နက်ရှိုင်းလှသော သိုင်းပညာရည်ရွယ်ချက်နှင့် ရေတွက်၍မရသော ဝှက်ဖဲများ...
ဤလူနှင့် တိုက်ရိုက်ရင်မဆိုင်ရလျှင် ထိုအကူအညီမဲ့သည့်ခံစားချက်ကို မည်သူမှနားလည်နိုင်မည်မဟုတ်ပေ။
၎င်းက မည်သည့်အားနည်းချက်မျှ မရှိသည့်အလားပင်။
ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်၏။
ယွီဟုန်းရွယ်ကိုယ်တိုင်ပင်လျှင် သူ့ကို ဤကဲ့သို့ခံစားချက်မျိုး တစ်ခါမျှ မပေးဖူးချေ။
ဒါက... မကောင်းဆိုးဝါးတစ်ကောင်ပဲ...
တပ်... တပ်... တပ်...
ပေါ့ပါးသည့်ခြေသံများ ထွက်ပေါ်လာပြီး လီကျင်းခန္ဓာကိုယ်က မသိစိတ်အရ တောင့်တင်းသွား၏။ ဘာကြောင့်လဲဆိုသော် ထိုမကောင်းဆိုးဝါးသူ့ဆီလာနေပြီပင်။
လီကျင်းရှေ့တွင်ရပ်တန့်ပြီး မုန့်ချန်ချင်း ခေတ္တငြိမ်သက်သွားသည်။ သူ့ဝတ်စုံ အနည်းငယ်ထိခိုက်သွားရုံမှအပ မည်သည့် ထိခိုက်ဒဏ်ရာမျှမရှိဘဲ အကောင်းတိုင်းရှိနေခဲ့သည်။
“ကျေးဇူးတင်ပါတယ်...”
မုန့်ချန်ချင်း ရိုးသားစွာပြောလိုက်သည်။
ထိုအရာကိုကြားသည့်အခါ လီကျင်း မှင်တက်သွားပြီး အဓိပ္ပာယ်ကို နားမလည်နိုင် ဖြစ်သွား၏။
ငါ့ကို ကျေးဇူးတင်တယ်?... ဘာအတွက်လဲ... ကျေးဇူးတင်စရာ ဘာရှိလို့လဲ... ဒီကောင်က လျို့ဝှက်နည်းစနစ်ကို မှားယွင်းအသုံးပြုမိလို့ ရူးသွားတာလား...
“မင်းတို့သာမရှိရင် ငါ ဒီဓားသိုင်းကို နားလည်ပြီး ကိုယ်ပိုင်ဓားချက်ဖန်တီးနိုင်မှာ မဟုတ်ဘူး...”
မုန့်ချန်ချင်း ပြုံးလိုက်သည်။
ဤအရာကို ကြားသည့အခါ လီကျင်း ပိုလို့တောင်ဇဝေဇဝါဖြစ်သွားသည်။
ဒီကောင်က သူ ဘာပြောနေလဲဆိုတာကိုရော သိရဲ့လား... ဓားချက် ဟုတ်လား... ဒါပေမဲ့ မင်းက လက်သီးသိုင်းကို အဓိကထားတဲ့ သိုင်းပညာရှင် မဟုတ်ဘူးလား...
ရုတ်တရက် လီကျင်း တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့ပြီး မျက်လုံးများ အေးခဲသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မုန့်ချန်ချင်းခါး၌ ဓားတစ်လက်ရှိနေသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
အစမှအဆုံးထိတိုင်အောင် လူတိုင်း၏ စိတ်ထဲတွင် မုန့်ချန်ချင်းကို လက်သီးသိုင်း ပညာရှင်တစ်ဦးအဖြစ်သာ သိထားကြသဖြင့် သူ ဓားတစ်လက်ကို ဆောင်ထားသည်ကို မည်သူမျှ သတိမထားမိခဲ့ကြပေ။
ခဏနေပါဦး...
လီကျင်း၏ မျက်ဆန်းများက ရုတ်တရက် ကျဉ်းမြောင်းသွားပြီး ထိတ်လန့်ဖွယ် အတွေးတစ်ခုက သူစိတ်ထဲ ပေါ်လာခဲ့သည်။
ဖြစ်နိုင်တာ...
