← Chapters

အခန်း ၄၃၅

Vol. 44 Ch. 435

အခန်း ၄၃၅

Vol. 44 Ch. 435

အခန်း ( ၄၃၅ ) ဒေါသထွက်နေသော ဂျူးမိသားစု

​"ယုံလဲ့ နန်းသက် နှစ်ဆယ့်နှစ်နှစ်တွင်... ကျူးတီသည် မြောက်ပိုင်း စစ်ချီမှုမှ အပြန်တွင် ကံတော်ကုန်ခဲ့သည်..."

​ဟုန်ဝူဧကရာဇ်၏ အကြည့်များက ကျန့်ဟဲ၏ ရတနာသင်္ဘောကြီးများပေါ်တွင် အချိန်အတော်ကြာအောင် ရပ်တန့်နေခဲ့ပြီးနောက် သူက ညင်သာစွာ ခေါင်းညိတ်လိုက်၏။

​ဗီဒီယိုက ယုံလဲ့ဧကရာဇ်၏ အောင်မြင်မှုများကို အသေးစိတ် ဖော်ပြနေသည့်အခါ ကားထဲရှိ လူတိုင်းမှာ အလွန်တရာ စိတ်လှုပ်ရှားသွားကြရသည်။

​ဟုန်ဝူဧကရာဇ်ပဲ ဖြစ်ဖြစ်၊ ချီမင်းသားပဲ ဖြစ်ဖြစ်၊ နန်းတွင်းအမတ်ကြီးများပဲ ဖြစ်ဖြစ်... ထီးနန်းကို လုယူခဲ့သည့် ဤဧကရာဇ်က ဘာကြောင့်များ ဤမျှ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပြီး နယ်မြေချဲ့ထွင်ရန် ဤမျှ ဆုံးဖြတ်ချက် ခိုင်မာခဲ့ရသလဲ ဆိုသည်ကို သူတို့ တဖြည်းဖြည်း နားလည်လာကြရ၏။

​သူက တစ်နေ့တွင် နောင်ဘဝ၌ ခမည်းတော်အား ကြည်လင်သည့် သြတ္တပ္ပစိတ်ဖြင့် ရင်ဆိုင်နိုင်ရန်အတွက် ထီးနန်းလုယူသူဆိုသည့် နာမည်ဆိုးကို ဆေးကြောရန် သူ၏ တစ်သက်တာ အောင်မြင်မှုများကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

​ချီမင်းသားက သူ၏ နောင်တော်လေးကျူးတီ၏ ကမ္ဘာကြီးကို တုန်လှုပ်စေသည့် အောင်မြင်မှုများကို နားထောင်ရင်း သူ၏ စိတ်ထဲတွင် ရှုပ်ထွေးသည့် ခံစားချက်များ ပြည့်နှက်နေရ၏။

​အကယ်၍ သူသာ ထိုနေရာတွင် ရှိနေခဲ့ပါက သူ၏ နောင်တော်လေးလောက် စွမ်းဆောင်နိုင်မည် မဟုတ်ကြောင်းကို သူ သိနေချေသည်။

​သူက စိတ်ထဲမှ တွေးလိုက်၏။ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ဆက်ကပ်အပ်နှံမှုတွေကို ထောက်ထားပြီး ခမည်းတော်က ငါ့ရဲ့ နောင်တော်လေး အပေါ် သိပ်ပြီး တင်းကြပ်မှာ မဟုတ်လောက်ပါဘူးလေ...

​ရှတာနှင့် အခြားသူများ၏ စိတ်ထဲတွင်လည်း ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။

​ယန်မင်းသား ကျူးတီ၏ လုပ်ရပ်များက တကယ်ကို ပုန်ကန်မှုဖြစ်သော်လည်း သူ၏ နန်းသက်ကာလအတွင်း ပြုလုပ်ခဲ့သည့် လုပ်ဆောင်ချက်အမျိုးမျိုးက သူတို့၏ စိတ်ထဲတွင် လေးစားချီးကျူးမှုနှင့် နှမြောတသဖြစ်မှုများကိုပါ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာစေခဲ့၏။

