အခန်း ၃၇၄
Vol. 38 Ch. 374
အခန်း (၃၇၄) နယ်မြေ (စ)
ရွှီရွှမ်းက ရယ်မောရင်း သက်ပြင်းချလိုက်လေသည်။
"ဘာလို့များ ငါ့သမီးကို အိမ်ထောင်ချပေးနေရသလို ခံစားနေရတာလဲ မသိဘူး…"
ယောင်ရန်ကလည်း သူ့စကားကြောင့် ရယ်မောရင်း ရေချိုးခန်းထဲသို့ ဝင်သွားသည်။ မကြာမီမှာပင် သူမ ပြန်ထွက်လာပြီး ပြောလိုက်လေသည်။
"ရေချိုးခန်းထဲက ရေတိုင်ကီကို ရေဖြည့်ပေးထားတယ်နော်…"
"ကျေးဇူးပဲ"
ရွှီရွှမ်းက ခေါင်းငြိမ့်ပြကာ ရေချိုးရန် အလျင်အမြန် ပြေးဝင်သွားခဲ့လေတော့သည်။
ရွှီရွှမ်း ရေချိုးနေစဉ်အတွင်း ယောင်ရန်သည် သူ၏ အိပ်ခန်းထဲသို့ သွားလိုက်လေသည်။ သူမသည် နေရာ လွတ်ထဲမှ ရေ ငါးဂါလံဆံ့ ပုလင်းကြီး နှစ်လုံးနှင့် နှစ်လီတာဆံ့ ရေပုလင်း ဆယ်လုံးကို ထုတ်ယူကာ ကုတင်ဘေးတွင် ချထားပေးလိုက်လေသည်။
ထို့နောက် သူမသည် အိပ်ခန်းထဲမှ ထွက်လာပြီး ဧည့်ခန်းရှိ စားပွဲငယ်လေးပေါ်တွင် မတူညီသော ဟင်း လျာများပါသည့် ထမင်းဘူး သုံးဘူးကို တင်ပေးထားခဲ့လေသည်။
မထွက်ခွာမီ သူမက လှမ်းအော်ပြောလိုက်လေသည်။
"ရွှီရွှမ်း... ဧည့်ခန်းထဲမှာ ထမင်းဘူးတွေ ရှိတယ်၊ အိပ်ခန်းထဲမှာလည်း ရေရှိတယ်…. တစ်ခုခုလိုရင် နောက်မှ ကျွန်မဆီ လာခဲ့လိုက်နော်…"
ရေချိုးခန်းထဲမှ ရွှီရွှမ်းက ပြန်အော်ပြောလိုက်လေသည်။
"ဟုတ်ကဲ့…"
သူ့အဖြေကို ကြားရသဖြင့် ယောင်ရန်သည် ထွက်လာပြီး တံခါးကို ပိတ်လိုက်လေသည်။ သူမ အခန်း (၂၀) သို့ ပြန်ရောက်သောအခါ လုံယုသည် အိပ်ခန်းထဲတွင် ဖုန်းပြောနေသည်ကို တွေ့လိုက်ရလေသည်။
"အင်း... လေဝင်လေထွက်စနစ်ကို နေ့တိုင်း စစ်ဆေးဖို့ မမေ့နဲ့နော်…"
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက ထပ်ပြောလိုက်လေသည်။
"ကောင်းပါပြီ… တစ်ခုခုဖြစ်ရင် ငါ့ဆီ ဖုန်းဆက်လိုက်… ဂရုစိုက်ကြနော်…."
