အခန်း ၄၃၁
Vol. 44 Ch. 431
အခန်း ( ၄၃၁ ) ပွင့်လင်းရိုးသားမှု
ဤမေးခွန်းက အံ့အားသင့်မှုထဲတွင် နစ်မြောနေဆဲဖြစ်သည့် ချီမင်းသားအား လက်တွေ့ကမ္ဘာဆီသို့ ပြန်လည် ဆွဲခေါ်လာခဲ့သည်။
သေလုမျောပါး လူတစ်ယောက်ကိုပင် အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်ပြီး ထူးကဲလှသည့် ရတနာများကို ပိုင်ဆိုင်ထားရုံသာမက အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းခရီးသွားနိုင်သည်ဟုပင် ဆိုနေသူမှာ သာမန် သမားတော်တစ်ယောက် မဟုတ်ကြောင်းကို သူ သဘောပေါက်သွားရ၏။
နန်းဆောင်တွင်းရှိ လေထုက ရုတ်တရက် အေးခဲသွားချေသည်။
ကျန်းယဲ့က ဧကရာဇ်၏ စူးစမ်းနေသော အကြည့်များကို ရင်ဆိုင်လိုက်ရင်း ရုတ်တရက် ရယ်မောလိုက်လေသည်။
သူ၏ လက်ချောင်းထိပ်လေးဖြင့် ညင်သာစွာ ခေါက်လိုက်သည့်အခါ တက်ဘလက်ပေါ်တွင် လှည့်ပတ်နေသည့် ကြယ်စုတန်းများ၏ အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်ထွက်လာပြီး သူ၏ အသံကလည်း လောကီနှင့် မသက်ဆိုင်သည့် အငွေ့အသက်များ ပါဝင်နေခဲ့သည်။
"အရှင်မင်းကြီး... နန်းတွင်းသမားတော်တွေ မကုသနိုင်တဲ့ ရောဂါတွေကို ကျွန်တော်က ဘာလို့ ကုသနိုင်တာလဲဆိုတာကိုရော စဉ်းစားမိဖူးလား... ဒီပစ္စည်း သေးသေးလေးက အနာဂတ်က အဖြစ်အပျက်တွေကို ဘာလို့ မှတ်တမ်းတင်ထားနိုင်တာလဲ ဆိုတာကိုရောပေါ့..."
သူက ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့... ကျွန်တော်က ဒီနေရာက လူ မဟုတ်လို့ပဲ..."
နန်းဆောင်ကြီးက ပို၍ တိတ်ဆိတ်သွားခဲ့၏။
ချီမင်းသားမှာမူ စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏ နှလုံးသားက လည်ချောင်းဝအထိ ရောက်နေပြီး အသက်ပင် မရှူဝံ့တော့ချေ။
"ကျွန်တော်က နောင် နှစ်ပေါင်း ခြောက်ရာအကြာက အနာဂတ်ကနေ လာခဲ့တာပါ... အရှင်မင်းကြီးတို့ဆီကို ကြီးမားတဲ့ လက်ဆောင်တစ်ခုပေးဖို့ အထူးလာခဲ့တာပါ... မင်မင်းဆက်ရဲ့ အုပ်ချုပ်မှုကို နှစ်တစ်ထောင်အထိ သက်တမ်းရှည်စေနိုင်တဲ့ အခွင့်အရေးတစ်ခုပေါ့..."
ကျန်းယဲ့ပြောလိုက်သည့် စကားတစ်ခွန်းချင်းစီက မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဟုန်ဝူဧကရာဇ်နှင့် သူ၏သားတော်နှစ်ပါးကို အုတ်မြစ်မှစ၍ လှုပ်ခါသွားစေသည်။
အိမ်ရှေ့စံမင်းသားက အရင်ဆုံး ပြန်လည် တည်ငြိမ်သွားပြီး အဓိက အချက်ကို ထက်မြက်စွာ ဆုပ်ကိုင်နိုင်လိုက်၏။ "သခင်လေးက နောင်နှစ်ပေါင်း ခြောက်ရာအကြာက အနာဂတ်ကနေ လာတယ်ဆိုရင်တောင် နောင်လာနောက်သားတွေ အားလုံးက ဒီလို နတ်ဘုရားစွမ်းရည်မျိုး ပိုင်ဆိုင်ထားတာတော့ မဟုတ်လောက်ဘူးမလား... ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ရာအတွင်းက ပြောင်းလဲမှုတွေကြောင့် လူတိုင်းက ဒီလို အင်မော်တယ်ပညာရပ်တွေကို တတ်မြောက်သွားကြတာများလား..."
