← Chapters

အခန်း ၄၃၄

Vol. 44 Ch. 434

အခန်း ၄၃၄

Vol. 44 Ch. 434

အခန်း ( ၄၃၄ ) မင်မင်းဆက် သမိုင်း

​ကျန်းယဲ့ စကားပြောပြီးသည်နှင့် ကားထဲရှိ လူတိုင်းက သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ကြသည်။

​ထိုအခိုက်အတန့်တွင် အချိန်ခရီးသွား ဘတ်စ်ကားက စည်ကားနေသည့် လမ်းမကြီးတစ်ခု၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်တန့်နေခဲ့ပြီ ဖြစ်၏။

​ပတ်ဝန်းကျင်ရှိ လမ်းမများပေါ်တွင် ယာဉ်ကြောများ ရှုပ်ထွေးနေပြီး လမ်းသွားလမ်းလာများက အပြေးအလွှား သွားလာနေကြသော်လည်း ရုတ်တရက် ပေါ်လာသည့် ဤကားကြီးကို မည်သူကမျှ ထူးဆန်းသည့် အကြည့်ဖြင့် လှမ်းမကြည့်ခဲ့ကြချေ။

​၎င်းက လမ်းမပေါ်တွင် အချိန်အတော်ကြာကတည်းက ရှိနေခဲ့သည့်အလား လမ်းမြင်ကွင်းထဲသို့ သဘာဝကျကျ ပေါင်းစပ်သွားခဲ့လေသည်။

​ဟုန်ဝူဧကရာဇ်က ကားပြတင်းပေါက် အပြင်ဘက်ရှိ အဆုံးမရှိ စီးဆင်းနေသည့် ယာဉ်များကို ငေးကြည့်ရင်း သူ၏ မျက်လုံးအိမ်များက အနည်းငယ် ကျဉ်းမြောင်းသွားရသည်။

​လေးထောင့်ပုံစံ ကားများက ကျယ်ဝန်းသည့် ကတ္တရာလမ်းမကြီးပေါ်တွင် စနစ်တကျ မောင်းနှင်နေကြပြီး အဝေးတစ်နေရာရှိ မိုးမျှော်တိုက်ကြီးများက တောက်ပနေသည့် နေရောင်ခြည်ကို ရောင်ပြန်ဟပ်နေချေသည်။

​ဤအရာအားလုံးက သူ ရင်းနှီးကျွမ်းဝင်နေသည့် ယင်ထျန်းမြို့တော်နှင့် လုံးဝ ကွဲပြားခြားနားနေသော်လည်း တက်ဘလက်ပေါ်တွင် သူ မြင်တွေ့ခဲ့ရသည့် ပုံရိပ်များနှင့် တဖြည်းဖြည်း ထပ်တူကျလာခဲ့၏။

​ရှတာက ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ သူ၏ နဖူးက ကားခေါင်မိုးနှင့် မတော်တဆ ဆောင့်မိသွားသော်လည်း သူ လုံးဝ သတိမထားမိခဲ့ချေ။

​သူက ပြတင်းပေါက်မှ အရှိန်အဟုန်ဖြင့် ဖြတ်ပြေးသွားသည့် မီးသတ်ကား တစ်စီးကို စူးစိုက်ကြည့်နေရင်း လည်စေ့က လှုပ်ခါသွားရသည်။ "အဲ့ဒီ... အဲ့ဒီ သံမြင်းကြီးက သွေးစစ်မြင်းတစ်ကောင်ထက်တောင် ပိုမြန်နေပါလား..."

​လီရှန်ချန်းက ထိုင်ခုံကို မှီလျက် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ရာ သူ၏ မုတ်ဆိတ်ဖြူများက အနည်းငယ် တုန်ယင်နေ၏။

​လမ်းဘေးရှိ ဆိုင်ခန်းများမှ တောက်ပနေသည့် ဖန်ပြတင်းပေါက်များနှင့် အတွင်းတွင် ခင်းကျင်းပြသထားသည့် မျက်စိကျိန်းမတတ် ကုန်ပစ္စည်းများကို သူ သတိထားမိလိုက်ပြီး မနေနိုင်ဘဲ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ "ဈေးကွက်က ဒီလောက်တောင် ကြီးပွားတိုးတက်နေတာ... ပြည်သူတွေက ဘယ်လိုလုပ် ဒီလောက်တောင် ချမ်းသာကြွယ်ဝ နေနိုင်ရတာလဲ..."