​ပုံမှန်မဟုတ်သည့် နည်းလမ်းများဖြင့် ထီးနန်းတက်လာခဲ့သည့် ဤဧကရာဇ်က သူ၏ တန်ဖိုးကို သက်သေပြရန်အတွက် သူ၏ တစ်သက်တာလုံးကို ပေးဆပ်သွားခဲ့လေသည်။

​ဗီဒီယိုက လူတိုင်း၏ ရှုပ်ထွေးနေသော စိတ်ခံစားမှုများကို စောင့်ဆိုင်းမနေဘဲ ဆက်လက် ပြသနေ၏။

​"မင်မင်းဆက်၏ အလယ်အလတ်ကာလတွင်... ထူမူ အကျပ်အတည်းဖြစ်ပွားခဲ့ပြီး ယင်ကျုံး ဧကရာဇ်ဖမ်းဆီးခံခဲ့ရသည်... မိန်းမစိုးများဖြစ်သည့် ဝမ့်ကျန်း၊ လျိုကျင်း နှင့် ဝေ့ကျုံးရှန်းတို့က တစ်ယောက်ပြီးတစ်ယောက် အစိုးရကို နှောင့်ယှက်ခဲ့ကြပြီး ယန်စုန့်နှင့် သူ၏ သားတို့ကလည်း အကျင့်ပျက် ခြစားမှုများဖြင့် သောင်းကျန်းခဲ့ကြသည်..."

​အင်အားကြီးမားပြီး သစ္စာဖောက်တတ်သည့် ဤအမတ်များ၏ မျက်နှာများက ဗီဒီယိုထဲတွင် တစ်ယောက်ပြီးတစ်ယောက် ဖြတ်ပြေးသွား၏။

​လီရှန်ချန်းနှင့် အခြားသူများ၏ မျက်နှာအမူအရာက ပိုပို၍ လေးနက်လာရသည်။

​ချီမင်းသားမှာ ဒေါသထွက်လွန်း၍ ဆုပ်ကိုင်ထားသည့် သူ၏ လက်သီးများပင် အနည်းငယ် တုန်ယင်နေချေသည်။

​"အသုံးမကျတဲ့ကောင်...." သူက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ "ကျူးချီကျန်း... မင်းလို အမှိုက်ကောင်..... ဒီလှပတဲ့ တိုင်းပြည်ကြီးက ဒီအရူးကြောင့် ပျက်စီးသွားရပြီ..."

​ဤသည်က မင်မင်းဆက်၏ ကံကြမ္မာကို ထိခိုက်စေမည့် အရေးကြီးသည့် အချိုးအကွေ့တစ်ခု ဖြစ်ကြောင်း လူတိုင်း သိမြင်နိုင်ချေသည်။

​အကယ်၍ အနာဂတ်က ဧကရာဇ်တွေကသာ ကြိုးကြိုးစားစားနဲ့ တိုင်းပြည်ကို ကောင်းကောင်း အုပ်ချုပ်နိုင်ခဲ့မယ်ဆိုရင် အခြေအနေတွေကို ပြန်လည် ထိန်းချုပ်နိုင်ကောင်း ထိန်းချုပ်နိုင်လိမ့်မည်။ အကယ်၍ မဟုတ်ဘူးဆိုရင်တော့...

​လူတွေက သူတို့ အကြောက်ဆုံးအရာက တကယ် ဖြစ်လာမှာကိုပါပဲ။

​ဗီဒီယိုက ဆက်လက် ပြသနေသည်နှင့်အမျှ လူတိုင်း၏ နှလုံးသားက ပိုပို၍ လေးလံလာ၏။

​ဤအချိန်တွင် မည်သူကမျှ ဟုန်ဝူဧကရာဇ်ကို မကြည့်ရဲကြဘဲ အမြဲတမ်းသတ္တိကောင်းလေ့ရှိသည့် ချီမင်းသားပင်လျှင် ကြောက်ရွံ့မှုကို ခံစားနေရသည်။

​သူက ခမည်းတော်ကို ခိုးကြည့်လိုက်ရာ ခမည်းတော်၏ မျက်နှာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေပြီး ထိုတည်ငြိမ်မှုက သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေသည်ကို တွေ့လိုက်ရ၏။

​ချီမင်းသားက မနေနိုင်ဘဲ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ နောင်တော်လေးရဲ့ သားမြေးတွေအားလုံးက ဘယ်လိုလုပ် ဒီလောက်တောင် အသုံးမကျတဲ့သူတွေ ဖြစ်နေရတာလဲဟ....

