အခန်း ၁၉၆
Vol. 20 Ch. 196
အခန်း (၁၉၆)
စိုးရိမ်ဖို့မလိုပါဘူး, ဒီနေရာမှာ ကျွန်တော်ကပြိုင်ဘက်ကင်းပဲ
“မင်းက မင်းရဲ့ကိုယ်ပိုင်လမ်းစဉ်ကို ထုဆစ်ပြီးသွားပြီ... ရှေ့မှာ ကျယ်ပြောတဲ့ လမ်းမကြီး ရှိနေတယ်...”
ခူဖုန်းချွမ်း ပြောလိုက်သည်။
ကျင့်ကြံရေးလောကတွင် ကောင်းကင်အဆင့်နည်းစနစ်တစ်ခုကို ဖန်တီးနိုင်ခြင်းက မရှိမဖြစ်လိုအပ်သော အနိမ့်ဆုံး သတ်မှတ်ချက်တစ်ခုဖြစ်သည်။
ထိုအရာက သင့်တွင် အမြင့်မြတ်ဆုံးစွမ်းအားရှင်ဖြစ်လာရန် အလားအလာရှိမရှိကို ညွှန်ပြနေသည်။
စစ်မှန်သောအစွမ်းထက်ပုဂ္ဂိုလ်များသည် နောက်ဆုံးတွင် ၎င်းတို့၏ကိုယ်ပိုင်တာအို ကိုဖန်တီးကြပြီး သမိုင်းမြစ်ထဲ၌ ပြိုင်ဘက်ကင်းကဏ္ဍတစ်ခုကို ချန်ထားရစ်ခဲ့ကြသည်။
“ဟုတ်တယ်...”
မဟာအကြီးအကဲ မုန့်ချန်ချင်းကို အသိအမှတ်ပြုမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
ကောင်းကင်အဆင့် နည်းစနစ်တစ်ခုကို ဖန်တီးခြင်းက အပြောလွယ်သလောက် အောင်မြင်ဖို့ခက်ခဲလှသည်။
သူတို့ဂိုဏ်းအတွင်း၌တောင် လက်ရှိဤအရာကို လုပ်ဆောင်နိုင်သူ နှစ်ဦးသာ ရှိသေးသည်။
“အခု မာနဓားဂိုဏ်းတောင် ရှုံးသွားပြီဆိုတော့ ကျန်ရှိတဲ့တစ်ခုတည်းသော ခြိမ်းခြောက်မှုက ကိုးရောင်ခြယ်မှန်ကျောင်းဆောင်ပဲ... အခြားအဖွဲ့အစည်းတွေကတော့ စိုးရိမ်စရာ မရှိသလောက်ပါပဲ...”
မဟာအကြီးအကဲ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ဘဲ ပြောလိုက်သည်။
အကယ်၍ သူတို့သာ ပထမနေရာကို ရရှိခဲ့မည်ဆိုပါက ၎င်းက ဖရိုဖရဲပင်လယ် ဝင်ရောက်ခွင့် ၁၀ နေရာအပြင် အဆင့်မြင့်အရင်းအမြစ်အမြောက်အမြားကိုပါ ရရှိမည်ဖြစ်သည်။
ထိုအရာက ဂိုဏ်းအတွက်အစွမ်းကုန်စိတ်နှစ်ထားသူတစ်ဦးအဖို့ မဟာအောင်ပွဲခံစရာကိစ္စကြီးပင်။
“အမှန်ပဲ... နောက်လာမယ့် တိုက်ပွဲတွေမှာ တိုက်ရိုက် လက်နက်ချဖို့ ရွေးချယ်တဲ့လူတွေ အများကြီး ရှိလာနိုင်တယ်... ထိပ်သီးဂိုဏ်းကြီးတွေနဲ့ ပတ်သက်ရင်တော့ သူတို့က ဆက်ပြီး တိုက်ခိုက်ကြဦးမှာပဲ...”
ဟွာစီယန်က ပြုံးလျက်ပြောလိုက်သည်။
“မတိုက်ပဲအညံ့ခံလိုက်တာက သူတို့ပုံစံမဟုတ်ဘူး...”