​"အ့..." လီရှင်းက ညိုမည်းသွားသည်အထိ ဆွဲလိမ်ထားသည့် သူ၏ လက်မောင်းကို ပွတ်သပ်ရင်း အသက်ရှိုက်လိုက်မိ၏။ "ဒါက အိပ်မက် မဟုတ်ဘူး... တကယ်ကြီး အိပ်မက် မဟုတ်ဘူးကွ... "

​စုန့်လျန်က ကားပြတင်းပေါက်မှတစ်ဆင့် လမ်းဘေးရှိ သာမန်မျက်စိဖြင့် ကြည့်နိုင်သည့် 3D အီလက်ထရောနစ် ကြော်ငြာဘုတ်ကြီး တစ်ခုကို လှမ်းကြည့်လိုက်သည်။ ရောင်စုံပုံရိပ်များနှင့် အပြင်သို့ ပြေးထွက်လာသည့် တိရစ္ဆာန်များကို မြင်လိုက်ရသည့်အခါ သူက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။ "အဲ့ဒီ တိရစ္ဆာန်တွေကို လူတွေ ကြည့်ဖို့အတွက် ဒီမှာ တကယ်ကြီး ဖမ်းချုပ်ထားတာလား..."

​လုပ်ငန်းဝန်ကြီး လျိုကျုံးကျိုးက မလှမ်းမကမ်းရှိ မြေအောက်ရထားဘူတာရုံ အဝင်ဝကို မှင်တက်စွာ စိုက်ကြည့်နေပြီး လူအုပ်ကြီးက ဒီရေလှိုင်းများကဲ့သို့ ဝင်ထွက်သွားလာနေသည်ကို ကြည့်ကာ မနေနိုင်ဘဲ မေးလိုက်ပြန်သည်။ "မြေအောက်ထဲမှာ တခြားကမ္ဘာ တစ်ခုများ ရှိနေတာလား..."

​အံ့ဩတုန်လှုပ်ဖွယ် အသံများကြားတွင် ချီမင်းသားက ကားပြတင်းပေါက်ကို မှီကာ ကောင်းကင်ယံကို စိတ်လှုပ်ရှားစွာ လက်ညှိုးထိုးပြပြီး အော်ဟစ်လိုက်၏။ "ဟိုမှာ ကြည့်.. သံငှက်ကြီး... ဗီဒီယိုထဲက သံငှက်ကြီးနဲ့ အတူတူပဲ..."

​ခရီးသည်တင် လေယာဉ်ကြီးတစ်စင်းက တိမ်တိုက်များအထက်တွင် ပျံသန်းနေပေသည်။

​ဝူလင်းက လမ်းမပေါ်တွင် ဖုန်းသုံးနေသည့် လူငယ်တစ်ဦးကို ကြည့်ကာ နားမလည်နိုင်စွာဖြင့် မျက်မှောင်ကုတ်လိုက်၏။ "အဲ့ဒီလူက ဘာလို့ သေတ္တာသေးသေးလေး တစ်ခုရှေ့မှာ တစ်ယောက်တည်း စကားပြောနေတာလဲ..."

​ကားထဲတွင် အံ့ဩတုန်လှုပ်သံများ၊ တီးတိုး စကားပြောသံများဖြင့် ပြည့်နှက်နေသော်လည်း ဟုန်ဝူ ဧကရာဇ်ကမူ တိတ်ဆိတ်နေချေသည်။

​သူ၏ နက်ရှိုင်းသည့် အကြည့်များက စည်ကားနေသည့် လမ်းမမြင်ကွင်းကို ဖြတ်သန်းသွားပြီး နောက်ဆုံးတွင်တော့ အဝေးရှိ မိုးမျှော်တိုက်ကြီးတစ်ခု၏ ထိပ်တွင် လွင့်ဝဲနေသည့် အနီရောင်အလံပေါ်တွင် ရပ်တန့်သွားကာ အချိန်အတော်ကြာ ငေးကြည့်နေခဲ့၏။

