အခန်း ၃၇၁
Vol. 38 Ch. 371
အခန်း (၃၇၁) ဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာဘုရင်ကြီး
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဝူယဲ့ဟောင်က ပြောလိုက်လေသည်။
"မမလေး... ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပေးပါ… အချက်ပြလိုက်ပြီဆိုကတည်းက စခန်းက အဆင့်မြင့် အရာရှိတွေဟာ စခန်းကိုစွန့်ခွာဖို့နဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပြီးပြီ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ…"
သူ့စကားကြောင့် စွမ်းအားရှင်များနှင့် စစ်သည်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် မျှော်လင့်ချက်အပြည့်ဖြင့် ယောင်ရန်နှင့် လုံယုတို့ဘက်သို့ လှည့်ကြည့်လာခဲ့ကြလေသည်။
သူတို့၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်များအောက်တွင် ယောင်ရန်သည် သူမ၏ လက်သီးကို တင်းတင်းဆုပ်ထားမိလေသည်။ သူမ၏ အတွေးထဲတွင်မူ၊
*သူတို့ကို ကယ်တင်ဖို့က ငါ့တာဝန်မဟုတ်ဘူးဆိုပေမယ့် လူတိုင်းကို ဒီအတိုင်း အသေမခံနိုင်ဘူး…* ဟု တွေးနေမိခဲ့လေသည်။
သူမသည် အခြားသူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုံယုကို ကြည့်ကာ အံကို တင်းတင်းကြိတ် လိုက်လေသည်။
*အသက်ရှင်ကျန်ရစ်သူ အရေအတွက်သာ ဆက်ပြီး လျော့နည်းသွားမယ်၊ ဗီဇပြောင်းသတ္တဝါတွေက ပိုပို ပြီး သန်မာလာမယ်ဆိုရင် နောက်နှစ်အနည်းငယ်အတွင်းမှာ လူသားမျိုးနွယ်တွေ တကယ်ပဲ မျိုးတုံးသွား လိမ့်မယ်… ဒါမျိုး အဖြစ်မခံနိုင်ဘူး… အာယုနဲ့ ငါ့သူငယ်ချင်းတွေကို အသေမခံနိုင်ဘူး..*
ဆုံးဖြတ်ချက် ချပြီးနောက် ယောင်ရန်သည် ဝူယဲ့ဟောင်ကို ကြည့်ကာ ပြောလိုက်လေသည်။
"ကျွန်မ မသွားဘူး…။"
"ဒါဆို မြေအောက်ခိုလှုံရေးစခန်းကို ဆုတ်ခွာမှာလား…." ဟု ဝူယဲ့ဟောင်က တည်ငြိမ်စွာ မေးလိုက်လေ သည်။
သူမသည် သူ့အကြည့်ကို ရင်ဆိုင်ကာ ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
"ဟင့်အင်း... တံတိုင်းကို ကာကွယ်ဖို့ ဒီမှာပဲ ကျန်ခဲ့မယ်…"
သူမ၏ စကားကြောင့် ဝူယဲ့ဟောင်၏ မျက်ဝန်းများ မှောင်မှောင်သွားသည်။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
"မမလေးက ဒီတံတိုင်းကို တစ်ယောက်တည်း ကာကွယ်ဖို့ စိတ်ကူးနေတာလား… ဒီလူတွေက သူစိမ်း တွေပဲလေ၊ သူတို့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် မမလေးမှာ ဘာတာဝန်မှ မရှိဘူးလေ… သူတို့အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံရတာ တန်လို့လား…"