“ယေး...”
မိုရှောင်ယု စိတ်လှုပ်ရှားစွာဖြင့် အထက်အောက် ခုန်ပေါက်နေခဲ့သည်။
ဤနေရာအထိ ရောက်ရှိလာခဲ့ပြီးမှ တိုက်ခိုက်ခွင့်မရရှိခဲ့ပါက ၎င်းက တစ်သက်တာနောင်တတစ်ခု ဖြစ်သွားပေလိမ့်မည်။
အခြားသော တပည့်များလည်း ပြုံးလိုက်ကြတော့သည်။
မုန့်ချန်ချင်း၏တိုက်ပွဲများကို မျက်မြင်တွေ့ရှိခဲ့ပြီးနောက် လောကတုန်လှုပ်ဖွယ်ပါရမီရှင်များဟုခေါ်သောအရာက သူတို့အတွက် ထိတ်လန့်စရာ မကောင်းတော့ချေ။
လောကတုန်လှုပ်ဖွယ် ပါရမီရှင်ဆိုတာ ဘာမို့လို့လဲ... သူတို့လည်း ဂိုဏ်းချုပ်ငယ်ရဲ့ လက်သီးတစ်ချက်တည်းနဲ့ လဲကျသွားတာပဲ မဟုတ်ဘူးလား...
ငါလည်း လက်သီးတစ်ချက်တည်းနဲ့ လဲကျမယ်, လောကတုန်လှုပ်ဖွယ် ပါရမီရှင်တွေလည်း လဲကျမယ်ဆိုရင်တော့ တစ်နည်းအားဖြင့် ပြောရရင် ငါနဲ့ သူတို့ကြားမှာ ကွာခြားချက် မရှိတော့ဘူးပေါ့...
“သူက ဒီလောက်ထိကို သန်မာလာခဲ့ပြီပဲ...”
တွမ့်မူလုံချွဲ အဝေးတစ်နေရာရှိ မျှောလွင့်ရှေးဟောင်းတောင်တန်းထံမှ သူ့အကြည့်ကိုပြန်ရုပ်သိမ်းရင်း ရေရွတ်လိုက်သည်။
အသာအယာသက်ပြင်းချသံနှင့်အတူ သူ့နှလုံးသားထဲရှိ အစွဲအလမ်းအချို့လည်း ပျောက်ကွယ်သွားခဲ့ပုံရသည်။
လူနှစ်ဦးကြားက ကွာဟချက်က အလွန်တရာ ကြီးမားလွန်းသွားသည့်အခါ စိတ်ကူးယဉ်မှုများပင် ရှိမနေတော့ပေ။
....
တိုက်ပွဲများက ဆက်လက် ဖြစ်ပွားနေခဲ့သည်။
ယနေ့နှုန်းထားအရဆိုလျှင် ကျန်ရှိသော အဖွဲ့အစည်းအရေအတွက်မှာ နည်းပါးလာပြီဖြစ်သဖြင့် သူတို့က တတိယအဆင့်သို့ သေချာပေါက် ရောက်ရှိသွားမည်ဖြစ်ပြီး ထို့ထက်ပင် ပိုမိုရှေ့ရောက်သွားနိုင်ပေသည်။
ဘုန်း...
ထျန်းရှူစီရင်စုမှ ထိပ်သီးဂိုဏ်းတစ်ခု ယွီဟုန်းရွယ်၏ လက်အောက်တွင် ရှုံးနိမ့်သွားခဲ့ရပြန်သည်။
ထိုအရာကလည်း အခြားသုံးယောက်တစ်ယောက် တိုက်ပွဲပင်ဖြစ်သည်။
ကိုးရောင်ခြယ်မှန်ကျောင်းဆောင်မှ အခြားသော အဖွဲ့ဝင်နှစ်ဦးမှာမူ ဝင်ရောက် တိုက်ခိုက်ရန်ပင် မလိုအပ်ခဲ့ပေ။
သူမ၏ လက်ဝါးကိုပြန်ရုပ်သိမ်းရင်း ယွီဟုန်းရွယ် ခေါင်းမော့၍ အပေါ်ကိုစိုက်ကြည့်လိုက်သည်။
တစ်ခဏ သူတို့အကြည့်တွေဆုံသွားပြီး မီးပွားတွေ နေရာအနှံ့လွင့်စင်သွားသလိုပင်။
“လက်ဝါးရည်ရွယ်ချက် ၃၀ ရာခိုင်နှုန်း...”