​ကားထဲရှိ အံ့ဩတုန်လှုပ်သံများ တဖြည်းဖြည်း ငြိမ်သက်သွားသည့်အခါ ကျန်းယဲ့က ကားရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ထိုင်ခုံနောက်ဘက်မှ ငွေရောင် မိုက်ခရိုဖုန်းတစ်ခုကို ယူလိုက်သည်။

​အံ့အားသင့်မှုထဲတွင် နစ်မြောနေဆဲဖြစ်သည့် မင်မင်းဆက်မှ ဧည့်သည်တော်များကို သူက ဝေ့ကြည့်လိုက်ပြီး သူ၏ ကြည်လင်သည့် အသံက ကားထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

​"အခု လူကြီးမင်းတို့ အားလုံးက နောင်နှစ်ပေါင်း ခြောက်ရာကျော်က အနာဂတ်ကမ္ဘာကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီဆိုတော့ ဘာအကြောင်းကို အသိချင်ဆုံးလဲ ခင်ဗျာ..."

​ကားထဲတွင် ခဏမျှ တိတ်ဆိတ်သွားရသည်။

​အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်သည့် ချီမင်းသားပင်လျှင် သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး သူ၏အကြည့်များက ရှေ့ဆုံးတန်းတွင် ခန့်ညားစွာ ထိုင်နေသည့် ဟုန်ဝူဧကရာဇ်ထံသို့ အလိုအလျောက် ရောက်ရှိသွား၏။

​ဟုန်ဝူဧကရာဇ်က ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး သူ၏ အတွေ့အကြုံရင့် မျက်လုံးများက ကျန်းယဲ့ကို တည့်တည့် စိုက်ကြည့်လျက် လေးနက်ပြီး အားကောင်းသည့် အသံဖြင့် မေးလိုက်၏။ "ငါကိုယ်တော်ရဲ့ မင်မင်းဆက်ကြီးက ဘယ်လောက်ကြာကြာ တည်တံ့နိုင်မလဲ..."

​ဤမေးခွန်းက တိတ်ဆိတ်နေသည့် ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ပင် နန်းတွင်းအမတ်များ အားလုံး အသက်ရှူရပ်သွားကြရသည်။

​သူတို့က အဖြေကို သိချင်နေကြသလို အဆုံးသတ်ကိုလည်း ကြောက်ရွံ့နေကြ၏။

​ဤသည်က သူတို့ ဂရုစိုက်သည့် အရာဖြစ်သော်လည်း သူတို့ သမိုင်းတွင် အမည်တွင် ကျန်ရစ်ခဲ့သလား... လူတွေက သူတို့ကို မှတ်မိကြရဲ့လား.... သူတို့၏ မျိုးဆက်တွေကရော ဒီနေ့ခေတ်အထိ ဆက်လက် ရှင်သန်နေသေးလား စသည်တို့ကို သူတို့ ပို၍ သိချင်နေကြသည်။

​ကျန်းယဲ့က ဤအခြေအနေကို ကြိုတင် ခန့်မှန်းထားသည့်အလား ယာဉ်မောင်းထိုင်ခုံဘက်သို့ လှည့်ကာ ပြောလိုက်၏။ "ဦးလေးဝမ်... ဗီဒီယိုကို ဖွင့်လိုက်ပါ..."

​သူ စကားပြောပြီးသည်နှင့် ၃၀ လက်မ အရွယ်အစားရှိ LCD မျက်နှာပြင်တစ်ခုက ကားခေါင်မိုးပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာပြီး ခရီးသည်ခန်း၏ အရှေ့တည့်တည့်တွင် ရပ်တန့်သွားခဲ့သည်။

​ဤဗီဒီယိုကို ကျန်းယဲ့က စနစ်မှ ဝယ်ယူထားခြင်း ဖြစ်၏။

​စနစ်က သမိုင်းဝင်ရိုက်ကူးမှုများနှင့် အရေးကြီးသည့် သတင်းအချက်အလက်များကို ဖမ်းယူကာ စနစ်တကျ ပြုစုထားရာ ၎င်းက ကျန်းယဲ့ကိုယ်တိုင် သမိုင်းစာအုပ်များထဲတွင် ရှာဖွေရသည်ထက် များစွာ ပို၍ အဆင်ပြေချေသည်။

​ငွေနည်းနည်းလေးနဲ့ အကျိုးအမြတ် အကြီးကြီး ရတာပဲ...