သူသည် ဂြိုဟ်တုဖုန်းကို ပြန်သိမ်းလိုက်သောအခါ ယောင်ရန်က မေးလိုက်လေသည်။
"ဟွမ်ချန်းလား…"
လုံယုက ခေါင်းငြိမ့်ပြလိုက်သည်။
"ခိုလှုံရေးစခန်းမှာ တစ်ခုခု ဖြစ်လို့လား…" သူမက ထပ်မေးလိုက်လေသည်။
"မဟုတ်ပါဘူး… အားချန်းက ငါတို့အခြေအနေကို လှမ်းမေးနေတာပါ… ငါတို့ ဒီမှာ စီစဉ်ထားတာထက် ပို ကြာကြာ နေရနိုင်တယ်လို့ သူ့ကို ပြောလိုက်တယ်…"
လုံယုက ကုတင်ပေါ်တွင် ထိုင်ရင်း ပြန်ဖြေလိုက်လေသည်။
သူ့ဘေးတွင် ဝင်ထိုင်လိုက်ရင်း ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ ထမင်းဘူး နှစ်ဘူးနှင့် ဖရဲသီး ဖျော်ရည် နှစ်ပုလင်းကို ထုတ်လိုက်လေသည်။ သူမက လုံယုကို ထမင်းဘူးတစ်ဘူး ကမ်းပေးရင်း မေးလိုက်လေသည်။
"စားပြီးရင် ချန်စီကျိန်းကို သွားရှာမလို့… ရှင် လိုက်ဦးမလား…"
"လိုက်မှာပေါ့…"
လုံယုက စဉ်းစားမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။
အစာစားပြီးနောက် သူတို့နှစ်ဦးသည် ကျောပိုးအိတ်များနှင့် လက်နက်များကို ပြင်ဆင်ကာ ရွှီရွှမ်းကို အသိ ပေးပြီးနောက် ဆင်းရဲသားရပ်ကွက်မှ လူများကို ရွှေ့ပြောင်းထားသည့် နယ်မြေ (စ) သို့ ထွက်ခွာခဲ့ကြ လေတော့သည်။
နံရံပေါ်ရှိ မြေပုံနှင့် လမ်းညွှန်ဆိုင်းဘုတ်များကို ကြည့်ရင်း တစ်နာရီခန့် လမ်းလျှောက်ပြီးနောက် ယောင်ရန်နှင့် လုံယုတို့သည် နောက်ဆုံးတွင် နယ်မြေ (စ) သို့ ရောက်ရှိသွားခဲ့ကြလေသည်။
ကျယ်ဝန်းလှသော နယ်မြေ (က) နှင့် မတူဘဲ နယ်မြေ (စ) သည် စင်္ကြံလမ်းများက ပိုမိုကျဉ်းမြောင်းပြီး အိမ်ခန်းများမှာလည်း သေးငယ်လှပေသည်။ နယ်မြေ (က) နှင့် (ခ) နှစ်ခုပေါင်းထက်ပင် လူဦးရေ ပိုမို များပြားသဖြင့် နယ်မြေ (စ) အတွင်းရှိ လေထုမှာ အလွန်ပင် မွန်းကျပ်ပြီး အနံ့အသက်မှာလည်း ပြင်းထန် လှပေသည်။
ယောင်ရန်သည် နယ်မြေ (စ) ၏ အဝင်ဝတွင် မြေပုံကို ကြည့်နေစဉ် ရှစ်နှစ်သားအရွယ်ခန့်ရှိသော ပိန်ပိန် ပါးပါး ကောင်လေးတစ်ဦးသည် သူတို့နှစ်ဦးထံသို့ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ချဉ်းကပ်လာသည်။
သူတို့နှင့် အလှမ်းအနည်းငယ်အကွာတွင် ရပ်လိုက်ပြီးနောက် ထိုကောင်လေးက တွန့်စုတ်စွာဖြင့် မေးလာ လေသည်။
"မမ... တစ်ယောက်ယောက်ကို ရှာနေတာလားဟင်…"
ထိုစကားကြောင့် ယောင်ရန်က လှည့်ကြည့်ကာ….၊
"ဟုတ်တယ်… ချန်စီကျိန်း ဆိုတဲ့လူကို သိလား…."
ကောင်လေးက ခေါင်းခါပြပြီး ခေတ္တမျှ စဉ်းစားဟန်ပြုကာ….၊
"အဲ့ဒီလူကိုတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ မမတို့ကို ရှာပေးလို့တော့ ရတယ်…"
ကောင်လေး၏ စကားကြောင့် ယောင်ရန်က မျက်ခုံးအနည်းငယ် ပင့်သွားမိလေသည်။ သူမက ထိုကောင် လေးကို အကဲခတ်ရင်း မေးလိုက်လေသည်။
"ငါ့ကို ကူညီပေးတာအတွက် ဘာပြန်လိုချင်လို့လဲ…"
ကောင်လေးက…၊
"ကျွန်တော့်ညီမလေး နေမကောင်းဖြစ်နေလို့…. ကျွန်တော် ဆေးလိုချင်ပါတယ်…"
"ဘာဆေးလဲ…."
