← Chapters

အခန်း ၄၃၃

Vol. 44 Ch. 433

အခန်း ၄၃၃

Vol. 44 Ch. 433

အခန်း ( ၄၃၃ ) ခရီးစဉ်စတင်ခြင်း

​ဟုန်ဝူဧကရာဇ်က အားရပါးရ ရယ်မောလိုက်လေသည်။ "သခင်လေးကျန်း... ဒီလူတွေက သခင်လေးနဲ့အတူ ခရီးသွားမယ့် ခရီးသွားတွေပါ... အာ... ခရီးသည်တွေပေါ့..."

​သူက လက်ကို မြှောက်ကာ ဘယ်ဘက်အစွန်ဆုံးမှ လူကို လက်ညှိုးထိုးပြလိုက်၏။ "ဒါက ဝေ့မြို့စားကြီး ရှတာ..."

​ထို့နောက် သူက ပိန်ပါးပါး ပညာတတ်အမတ် တစ်ဦးဘက်သို့ လှည့်လိုက်ပြန်သည်။ "ဝမ်ယွမ် နန်းဆောင်ရဲ့ အတွင်းဝန်ချုပ် စုန့်လျန်..."

​ထို့နောက် အောက်ပါ ပုဂ္ဂိုလ်များကို တစ်ဦးချင်းစီ ဆက်လက် မိတ်ဆက်ပေးလိုက်၏။ "ဟန်ပြည်နယ် မြို့စားကြီး လီရှန်ချန်း၊ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဝူလင်း၊ ဘဏ္ဍာရေး ဝန်ကြီး လီရှင်း၊ လုပ်ငန်းဝန်ကြီး လျိုကျုံးကျိုး..."

​နောက်ဆုံးတွင် မှောင်ရိပ်ထဲတွင် ရပ်နေသည့် အမျိုးသားကို လက်ညှိုးထိုးပြကာ "နန်းတွင်း ကိုယ်ရံတော်တပ်မှူး မောင်းရှန်..."

​ကျန်းယဲ့က တည်ငြိမ်စွာ ဦးညွှတ်လိုက်ပြီး သူ၏ အကြည့်များက သမိုင်းတွင် အမည်တွင် ကျန်ရစ်ခဲ့သည့် ဤပုဂ္ဂိုလ်များအပေါ်သို့ ဖြတ်သန်းသွားခဲ့သည်။

​ရှတာ၏ မျက်လုံးများက စူးရှကာ ထက်မြက်နေပြီး လီရှန်ချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း ထက်မြက်သည့် ဓားသွားတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ ရှိကာ စုန့်လျန်၏ အမူအရာကတော့ ပညာတတ်များ၌သာ ရှိတတ်သည့် စူးစမ်းလေ့လာလိုသည့် အသွင်ကို ဆောင်နေချေ၏။

​"အမတ်ကြီးတို့..." ကျန်းယဲ့က ကြည်လင်ပြတ်သားသည့် အသံဖြင့် ပြောလိုက်သည်။ "အမတ်ကြီးတို့ရဲ့ နာမည်တွေကို ကြားဖူးနေတာ ကြာပါပြီ..."

​ဟုန်ဝူဧကရာဇ်က သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ကာ ဖြည့်စွက်ပြောလိုက်၏။ "ဒီသခင်လေးကျန်းက မင်းတို့ကို နောင် နှစ်ပေါင်းခြောက်ရာကျော်အကြာက နတ်ဘုရားလို အံ့ဩစရာတွေကို ပြသဖို့ ရောက်လာတာပဲ..."

​အဆင့်မြင့် အမတ်ကြီး ရှစ်ဦးက တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြပြီး "သခင်လေးရဲ့ အစီအစဉ်တွေကို လေးလေးစားစား လိုက်နာပါ့မယ်..." ဟု ပြောလိုက်ကြသည်။

​ထိုညတွင် ဟုန်ဝူဧကရာဇ်က လူတိုင်းကို ညစာ အတူတူ စားသုံးရန် အထူးဖိတ်ကြားခဲ့ပြီး ၎င်းက တစ်ယောက်နှင့် တစ်ယောက် ပိုမို သိကျွမ်းလာစေရန်နှင့် ရင်းနှီးမှု ရရှိလာစေရန် ရည်ရွယ်ခြင်းပင်။