“ယွီဟုန်းရွယ်လည်း သူမရဲ့လက်ဝါးရည်ရွယ်ချက်ကို ဒီအဆင့်အထိ မြှင့်တင်ထားတာပဲ...”
“သူမက တစ်ယောက်တည်းနဲ့ ပြိုင်ဘက်သုံးယောက်ကို အနိုင်ယူခဲ့တာ, တကယ့်ကို သန်မာတာပဲ... ထျန်းရွမ်စီရင်စု မျိုးဆက်သစ်လူငယ်တွေထဲမှာထိပ်ဆုံးဖြစ်ပြီး ကိုးရောင်ခြယ်မှန်ကျောင်းဆောင်ရဲ့ အနာဂတ်အရှင်သခင် ဖြစ်လာဖို့ ထိုက်တန်တယ်...”
ပတ်ဝန်းကျင်ရှိ လူတိုင်း စိတ်လှုပ်ရှားစွာဖြင့် ဆူညံနေခဲ့ကြသည်။
တောင်ပိုင်းပါရမီရှင်တိုက်ပွဲ၌ ထိုက်ရွမ်ဂိုဏ်းမှာ တားဆီးမရတော့ဟု သူတို့ထင်ထားခဲ့ကြသည်။
သို့ပေမယ့် ယခုတော့ ယွီဟုန်းရွယ်ပြသလာသည့်ပြိုင်ဘက်ကင်းခွန်အားဖြင့် ရလဒ်က မသေချာတော့ပေ။
ထိပ်တန်းအဆင့်ရှိစီရင်စုများအတွက်မူ သူတို့သည် သဘာဝအတိုင်း ယွီဟုန်းရွယ်၏ အောင်ပွဲကို မျှော်လင့်ထားကြသည်။
အကယ်၍ အဆင့်အောက်ဆုံးနီးပါးရှိ ထျန်းလင်းစီရင်စုကသာအနိုင်ရသွားပါက သတင်းပျံ့နှံ့သွားသည့်အခါ အလွန်တရာ အရှက်ရစရာ ကောင်းလှပေသည်။
အကြည့်လွဲလိုက်ပြီ ယွီဟုန်ရွယ်လှည့်ထွက်လာခဲ့သည်။
ဤတိုက်ပွဲက လောကကြီးကို သူမကြေညာလိုက်သည့် ကြေညာချက်ပင် ဖြစ်သည်။ ငါလည်း သန်မာတယ်ဟူ၍ပင်။
တောင်ပိုင်းပါရမီရှင်တိုက်ပွဲ၏ နောက်ဆုံးရလဒ်ကမူ ဆုံးဖြတ်ရဦးမည်ဖြစ်သည်။
“ငါတို့ အရင်တုန်းက သူမကို လျှော့တွက်ခဲ့မိပုံပဲ...”
ဟွာစီယန် မျက်လုံးမှေးပြီး ပြောလိုက်သည်။
“လက်ဝါးရည်ရွယ်ချက် ၃၀ ရာခိုင်နှုန်း...”
“အတိအကျပြောရရင် ဒီမျိုးဆက်က ငါတို့မျိုးဆက်ထက် ပိုပြီးတော့ သန်မာတယ်...”
ခူဖုန်းချွမ်း ခေါင်းညိတ်လိုက်သည်။
“အဲဒီတုန်းက ရည်ရွယ်ချက်နဲ့ပတ်သက်ရင် အမြင့်ဆုံးအောင်မြင်ခဲ့တဲ့လူက ၃၀ ရာခိုင်နှုန်းပဲ ရှိခဲ့တာ...”