လီကျင်း၏ မယုံကြည်နိုင်မှုများနှင့်အတူ ပတ်ဝန်းကျင်ရှိလူတိုင်း၏စိုက်ကြည့်မှုအောက်မှာပဲ မုန့်ချန်ချင်း ညာလက်ကို ခါးရှိ ဓားရိုးပေါ် ဖြည်းညှင်းစွာ တင်လိုက်သည်။
“ကျေးဇူးတင်တဲ့အနေနဲ့ ငါ မင်းကို ဒီဓားနဲ့ အနိုင်ယူပေးမယ်...”
ရွစ်...
ကြက်သွေးရောင်ကောင်းကင်ကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်ရာ ကြည့်လင်ပြတ်သားသည့်ပွတ်တိုက်သံတစ်ခု တိုက်ပွဲကွင်းပြင်ထက်၌ ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ဓားကျင့်ကြံသူတစ်ဦးထံတွင်သာရှိသည့် ပြိုင်ဘက်ကင်းထက်ရှမှုမှာ မုန့်ချန်ချင်းထံမှ ပထမဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာခဲ့တော့သည်။
“ဓားချက် ၂၄ ချက်...”
ထိုစကားလုံးများထွက်ပေါ်သည်နှင့် တိုက်ပွဲကွင်းပြင်လေဟာနယ်တစ်ခုလုံး အေးခဲသွားပြီး အချိန်များရပ်တန့်သွားသကဲ့သို့ အရာအားလုံး ရပ်တန့်သွားခဲ့သည်။
ထို့နောက် လူတိုင်း လောကကြီးကိုဖြတ်သန်းသွားသည့် တောက်ပသည့်ဓားအလင်းတန်းတစ်ခုကိုသာ မြင်လိုက်ကြသည်။
ထိုဓားအလင်းတန်းကိုကြည့်ရုံတင်နှင့်တင် သူတို့ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ် ပိုင်းဖြတ်ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
သို့ပေမယ့် ထူးဆန်းစွာပဲ နာကျင်မှုကိုမခံစားရသလို မည်သည့်ခုခံလိုစိတ်မှလည်းမရှိကြပေ။
သေခြင်းတရားကို ငြိမ်သက်စွာလက်ခံလိုစိတ်သာ ရှိနေခဲ့ကြသည်။
ဘုန်း...
ကျယ်လောင်သောအသံကြီးက လူတိုင်းကို ချက်ချင်းသတိပြန်ဝင်လာစေပြီး ချွေးအေးများစိုရွဲနေကာ ကြောက်ရွံ့မှုကြောင့် မျက်နှာတွေဖြူဖြော့နေခဲ့ကြသည်။
သူတို့ အလျှင်အမြန်ပဲ တိုက်ပွဲကွင်းပြင်သို့ ကြည့်လိုက်ကြသည်။
လီကျင်း ဒူးတစ်ဖက်ထောက်ထားဆဲဖြစ်သော်လည်း သူ့နောက်၌ မီတာတစ်သောင်းနီးပါးရှည်လျားသည့် ကြောက်မက်ဖွယ်ချောက်နက်ကြီးတစ်ခုရှိနေခဲ့သည်။
ထိုအရာက ဓားချက်တစ်ချက်တည်းဖြင့် ဖန်တီးခဲ့သည့် ဓားရာပင်ဖြစ်သည်။
ထို့ပြင် မည်သည့်စစ်မှန်အနှစ်သာရမှမပါရှိပဲ သာမန်ဓားချက်တစ်ချက်သာဖြစ်နေခဲ့သည်။
ထိုသို့ဆိုလျှင်တောင် စွမ်းအားက မယုံနိုင်လောက်အောင် ကြောက်စရာကောင်းလှသည်။
လီကျင်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါနေပြီး မျက်နှာ၌သွေးရောင်မရှိ ဖြူဖျော့နေခဲ့သည်။