ယောင်ရန်က ထပ်မေးလိုက်လေသည်။
"ကျွန်တော်လည်း မသိဘူး… သူက အဖျား အရမ်းကြီးနေတာ… လှုပ်ရှားလိုက်တိုင်း သူ့ ခန္ဓာကိုယ်ထဲက နေ 'ကျွိကျွိ' နဲ့ အသံတွေ ထွက်နေတယ်…"
ကောင်လေးက ဇဝေဇဝါ ဖြစ်နေသော၊ တုံ့ဆိုင်းနေသော လေသံဖြင့် ရှင်းပြလာလေသည်။
ယောင်ရန်က ခေတ္တမျှ စဉ်းစားလိုက်ပြီး လုံယုကို တစ်ချက်ကြည့်ကာ ပြောလိုက်လေ သည်။
"သူ့ညီမလေးရဲ့ ရောဂါကို ကျွန်မ စိတ်ဝင်စားသွားပြီ…."
လုံယုက သူမ၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ သူက ကောင်လေးကို ကြည့်ကာ…၊
"ငါတို့ကို မင်းညီမလေးဆီ ခေါ်သွားပေး… သူ လိုအပ်တဲ့ဆေး ငါတို့မှာ ရှိရင် မင်းကို ချန်စီကျိန်းကို ရှာဖို့ ငှားမယ်…"
လုံယု၏ စကားကြောင့် ကောင်လေး၏ မှိုင်းညို့နေသော မျက်လုံးများက လက်ခနဲ ဖြစ်သွားခဲ့လေသည်။ သူက ဝမ်းသာအားရ ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။
"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ…"
ကောင်လေးနောက်သို့ လိုက်သွားစဉ် သူ ခြေလှမ်းလှမ်းတိုင်း 'ကျွိကျွိ' ဟူသော အသံတစ်ခု ထွက်ပေါ်နေ သည်ကို ယောင်ရန် သတိပြုမိလိုက်လေသည်။ သူမ ခေတ္တ စဉ်းစားလိုက်ပြီးနောက် လုံယုကို အနားသို့ ဆွဲကာ တိုးတိုးလေး မေးလိုက်လေသည်။
"အာယု... တကျွိကျွိ မြည်နေသံကို ကြားလား…"
လုံယုက ခေါင်းခါပြလိုက်လေသည်။
"မကြားမိပါဘူး… ဘာဖြစ်လို့လဲ… ဒီကောင်လေးမှာ တစ်ခုခု မှားနေတယ်လို့ မင်း ထင်လို့လား…"
ယောင်ရန်က မျက်မှောင်ကြုတ်ရင်း ရှင်းပြလိုက်လေသည်။
"အဲ့ဒီကောင်လေး ခြေလှမ်းလိုက်တိုင်းမှာ တကျွိကျွိ နဲ့ အသံထွက်နေတာလေ…."
"ဘယ်လို အသံမျိုးလဲ…"
လုံယုက စူးစမ်းစွာ မေးလိုက်လေသည်။
ယောင်ရန်က ခဏမျှ အသေအချာ နားစွင့်လိုက်ပြီးနောက် လေသံခပ်တိုးတိုးဖြင့် ပြန်ဖြေလိုက်လေ သည်။
"သစ်ကိုင်းခြောက်တွေ ပွတ်တိုက်နေတဲ့ အသံမျိုးပဲ…"
သူမ၏ စကားကြောင့် လုံယု၏ အမူအရာက တည်တင်းသွားခဲ့လေသည်။ သူသည် ရှေ့မှ လျှောက်သွား နေလျက်ရှိသော ပိန်ပိန်ပါးပါး ကောင်လေးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးနောက် ပြောလိုက်လေ သည်။
"လောလောဆယ်တော့ သူ့ကိုပဲ စောင့်ကြည့်ကြတာပေါ့…"
"အင်း…"
ကျဉ်းမြောင်းသော စင်္ကြံလမ်းများနှင့် မှောင်မည်းနေသော နေရာများကို ဖြတ်သန်းလာစဉ် ကောင်လေး က ခပ်တိုးတိုးလေး သတိပေးလာခဲ့လေသည်။
"ဒီမှာ လူဆိုးတွေ အများကြီး ရှိတယ်… မမ... ပြဿနာ မတက်အောင် မျက်နှာကို ဖုံးထားတာ ပိုကောင်း လိမ့်မယ်…"
သူ ထိုသို့ ပြောလိုက်စဉ်မှာပင် လူတစ်စုသည် ယောင်ရန်ကို ကြည့်ကာ လေချွန်ရင်း ရိုင်းစိုင်းသော စကား များကို အော်ဟစ်ပြောဆိုလာကြလေသည်။ သူတို့ထဲမှ တစ်ဦးက ယောင်ရန်ကို ရမ္မက်ကြီးစွာ စိုက်ကြည့် ကာ လှောင်ပြောင်လိုက်လေသည်။
"ဟေ့ မိန်းကလေး... တစ်နာရီ ဘယ်လောက်လဲ…"
အခြားတစ်ယောက်ကလည်း ဝင်၍ ပြောလာလေသည်။
"တစ်ခါတည်းနဲ့ ယောက်ျား ဘယ်နှယောက်ကို ကိုင်တွယ်နိုင်သလဲ… ငါတို့ အားလုံးကိုရော နိုင်ပါ့မလား… "
သွားခေါခေါနှင့် ထိပ်ပြောင်ပြောင် လူတစ်ဦးက ရယ်မောရင်း…၊
"ဒီတစ်ယောက်က ငါ့ဟာပဲ… ငါ ပြီးမှ မင်းတို့ ယူကြ… ကိုယ့်နေရာကိုယ်..."
