အခန်း ၁၉၅
Vol. 20 Ch. 195
အခန်း (၁၉၅)
ထိပ်သီးဂိုဏ်းကြီးများ၏ ကံကြမ္မာဆိုး၊ လှုပ်လှုပ်ရှားရှား ဖြစ်လာခြင်း
အင်အားကြီးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များလည်း ထရပ်လာပြီး အမူအရာများမှာ လေးနက်နေခဲ့သည်။
“ရည်ရွယ်ချက်နှစ်မျိုးစလုံးကို ကျွမ်းကျင်ထားတာပဲ...”
ကိုးရောင်ခြယ်မှန်ကျောင်းဆောင်၏ ကျောင်းဆောင်သခင် ဖြည်းညှင်းစွာ ပြောလိုက်သည်။
သူ့အဆင့်အတန်းရှိတစ်စုံတစ်ယောက်တောင် အသံထဲတွင် ဖုံးကွယ်မရသည့်တုန်လှုပ်မှုတစ်ခု ပါဝင်နေခဲ့သည်။
မုန့်ချန်ချင်း သူ၏ဓားရည်ရွယ်ချက်ကို ထုတ်ဖော်အသုံးပြုခဲ့ခြင်းမရှိသော်လည်း ထိုဓားချက်တစ်ချက်နှင့်တင် သူသည် ဓားရည်ရွယ်ချက် သေချာပေါက် ပိုင်ဆိုင်ထားကြောင်း အတည်ပြုရန် လုံလောက်နေပြီ ဖြစ်သည်။
ထို့ပြင် သာမန်ဓားရည်ရွယ်ချက်မျိုး မဟုတ်ဘဲ လက်သီးရည်ရွယ်ချက်နှင့် အဆင့်တူလောက် ရှိနေနိုင်၏။
“ရည်ရွယ်ချက်နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်းတိုးတက်အောင်လုပ်နိုင်တာလား... တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ အလားအလာပဲ...”
ကျောင်းဆောင်သခင် အသာအယာ သက်ပြင်းချလိုက်သည်။
“ရှီယင်ချင်း... ဒီဂျူနီယာလေးက မင်း အတိတ်တုန်းကထက် အများကြီး သာလွန်နေခဲ့ပြီ...”
အတိအကျပြောရလျှင် ယခုမျိုးဆက်၏ ပါရမီရှင်များသည် သူတို့မျိုးဆက်ထက် အားနည်းခြင်း မရှိကြချေ။
သူတို့က ပိုမို၍ပင် ကျော်လွန်နေကြသေးသည်။
အဆုံးမှာတော့ သူတို့ခေတ်၌ ရှီယင်ချင်းသည် အခြားကဏ္ဍများတွင် သိုင်းပညာအခြေခံ အလွန်နက်ရှိုင်းသော်လည်း လက်သီးရည်ရွယ်ချက်မှာမူ ၂၀ ရာခိုင်နှုန်းကိုသာ နားလည်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်တုန်းက ယခုကဲ့သို့သော ယှဉ်ပြိုင်မှုပုံစံမျိုး မရှိခဲ့ချေ။ ၎င်းက အမြဲတမ်း တစ်ယောက်ချင်း တိုက်ခိုက်မှုပုံစံမျိုးဖြင့်သာ တဖြည်းဖြည်း တက်လှမ်းရခြင်းဖြစ်သည်။
ယနေ့ကဲ့သို့ တစ်ယောက်တည်းဖြင့် သုံးယောက် ရင်ဆိုင်ရသည့် အခြေအနေမျိုး မရှိခဲ့ဖူးချေ။
လေထုမှာ အနည်းငယ် တိတ်ဆိတ်သွားခဲ့သည်။
ရင်သက်ရှုမောဖွယ်မျက်နှာပိုင်ရှင် ယွီဟုန်းရွယ်ပင် ပုံမှန်လိုပေါ့်ပေါ့ပါးပါးအမူအရာမရှိတော့ပေ။
သူမအကြည့်က အောက်ရှိထိုအရပ်ရှည်ရှည်ပုံရိပ်အပေါ် စိုက်ကြည့်နေခဲ့သည်။
စစ်မှန်ရည်ရွယ်ချက်နှစ်မျိုး...