“ချန်ချင်းက စစ်မှန်ရည်ရွယ်ချက်နှစ်မျိုး ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့ ဒီအဆင့်မှာစွမ်းအားက အပြည့်အဝပေါ်မလာသေးဘူး... သူရထားတဲ့ ရည်ရွယ်ချက်အဆင့်ကသာ အရေးကြီးတာ...”
ဟွာစီယန် ဆက်ပြောလိုက်သည်။
“အကယ်၍ နှစ်ခုစလုံးက ၃၀ ရာခိုင်နှုန်းမှာ ရှိနေရင် ကြီးမားတဲ့ ကွာခြားချက် မရှိဘူး...”
ရည်ရွယ်ချက်နှစ်မျိုးရှိခြင်းက သင့်တွင် တိုက်ခိုက်ရေးစွမ်းအားနှစ်ခုရှိနေခြင်းကိုသာဆိုလိုသည်။
နှစ်ခုစလုံးက ၎င်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အချိန်မှသာ အချင်းချင်းပဲ့တင်ထပ်ပြီး ပိုမိုကြီးမားသော စွမ်းအားကို ထုတ်ပေးနိုင်မည်ဖြစ်သည်။
“ကြည့်ရတာ ငါတို့ထင်တာမှန်ပုံပဲ... ယွီဟုန်းရွယ်က တကယ့်ကို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်ပဲ...”
မဟာအကြီးအကဲ အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် တည်ငြိမ်နေဆဲဖြစ်သည့် မုန့်ချန်ချင်းကို လှည့်ကြည့်လိုက်သည်။
လူတိုင်းက သူ့အား စိုက်ကြည့်နေကြသည်ကို သတိပြုမိလိုက်သဖြင့် မုန့်ချန်ချင်း အသိပြန်ဝင်လာခဲ့သည်။
သူက လူအုပ်ကိုကြည့်ပြီး အသာအယာ ပြုံးလိုက်သည်။
“စိုးရိမ်ဖို့မလိုပါဘူး... ဒီနေရာမှာ... ကျွန်တော်က ပြိုင်ဘက်ကင်းတယ်...”
သူပြောပြီးသည်နှင့် လေပြင်းတစ်ခုတိုက်ခတ်သွားပြီး သူ့ခြေဖဝါးအောက်ရှိ မြက်ပင်တွေကို ယိမ်းနွဲ့လှုပ်ရှားသွားစေခဲ့သည်။
တောက်ပသောနေရောင်ခြည်အောက်၌ မတ်တပ်ရပ်နေသော မုန့်ချန်ချင်းမှာ တောက်ပသည့်အလင်းတန်းတစ်ခုအလားပင်။
၎င်းက ယုံကြည်မှု ဖြစ်သည်။ အကြွင်းမဲ့ ယုံကြည်မှုပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် မည်သူမျှ သံသယစိတ်မရှိကြပေ။ သူတို့ခံစားရသည်မှာ သဘောတူညီမှုသာဖြစ်သည်။
ဘာကြောင့်လဲဆိုတာ ရှင်းမပြနိုင်သော်လည်း သူ့ကိုယုံကြည်လိုက်ကြသည်။
မုန့်ချန်ချင်း ပြောလိုက်သော စကားလုံးတိုင်းကို သူတို့ယုံကြည်ကြသည်။
“ဒါဆိုလည်း ငါတို့စောင့်ကြည့်ကြတာပေါ့...”
ဟွာစီယန် အသိပြန်ဝင်လာပြီး ပြောလိုက်သည်။
သူမ၏ နှင်းကဲ့သို့ဖြူစင်သော မျက်နှာထက်တွင်လည်း ကြည်လင်လှပသောအပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူမအရင်ကပြောခဲ့ဖူးသကဲ့သို့ပင် သူမ ဤဂျူနီယာမောင်လေးကို သဘောကျသည်။
သူမက လောကကြီးကိုငုံ့ကြည့်ပြီး တားဆီးမရသည့် ဤကဲ့သို့ခံစားချက်မျိုးကို နှစ်သက်သည်။
“ကောင်းတယ်...”