ကျန်းယဲ့က သမိုင်းတွင် အမည်တွင်ကျန်ရစ်မည့် ကိုယ်ကျင့်တရား ကောင်းမွန်လှသော ထိုမင်းသားအား လေးစားစွာဖြင့် ကြည့်လိုက်ပြီး တက်ဘလက်ပေါ်သို့ လက်ချောင်းဖြင့် ညင်သာစွာ ပွတ်ဆွဲလိုက်သည်။
"မဟုတ်ပါဘူး... ကျွန်တော်က ကံတရားက ရွေးချယ်ထားတဲ့သူပါ... အဲ့ဒါကြောင့်မလို့ ကျွန်တော်က ဒီအခွင့်အရေးကို ရရှိထားတာပါ..."
မြင်ကွင်းက ခေတ်သစ် လူ့အဖွဲ့အစည်းထဲရှိ ရင်းကျန့် နှင့် သူ၏ နောက်လိုက်များ၏ ပုံရိပ်များသို့ ပြောင်းလဲသွားပြီး ကျန်းယဲ့က ရှင်းပြလိုက်၏။ "အရှင်မင်းကြီးတို့က အနာဂတ်ကို လည်ပတ်ခွင့်ရတဲ့ ပထမဆုံး သမိုင်းဝင် ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး... ပုံထဲက လူ ဆယ့်နှစ်ယောက်က ချင်မင်းဆက်ရဲ့ ပထမဆုံး ဧကရာဇ်ဖြစ်တဲ့ ရင်းကျန့် နဲ့ သူ့ရဲ့ အရေးကြီးတဲ့ နန်းတွင်း အမတ်တွေ၊ စစ်ဗိုလ်ချုပ်တွေပါပဲ..."
ဟုန်ဝူဧကရာဇ်က မျက်နှာပြင်ပေါ်ရှိ အနက်ရောင် ဝတ်ရုံနှင့် သရဖူဆောင်းထားသော ပုံရိပ်ကို စူးစိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးအိမ်များက ရုတ်တရက် ကျဉ်းမြောင်းသွားရသည်။
ချီမင်းသားက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။ "ပထမဆုံး ဧကရာဇ်..."
ထိုသုံးဦး အနည်းငယ် တည်ငြိမ်သွားပြီးနောက် ကျန်းယဲ့က နောက်ထပ် ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုကို ပေးလိုက်ပြန်သည်။ "လူကြီးမင်း သုံးဦးလုံး... ကျေးဇူးပြုပြီး ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးပါ..."
သူက လူတိုင်းကို နန်းတော်အပြင်ဘက်ရှိ ကွင်းပြင်ဆီသို့ ခေါ်ဆောင်သွားပြီး မရေမတွက်နိုင်သော နန်းတွင်း အစောင့်များ၏ စောင့်ကြည့်မှုအောက်တွင် သူ၏ လက်ကို မြှောက်ကာ ညင်သာစွာ ဝေ့ယမ်းလိုက်၏။
နောက်ခဏ၌ ဝီ...ဆိုသည့် အသံတိုးတိုးလေးနှင့်အတူ တလက်လက် တောက်ပနေသော အနက်ရောင် ဆီဒင်ကားတစ်စီးက လေထဲမှ ထွက်ပေါ်လာခဲ့သည်။
"ဘုရားရေ..." လူငယ် မိန်းမစိုးလေးတစ်ယောက်ဆိုလျှင် ခြေထောက်များ အားပျော့သွားကာ ဒူးထောက်ကျသွားရတော့သည်။
"အရှင်မင်းကြီးကို ကာကွယ်ကြ..." ကိုယ်ရံတော်တပ်မှူးက အော်ဟစ်လိုက်ပြီး ဓားကို ဆွဲထုတ်လိုက်သော်လည်း ဟုန်ဝူဧကရာဇ်က လက်ကာပြကာ သူ့ကို တားမြစ်လိုက်၏။
ချီမင်းသားက အရင်ဆုံး ရှေ့သို့ ပြေးထွက်သွားပြီး တုန်ယင်နေသည့် လက်များဖြင့် အေးစက်နေသော ကားကိုယ်ထည်ကို စမ်းသပ်ကြည့်လိုက်သည်။ "ဒါ... ဒါက ဗီဒီယိုထဲက မြင်းဆွဲစရာမလိုတဲ့ ရထားလုံးလား..."