သူမကိုယ်တိုင်ပင်လျှင် ဤကဲ့သို့ အောင်မြင်မှု မရရှိဖူးပေ။
၎င်းက သူမတစ်သက်တာတွင် မလုပ်ဆောင်နိုင်စရာ အကြောင်းမရှိသော်လည်း ယခုအသက်အရွယ်, ယခုကျင့်ကြံရေးအဆင့်တွင်မူ မဖြစ်နိုင်သေးပေ။
သို့သော် ယခုမူ တစ်ချိန်ကအားနည်းခဲ့သောစီရင်စုတစ်ခုမှ ရောက်ရှိလာသည့် ဤပါရမီရှင်သည် သူမ အမြဲတမ်း တောင့်တခဲ့ရသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“ဒါပေမဲ့ စစ်မှန်ရည်ရွယ်ချက်နှစ်မျိုးရှိနေရင်တောင် ငါ့မှာ အနိုင်ရဖို့ အခွင့်အရေး မရှိတာတော့ မဟုတ်ဘူး...”
ယွီဟုန်းရွယ် သူမ၏စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီး မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။
“ရည်ရွယ်ချက်နှစ်မျိုးရှိတာက သူ့မှာ နောက်ထပ် စွမ်းအင်အရင်းအမြစ်တစ်ခု ရှိတယ်လို့ပဲဆိုလိုတယ်... သူ့ရည်ရွယ်ချက်က ငါ့ထက်မကျော်သရွေ့ ငါ ရှုံးမှာ မဟုတ်ဘူး...”
ထိုအရာကို ကြားရသောအခါ အခြားသူများ ခေတ္တမျှတွေဝေသွားကြပြီး အသာအယာ ခေါင်းညိတ်လိုက်ကြသည်။
တကယ်ပင်, ယွီဟုန်းရွယ်၏ လက်ဝါးရည်ရွယ်ချက်သည်လည်း ၃၀ ရာခိုင်နှုန်းတွင် ရှိနေသည်။
ထို့ကြောင့် အဆင့်အတန်းအရ ကွာခြားချက် မရှိချေ။
ယခုအခါ သူတို့၏ အခြားသော သိုင်းပညာအခြေခံ ကဏ္ဍများအပေါ်တွင်သာ မူတည်တော့မည် ဖြစ်သည်။
ထိပ်သီးဂိုဏ်းတစ်ခု၏ ဆက်ခံသူတစ်ဦးအနေဖြင့် ယွီဟုန်းရွယ်သည် သဘာဝအတိုင်း အလွန်တရာ နက်ရှိုင်းသော သိုင်းပညာအခြေခံကို ပိုင်ဆိုင်ထားသည်။
ထို့ပြင် သူမကိုယ်တိုင်ကလည်း အစွမ်းထက်ခန္ဓာကိုယ်ဖွဲ့စည်းပုံပိုင်ဆိုင်ထားပြီး သာမန်လူမဟုတ်ပေ။
ခွန်အားက လီကျင်းထက် များစွာသာလွန်၏။
ဤအတွေးနှင့် လူတိုင်း အနည်းငယ် စိတ်အေးသွားခဲ့ကြသည်။
မုန့်ချန်ချင်း၏ စွမ်းဆောင်ရည်က အလွန်တရာလွှမ်းမိုးနိုင်ပြီး တစ်ပြိုင်နက်တည်းသုံးယောက်အနိုင်ယူခဲ့သည်။
ထို့ကြောင့် သူတို့မှာ မိမိတို့၏ သခင်မလေးကလည်း အားနည်းသူမဟုတ်သည်ကို ခေတ္တမေ့လျော့သွားခဲ့ကြခြင်းဖြစ်သည်။
ကျောင်းဆောင်သခင်ကမူ လက်နှစ်ဖက်နောက်ပစ်ပြီး စင့်မြင့်အစွန်း၌ ရပ်နေဆဲဖြစ်သည်။
သူ့နောက်၌ အားပေးစကားများစွာ ရှိနေသော်လည်း သူ့အတွက်မူ ယခုမြင်ကွင်းက တကယ့်ကို ရင်းနှီးလွန်းနေခဲ့သည်။
အတိတ်တုန်းကလည်း ဤကဲ့သို့ပင် ဖြစ်ခဲ့ဖူးသည်။
“လေပြင်းတွေ တိုက်ခတ်လာပြီ...”
ကျောင်းဆောင်သခင် အဝေးတစ်နေရာသို့ အသာအယာ စိုက်ကြည့်လိုက်သည်။
“အဖေ...”