​အဓိက ဆွဲဆောင်မှုက တန်ဖိုးနဲ့ ကိုက်ညီမှုပေါ့....

​ထိုအခိုက်အတန့်တွင် လူတိုင်း၏ အာရုံစိုက်မှုက မျက်နှာပြင်ဆီသို့ ချက်ချင်း ရောက်ရှိသွားပြီး ဟုန်ဝူဧကရာဇ်ပင်လျှင် ရှေ့သို့ အနည်းငယ် ကိုင်းလာသည်ကို မတားဆီးနိုင်ခဲ့ချေ။

​မျက်နှာပြင်ပေါ်တွင် ရှေးဟောင်းစာလိပ်တစ်ခုက ဖြည်းညှင်းစွာ ပွင့်လာပြီး နက်ရှိုင်းသည့် ဇာတ်ကြောင်းပြောသံတစ်ခုက ကားထဲတွင် ပဲ့တင်ထပ်လာ၏။

​"ဟုန်ဝူနန်းသက် ဆယ့်ငါးနှစ် ဩဂုတ်လတွင်... မာမိဖုရားခေါင်ကြီး ကံတော်ကုန်ခဲ့သည်..."

​သမိုင်းရေစီးကြောင်းထဲတွင် မာမိဖုရားခေါင်ကြီး မကြာမီ ကံတော်ကုန်တော့မည်ဆိုသည်ကို ကြားလိုက်ရသည့်အခါ ကားပေါ်ရှိ ခရီးသည် အားလုံး အကြီးအကျယ် တုန်လှုပ်သွားကြရသည်။

​ဟုန်ဝူဧကရာဇ်ကမူ ကျန်းယဲ့ ရောက်ရှိလာခဲ့သည့်အတွက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်၏။

​ဗီဒီယိုက ဆက်လက်ဖွင့်ပြနေပြီး မင်မင်းဆက်၏ သမိုင်းကြောင်းကို ပြောပြနေလေသည်။

​"ဟုန်ဝူ နန်းသက် နှစ်ဆယ့်ငါးနှစ်တွင်... အိမ်ရှေ့စံမင်းသားကျူးပင်း ရောဂါကြောင့် ကံတော်ကုန်ခဲ့သည်..."

​မြင်ကွင်းတွင် အိမ်ရှေ့စံမင်းသား၏ နာရေးခန်းမဆောင်ကို ပြသထားပြီး ဟုန်ဝူဧကရာဇ်၏ ဆံပင်များက တစ်ညတည်းနှင့် ဖြူသွားခဲ့သည်ကို တွေ့လိုက်ရ၏။

​ဟုန်ဝူဧကရာဇ်က သူ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ထားရာ သူ၏ လက်ဆစ်များပင် ဖြူရော်နေခဲ့သည်။

​ချီမင်းသားက အော်ဟစ်လိုက်၏။ "နောင်တော်ကြီး..."

​အိမ်ရှေ့စံမင်းသား ကံတော်ကုန်သွားခြင်းက ထိုနေရာရှိ လူတိုင်းကို ဆွံ့အသွားစေလေသည်။

​အိမ်ရှေ့စံမင်းသားက ဧကရာဇ်ထက် အရင်ကံတော်ကုန်သွားလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြချေ။

​ရှတာနှင့် အခြားသူများလည်း အံ့အားသင့်သွားကြရသည်။ အစပိုင်း အံ့အားသင့်မှုအပြီးတွင် သူတို့ ပထမဆုံး တွေးမိသည်ကတော့ အိမ်ရှေ့စံနေရာကို မည်သူက ဆက်ခံမည်နည်း ဆိုသည်ပင်။

​ဗီဒီယိုက အဖြေကို အလျင်အမြန်ပင် ပေးလိုက်၏။

​"ဟုန်ဝူ နန်းသက် သုံးဆယ့်တစ်နှစ်တွင်... မင်မင်းဆက်၏ ထိုက်ကျူဧကရာဇ်... ဟုန်ဝူဧကရာဇ် ကံတော်ကုန်ခဲ့ပြီး... ထီးနန်းကို သူ၏ မြေးတော် ကျူးယွင်ဝမ်ထံသို့ လွှဲပြောင်းပေးခဲ့သည်..."