ဟုန်ဝူဧကရာဇ်က လေပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်ပြီး သူ၏ ခေတ်ကာလထက် ကျော်လွန်နေသည့် ဤဖန်တီးမှုကို ကြည့်ကာ နောက်ဆုံးတွင်တော့ ကျန်းယဲ့၏ စကားများကို လုံးဝ ယုံကြည်သွားတော့၏။
ချီမင်းသားက ကားကို နှစ်ပတ်ခန့် ပတ်ကြည့်ပြီးနောက် မနေနိုင်ဘဲ ယာဉ်မောင်းထိုင်ခုံကို လက်ညှိုးထိုးပြကာ မေးလိုက်လေသည်။ "သခင်လေး... ဒီသံမြင်းကြီးကို ဘယ်လို စီးရတာလဲ..."
ကျန်းယဲ့က ခရီးသည်ဘက်ခြမ်းမှ တံခါးကို ဖွင့်ပေးလိုက်၏။ "မင်းသား ကိုယ်တိုင် ဝင်စမ်းကြည့်ပါလား..."
ချီမင်းသားက ခဏမျှသာ တွေဝေသွားပြီး သိချင်စိတ်များ အပြည့်ဖြင့် ကားထဲသို့ ဝင်ထိုင်လိုက်လေသည်။
သားရေထိုင်ခုံ၏ အထိအတွေ့က သူ့ကို အနည်းငယ် တုံ့ဆိုင်းသွားစေပြီး ကြည်လင်နေသည့် ကားပြတင်းပေါက်မှတစ်ဆင့် ခမည်းတော်နှင့် နောင်တော်၏ ပုံရိပ်များမှာ အနည်းငယ် ဝေဝါးနေကြောင်းကို တွေ့လိုက်ရ၏။
ထို့နောက် ကျန်းယဲ့က ယာဉ်မောင်းထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး သော့ကို ညင်သာစွာ လှည့်လိုက်သည်။ အင်ဂျင်၏ မြည်သံကြောင့် ချီမင်းသားမှာ လန့်သွားပြီး ခါးကို မတ်လိုက်မိ၏။ နောက်ခဏ၌ ဒက်ရှ်ဘုတ်ပေါ်တွင် ကြယ်စုတန်းလေးများကဲ့သို့ အပြာရောင် အလင်းတန်းလေးများ လင်းလတ်လာခဲ့သည်။
ကျန်းယဲ့က လီဗာကို ညင်သာစွာ နင်းလိုက်ရာ ကားက ဖြည်းညှင်းစွာ ရွေ့လျားသွားချေသည်။ တစ်ချိန်တည်းမှာပင် သူက ချီမင်းသားအား ရှင်းပြလိုက်၏။ "ဒါကို စတီယာရင်လို့ ခေါ်တယ်... သွားချင်တဲ့ လမ်းကြောင်းကို ထိန်းချုပ်ပေးတာ..."
ကားက နန်းတော်ဥယျာဉ်၏ အကန့်အသတ်ရှိသော ကွင်းပြင်တွင် ချောမွေ့စွာ ရွေ့လျားနေခဲ့သည်။ မြင်းတစ်ကောင်လောက် မမြန်သော်လည်း တိတ်ဆိတ်ကာ ချောမွေ့လွန်းလှသဖြင့် ချီမင်းသားမှာ အံ့ဩသွားရ၏။
ချီမင်းသားက ကျန်းယဲ့၏ လှုပ်ရှားမှုများကို သေချာ စောင့်ကြည့်နေပြီး တစ်ခါတစ်ရံ ဒက်ရှ်ဘုတ်ကို လက်ညှိုးထိုးပြကာ မေးမြန်းပြန်သည်။ "ဒီလင်းနေတဲ့ အစက်လေးတွေက ဘာတွေလဲ..."
"ဒါက အမြန်နှုန်းပြဒိုင်ခွက်လေ... သွားနေတဲ့ အမြန်နှုန်းကို ပြပေးတာ..." ကျန်းယဲ့က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။ "သူ့ဘေးနားက ဟာကတော့ ဆီတိုင်ကီပါ... မြင်းတစ်ကောင်က အစာစားဖို့ လိုအပ်သလို ဒီယာဉ်ကလည်း လောင်စာဆီ လိုအပ်တယ်လေ..."