ယောင်ရန်က ခပ်ဖျော့ဖျော့ ပြုံးကာ ခေါင်းခါပြလိုက်လေသည်။
"သူတို့ အသက်ရှင်နေဖို့ ကျွန်မ လိုအပ်တယ်… ဒါဟာ ကျွန်မအတွက် မဟုတ်ဘူး၊ အနာဂတ်အတွက်ပါ…"
ထိုစကားကို ကြားသောအခါ လုံယုက သူမ၏လက်ကို လှမ်းဆွဲလိုက်ပြီး ပြုံးပြလိုက်လေသည်။
"ဒါ မင်းရဲ့ ဆုံးဖြတ်ချက်ဆိုရင်တော့ ကိုယ် မင်းနဲ့အတူ ဒီမှာပဲ ရှိနေမှာပါ…"
ခေတ္တမျှ စဉ်းစားပြီးနောက် ဝူယဲ့ဟောင်က ပြောလာလေသည်။
"ကျွန်တော့်ရဲ့ တာဝန်က မမလေးကို ဘေးကင်းအောင် စောင့်ရှောက်ပြီး ပြန်ခေါ်သွားဖို့ပဲ… မမလေးက ဒီမှာနေချင်တယ်ဆိုမှတော့ ကျွန်တော်တို့လည်း မမလေးနဲ့အတူ ရှိနေမှာပါ…"
မီးဓာတ်စွမ်းအားရှင်များနှင့် အခြားစစ်သည်များက ထိုစကားကို ကြားသောအခါ သဘောတူသည့်အနေ ဖြင့် ခေါင်းငြိမ့်လိုက်ကြလေသည်။
အမျိုးသမီး မီးစွမ်းအားရှင်တစ်ဦးက ရှေ့သို့ လှမ်းထွက်လာပြီး ပြောလိုက်လေသည်။
"ကျွန်မလည်း ဒီမှာပဲနေပြီး တံတိုင်းကို ကာကွယ်မယ်… ကျွန်မသာ ဆုတ်ခွာသွားရင် ကျွန်မမိသားစုတွေ သေကုန်ကြလိမ့်မယ်…"
အမျိုးသား မီးဓာတ်စွမ်းအားရှင်ကလည်း ထောက်ခံလိုက်လေသည်။
"မှန်တယ်… ဘယ်လိုပဲဖြစ်ဖြစ် သေရမှာဆိုမှတော့ အဲ့ဒီ ဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာတွေကို တတ်နိုင်သလောက် များများစားစား သတ်သွားတာကမှ ပိုတန်ဦးမယ်"
အသစ်တဖန် နိုးကြားလာသော စိတ်ဓာတ်များဖြင့် အားလုံးသည် စခန်းနှင့် သူတို့၏ နောက်ကွယ်တွင် ရှိနေသူများကို ကာကွယ်ရန် သေဖို့အသင့် အခြေအနေသို့ ရောက်ရှိသွားခဲ့ကြလေသည်။
လုံယုက သူတို့ကို ကြည့်ကာ ပြောလိုက်လေသည်။
"အားလုံး ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ဒီဗီဇပြောင်း ပိုးတောင်မာတွေကို အပြတ်ရှင်းပြီး စခန်းထဲမှာ ရှိနေ တဲ့ ကောင်တွေကို ဆက်ပြီး ရှင်းကြတာပေါ့…"
"ဟုတ်ကဲ့…"
တိုက်ပွဲဝင်လိုစိတ်များ ထကြွလာသည်နှင့်အမျှ ယောင်ရန်က C4 ဗုံးများကို ပိုမိုထုတ်ယူလိုက်ပြီး လုံယု နှင့် အခြားသူများကလည်း မရပ်မနား ဆက်တိုက် တိုက်ခိုက်နေခဲ့ကြပေသည်။
အနောက်ဘက် အပြင်ဘက်တံတိုင်းတွင် ပေါက်ကွဲသံများ ဆက်တိုက် ပဲ့တင်ထပ်နေစဉ် ရွှီရွှမ်းသည် ဗီဇ ပြောင်း သဲကန္တာရ ပိုးတောင်မာဘုရင်ကြီးနောက်သို့ အပြင်းအထန် လိုက်လံတိုက်ခိုက်နေခဲ့လေသည်။
ဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာဘုရင်ကြီးက သဲထဲသို့ ပြန်လည် တိုးဝင်တော့မည့်ဆဲဆဲတွင် ရွှီရွှမ်း၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး လက်ကို ဝေ့ယမ်းလိုက်သည်။ ထိုခဏ၌ ပိုးတောင်မာဘုရင်ကြီး သည် ရုတ်တရက် အပေါ်သို့ ခုန်တက်သွားခဲ့လေသည်။