​ဒါက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်....

​"ဝမ်လီ ခေတ်ကာလတွင် ကျန်းကျူကျန်းက ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ခဲ့ပြီး မင်မင်းဆက်ကို ပြန်လည် အသက်သွင်းပေးခဲ့သည်..."

​မြင်ကွင်းတွင် လွှဲကြိုးတစ်ချောင်းဥပဒေကို အကောင်အထည် ဖော်နေသည်ကို ပြသနေသော်လည်း... "ပြုပြင်ပြောင်းလဲရေးကို တာဝန်ယူခဲ့သူ ကွယ်လွန်သွားခြင်းနှင့်အတူ ပြုပြင်ပြောင်းလဲရေးက အဆုံးသတ်သွားခဲ့ပြီး အောင်မြင်မှုများ အားလုံး ပျောက်ဆုံးသွားခဲ့သည်..."

(NT- အဲ့ဥပဒေမပေါ်ခင်က ပြည်သူတွေရဲ့ အခွန်စနစ်က အရမ်းရှုပ်ထွေးပါတယ်... ပြည်သူတွေက အခွန်ကို ဆန်စပါး၊ ဂျုံ၊ ပိုးထည်၊ လက်မှုပစ္စည်းစတာတွေနဲ့ ပေးဆောင်ရတဲ့အပြင် အစိုးရအတွက် အခမဲ့ လုပ်အားပေးတွေကိုပါ မဖြစ်မနေ လုပ်ပေးရပါတယ်။ ဒီလို ရှုပ်ထွေးတဲ့စနစ်ကို အခွင့်ကောင်းယူပြီး ဒေသခံ အရာရှိတွေက ကြားထဲကနေ ခေါင်းပုံဖြတ် အမြတ်ထုတ်ကြပါတယ်... အဲ့တာမို့ အရင်က ကောက်ခံနေတဲ့ မြေခွန်၊ လုပ်အားခွန်၊ ကုန်ပစ္စည်းခွန် အဲ့လ်ု အခွန်အားလုံးက တစ်ခုတည်းအဖြစ်ပြောင်းလဲခဲ့ပါတယ်... အရင်ကလို အခွန်ကို ဆန်စပါး၊ ပိုးထည်၊ သီးနှံတွေနဲ့ အစိုးရအတွက် အခမဲ့ လုပ်အားတွေအစား တစ်ခုတည်းအဖြစ် ငွေကြေးကိုပဲ အခွန်ဆောင်စေခဲ့ပါတယ်... ပြီးတော့ အခွန်ကို အိမ်ထောင်စု လူဦးရေကို မတွက်ချက်တော့ပဲ မြေယာအကျယ်ဝန်းကိုပဲ အဓိကထားတွက်ချက်ခဲ့ပါတယ်...)

​...

​"မင်မင်းဆက် နှောင်းပိုင်းကာလတွင် တုံးလင်အဖွဲ့အစည်း နှင့် မိန်းမစိုးအဖွဲ့အစည်းတို့ကြား အာဏာလုပွဲက ပြင်းထန်လာခဲ့ပြီး နန်းတွင်းက အုပ်စုဖွဲ့ တိုက်ခိုက်မှုများထဲတွင် နစ်မွန်းနေခဲ့သည်..."

​မြင်ကွင်းတွင် နန်းတွင်းအမတ်များက တိုင်းပြည်ကို အုပ်ချုပ်ရာ၌ အဆက်မပြတ်ငြင်းခုံနေကြပြီး သာမန်ပြည်သူများ၏ ဆင်းရဲဒုက္ခများကို လျစ်လျူရှုထားသည်ကို ပြသနေချေသည်။

​"သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားပြီး ဒုက္ခသည်များ နေရာအနှံ့ ရှိနေသည်... မဟာတံတိုင်း အပြင်ဘက်တွင် နှောင်းပိုင်းချင်းမင်းဆက်က အင်အားကြီးထွားလာနေပြီး ပြည်တွင်းပြည်ပ ပြဿနာများဖြင့် ရင်ဆိုင်နေရသည်..."