ကားက နန်းတော်တံခါးကို တတိယအကြိမ် ပတ်နေသည့်အချိန်တွင် ချီမင်းသားက မနေနိုင်ဘဲ မေးလိုက်ပြန်သည်။ "ဒီထက် ပိုမြန်အောင် မောင်းလို့ ရမလား..."
ကျန်းယဲ့က ခေါင်းခါကာ ရယ်မောလိုက်၏။ "ဒီမှာက နေရာကျဉ်းတယ်လေ... အကယ်၍ ကျွန်တော်တို့သာ မြို့ပြင်က တရားဝင်လမ်းမကြီးပေါ်မှာ ဆိုရင် ဒီရထားလုံးက တစ်ရက်ကို မိုင်တစ်ထောင်လောက် သွားနိုင်တယ်..."
သူက ဘရိတ်ကို ညင်သာစွာ နင်းလိုက်ရာ ကားမှာ ချောမွေ့စွာ ရပ်တန့်သွားသည်။
ချီမင်းသားက ကား၏ အလယ်ခလုတ်ခုံကို စိတ်ဝင်တစားဖြင့် ပွတ်သပ်ကြည့်နေပြီး ရုတ်တရက် ခလုတ်တစ်ခုကို လက်ညှိုးထိုးပြလိုက်၏။ "ဒါက ဘာအတွက်လဲ..."
"ဒါက ဟွန်းလေ..." ကျန်းယဲ့က ညင်သာစွာ နှိပ်လိုက်ရာ ကြည်လင်သည့် အသံကြောင့် ငှက်အုပ်ကြီး တစ်အုပ် လန့်၍ ပျံသန်းသွားကြသည်။
သူတို့နှစ်ဦး ကားပေါ်မှ ဆင်းလာပြီးနောက် ချီမင်းသားက ဟုန်ဝူဧကရာဇ်ဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားလိုက်၏။ "ခမည်းတော်... ဒီအရာက မြင်းဆွဲစရာ မလိုဘဲ မြေပြင်ညီမှာ သွားနေသလိုမျိုး တည်ငြိမ်တယ်... သားတော်ကိုယ်တိုင် သခင်လေးက အဲ့ဒီ ယန္တရားတွေကို ထိန်းချုပ်နေတာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရလို့ တကယ်ကို အံ့ဩသွားတယ်..."
ဟုန်ဝူဧကရာဇ်က နေဝင်ဆည်းဆာ အလင်းရောင်အောက်တွင် တလက်လက် တောက်ပနေသော ကားကိုယ်ထည်ကို စူးစိုက်ကြည့်နေချေသည်။
သူတောင်းစားဘဝမှ ထီးနန်းစည်းစိမ်အထိ တက်လှမ်းလာခဲ့သည့် ဤဧကရာဇ်သည် ယခုအခါတွင် သူ၏ ခေတ်ကာလထက် ကျော်လွန်နေသော ဤပစ္စည်းကို စူးရှသည့် မျက်လုံးများဖြင့် အကဲခတ်နေလေ၏။
ကျန်းယဲ့က သူ၏ လက်ကို မြှောက်ကာ ညင်သာစွာ ဝေ့ယမ်းလိုက်ရာ အနက်ရောင်ဆီဒင်ကားကြီးက လူတိုင်း၏ မျက်စိရှေ့မှောက်မှ တစ္ဆေတစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွားပြီး အံ့ဩမှင်တက်နေသည့် အကြည့်များကိုသာ ချန်ရစ်ထားခဲ့သည်။
ဟုန်ဝူဧကရာဇ်က လေပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်ပြီး လေးလေးနက်နက် ဖိတ်ခေါ်လိုက်၏။ "သခင်လေး... ကျေးဇူးပြုပြီး ဆွေးနွေးဖို့အတွက် အတွင်းကို ကြွပါ..."