ယွီဟုန်းရွယ် တိတ်ဆိတ်နေသော ကျောင်းဆောင်သခင်ကို ကြည့်လိုက်ပြီး အင်္ကျီလက်အောက်ရှိ လက်နှစ်ဖက်ကို အနည်းငယ်ဆုပ်လိုက်သည်။
သူမမျက်လုံးများထဲ၌လည်း ဆုံးဖြတ်ချက်ပြတ်သားမှုများ ထွက်ပေါ်နေခဲ့သည်။
“ငါ နိုင်ရမယ်...”
သူမ စိတ်ထဲမှ ကိုယ့်ကိုယ်ကို ပြောလိုက်သည်။
....
“အမှိုက်တွေ... အကုန်လုံး စောက်သုံးမကျတဲ့ အမှိုက်တွေချည်းပဲ...”
ယွမ်ချန်း လက်ထဲရှိ လက်ဖက်ရည်ခွက်ကို တိုက်ရိုက်ပဲ ရိုက်ခွဲပစ်လိုက်သည်။
ခွက်အစအနများလွင့်စင်သွားပြီး အချို့မှာ ဘေးရှိလက်အောက်ငယ်သားပါးပြင်ပေါ် ကျရောက်သွားသော်လည်း ထိုလက်အောက်ငယ်သားမူ မည်သည့် အသံမျှ မထွက်ရဲချေ။
အကြီးအကဲယွမ်၏ဒေါသမှာ စိတ်မကူးနိုင်လောက်သည့်အဆင့်ထိရောက်နေပြီဆိုတာ သိထားခဲ့သည်။
ယခုအချိန် အသံထွက်မိပါက ထိုဒေါသများ သူ့အပေါ်ပုံချခံရမည်မှာ သေချာပေါက်ပင်ဖြစ်သည်။
“ဂုဏ်သိက္ခာရှိ ထိပ်သီးဂိုဏ်းကြီး ဖြစ်ပြီးပါရမီရှင်သုံးယောက်ပေါင်းတိုက်တာတောင် အသာအယာလေးချေးမှုန်းခံလိုက်ရတယ်....”
“တော်တော်ကို စောက်သုံးမကျတာပဲ...”
ယွမ်ချန်း ကျိန်ဆဲလိုက်သည်။
အချိန်အတော်ကြာမှသာ သူ့ဒေါသများ တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။
ယခုအခါ မာနဓားဂိုဏ်းပင်လျှင် ရှုံးနိမ့်သွားခဲ့ရပြီဖြစ်သဖြင့် ထိုက်ရွမ်ဂိုဏ်း၏ တိုးတက်မှုကို တားဆီးဖို့ အခြားမည်သည့်ဂိုဏ်းကိုမှ သူမမျှော်လင့်တော့ပေ။
ကိုးရောင်ခြယ်မှန်ကျောင်းဆောင်ပင်လျှင် ကောင်းမွန်သောအခွင့်အရေး ရှိလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် တိုက်ပွဲဇယားများကို ထပ်မံ နှောင့်ယှက်ရန် စိတ်ကူးမရှိတော့ပေ။
တစ်ကြိမ်ဆိုလျှင် တော်သေးသည်, နှစ်ကြိမ်ဆိုလျှင် သိသာလှပြီး သုံးကြိမ်ဆိုပါက အလွန်ထင်ရှားပေလိမ့်မည်။
“သွား... ငါ့အတွက် အကြီးအကဲလင်းကို သွားခေါ်ခဲ့...”
ယွမ်ချန်း အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့...”
လက်အောက်ငယ်သား တုန်တုန်ရင်ရင်ဖြင့် အလျင်အမြန် ထွက်ခွာသွားခဲ့တော့သည်။
“ထိုက်ရွမ်ဂိုဏ်း...”
ယွမ်ချန်းမျက်လုံးများမှာ အေးစက်နေခဲ့သည်။
သူက ဤပါရမီရှင်တိုက်ပွဲကို နောက်ထပ်ဂရုမစိုက်တော့ပေ။
နောက်ဆုံးရလဒ် မည်သို့ပင်ဖြစ်စေ သူ နောက်လာမည့်အရာအတွက် အလျှင်အမြန်ပြင်ဆင်ဖို့လိုအပ်၏။
...
