အခန်း ၁၉၈
Vol. 20 Ch. 198
အခန်း (၁၉၈)
ဓားသုံးမှပဲ နင့်မှာ ငါ့ကိုနိုင်ဖို့ အခွင့်အရေး အနည်းငယ်ရှိလိမ့်မယ်
ဆဋ္ဌမအဆင့် တိုက်ပွဲ...
ကိုးရောင်ခြယ်မှန်ကျောင်းဆောင်က ရှေးဟောင်းယုကလန်ကို အနိုင်ရရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုက်ရွမ်ဂိုဏ်းက ခရမ်းရောင်နေမင်းနန်းတော်အပေါ် အောင်ပွဲခံခဲ့ပြန်သည်။
“ကြည့်ရတာ ထိုက်ရွမ်ဂိုဏ်းက ထျန်းရွမ်စီရင်စုရဲ့ ထိပ်သီးဂိုဏ်းကြီးငါးခုစလုံးကို အကုန်အိမ်ပြန်လွှတ်တော့မယ့်ပုံပဲ...”
နေရီပျိုးချိန် နေမင်းအနောက်ဘက်သို့ဝင်ရောက်သွားသည့်အခါ ပတ်ဝန်းကျင်ရှိလူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
အထင်ကရ ထျန်းရွမ်စီရင်စု၏ ထိပ်သီးဂိုဏ်းကြီးငါးခုထဲမှ လေးခုမှာ လူတစ်ယောက်တည်း၏လက်ချက်ဖြင့် ရှုံးနိမ့်သွားမည်ဟု မည်သူထင်ထားမည်နည်း။
အကယ်၍ နောက်ဆုံး ကိုးရောင်ခြယ်မှန်ကျောင်းဆောင်ပါ ရှုံးနိမ့်သွားခဲ့လျှင် ၎င်းက တကယ့်ကို မကြုံစဖူးဒဏ္ဍာရီတစ်ခု ဖြစ်လာမည်ဖြစ်သည်။
“မနက်ဖြန်ကတော့ နောက်ဆုံးပိတ် ဗိုလ်လုပွဲပဲ...”
“ထျန်းရွမ်စီရင်စု ကိုးရောင်ခြယ်မှန်ကျောင်းဆောင်... ပြိုင်ဘက် ထျန်းလင်းစီရင်စု ထိုက်ရွမ်ဂိုဏ်း...”
ဒိုင်လူကြီး အမူအရာကင်းမဲ့စွာဖြင့် ကြေညာလိုက်သည်။
ထိုအခါ ချက်ချင်းပင် နေရာတစ်ခုလုံ ဆူညံပွက်လောရိုက်သွားခဲ့သည်။
အချို့က ကိုးရောင်ခြယ်မှန်ကျောင်းဆောင်အတွက် အော်ဟစ်အားပေးကြပြီး အချို့ကမူ ထိုက်ရွမ်ဂိုဏ်းကို ထောက်ခံအားပေးခဲ့ကြသည်။
....
နောက်တစ်နေ့...
ကောင်းကင်ယံ၌ တောက်ပသော အလင်းတန်းများ ပြည့်နှက်နေခဲ့သည်။
နွေးထွေးသောနံနက်ခင်း နေမင်းက မိုးကုတ်စက်ဝိုင်းဆီမှ ဖြည်းညှင်းစွာထွက်ပေါ်လာပြီး အရာခပ်သိမ်းကို အလင်းရောင်ပေးစွမ်းနေခဲ့သည်။
တစ်ချိန်တည်းမှာပင် လူတိုင်း အိပ်ယာမှထပြီး တိုက်ပွဲကွင်းပြင်ထံသို့ ပျံသန်းသွားခဲ့ကြတော့သည်။
ယနေ့သည် နောက်ဆုံးပိတ် တိုက်ပွဲဖြစ်သဖြင့် အလွန်တရာအရေးကြီးလှသည်။
တောင်ပိုင်းဒေသ၌ အသန်မာဆုံးဖြစ်သော ကိုးရောင်ခြယ်မှန်ကျောင်းဆောင်က ပထမနေရာကိုရယူပြီး ၎င်းတို့၏ရေရှည်တည်တံ့ခိုင်မြဲသောရာထူးကို ဆက်လက်ထိန်းသိမ်းသွားနိုင်မည်လား?