ပိုးတောင်မာဘုရင်ကြီးသည် သူ၏ 'နေရာလွတ် ဓားသွား' များကို အလွယ်တကူ ရှောင်တိမ်းသွား သည်ကို မြင်သောအခါ ရွှီရွှမ်းက မျက်မှောင်ကြုတ်မိလိုက်လေသည်။
*ဒီကောင်က လေထုထဲက အပြောင်းအလဲတွေကို အာရုံခံနိုင်နေပုံရတယ်… ငါ့ရဲ့ နည်းဗျူဟာကို ပြောင်း မှဖြစ်မယ်….*
ထိုအတွေးနှင့်အတူ ရွှီရွှမ်းသည် ပိုးတောင်မာဘုရင်ကြီး၏ ခန္ဓာကိုယ်ကို ဖြတ်တောက်ရန် နေရာလွတ် ဓားသွားများကို အသုံးမပြုတော့ဘဲ 'နေရာရွှေ့ပြောင်းခြင်း' စွမ်းရည်ကို အစားထိုး အသုံးပြုလိုက်လေ သည်။ သို့သော် သူသည် မိမိကိုယ်ကိုယ် နေရာရွှေ့ပြောင်းခြင်း မဟုတ်ဘဲ ပိုးတောင်မာဘုရင်ကြီးကိုသာ ပစ်မှတ်ထားလိုက်ခြင်းဖြစ်ပေသည်။
ရွှီရွှမ်းသည် စိတ်ကို စုစည်းပြီး ပိုးတောင်မာဘုရင်ကြီး၏ ခန္ဓာကိုယ် တစ်ဝက်ခန့်ကိုသာ နေရာရွှေ့ပြောင်း ပစ်ရန် ပတ်ဝန်းကျင် နေရာလွတ်ကို ထိန်းချုပ်လိုက်လေသည်။ သို့သော်လည်း ပြောသလောက် မလွယ်ကူခဲ့ပေ။
အကြိမ်ကြိမ် ကြိုးစားပြီးနောက် ရွှီရွှမ်းသည် ပိုးတောင်မာဘုရင်ကြီး၏ နောက်ခြေတစ်ဖက်ကို နေရာရွှေ့ ပြောင်းပစ်ရန် နောက်ဆုံးတွင် အောင်မြင်သွားခဲ့လေသည်။ ခဏအကြာတွင် ပိုးတောင်မာဘုရင်ကြီးထံမှ နားကွဲလုမတတ် စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့လေတော့သည်။
နောက်ခြေတစ်ဖက် ပြတ်တောက်သွားသည်နှင့်အမျှ ပိုးတောင်မာဘုရင်ကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားခဲ့လေသည်။
"ဘုန်း…"
လဲကျသွားသော ပိုးတောင်မာဘုရင်ကြီးသည် ပြန်လည် ထူမတ်ရန် ရုန်းကန်နေသည်။ ထိုအခွင့်အရေးကို အရယူကာ ရွှီရွှမ်းသည် သူ၏ နေရာလွတ် ဓားသွားများကို အလျင်အမြန် အသုံးပြု၍ ၎င်း၏ ခြေလက် အင်္ဂါ အားလုံးကို ဖြတ်တောက်လိုက်လေသည်။
သူ၏ နေရာလွတ် စွမ်းအားများသည် မျက်စိဖြင့် မမြင်နိုင်သလို မည်သည့် အသံမျှလည်း ထွက်ပေါ် ခြင်း မရှိနေပေ။ ပိုးတောင်မာဘုရင်ကြီး ဘာဖြစ်နေသလဲဆိုသည်ကို သတိမမူမိခင်မှာပင် ၎င်း၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းသာ ကျန်ရှိလေတော့သည်။
၎င်းနှင့် ပေအနည်းငယ်အကွာတွင် ရပ်နေသော ရွှီရွှမ်းသည် ပိုးတောင်မာဘုရင်ကြီးကို တုံ့ပြန်ရန် အခွင့် အရေး မပေးတော့ပေ။ သူ၏ နေရာလွတ် ဓားသွားဖြင့် နောက်ဆုံးတစ်ချက် တိုက်ခိုက်လိုက်ကာ ၎င်း ၏ ဦးခေါင်းကို ဖြတ်ချလိုက်လေသည်။
"ဒုတ်…"
ဦးခေါင်း ပြတ်ထွက်သွားသည်နှင့်အမျှ ကြီးမားလှသော ပိုးတောင်မာဘုရင်ကြီးသည် နောက်ဆုံးထွက် သက်ကို ရှူထုတ်သွားလေတော့သည်။ ပြတ်တောက်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကြည့်ရင်း ရွှီရွှမ်းက သက်ပြင်းချကာ ရေရွတ်လိုက်လေသည်။