​ကျန်းယဲ့သည် ဤကဲ့သို့သော နန်းတွင်း ညစာစားပွဲများကို ကိုင်တွယ်ရာတွင် အလွန်ကျွမ်းကျင်နေပြီဖြစ်ရာ အေးအေးဆေးဆေးပင် ရင်ဆိုင်နိုင်ခဲ့သည်။

​နန်းတွင်း ညစာစားပွဲပြီးဆုံးချိန်တွင် ည ၁၁:၄၅ အချိန်သို့ ရောက်ရှိနေပြီ ဖြစ်၏။ အဆင့်မြင့် အမတ်ကြီး ရှစ်ဦးက ဝေါယာဉ်ထမ်းများကို ပြန်လွှတ်လိုက်ရန် တိတ်တဆိတ် သဘောတူလိုက်ကြပြီး ဧကရာဇ် လမ်းမကြီးတစ်လျှောက် ယှဉ်တွဲ လမ်းလျှောက်လာခဲ့ကြသည်။

​လရောင်က သူတို့ ရှစ်ဦး၏ အရိပ်များကို ရှည်လျားစွာ ထင်ဟပ်စေပြီး သူတို့၏ ရှုပ်ထွေးနေသည့် ခြေသံများက အပြာရောင်ကျောက်ပြားများပေါ်တွင် ပဲ့တင်ထပ်နေခဲ့၏။

​ရှတာက ရုတ်တရက် ရပ်တန့်လိုက်ပြီး ခမ်းနားထည်ဝါလှသည့် နန်းတော်တံတိုင်းကြီးများကို ငေးကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။ "မင်းတို့ ထင်လား... အဲ့ဒီ သခင်လေးကျန်းရဲ့ လက်အင်္ကျီထဲမှာ နှစ်ပေါင်း ခြောက်ရာအကြာက ရှုခင်းတွေ တကယ်ပဲ ရှိနေမယ်လို့..."

​လီရှန်ချန်းက သူ၏ မုတ်ဆိတ်မွေး အနည်းငယ်ကို ဆွဲနှုတ်လိုက်မိ၏။ "အကယ်၍ အရှင်မင်းကြီးက အဲ့ဒီ နတ်ဘုရားပစ္စည်းကို ပြသတာကို ငါ့မျက်စိနဲ့တပ်အပ် မမြင်ခဲ့ရဘူးဆိုရင် ဒါက လုံးဝ အဓိပ္ပာယ်မရှိတဲ့ ကိစ္စလို့ ထင်မိမှာပဲ... ဒါပေမဲ့ အခုတော့..."

​လမ်းခွဲသို့ ရောက်ရှိသည့်အခါ သူတို့ အားလုံး ကိုယ့်အိမ်ကိုယ် ပြန်သွားကြလေတော့သည်။

​သူ၏ စံအိမ်သို့ ပြန်ရောက်သည့်အခါ စုန့်လျန်က အိမ်တော်ထိန်းကို ညွှန်ကြားလိုက်၏။ "စာကြည့်တိုက်ကို သွားပြီး အိပ်မက်ရေကန်စာစုများဆိုတဲ့ စာအုပ်ကို သွားယူချေ..."

​လှိုင်းထန်နေသည့် သူ၏ စိတ်ခံစားမှုများကို ငြိမ်သက်သွားစေရန် ရှေးဟောင်း စာအုပ်များ လိုအပ်နေချေသည်။

​သန်းခေါင်ယံ သတိပေးစည်သံများ ထွက်ပေါ်လာသည့်တိုင် ဟုန်ဝူဧကရာဇ်မှာမူ ခွန်းနင် နန်းဆောင်ထဲတွင် ဟိုဘက်ဒီဘက် လူးလှိမ့်နေခဲ့၏။

​မာမိဖုရားခေါင်ကြီးက သူ၏ ကြမ်းတမ်းနေသည့် လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ "ချုံးပါ... ရှင် တကယ်ပဲ စိတ်မချဖြစ်နေတယ်ဆိုရင်..."