အစောပိုင်းသူကြုံတွေ့ခဲ့ရသည့်အရာကို မည်သူမှမသိနိုင်ပေ။
ဓားချက်တွင်ပါဝင်သည့်စွမ်းအားက သူ့အားလုံးဝဖိနှိပ်နေပြီး ကောင်းကင်အစောပိုင်းအဆင့်ကို ကျော်လွန်နေခဲ့သည်။
သူ၏ တောင့်တင်းနေသည့်ညာလက်ကို မြှောက်ပြီး လီကျင်း ပါးပြင်ကို ထိလိုက်ရာ ၎င်းက သွေးများဖြင့် နွေးထွေးနေခဲ့သည်။
ဓားချက်က သူ့မျက်နှာကို အသာအယာရှပ်ထိသွားခြင်းကြောင့်သာ သူအသက်ရှင်နေတာဖြစ်သည်။
သို့ပေမယ့် ထိုအရာက လီကျင်းဂရုစိုက်သောအရာမဟုတ်ပေ။
သူ့စိတ်ထဲရှိ တစ်ခုတည်းသောအတွေးမှာ လက်သီးသိုင်းအထူးပြုသည့်သိုင်းပညာရှင်တစ်ယောက်က ဘာကြောင့် ဤလောက်ထိ အစွမ်းထက် ဓားချက်ကို ပိုင်ဆိုင်ထားရတာလဲဆိုတာပင်ဖြစ်သည်။
ဘန်း...
အဆုံးမရှိသည့်အမှောင်ထု ရောက်လာပြီး သူ့ကိုလုံးဝဝါးမြိုသွားခဲ့တော့သည်။
လီကျင်းမျက်လုံးတွေပိတ်သွားပြီး နောက်ထပ်တောင့်မခံနိုင်တော့ဘဲ နောက်ဆုံး ရှေ့သို့လဲကျသွားခဲ့သည်။
ဤသို့ဖြင့် မာနဓားဂိုဏ်းပါရမီရှင်သုံးဦးစလုံး အရေးနိမ့်သွားခဲ့ရသည်။
မဟုတ်ပေ... အပြတ်အသတ် ချေမှုန်းခံလိုက်ရခြင်းဖြစ်သည်။
ဝေါ...
နောက်တစ်ခဏ၌ လူအုပ်ကြီးတစ်ခုလုံး ဆူညံစွာ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
လူတိုင်း, ဟုတ်ပါသည်။ လူတိုင်း မတ်တပ်ရပ်လိုက်ကြပြီး ၎င်းတို့၏ မျက်နှာထက်တွင် တုန်လှုပ်မှုများ ပြည့်နှက်နေကာ မျက်လုံးများမှာလည်း မယုံကြည်နိုင်မှုများကြောင့် ပြူးကျယ်နေခဲ့ကြသည်။
ဤရလဒ်ကို မည်သူကကြိုတင်ခန့်မှန်းနိုင်မည်နည်း။
မာနဓားဂိုဏ်း သံသယဖြစ်ဖွယ်မရှိ ရှုံးနိမ့်သွားခဲ့သည်။
အဓိကသော့ချက်မှာ ဤထိုက်ရွမ်ဂိုဏ်း တပည့်မှာ လက်သီးသိုင်းပညာရပ်ကို ကျွမ်းကျင်ရုံသာမက ဓားသိုင်းပညာရပ်တွင်လည်း အလွန်ထိတ်လန့်ဖွယ်ရာ အဆင့်အတန်းကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။
ထိုအစောပိုင်းဓားချက်...
မည်သည့် စစ်မှန်အနှစ်သာရမျှ မပါဝင်သော်လည်း နက်ရှိုင်းသောဓားသဘောတရားများကို ဖော်ပြရန် လုံလောက်သည်။
၎င်းက အချက်တစ်ခုတည်းကိုသာ ဆိုလိုနေခဲ့သည်။
မုန့်ချန်ချင်း ဓားရည်ရွယ်ချက်ကိုလည်း သေချာပေါက် ပိုင်ဆိုင်ထားရမည်ဆိုတာပင်။
လက်သီးရည်ရွယ်ချက်... ဓားရည်ရွယ်ချက်...
ဘုရားရေ ဤလူက ရည်ရွယ်ချက်နှစ်ခုကို ကျွမ်းကျင်ထားတာပဲ...