"ဒါတွေကို ဒီအတိုင်း ထားခဲ့ရမှာ နှမြောစရာပဲ... ဒါပေမယ့် အကုန်လုံးကိုတော့ ပြန်သယ်သွားလို့ မရ ဘူး…"
ခဏမျှ စဉ်းစားပြီးနောက် ရွှီရွှမ်းသည် ပိုးတောင်မာဘုရင်ကြီး၏ ခြေထောက်များနှင့် အခွံများကို ယူသွား ရန် ဆုံးဖြတ်လိုက်လေသည်။ အခွံများကို စွပ်ဖားသဖွယ် အသုံးပြုကာ ရှည်လျားချွန်ထက်သော ခြေ ထောက်များကို အပေါ်မှ တင်ပြီး စခန်းရှိရာသို့ ပြန်လည် ဆွဲယူလာခဲ့သည်။
ရွှီရွှမ်း ပြန်လာနေစဉ်အတွင်း ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ပိုးတောင်မာဘုရင်ကြီး သေဆုံးသွားပြီးနောက် အခြားသော ဗီဇပြောင်း ပိုးတောင်မာများသည် ရုတ်တရက် လှုပ်ရှားမှု များရပ်တန့်သွားခဲ့ကြလေသည်။
ထိုထူးဆန်းသော ဖြစ်ရပ်ကို မြင်သောအခါ ယောင်ရန်က မေးလိုက်လေသည်။
"သူတို့ ဘာဖြစ်ကြတာလဲ…"
လုံယုနှင့် အခြားသူများမှာလည်း မည်သို့မျှ အဖြေမပေးနိုင်ဘဲ နားမလည်နိုင်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့် လိုက်ကြသည်။
ခဏအကြာတွင် ဗီဇပြောင်း ပိုးတောင်မာများသည် စူးရှသော အသံများကို ပြိုင်တူထုတ်လိုက်ကြပြီး ဒီရေအလား လှိုင်းမည်းကြီးသဖွယ် နောက်သို့ ပြန်လည် ဆုတ်ခွာသွားကြလေတော့သည်။
"သူတို့ ပြန်ဆုတ်သွားပြီ…"
စစ်သည်တစ်ဦးက အဝေးသို့ ပျောက်ကွယ်သွားသော ပိုးတောင်မာများကို လက်ညှိုးထိုးကာ စိတ်လှုပ် ရှားစွာ အော်ဟစ်လိုက်လေသည်။
ယောင်ရန်နှင့် လုံယုတို့သည် ဇဝေဇဝါ ဖြစ်နေဆဲဖြစ်သော်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ပိုးတောင်မာများ အဘယ်ကြောင့် ဆုတ်ခွာသွားသည်ကို နားမလည်ကြသော်လည်း ၎င်းသည် သူတို့အ တွက် သတင်းကောင်း ဖြစ်နေသည်မှာ အမှန်ပင်။
ဗီဇပြောင်း ငှက်ကြီးကို နှိမ်နင်းနိုင်ခဲ့ပြီး ဗီဇပြောင်း ပိုးတောင်မာများလည်း ဆုတ်ခွာသွားသဖြင့် အားလုံး မှာ နောက်ဆုံးတွင် အနားယူရန် အချိန်ရသွားကြလေသည်။ အချို့သော စစ်သည်များနှင့် စွမ်းအားရှင် များသည် အလွန်အမင်း မောပန်းနွမ်းနယ်နေသဖြင့် ရပ်နေရင်းမှာပင် လဲကျသွားခဲ့ကြလေသည်။ စွမ်းအား ကို အလွန်အကျွံ အသုံးပြုခဲ့သူ အချို့မှာမူ သတိလစ်သွားခဲ့ကြလေသည်။
အခြားသူများ အနားယူနေစဉ်နှင့် ဒဏ်ရာရသူများကို ပြုစုပေးနေစဉ်တွင် ယောင်ရန်သည် အနီးအနား၌ ရှိနေသော လီကျန်းကို သတိပြုမိသွားခဲ့လေသည်။
သူမက လီကျန်းအနားသို့ ချဉ်းကပ်သွားပြီး မေးလိုက်လေသည်။
"ကပ္ပတိန်လီ... အခြားတံတိုင်းတွေမှာရှိတဲ့ စစ်သည်တွေကို ဆက်သွယ်ပေးလို့ ရမလား… အဲ့ဒီမှာလည်း ပိုးတောင်မာတွေ ဆုတ်ခွာသွားသလားဆိုတာ သိချင်လို့ပါ"