မာနဓားဂိုဏ်းမှ ပါရမီရှင်သုံးဦးကိုမူ စင်မြင့်ထက်မှ သယ်ဆောင်သွားကြပြီဖြစ်သည်။
မုန့်ချန်ချင်းလည်း သဘာဝအတိုင်း တိုက်ပွဲကွင်းပြင်မှ ထွက်ခွာလာခဲ့ပြီး ဆူညံသောဆွေးနွေးသံများသာ ကျန်နေခဲ့တော့သည်။
အဆုံးမှာတော့ ဤတိုက်ပွဲက တကယ့်ကို တုန်လှုပ်စရာကောင်းလှသည်။ မျှော်လင့်ထားသောမည်သည့်မျှ ဖြစ်မလာခဲ့ပေ။
ပါရမီရှင်သုံးဦး ပေါင်းတိုက်ခဲ့သော်လည်း မုန့်ချန်ချင်း၏ အပြတ်အသတ် ချေမှုန်းခြင်းကို ခံလိုက်ရဆဲဖြစ်သည်။
“ထိပ်သီးဂိုဏ်းကြီးဖြစ်တဲ့ မာနဓားဂိုဏ်း ဒုတိယအဆင့်မှာတင် ဖယ်ရှားခံရမယ်လို့ ဘယ်သူထင်ထားမှာလဲ... သူတို့က ဖရိုဖရဲပင်လယ်နေရာတစ်ခု ဆုံးရှုံးသွားပြီ...”
တစ်စုံတစ်ဦး ပြောလိုက်သည်။
အခြားသူများလည်း တုန်လှုပ်စွာ ခေါင်းညိတ်လိုက်ကြသည်။
လူတိုင်းမှာ မာနဓားဂိုဏ်းသည် ကိုးရောင်ခြယ်မှန်ကျောင်းဆောင်နှင့် ယှဉ်ပြိုင်ရင်း နောက်ဆုံးအဆင့်အထိ ရောက်ရှိသွားမည်ဟု မျှော်လင့်ထားခဲ့ကြခြင်းဖြစ်သည်။
ဤမျှလောက် စောစောစီးစီးထွက်သွားရမည်ဟု ဘယ်သူထင်ထားမည်နည်း။
သူတို့က နေရာတစ်ခုဆုံးရှုံးသွားခဲ့ရုံသာမက အဆင့်မြင့်အရင်းအမြစ်များကိုပါ ဆုံးရှုံးသွားခဲ့ရခြင်းဖြစ်သည်။
“ဒီမုန့်ချန်ချင်းက တကယ့်ကို ထိပ်သီးဂိုဏ်းကြီးတွေရဲ့ ကံကြမ္မာဆိုးပဲ...”
“ဘယ်သူလာလာ... သူက အကုန် ကန်ထုတ်ပစ်နေတာ...”
တစ်စုံတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ ဒါက ကျန်အဖွဲ့အစည်းတွေအတွက် အခွင့်အရေးပိုများလာတယ်လို့ ဆိုလိုတာပဲ...”
“ဟုတ်တယ်... ရေခဲနှင်းနတ်ဘုရားနန်းတောနဲ့ မာနဓားဂိုဏ်းက ထွက်သွားပြီ... ထိုက်ရွမ်ဂိုဏ်းသာ နောက်ထပ်အနည်းငယ် ရင်ဆိုင်ပေးလိုက်ရင်...”
လူများ မနေနိုင်ပဲ စတင်ခန့်မှန်းလာကြသည်။
အင်အားကြီးအဖွဲ့အစည်းများစွာလည်း မျှော်လင့်ချက်အရိပ်အယောင်တစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ လှုပ်လှုပ်ရှားရှား ဖြစ်လာကြတော့သည်။
ရှီညီအစ်ကိုများနှင့်အတူ မုန့်ချန်ချင်း မျှောလွင့်ရှေးဟောင်းတောင်တန်းပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လေးစားရိုသေသော အကြည့်များဖြင့် ဆီးကြိုခဲ့ကြသည်။
မိုရှောင်ယု၊ ဟန်လျိုယုနှင့် အခြားသော တပည့်များအားလုံးမှာ တည်ငြိမ်အောင်ကြိုးစားနေကြသော်လည်း မျက်လုံးများထဲ၌ အထင်ကြီးလေးစားမှုများကို ဖုံးကွယ်မရပေ။
အဆုံးမှာတော့ ဂိုဏ်းချုပ်ငယ်က တစ်ယောက်တည်းဖြင့် ပါရမီသုံးဦးကို အသာအယာအနိုင်ယူခဲ့တာဖြစ်သည်။
အားလုံး အပြင်းအထန်ဒဏ်ရာရပြီး သတိမေ့မြောသွားခဲ့ကြသည်။
“ဟားဟားဟား...”