သို့မဟုတ် စီရင်စုအသေးစားလေးတစ်ခုမှ ထွက်ပေါ်လာသော ပထမတန်းစားဂိုဏ်းသာဖြစ်သည့် ထိုက်ရွမ်ဂိုဏ်းက အကြွင်းမဲ့ မြင်းနက်တစ်ကောင်အသွင်ဖြင့် အနိုင်ရရှိသွားမည်လား?
မျှော်လင့်စောင့်စားမှုက ကြီးမားလှသည်။
မကြာမီ ဟင်းလင်းပြင်တိုက်ပွဲကွင်းပြင် ပတ်ပတ်လည်၌ လူများဖြင့် ပြည့်နှက်သွားခဲ့ပြီး ထိုင်ခုံတိုင်း၌ လူပြည့်နေခဲ့သည်။
အဖွဲ့အစည်းအားလုံးနီးပါး ရောက်ရှိလာခဲ့ကြပြီး သူတို့၏အကြည့်များက လမ်းကြောင်းနှစ်ခုထံသို့ ကျရောက်နေခဲ့ကြသည်။
တစ်ခုက ကိုးရောင်ခြယ်မှန်ကျောင်းဆောင် ဖြစ်ပြီး အခြားတစ်ခုမှာ ထိုက်ရွမ်ဂိုဏ်း ဖြစ်သည်။
“ငါတော့ အတော်လေး ရင်ခုန်နေပြီ... ဘယ်သူနိုင်မယ်လို့ ထင်လဲ...”
တစ်စုံတစ်ဦး မေးမြန်းလိုက်သည်။
အစပိုင်းတွင်မူ လူအများစုက ထိုက်ရွမ်ဂိုဏ်းအပေါ် လောင်းကြေးထပ်ခဲ့ကြသော်လည်း မုန့်ချန်ချင်းထက် မနိမ့်သော ယွီဟုန်းရွယ်၏ခွန်အားကို မြင်တွေ့ခဲ့ရပြီးနောက်၌ ဆုံးဖြတ်ရ ခက်သွားခဲ့ကြသည်။
“ငါကတော့ ကိုးရောင်ခြယ်မှန်ကျောင်းဆောင်က အနိုင်ရဖို့ အခွင့်အရေး ပိုများတယ်လို့ ထင်တယ်...”
တစ်စုံတစ်ဦး စဉ်းစားတွေးတောကာ ပြောလိုက်သည်။
“မုန့်ချန်ချင်းက ဘယ်လောက်ပဲ သန်မာသန်မာ, သူက လူတစ်ယောက်တည်းပဲလေ... ယွီဟုန်းရွယ်မှာက သူမကို ကူညီပေးမယ့် ဂျူနီယာမောင်လေး နှစ်ယောက် ရှိနေသေးတယ်...”
“သူတို့ အခြေအနေမကောင်းရင်တောင် သုံးယောက်ပေါင်းပြီး အစီရင်ဖွဲ့စည်းလိုက်ရင် မုန့်ချန်ချင်းကို သေချာပေါက် ဖိနှိပ်ထားနိုင်မှာပဲ...”
“အဲဒါလည်း ဟုတ်တာပဲ... ထိုက်ရွမ်ဂိုဏ်းမှာ ကြီးမားတဲ့ အလားအလာ ရှိနေပေမဲ့ ကျောက်တုံးလူသားသွေးမျိုးဆက်နဲ့ မွေးရာပါဓားခန္ဓာက အပြည့်အဝ မဖွံ့ဖြိုးသေးဘူး... အကယ်၍ အပြည့်အဝ အရွယ်ရောက်နေရင် ကိုးရောင်ခြယ်မှန်ကျောင်းဆောင်ရဲ့ မျိုးဆက်သစ်လူငယ်တွေမှာ အခွင့်အရေး ရှိမှာမဟုတ်ဘူး...”