​မြင်ကွင်းတွင် လူငယ် ကျန့်ဝမ်ဧကရာဇ် ထီးနန်းတက်လာသည်ကို ပြသထားပြီး ချက်ချင်းပင် မင်းသားများ၏ အာဏာကို စတင် လျှော့ချခဲ့လေသည်။

​"ကျန့်ဝမ် ဧကရာဇ်က မင်းသားများ၏ အာဏာကို လျှော့ချခဲ့ပြီး... ကျိုးမင်းသား၊ သိုက်မင်းသား၊ ချီမင်းသား နှင့် မင်မင်းသားတို့ကို တစ်ပါးပြီးတစ်ပါး ရာထူးမှ ဖယ်ရှားခဲ့သည်..."

​ချီမင်းသား၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားပြီး သူ၏ လည်ပင်းကို အလိုအလျောက် စမ်းကြည့်မိသွား၏။

​ဟုန်ဝူဧကရာဇ်၏ မျက်နှာအမူအရာကလည်း သိပ်မကောင်းလှချေ။

​အခြား နန်းတွင်းအမတ်များမှာလည်း ထိုနည်းတူပင်ဖြစ်ပြီး သူတို့၏ မျက်မှောင်များ တွန့်ချိုးနေကြရသည်။ သူတို့က ကျူးယွင်ဝမ်၏ ရည်ရွယ်ချက်များကို နားလည်သော်လည်း ရေရှည်တွင်တော့ သူ၏ လုပ်ရပ်များက သေတွင်းထဲသို့ ခုန်ဆင်းတာနှင့် အတူတူပင် ဖြစ်ကြောင်း သိထားကြ၏။

​မျှော်လင့်ထားသည့်အတိုင်းပင် သူတို့၏ စိုးရိမ်ပူပန်မှုများက တကယ် ဖြစ်လာလေသည်။

​"ကျန့်ဝမ် နန်းသက် ပထမနှစ်တွင်... ယန်မင်းသား ကျူးတီသည် နန်းတွင်းရှိ အကျင့်ပျက်အမတ်များကို ရှင်းလင်းရန်ဟူသော အကြောင်းပြချက်ဖြင့် ကျင့်နန် စစ်ပွဲကို စတင်ခဲ့သည်..."

​မြင်ကွင်းက ဓားချင်းခုတ်ထစ်သံများနှင့် ယန်စစ်တပ်နှင့် တောင်ပိုင်းစစ်တပ်တို့၏ ပြင်းထန်လှသည့် တိုက်ပွဲများသို့ ပြောင်းလဲသွားပြီး ၎င်းက လေးနှစ်ကြာမြင့်ခဲ့လေသည်။

​မျက်နှာပြင်ပေါ်တွင် ကျန့်ဝမ် နန်းသက် စတုတ္ထနှစ်တွင်... ယန်စစ်တပ်က နန်ကျင့်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျန့်ဝမ်ဧကရာဇ် ပျောက်ဆုံးသွားခဲ့သည်... ကျူးတီ ထီးနန်းတက်လာပြီး ယုံလဲ့ဧကရာဇ်ဖြစ်လာခဲ့သည်ဟူသည့် စာသားများ ပေါ်လာသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည့်အခါ ရှတာက သံချပ်ကာ ဝတ်ဆင်ထားသည့် မျက်နှာပြင်ပေါ်မှ ကျူးတီကို စူးစိုက်ကြည့်ရင်း သူ၏ လည်စေ့က အလိုအလျောက် လှုပ်ခါသွားရ၏။

​ရထားလုံးထဲတွင် သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်နေပြီး အမတ်များအားလုံးက ဧကရာဇ်၏ မျက်နှာကို တည့်တည့် မကြည့်ရဲဘဲ ခေါင်းငုံ့ထားကြသည်။

​ထိုအခိုက်အတန့်တွင် အရှင်မင်းကြီး ဘယ်လောက်တောင် ဒေါသထွက်နေမလဲဆိုတာကို လူတိုင်းက တွေးတောနေကြ၏။