အိပ်ဆောင်ထဲသို့ ပြန်ရောက်လာသည့်အခါ လေထုက လုံးဝ ပြောင်းလဲသွားခဲ့ချေပြီ။
ဟုန်ဝူဧကရာဇ် ကိုယ်တိုင် ကျန်းယဲ့အား နေရာချထားပေးပြီး ကျောက်စိမ်းလက်ဖက်ရည်အိုးကို ယူကာ လက်ဖက်ရည် ကိုယ်တိုင် ငဲ့ပေးလိုက်သည်။
ကြည်လင်နေသည့် လက်ဖက်ရည်က ကြွေပန်းကန်လုံးလေးထဲသို့ စီးကျသွားပြီး တိုင်းပြည်ကို တည်ထောင်ခဲ့သည့် ဧကရာဇ်၏လက်မှာမူ ကျောက်တုံးတစ်တုံးကဲ့သို့ တည်ငြိမ်နေချေသည်။
"ငါကိုယ်တော်ရဲ့ သက်တမ်းမှာ အင်မော်တယ်တစ်ပါးကို ကိုယ်တိုင် လက်ဖက်ရည် ငဲ့ပေးရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..." ဟုန်ဝူဧကရာဇ်က ရှားရှားပါးပါး ခံစားချက်ပါသည့် လေသံဖြင့် ပြောလိုက်၏။
ကျန်းယဲ့က လက်ဖက်ရည်ပန်းကန်လုံးကို ယူလိုက်ပြီး သူ၏ လက်ချောင်းထိပ်လေးများက နွေးထွေးချောမွေ့သည့် ကြွေသားကို ထိမိသည့်အခါ ထူးဆန်းသည့် ခံစားချက်တစ်ခုက မြင့်တက်လာရသည်။ ဤသည်က မင်မင်းဆက်၏ ထိုက်ကျူ ဧကရာဇ်ကိုယ်တိုင် ငဲ့ပေးထားသည့် လက်ဖက်ရည်ပင်။
သူက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရာ လုံကျင်းလက်ဖက်ရည်၏ သိမ်မွေ့သည့် ရနံ့က သူ၏ သွားများကြားတွင် သင်းပျံ့နေလေသည်။
"အရှင်မင်းကြီး... အင်မော်တယ်လို့ ခေါ်စရာ မလိုပါဘူး... ကျန်းယဲ့လို့ပဲ ခေါ်ပါ..." ကျန်းယဲ့က လက်ဖက်ရည်ပန်းကန်လုံးကို ချလိုက်၏။ "ကျွန်တော် ဒီကို လာခဲ့တာက သမိုင်းမှာ နာမည်တွင်ကျန်ရစ်မယ့် လူ ဆယ်ယောက်ကို စုဆောင်းပြီး နောင် နှစ်ပေါင်း ခြောက်ရာကျော်အကြာက ဘလူးစတားဆီ သုံးရက်ကြာ ခရီးသွားဖို့ ခေါ်သွားချင်လို့ပါ... တစ်ယောက်ကို ခရီးစရိတ်အနေနဲ့ ရွှေဆယ်တေး ပေးရပါမယ်..."
သူက စနစ်မှ ပြင်ဆင်ပေးထားသည့် စာချုပ်ကို ထုတ်ယူကာ စားပွဲပေါ်သို့ တွန်းပေးလိုက်၏။ "အကယ်၍ အရှင်မင်းကြီးက သဘောတူတယ်ဆိုရင် လူစာရင်းကို ပြင်ဆင်ပြီး ကျွန်တော့်ဆီ ပေးလို့ ရပါတယ်..."
ဟုန်ဝူဧကရာဇ်က တလက်လက် တောက်ပနေသည့် ရွှေရောင်စာချုပ်ကို စိုက်ကြည့်ရင်း ရုတ်တရက် ရယ်မောလိုက်လေသည်။ "အနာဂတ်ကို ကြည့်ဖို့ ရွှေဆယ်တေးတည်းလား... သိပ်တန်တာပေါ့..."
ထို့နောက် ဟုန်ဝူဧကရာဇ်က ခဏမျှ တွေးတောလိုက်ပြီးနောက် နန်းဆောင်အပြင်ဘက်သို့ လှမ်းခေါ်လိုက်သည်။ "လူလာစမ်း..."