လူအများစုက ထိုက်ရွမ်ဂိုဏ်းအပေါ် ပိုမို၍ မျှော်လင့်ချက် ထားကြသည်။
ဘာမျှမရှိသော အခြေအနေမှ ရုန်းကန်တက်လှမ်းလာခဲ့သောခရီးစဉ်ကို လေးစားမိကြသောကြောင့် ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ သူတို့က အပြည့်အဝ အရွယ်မရောက်သေးခြင်းပင်။
....
ရှေးဟောင်းတောင်တန်းထက်တွင်...
အခြားသူများ၏ စိုးရိမ်ပူပန်မှုများနှင့် နှိုင်းယှဉ်ပါက မုန့်ချန်ချင်းမှာ များစွာပိုမိုတည်ငြိမ်နေခဲ့ပြီး အလွန်သက်တောင့်သက်သာရှိနေခဲ့သည်။
“နောက်ဆုံးတိုက်ပွဲ...”
မဟာအကြီးအကဲ အသက်ပြင်းပြင်းရှူလိုက်သည်။
သူ ဂိုဏ်းကနေ ထွက်ခွာလာခဲ့စဉ်တုန်းက ဤအဆင့်အထိ ရောက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ထိပ်ဆုံး အယောက် ၂၀ အတွင်း ဝင်ရောက်ရုံဖြင့်ပင် လုံလောက်နေခဲ့ပြီဖြစ်သည်။
သို့သော် မုန့်ချန်ချင်း၏ခွန်အားက သူ မျှော်လင့်ထားတာထက် များစွာကျော်လွန်နေခဲ့သည်။
အကြွင်းမဲ့စွမ်းအားဖြင့် ဤနေရာအထိ တက်လှမ်းလာခဲ့၏။
“တောင်ပိုင်းဒေသရဲ့ နံပါတ်တစ်... ဒါ ဂိုဏ်းအတွက် ဂုဏ်ကျက်သရေပဲ...”
မဟာအကြီးအကဲ အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။
အပြစ်ပေးတောင်ထိပ်၏ အကြီးအကဲတစ်ဦးအနေဖြင့် သူသည် အမြဲတမ်းတည်ငြိမ်ပြီး တင်းကျပ်သူတစ်ဦးဖြစ်ခဲ့သည်။
သို့ပေမယ့် မုန့်ချန်ချင်းနှင့်တွေ့ဆုံပြီးကတည်းက ဤကာလအတွင်း သူခံစားခဲ့ရသည့် စိတ်ခံစားချက်အတက်အကျများမှာ ယခင်တစ်ဘဝလုံးစာထက်ပင် သာလွန်နေခဲ့သည်။
“နောက်ဆုံးတိုက်ပွဲအတွက် မင်းတို့နှစ်ယောက် သူနဲ့အတူ တိုက်ပွဲကွင်းပြင်ထဲ လိုက်သွားပါ...”
မဟာအကြီးအကဲ ရှီညီအစ်ကိုကို ကြည့်ရင်း ပြောလိုက်သည်။
“နားလည်ပါပြီ...”
ညီအစ်ကိုနှစ်ဦး ခေါင်းညိတ်လိုက်ကြပြီး မြေပြင်ပေါ်မှ ထရပ်လိုက်ကြသည်။
သူတို့က နေရာပြောင်း၍ပွဲကြည့်ရုံသာဖြစ်သော်လည်း အနီးကပ်တွေ့ကြုံရတာက အဝေးမှကြည့်ရတာနှင့်ယှဥ်၍မရပေ။
ဒေါင်...
ရှေးဟောင်းခေါင်းလောင်းသံထွက်ပေါ်လာပြီး တိုက်ပွဲစတင်ကြောင်း အချက်ပေးလိုက်သည်။
“ဂျူနီယာမောင်လေး... အဆင်ပြေပါစေ...”