​သတ္တိအကောင်းဆုံးဖြစ်သည့် ချီမင်းသား တစ်ယောက်သာလျှင် ခမည်းတော်၏ မျက်နှာအမူအရာကို အကဲခတ်ရန် တိတ်တဆိတ် မော့ကြည့်ရဲလေသည်။

​အံ့အားသင့်စရာ ကောင်းသည်မှာ ဟုန်ဝူဧကရာဇ်က မည်သည့် ဒေါသထွက်သည့် အရိပ်အယောင်မျှ မပြဘဲ ထူးထူးခြားခြား တည်ငြိမ်နေခြင်းပင်။

​ထိုအတွေ့အကြုံရင့် မျက်လုံးများက မိမိတို့နှင့် မသက်ဆိုင်သည့် အတိတ်က အဖြစ်အပျက်တစ်ခုကို ကြည့်နေသကဲ့သို့ မျက်နှာပြင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။

​ဤထူးခြားသည့် တည်ငြိမ်မှုက ချီမင်းသား၏ နှလုံးသားကို တင်းကျပ်သွားစေပြီး မသက်မသာ ခံစားမှုတစ်ခုက ရင်ဘတ်ထဲတွင် ပျံ့နှံ့သွားရ၏။

​သူက စိတ်ထဲမှ တွေးလိုက်သည်။ ငါတို့ ယင်ထျန်းမြို့တော်ကို ပြန်ရောက်တာနဲ့ နောင်တော်လေးတော့ သေချာပေါက် သေရတော့မှာပဲ...

​ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင် အသေသင့်ဆုံး လူက ကျေးဇူးကန်းတဲ့ တူတော်မောင် ကျူးယွင်ဝမ် ဖြစ်လိမ့်မယ်...

​အဲ့ဒီကောင်လေး နဂါးပလ္လင်ပေါ်ကို ထိုင်လိုက်တာနဲ့ ချက်ချင်းပဲ သူ့ဦးလေးတွေကို လုပ်ကြံဖို့ မစောင့်နိုင် မအီးနိုင် ဖြစ်နေခဲ့တာကိုး.....

​ဤအကြောင်းကို တွေးမိသည့်အခါ ချီမင်းသားက မနေနိုင်ဘဲ အံကြိတ်လိုက်မိ၏။

​သူက စိတ်ထဲမှ တိတ်တဆိတ် သစ္စာဆိုလိုက်သည်။ ငါ ပြန်ရောက်တာနဲ့ ငါ့ညီအစ်ကိုတွေကို ချက်ချင်း ဆက်သွယ်ပြီး အဲ့ဒီကောင်လေးကို အလွယ်တကူ လွတ်မြောက်ခွင့် မပေးတော့ဘူး...

​အမည်မသိ ဒေါသတစ်ခုက သူ၏ ရင်ဘတ်ထဲတွင် မြင့်တက်လာပြီး အရှေ့နန်းတော်ထဲသို့ ချက်ချင်း ပြေးဝင်ကာ ထိုတူတော်မောင်ကို ကိုယ်တိုင်ကိုယ်ကျ သတ်ပစ်လိုက်ချင်စိတ် ပေါက်သွားခဲ့သည်။

​"ယုံလဲ့ ဧကရာဇ်နန်းသက်ကာလအတွင်း... သူသည် မွန်ဂိုလီးယားလွင်ပြင်များသို့ စစ်ချီမှု ငါးကြိမ် ပြုလုပ်ခဲ့ပြီး အနောက်ဘက်သမုဒ္ဒရာသို့ ရေကြောင်းခရီးစဉ် ခုနစ်ကြိမ် စေလွှတ်ခဲ့ကာ မြို့တော်ကို ပေကျင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ယုံလဲ့စွယ်စုံကျမ်းကို ပြုစုရန် အမိန့်ပေးခဲ့သည်..."

​မြင်ကွင်းတွင် ကျန့်ဟဲ၏ ဧရာမရတနာသင်္ဘောကြီးများ၏ ခမ်းနားထည်ဝါမှုနှင့် တားမြစ်မြို့တော်၏ ခမ်းနားကြီးကျယ်မှုများကို ပြသနေလေသည်။

အခန်း ၄၃၄ပြီး၏။

All Chapters