မဟာအကြီးအကဲ အလွန်ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူ့စိတ်ထဲတွင် မုန့်ချန်ချင်းက ဘယ်သောအခါမှ အပိုစကားများပြောလေ့မရှိပေ။
သူ့၌ နောက်ထပ် ဝှက်ဖဲများစွာ ရှိနေသေးပုံရသည်။
၎င်းက မည်သည့်အရာ ဖြစ်သည်ကိုမူ သူ မမေးမြန်းခဲ့ပေ။
ထိုအရာက သူ၏အမြဲတမ်း လုပ်ဆောင်နေကျ ပုံစံပင်ဖြစ်သည်။
မကြာမီပင် ဒုတိယအဆင့် တိုက်ပွဲများ ပြီးဆုံးသွားခဲ့ပြီး အင်အားစု ၃၂ ခုသာ ကျန်ရှိတော့သည်။
၎င်းတို့ထဲတွင် ထိပ်သီးဂိုဏ်းကြီးများ၊ ရှေးဟောင်းကလန်များနှင့် ပထမတန်းစား အဖွဲ့အစည်းများ ပါဝင်နေခဲ့ကြသည်။
ဒုတိယတန်းစား အဖွဲ့အစည်းများမှာမူ လုံးဝ ဖယ်ရှားခံလိုက်ရပြီဖြစ်သည်။
အဆုံးမှာတော့ သူတို့ကအားနည်းလွန်းလှသဖြင့် ဤနေရာအထိ ရောက်ရှိလာဖို့ အလွန်အမင်းကံကောင်းမှုကို လိုအပ်တာပဲဖြစ်သည်။
တတိယအဆင့် တိုက်ပွဲများကို ချက်ချင်းပင် စတင်ခဲ့သည်။
ဤအကြိမ်တွင် ထိုက်ရွမ်ဂိုဏ်းက အခြားသောထိပ်သီးဂိုဏ်းတစ်ခုနှင့် မဆုံတွေ့ခဲ့ရဘဲ ဆန့်ကျင်ဘက်အနေဖြင့် အဆင့် ၃ ရှိသော ထျန်းကျီစီရင်စုမှ ပထမတန်းစား အဖွဲ့အစည်းတစ်ခုနှင့် ဆုံတွေ့ခဲ့ရသည်။
သူတို့က စင်ပေါ်မတက်ရသေးခင်မှာတင် လက်နက်ချသွားခဲ့ကြသည်။
၎င်းက မျှော်လင့်ထားသည့်အတိုင်းဖြစ်သော်လည်း မိုရှောင်ယုနှင့် အခြားသော တပည့်များကိုမူ အတော်လေး ဒေါသထွက်စေခဲ့သည်။
ဆုံတွေ့လိုက်တာနဲ့ လူတိုင်းက လက်နက်ချနေကြမယ်ဆိုရင် သူတို့ကစင်မြင့်ထက်ကို ဘယ်လိုလုပ် တက်ရောက်နိုင်ပါတော့မည်နည်း။
တတိယအဆင့် တိုက်ပွဲများက ပိုမိုမြန်ဆန်ပြီး တစ်နာရီခန့်အတွင်းမှာတင် ပြီးဆုံးသွားခဲ့သည်။
စတုတ္ထအဆင့်တိုက်ပွဲများမှာ ချက်ချင်းပဲ စတင်ခဲ့သည်။
ဤအဆင့်၌ ကျန်ရှိနေသော အဖွဲ့အစည်းများမှာ အတော်လေးအစွမ်းထက်လာကြပြီဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုက်ရွမ်ဂိုဏ်းက နောက်ထပ်ထိပ်သီးဂိုဏ်းတစ်ခုနှင့် ထပ်မံ ဆုံတွေ့ခဲ့ရပြန်သည်။ ဤအကြိမ်တွင်မူ အဆင့်မြင့်ထိပ်သီးမဟာဂိုဏ်းကြီးတစ်ခုဖြစ်သည်။
၎င်းက ထျန်းရွမ်စီရင်စု၏ မဟာဂိုဏ်းကြီး ငါးခုထဲမှတစ်ခုဖြစ်သည့် လေဘုရင်ခန်းမ ပင်ဖြစ်သည်။