“ဂိုဏ်းချုပ်ငယ်... အဆင်ပြေပါစေ...”
ဟွာစီယန်နှင့် အခြားသူများ၏ အသံများက နောက်မှ ထွက်ပေါ်လာခဲ့သည်။
“အားလုံးရဲ့ ဆုတောင်းပေးမှုအတွက် ကျေးဇူးတင်ပါတယ်... ငါ အခုပဲ ပြန်လာခဲ့မယ်...”
မုန့်ချန်ချင်း အသာအယာ ပြုံးလိုက်သည်။
....
“အဖေ...”
ယွီဟုန်းရွယ် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
တစ်ညတာ အခြေအနေထိန်းညှိပြီးနောက် သူမမှာ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေပြီး ရှည်ကြာသည့်တိုက်ပွဲအတွက် ဆေးလုံးအချို့ကိုတောင် အသုံးပြုထားခဲ့သည်။
ထို့ကြောင့် ယနေ့တွင် သူမ၏ အသန်မာဆုံးအခြေအနေ၌ ရှိနေခဲ့သည်။
“သွားပါ, ပထမနေရာကို ယူခဲ့...”
ကျောင်းဆောင်သခင် သူမ၏ပုခုံးကို အသာအယာပုတ်ပေးလိုက်သည်။
သူ့တွင် မကောင်းသောခံစားချက်အချို့ ရှိနေဆဲဖြစ်သော်လည်း ဤအချိန်၌ သမီးဖြစ်သူအပေါ်မျှော်လင့်ချက်ထားရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
“စိတ်မပူပါနဲ့ ကျောင်းဆောင်သခင်...”
ဘေးနားရှိ အကြီးအကဲ ပြောလိုက်သည်။
“ကျောင်းဆောင်သခင်ငယ်ရဲ့ လက်ရှိခွန်အားနဲ့ဆို သူမက မုန့်ချန်ချင်းထက် အားနည်းမှာ မဟုတ်ပါဘူး... ဒါ့ပြင် ဂျူနီယာညီလေးနှစ်ယောက်ရဲ့ အကူအညီလည်းရှိနေတော့ အခွင့်အရေးက ငါတို့ဘက်မှာ ရှိနေပါတယ်...”
“ပြီးတော့ ငါတို့ကိုးရောင်ခြယ်မှန်ကျောင်းဆောင်က မာနဓားဂိုဏ်းလို မဟုတ်ဘူးဆိုတာလည်း သူ့ကို နားလည်သွားစေလိမ့်မယ်...”
“အရင်တုန်းကလိုပဲ ငါတို့ကို အလွယ်တကူ ချေမှုန်းနိုင်မယ်လို့ ထင်နေရင်တော့ အိမ်မက်မက်နေတာပဲ...”
မနေ့တုန်းက ခရမ်းရောင်နေမင်းနန်းတော်နှင့် တိမ်ပင်လယ်အကယ်ဒမီတို့လည်း မာနဓားဂိုဏ်းကဲ့သို့ပင် ချေမှုန်းခံခဲ့ရပြီး ပိုလို့တောင်ဆိုးနေခဲ့သည်။ တစ်ဦးလျှင် လက်သီးတစ်ချက်တည်းသာဖြစ်သည်။
မုန့်ချန်ချင်းမှာ တကယ်ပဲတားဆီးမရသည့်အဟုန်တစ်ခုကို တည်ဆောက်ထားခဲ့ပြီ ဖြစ်သည်။
....
ဒေါင်...
ခေါင်းလောင်းသံ နောက်တစ်ကြိမ်ထပ်မံ ထွက်ပေါ်လာပြီး သူတို့ကို တိုက်တွန်းနေခဲ့သည်။
ယွီဟုန်းရွယ်နှင့် သူမ၏ဂျူနီယာနှစ်ဦး ချက်ချင်းပင် ရှေ့သို့တက်လာပြီး အောက်ဘက်ရှိ တိုက်ပွဲကွင်းပြင်ထံသို့ ဆင်းသက်လိုက်ကြသည်။
ဘုန်း... ဘုန်း...