​ဟုန်ဝူဧကရာဇ်က မာမိဖုရားခေါင်ကြီး၏ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်ပြီး သူ၏ အသံက တည်ငြိမ်နေသော်လည်း မသိမသာ လေးလံမှုတစ်ခု ပါဝင်နေ၏။ "အကယ်၍ ပြည်သူတွေ စားဝတ်နေရေး ဖူလုံစေမယ့် နည်းလမ်းတစ်ခုကို တကယ်ပြန်ယူလာနိုင်မယ်ဆိုရင် ဒီအဘိုးကြီးအတွက် စွန့်စားရတာ တန်ပါတယ်..."

​သူက ဇနီးဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ကိုယ်ထူကိုယ်ထ ဧကရာဇ်များ၌သာ ရှိတတ်သည့် စူးရှသည့် အလင်းရောင်များ တောက်ပလာလေသည်။ "ငါတို့ ပြန်လာရင် မင်းကိုလည်း အဲ့ဒီကို သွားကြည့်ဖို့ သခင်လေးကျန်းကို သေချာပေါက် အကူအညီ တောင်းရမယ်... နောင်လာနောက်သား ခေတ်ကာလတွေမှာ အမျိုးသမီးတွေလည်း စာသင်လို့ရပြီး အရာရှိဖြစ်နိုင်တယ်လို့ ငါ ကြားထားတယ်... မင်းလိုမျိုး ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူက အဲ့ဒီ ကြီးပွားတိုးတက်တဲ့ ခေတ်ကာလကြီးကို သွားပြီး တွေ့ကြုံခံစားသင့်တယ်..."

​မာမိဖုရားခေါင်ကြီးက သူမ၏ မျက်နှာကို သူ၏ လက်ဖဝါးတွင် အပ်လိုက်ပြီး ညင်သာစွာ ပြန်ဖြေလိုက်၏။

​တစ်ချိန်တည်းမှာပင် ရှတာက မိုးလင်းသည်အထိ လေ့ကျင့်ရေးကွင်းထဲတွင် ဓားရေးလေ့ကျင့်နေခဲ့ပြီး လီရှန်ချန်းက မင်းဆက်စတင် တည်ထောင်စဉ်က ချီးမြှင့်ခံထားရသည့် ကျောက်စိမ်းခါးပတ်ကို အကြိမ်ကြိမ် ပွတ်သပ်နေကာ ချီမင်းသားမှာလည်း စိတ်လှုပ်ရှားလွန်း၍ ဟိုဘက်ဒီဘက် လူးလှိမ့်နေချေသည်။

​မနက်ခင်း အလင်းရောင်က ဖုန်းထျန်နန်းဆောင်၏ စဉ့်ကြွပ်များကို အနီရောင်ဆိုးပေးလိုက်ချိန်တွင် သွေးကြောများ ယှက်နွှယ်နေသည့် မျက်လုံးကိုးစုံက နန်းတော်ရှိရာဘက်သို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။

​ယနေ့ မနက်ခင်းညီလာခံက ထူးထူးခြားခြား တိုတောင်းနေပုံရသည်။ အရှင်မင်းကြီးက နိုင်ငံတော် ကိစ္စများကို စိတ်မဝင်စားသလို ဖြစ်နေကြောင်းကို နန်းတွင်းအမတ် အများအပြား သတိထားမိလိုက်ကြ၏။ ထို့အပြင် မနေ့က နန်းတော်သို့ ဆင့်ခေါ်ခံခဲ့ရသည့် အမတ်ကြီး ရှစ်ဦးမှာလည်း ကောင်းကောင်း အိပ်ပျော်ခဲ့ပုံမရကြောင်းကိုပါ သူတို့ သတိပြုမိလိုက်ကြသည်။

​မိန်းမစိုးချုပ်က ညီလာခံ ပြီးဆုံးကြောင်း ကြေညာပြီးနောက် နန်းတွင်းအမတ် အားလုံး ထွက်ခွာသွားကြသော်လည်း လူရှစ်ယောက်ကမူ ဟုန်ဝူဧကရာဇ်၏ နောက်သို့ လိုက်ကာ ဘေးဘက် ခန်းမဆောင်ဆီသို့ ဦးတည်သွားလိုက်ကြသည်။

​ဘေးဘက် ခန်းမဆောင်ထဲတွင် ကျန်းယဲ့က ပန်းပုထုဆစ်ထားသည့် ပြတင်းပေါက်ရှည်ကြီးရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး မနက်ခင်း အလင်းရောင်က မှန်ကို ဖောက်ထွင်းလာကာ သူ၏ ပုံရိပ်ကို ရွှေရောင် လွှမ်းမိုးထားလေသည်။