"ဒုတ်…"
သူ၏ စကားမဆုံးမီမှာပင် တစ်စုံတစ်ခုသည် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားလေတော့သည်။
ထိုထိပ်ပြောင်လူကြီး၏ ပြတ်ထွက်သွားသော ဦးခေါင်းသည် မြေပြင်ပေါ်တွင် လိမ့်သွားသဖြင့် ကျန်ရှိနေ သော လူအုပ်မှာ မှင်တက်သွားကြသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ သူတို့သည် အော်ဟစ် ကာ အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးသွားကြလေတော့သည်။
"ကင်းသမားတွေရေ... လူသတ်နေပါပြီဗျို့…"
"ကယ်ကြပါဦး…"
သူတို့၏ ထိတ်လန့်တကြား အော်ဟစ်သံများကို လုံယုက လျစ်လျူရှုလိုက်ပြီး ပိန်ပိန်ပါးပါး ကောင်လေး ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။
"ဆက်ပြီး လမ်းပြပါဦး…"
မျက်နှာ ဖြူဖျော့နေသော ကောင်လေးသည် အလျင်အမြန်ပင် ဆက်လက် လမ်းပြခဲ့လေသည်။ နောက် ထပ် မိနစ်နှစ်ဆယ်ခန့်အကြာတွင် သူတို့သည် နယ်မြေ (စ) ၏ ဧရိယာ (၁၈) သို့ ရောက်ရှိသွားကြလေ သည်။
ကောင်လေးက သူတို့ကို အခန်း (၅၆) သို့ ခေါ်သွားပြီး တံခါးဖွင့်ပေးလိုက်လေသည်။ သူက ပြောလိုက် လေသည်။
"ဒါက ကျွန်တော်နဲ့ ကျွန်တော့်ညီမလေး နေတဲ့နေရာပါ… အစ်ကိုနဲ့ မမ... ဝင်ခဲ့ကြပါ…"
အတွင်းသို့ ဝင်လိုက်သည်နှင့် ယောင်ရန်သည် တစ်ချက်ကြည့်ရုံဖြင့် အကုန်မြင်နိုင်သော အခန်းကျဉ်း လေးကို အကဲခတ်လိုက်သည်။
အခန်းမှာ လေးစတုရန်းမီတာခန့်သာ ရှိပြီး မင်းကြီးသုံး ကုတင်တစ်လုံးစာခန့်သာ ကျယ်သည်။ အခန်းထဲ တွင် ရှိနေသော တစ်ခုတည်းသော ပစ္စည်းမှာ ခေါက်ကုတင်အသေးလေး တစ်လုံးသာ ဖြစ်သည်။
ကုတင်ပေါ်တွင် သုံးနှစ်ခန့်အရွယ်ရှိသော၊ ခြေထောက်များ ပုံပျက်နေသည့် မိန်းကလေးငယ်တစ်ဦး လဲ လျောင်းနေလျက်ရှိလေသည်။ သူမသည် သတိလစ်နေပြီး အသက်ကို ခက်ခက်ခဲခဲ ရှူနေရသည့်ပုံပေါ် ပေသည်။ အဖျားကြီးနေသဖြင့် နီမြန်းနေသော သူမ၏ မျက်နှာပေါ်တွင် ချွေးများက စိုရွှဲနေလျက်ရှိနေခဲ့ လေသည်။