ဆက်တိုက်ဆိုသလိုပင် နှစ်ဖက်စလုံး တိုက်ပွဲကွင်းပြင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြ၏။
သူတို့က အလွန်နီးကပ်ပြီး မီတာတစ်ရာခန့်သာ ကွာဝေးသည်။
ရှီညီအစ်ကိုမှာ ပညာရှိစွာဖြင့် နောက်ဆုတ်လိုက်ကြသည်။
ကျောက်တုံးဘုရင်နတ်ဘုရားတံဆိပ်ရှိနေလျှင်ပင် သူတို့က ဤအဆင့်ရှိတိုက်ပွဲမျိုးတွင် ပါဝင်ရန် အရည်အချင်းမပြည့်မှီသေးပေ။
တိုက်ပွဲအတွင်း မတော်တဆထိခိုက်မှုမရှိစေရန် အမြန်ဆုံးဖယ်ပေးလိုက်ခြင်းက ပိုမိုကောင်းမွန်သည်။
ဝှစ်...
ချက်ချင်းပင် အကြည့်ချင်းဆုံသွားကြပြီး အစွမ်းထက်အော်ရာတွေထိပ်တိုက်တွေ့ကာ ကြီးမားသည့်တိုက်ပွဲကွင်းပြင်တစ်ခုလုံး တုန်ယင်လာခဲ့သည်။
“နင်တို့ခေါင်းဆောင် တစ်ခါတုန်းက ငါ့ဂိုဏ်းအပေါ် အရှက်ရအောင် လုပ်ခဲ့ဖူးတယ်... ဒီနေ့ ငါ အဲဒီအရှက်ရမှုကို ဆေးကြောပစ်မယ်...”
ယွီဟုန်းရွယ်ပြောလိုက်ပြီး သူမ၏အရည်လဲ့နေသောမျက်လုံးများဖြင့် မုန့်ချန်ချင်းကို စိုက်ကြည့်လိုက်သည်။
“နင် အောင်မြင်မှာမဟုတ်ဘူး... ဒီနေရာက ငါ နင့်အတွက်သတ်မှတ်ပေးတဲ့ အကန့်အသတ်ပဲ...”
ထိုအရာကို ကြားသည့်အခါ မုန့်ချန်ချင်း သက်ပြင်းချလိုက်သည်။
သူ ဘာမှမပြောရသေးခင် တစ်ဖက်လူက စကားလုံးများစွာ ပြောကြားနေခဲ့ပြီ ဖြစ်သည်။
“ဟုတ်လား?... ဒါဆိုလည်း မင်းစွမ်းအား ငါ့ကို ပြပါအုန်း...”
မုန့်ချန်ချင်း တည်ငြိမ်စွာ ပြန်လည်တုံ့ပြန်လိုက်သည်။
“နင့်ရဲ့ လက်သီးတွေကိုမသုံးနဲ့... လက်သီးတွေနဲ့ဆိုရင် နင် ငါ့ကိုမနိုင်နိုင်ဘူး... ဓားသုံးပါ...”
“မနေ့ကဓားချက်ကိုကြည့်ရင် နင်က ဓားသိုင်းပညာရပ်မှာ ပိုပြီးကျွမ်းကျင်သင့်တယ်...”
“ဒါကြောင့် ဓားသုံးပါ... ဒါမှ ငါ့ကိုနိုင်ဖို့ အခွင့်အရေး အနည်းငယ် ရှိလိမ့်မယ်...”
ယွီဟုန်းရွယ်မျက်လုံးများ တောက်ပနေပြီး သူမထံမှ ပြိုင်ဘက်ကင်းအော်ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
ယခုအချိန်အထိ သူမသည် ဘယ်သောအခါမှမရှုံးခဲ့ဘူးပေ။