​ထိုအချိန်၌ စနစ်တကျ လျှောက်လှမ်းလာသည့် ခြေသံများက နန်းဆောင်အပြင်ဘက်မှ ထွက်ပေါ်လာ၏။ ဟုန်ဝူဧကရာဇ်သည် အမတ်ကြီး ရှစ်ဦး၊ ချီမင်းသားတို့နှင့်အတူ နန်းဆောင်ထဲသို့ ခြေချလိုက်ပြီး သူတို့၏ အနောက်တွင် အိမ်ရှေ့စံမင်းသားနှင့် မာမိဖုရားခေါင်ကြီးတို့က အနီးကပ် လိုက်ပါလာကြသည်။

​"သခင်လေးကို စောင့်ခိုင်းထားမိပြီ..." ဟုန်ဝူဧကရာဇ်က အစောင့်များကို အနီရင့်ရောင် သစ်သားသေတ္တာ တစ်လုံး ယူလာရန် အချက်ပြလိုက်၏။ အဖုံးကို ဖွင့်လိုက်သည့်အခါ အခန်းတစ်ခုလုံး အလင်းရောင်များဖြင့် ပြည့်နှက်သွားလေသည်။ "ရွှေ တေးတစ်ရာပါ... သခင်လေး ရေတွက်ကြည့်ပါဦး..."

​ကျန်းယဲ့က သူ၏ လက်အင်္ကျီကို တစ်ချက်ဝေ့ယမ်းလိုက်ရာ သေတ္တာထဲရှိ ရွှေတုံးများက ရေစီးကြောင်းတစ်ခုကဲ့သို့ သူ၏ လက်ဖဝါးထဲသို့ စီးဝင်သွားပြီး ပျောက်ကွယ်သွားတော့၏။

​ဤကဲ့သို့သော မှော်ဆန်လှသည့် လုပ်ရပ်ကြောင့် ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သည့် ရှတာ အပါအဝင် အမတ်ကြီး ရှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ပါးရိုက်ကြည့်ချင်စိတ်ကို အနိုင်နိုင် ထိန်းချုပ်လိုက်ရပြီး သူတို့၏မျက်လုံးများက ကျန်းယဲ့ကို ကြည့်ရာတွင် မသိမသာ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်သွားရသည်။

​အသက်ဝင် တက်ကြွလှသည့် ချီမင်းသားက မနေနိုင်ဘဲ ရှေ့သို့ တိုးလာကာ မေးလိုက်၏။ "သခင်လေး... ကျွန်တော်တို့ အဲ့ဒီကို ဘယ်လို သွားကြမလဲ..."

​ကျန်းယဲ့က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ရာ သူတို့၏ တင်းမာနေမှု၊ စိုးရိမ်ပူပန်မှု သို့မဟုတ် သတိထားနေမှုများကို တွေ့လိုက်ရသဖြင့် ညင်သာစွာ ပြောလိုက်သည်။ "အကယ်၍ အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ချက်ချင်း သွားလို့ ရပါပြီ..."

​ချီမင်းသားက အလွန် စိတ်ဝင်တစားဖြင့် ပြောလိုက်ပြန်သည်။ "ကျွန်တော်တို့ အပြည့်အဝ အဆင်သင့် ဖြစ်နေပါပြီ... သခင်လေး စွမ်းရည်တွေကို ထုတ်ပြပါတော့ဗျာ..."

​ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး လက်ဖျောက်တစ်ချက် တီးလိုက်ရာ အလင်းတန်း ဆယ့်တစ်တန်းက မည်သည့် သတိပေးချက်မျှ မရှိဘဲ ကျဆင်းလာချေသည်။

​နူးညံ့သည့် အဖြူရောင်အလင်းတန်း ဆယ်ခုက ဟင်းလင်းပြင်ထဲမှ ကျဆင်းလာပြီး ဟုန်ဝူ ဧကရာဇ် ဦးဆောင်သည့် လူဆယ်ဦးကို တင်းကျပ်စွာ လွှမ်းခြုံသွားလေ၏။

​တစ်ချိန်တည်းမှာပင် နောက်ထပ် ရွှေရောင် အလင်းတန်းတစ်ခုက ကျန်းယဲ့၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။