နောက်ခဏ၌ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် မိန်းမစိုးတစ်ယောက် ဝင်ရောက်လာပြီး အမိန့်တော်ကို ခံယူရန် ဦးညွှတ်လိုက်၏။
"သခင်လေးကျန်းကို ချင်းနင်နန်းဆောင်ရဲ့ ဘေးဘက် ခန်းမဆောင်ကို အနားယူဖို့ ခေါ်သွား... အိပ်ရာတွေနဲ့ မွှေးကြိုင်တဲ့ လက်ဖက်ရည်တွေကို မင်းသားတွေရဲ့ အဆင့်အတန်းနဲ့အညီ ပြင်ဆင်ပေး... သူ့ကို လစ်ဟင်းမှု မရှိစေနဲ့..." ဧကရာဇ်က နောက်ဆုံး စကားလုံးများကို အထူး ဖိပြောလိုက်သည်။
မိန်းမစိုးက ကျန်းယဲ့အား အိပ်ဆောင်ထဲမှနေ၍ ရိုသေစွာ လမ်းပြခေါ်ဆောင်သွား၏။ ဤမိန်းမစိုးမှာ အခမ်းအနား ညွှန်ကြားရေးမှူးရုံး၏ မိန်းမစိုးချုပ်ဖြစ်နေကြောင်းကို ချီမင်းသား သတိထားမိလိုက်သည်။
ဧကရာဇ်သည် သူ့ကို ဧည့်ခံရန်အတွက် နန်းတွင်းရှိ အဆင့်အမြင့်ဆုံး မိန်းမစိုးကိုပင် အသုံးပြုခဲ့ရာ ဤသည်က တကယ်ကို ထူးခြားလွန်းလှသည့် ဂါရဝပြုမှုပင်။
ကျန်းယဲ့နှင့် မိန်းမစိုးထွက်သွားပြီးနောက် နန်းဆောင်ထဲတွင် သားအဖသုံးဦးတည်းသာ ကျန်ရစ်ခဲ့၏။
ဟုန်ဝူဧကရာဇ်က ပြတင်းပေါက်နားတွင် လက်နောက်ပစ်လျက် ရပ်နေရင်း အသံနက်ကြီးဖြင့် မေးလိုက်လေသည်။ "ပင်းအာ ... ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ..."
အိမ်ရှေ့စံမင်းသားက ခဏမျှ တွေးတောလိုက်၏။ "သားတော် ထင်တာကတော့ စမ်းကြည့်ဖို့ တန်ပါတယ်... သခင်လေးကျန်းက သေတဲ့လူကိုတောင် အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်ပြီး ပစ္စည်းတွေကိုလည်း လေထဲကနေ ဖန်တီးယူနိုင်တယ်... ဒီလို နတ်ဘုရားစွမ်းရည်မျိုးက သာမန်လူတွေနဲ့ မသက်ဆိုင်ပါဘူး... အကယ်၍ သူက မကောင်းတဲ့ ရည်ရွယ်ချက် ရှိတယ်ဆိုရင် မယ်တော်ကြီးကို ကုသပေးနေစရာ အကြောင်းမရှိဘူးလေ..."
ချီမင်းသားကလည်း အလျင်အမြန် ထောက်ခံလိုက်၏။ "ခမည်းတော်... သားတော်လည်း သွားချင်တယ်... သံမြင်းတွေ၊ လင်းနေတဲ့ ဖန်ပြားရယ် ပြီးတော့ ဗီဒီယိုထဲက ပြည်သူတွေ ငြိမ်းချမ်းစွာ နေထိုင်နေကြတဲ့ မြင်ကွင်းတွေရယ်ကို... သားတော် ကိုယ်တိုင် ကိုယ်ကျ မြင်ချင်တယ်..."
ဟုန်ဝူဧကရာဇ်က သူ၏ သားတော်နှစ်ပါးကို လှည့်ကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ သူ၏ အကြည့်များက အိမ်ရှေ့စံမင်းသားဆီတွင် ရပ်တန့်သွားခဲ့သည်။ "အကယ်၍ ငါတို့ သွားမယ်ဆိုရင် ဘယ်သူ့ကို ခေါ်သွားသင့်တယ်လို့ မင်း ထင်လဲ..."
အိမ်ရှေ့စံမင်းသားက တွေဝေခြင်းမရှိဘဲ ချက်ချင်း ပြန်ဖြေလိုက်လေသည်။ "စစ်သူကြီးရှတာ၊ ဟန်မြို့စားကြီး လီရှန်ချန်း၊ ပညာရှိ အမတ်ကြီး ဆုန့်လျန်... ပြီးတော့ သားတော်ပါပဲ..."
အခန်း ၄၃၁ပြီး၏။