မဟာအကြီးအကဲရယ်သံမှာ မထိန်းချုပ်နိုင်လောက်အောင်ဖြစ်နေခဲ့ပြီး နှလုံးသားထဲမှ တိုက်ရိုက်လာခြင်းဖြစ်သည်။
“မင်းမှာ ငါထင်ထားတာထက် ပိုများတဲ့ ဝှက်ဖဲတွေ ရှိနေတာပဲ...”
အမှန်အတိုင်း ပြောရလျှင် သူ အစေပိုင်းတွင် အတော်လေး စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် မုန့်ချန်ချင်း သူ၏ အပြတ်အသတ်လွှမ်းမိုးထားနိုင်မှုကို ဆက်လက်ထိန်းထားနိုင်မည်ဟု မည်သူထင်ထားမည်နည်း။
သူက အကျွမ်းကျင်ဆုံးဖြစ်သည့် ဓားသိုင်းပညာကိုပင် ထုတ်ဖော်အသုံးပြုခဲ့ခြင်း မရှိသေးချေ။
ထိုနောက်ဆုံးဓားချက်အတွက်တော့ ရေတွက်၍မရပေ။ မည်သို့ပင်ဖြစ်စေ ရလဒ်က အတူတူပဲ ဖြစ်မည်ဖြစ်သည်။
တိုက်ပွဲတစ်ခုလုံးတွင် သူက လက်သီးသိုင်းပညာများကိုသာ ရိုးရိုးရှင်းရှင်း အသုံးပြုခဲ့ခြင်းဖြစ်သည်။
သဘာဝအတိုင်း ၎င်းတို့ထဲတွင် ခွန်အား မြှင့်တင်ပေးသော နည်းလမ်းမျိုးစုံလည်း ပါဝင်နေခဲ့သည်။
မဟာအကြီးအကဲ လင်းလုံးမဟာကြော့ကွင်းကောင်းကင်နည်းစနစ်အကြောင်း သိထားသော်လည်း အခြားအရာများကိုမူ သေချာမသိပေ။
သို့သော် ၎င်းက မုန့်ချန်ချင်း၏ လျို့ဝှက်ချက် ဖြစ်သဖြင့် သူ စပ်စုနေမည် မဟုတ်ချေ။
အဆုံးမှာတော့ သူ့အတွက်မူ မုန့်ချန်ချင်း၌ ဝှက်ဖဲများများရှိလေ ပိုကောင်းလေဖြစ်သည်။
“အတော်လေးသန်မာတဲ့ ၂၄ ချက်မြောက် ဓားချက်ပဲ...”
ဟွာစီယန် လျှောက်လှမ်းလာပြီး အံ့ဩလေးစားစွာဖြင့် သက်ပြင်းချလိုက်သည်။
“အဲ့ဒီဓားချက်က ငါ့ထက်အများကြီး ပိုသန်မာတယ်... ငါ အဲဒီထဲမှာ မတူညီတဲ့ အတွေးအခေါ်များစွာကို မြင်လိုက်ရတယ်...”
“ဒါကြောင့် ဒီတိုက်ပွဲစကတည်းက မင်းက မင်းရဲ့ဓားချက်အတွက် သူတို့ကို အသုံးချဖို့ ရည်ရွယ်ထားတာ မဟုတ်လား...”
“ဟုတ်တယ်...”
မုန့်ချန်ချင်း အသာအယာပြုံးလိုက်သည်။
ထိုအရာကို ကြားသည့်အခါ တပည့်အများအပြား စိတ်လှုပ်ရှားသွားခဲ့ကြသည်။
လောကကြီး၏ ပါရမီရှင်များကို မိမိ၏ ဓားချက်စမ်းသပ်ရန် အရာဝတ္ထုများအဖြစ် အသုံးချရဲခြင်း...
ဂိုဏ်းချုပ်ငယ်ကဲ့သို့ လူမျိုးသာလျှင် တွေးရဲ၊ လုပ်ရဲပြီး အမှန်တကယ် အောင်မြင်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။