​အိမ်ရှေ့စံမင်းသားနှင့် မာမိဖုရားခေါင်ကြီးတို့က ဤမထင်မှတ်ထားသည့် အလင်းတန်းများကြောင့် အံ့အားသင့်စွာ စိုက်ကြည့်နေကြ၏။

​ထို့နောက် သူတို့ ဘာဖြစ်သွားသည်ကိုပင် သေချာ မတွေးတောနိုင်သေးခင်မှာပင် ဆယ့်တစ်တန်းမြောက် အလင်းတန်းနှင့်အတူ ၎င်းတို့အတွင်း လွှမ်းခြုံခံထားရသူ အားလုံးမှာ သူတို့၏ မျက်စိရှေ့မှောက်တွင် ပျောက်ကွယ်သွားကြတော့သည်။

​ဤမြင်ကွင်းက အလွန် ထိတ်လန့်စရာ ကောင်းလွန်းသဖြင့် အိမ်ရှေ့စံမင်းသားနှင့် မာမိဖုရားခေါင်ကြီးတို့မှာ အချိန်အတော်ကြာသည်အထိ အသိစိတ် မဝင်နိုင်အောင် ဖြစ်နေရ၏။

​မာမိဖုရားခေါင်ကြီးက မနေနိုင်ဘဲ လက်လှမ်းကာ စမ်းသပ်ကြည့်လိုက်ရာ ဟုန်ဝူဧကရာဇ် ယခုလေးတင် ရပ်နေခဲ့သည့် နေရာမှာ တကယ်ပင် ဗလာကျင်းနေချေပြီ။

​မာမိဖုရားခေါင်ကြီးက စိုးရိမ်တကြီး မေးလိုက်၏။ "ပင်းအာ... မင်းရဲ့ ခမည်းတော်နဲ့ တခြားသူတွေ အဆင်ပြေပါ့မလား..."

​အိမ်ရှေ့စံမင်းသားက ဗလာကျင်းနေသည့် နန်းဆောင်ကို ငေးကြည့်ရင်း သူ၏ နှလုံးသားထဲတွင် ခမည်းတော်၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော်လည်း မျက်နှာပေါ်တွင်တော့ မည်သည့် အရိပ်အယောင်မျှ မပြခဲ့ချေ။ ထို့အစား သူက မာမိဖုရားခေါင်ကြီးကို နှစ်သိမ့်ပေးလိုက်၏။

​"မယ်တော်ကြီး စိတ်ချပါ... သခင်လေးကျန်းကို သားတော် ယုံကြည်ပါတယ်..."

​သူက ကောင်းကင်ယံတွင် လွင့်မျောနေသည့် တိမ်တိုက်များကို ငေးကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းလိုက်သည်။

​အချိန်နဲ့ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားရတဲ့ ဒီထူးခြားတဲ့ ခရီးစဉ်ကြီးက ငါတို့ရဲ့ မင်မင်းဆက်ကြီးကို တကယ်ပဲ ထာဝရကောင်းချီးမင်္ဂလာတွေ ယူဆောင်လာပေးနိုင်ပါစေ....

​တစ်ချိန်တည်းမှာပင် ကျန်းယဲ့နှင့် သူ၏ အဖွဲ့သားများက အချိန်ခရီးသွား ဘတ်စ်ကားပေါ်တွင် ရောက်ရှိနေကြပြီ ဖြစ်သည်။

​ဟုန်ဝူဧကရာဇ်က အရာအားလုံးကို ဝါးမျိုပစ်နိုင်မည့်အလား အဆုံးအစမရှိ မှောင်မိုက်နေသည့် ကားပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ပြီးနောက် သူ၏ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အရာအားလုံးက အလွန်တရာ အံ့ဩတုန်လှုပ်ဖွယ် ကောင်းနေချေသည်။

​ချီမင်းသားမှာ ခဏမျှ မှင်တက်သွားပြီးနောက် အထပ်ထပ်အခါခါ အော်ဟစ်လိုက်၏။ "သခင်လေးကျန်း... ခင်ဗျားရဲ့ နတ်ဘုရားစွမ်းရည်တွေက အင်မော်တယ်တွေနဲ့ မတူဘူး... အင်မော်တယ်တွေထက်တောင် သာလွန်နေသေးတယ်..."

​အသက်အနည်းငယ်ရှူပြီးနောက် ရှတာနှင့် အခြားသူများကလည်း အံ့အားသင့်မှုထဲမှ ရုန်းထွက်ကာ သူတို့၏ ပတ်ဝန်းကျင်ကို စတင် လေ့လာကြည့်လိုက်ကြသည်။

​သားရေထိုင်ခုံများပဲ ဖြစ်ဖြစ်၊ သူတို့ဘေးရှိ ဖန်ပြတင်းပေါက်များပဲ ဖြစ်ဖြစ်၊ ခေါင်းပေါ်ရှိ နူးညံ့သည့် အဖြူရောင် မီးရောင်ပဲ ဖြစ်ဖြစ် အရာအားလုံးက အလွန်ဆန်းသစ်နေပြီး သူတို့ ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သည့် အရာများပင်။

​အပြင်ဘက်ရှိ အဆုံးအစမရှိသည့် အမှောင်ထုကြီးက သူတို့ကို အကြောင်းပြချက် မရှိဘဲ ထိတ်လန့်သွားစေသည်ကိုတော့ ထည့်ပြောနေစရာပင် မလိုတော့ချေ။

​ကျန်းယဲ့က အလျင်စလို စကားမပြောသေးဘဲ သူတို့ကို အချက်အလက်များ အရင် နားလည်သဘောပေါက်သွားစေရန် အချိန်ပေးလိုက်လေသည်။

​ချီမင်းသားက အရင်ဆုံး မေးလိုက်၏။ "သခင်လေး... ကျွန်တော်တို့ ဘယ်တော့ ရောက်မှာလဲ..."

​ယင်းစကားကို ကြားသည့်အခါ လူတိုင်းက သူတို့၏ အကြည့်များကို ကျန်းယဲ့ထံသို့ ပြောင်းလဲလိုက်ကြသည်။

​ကျန်းယဲ့က ကားရှေ့တွင် ရပ်နေပြီး သူ၏ အသံက မကျယ်လွန်းသော်လည်း ကားထဲရှိ လူတိုင်း ရှင်းလင်းစွာ ကြားနိုင်လောက်အောင် ကျယ်လောင်ပေသည်။ သူက ကားရှေ့တွင် ပေါ်လာသည့် ပိုးစုန်းကြူးလေး တစ်ကောင်ကဲ့သို့ အဖြူရောင် အလင်းစက်လေး တစ်ခုကို လက်ညှိုးထိုးပြလိုက်၏။ "အဲ့ဒါကို မြင်လား..."

​လူတိုင်းက သူ လက်ညှိုးထိုးပြသည့် နေရာသို့ ကြည့်လိုက်ရာ သူတို့ရှေ့ရှိ အဖြူရောင် အလင်းစက်လေးက တဖြည်းဖြည်း ကြီးမားလာသည်ကို တွေ့လိုက်ကြရသည်။

​ထို့အပြင် သူတို့၏ ကားက ထိုအလင်းစက်လေးနှင့် ပိုပို၍ နီးကပ်လာနေ၏။

​ကျန်းယဲ့၏ အသံက ထွက်ပေါ်လာခဲ့သည်။ "လူကြီးမင်းတို့... ကျေးဇူးပြုပြီး နေရာမှာ ထိုင်ကြပါ... ကျွန်တော်တို့ ခရီးစဉ်ကို ရောက်တော့မယ်..."

​သူ စကားပြောပြီးသည်နှင့် မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းတစ်ခုက ကားကို လွှမ်းခြုံသွားပြီး လုံးဝ ဝါးမျိုသွားချေသည်။

​ကားထဲရှိ လူများက သူတို့၏ မျက်လုံးများကို အလိုအလျောက် မှိတ်လိုက်ကြ၏။

​အဖြူရောင် အလင်းတန်း ပျောက်ကွယ်သွားသည့်အခါ ကျန်းယဲ့၏ ညင်သာသည့် အသံက နားထဲသို့ ဝင်ရောက်လာခဲ့သည်။ "၁၃၈၂ ခုနှစ်က လာတဲ့ ဧည့်သည်တော်တွေ... ၂၀၂၅ ခုနှစ် ဘလူးစတာကနေ ကြိုဆိုပါတယ်..."

အခန်း ၄၃၃ပြီး၏။

All Chapters