​ငတ်မွတ်နေသည့် ပြည်သူများ ထွက်ပြေးနေကြသည့် မြင်ကွင်းများနှင့်အတူ အလံရှစ်ခုတပ်ဖွဲ့၏ မြင်းသည်တော်များ၏ ပုံရိပ်များက တစ်လှည့်စီ ထွက်ပေါ်လာခဲ့၏။

​"ချုံးကျန်း ဧကရာဇ်နန်းသက် ဆယ့်ခုနစ်နှစ်၊ တတိယလ၏ ဆယ့်ကိုးရက်နေ့တွင်... လီကျိချန်က ပေကျင်းကို သိမ်းပိုက်နိုင်ခဲ့သည်..."

​မြင်ကွင်းတွင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် အထီးကျန်ပုံရိပ်တစ်ခုက ခြောက်ကပ်နေသည့် ညဉ့်ယံတွင် တစ်ယောက်တည်း လမ်းလျှောက်နေပြီး မေရှန်းတောင်ဆီသို့ ဖြည်းညှင်းစွာ ဦးတည်သွားနေလေသည်။

​ထိုပုံရိပ်က အေးစက်နေသည့် လေပြင်းထဲတွင် အလွန်တရာ အားနည်းနေပုံရပြီး တိုင်းပြည်တစ်ခုလုံး၏ နောက်ဆုံးဝန်ထုတ်ဝန်ပိုးကို ထမ်းပိုးထားရသကဲ့သို့ ရှိချေသည်။

​ရထားလုံးထဲရှိ လေထုက အေးခဲသွားသကဲ့သို့ ဖြစ်သွားပြီး လူတိုင်းက သူတို့၏ နှလုံးသားပေါ်တွင် ဧရာမ ကျောက်တုံးကြီးတစ်တုံး ဖိချခံထားရသကဲ့သို့ ခံစားလိုက်ရကာ လေးလံစွာ ကျဆင်းသွားရ၏။

​လူတိုင်း၏ အကြည့်များက မျက်နှာပြင်ပေါ်တွင် သူ၏ အဆုံးသတ်ဆီသို့ ဦးတည်သွားနေသည့် ဧကရာဇ်ထံတွင် ရပ်တန့်နေချေသည်။

​အသက်ရှူကြပ်မတတ် လေထုကြီးက လူတိုင်းကို လွှမ်းခြုံထားပြီး ထိုအခိုက်အတန့်တွင် သူတို့၏ အသက်ရှူခြင်းပင် အလွန် ခက်ခဲလာသယောင် ရှိ၏။

​နောက်တစ်စက္ကန့်တွင် အံ့ဩဖွယ်ရာတစ်ခုခု ဖြစ်လာပါစေ၊ သစ္စာစောင့်သိတဲ့ စစ်တပ်တစ်ခု ရုတ်တရက် ရောက်လာတာမျိုး ဒါမှမဟုတ် နတ်စစ်သည်တွေ ကောင်းကင်ကနေ ဆင်းသက်လာပြီး အခြေအနေကို ပြောင်းလဲပေးတာမျိုး ဖြစ်ပါစေလို့ သူတို့ ဘယ်လောက်တောင် မျှော်လင့်နေခဲ့ကြမည်နည်း။

​ဒါပေမဲ့ အသိတရားကတော့ မင်မင်းဆက်ဟာ နောက်ဆုံးမှာ ပျက်စီးသွားပြီ ဖြစ်ကြောင်း အေးစက်စွာ သတိပေးနေခဲ့လေသည်။

​ချုံးကျန်ဧကရာဇ်က မေရှန်းတောင်ပေါ်ရှိ ရှေးဟောင်း လိုကပ်စ်ပင်အိုကြီးတစ်ပင်တွင် ကြိုးဆွဲချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြီး ငါသေပြီးတဲ့နောက် တမလွန်က ဘိုးဘေးတွေကို ရင်ဆိုင်ဖို့ မျက်နှာမရှိတော့ဘူးဟူသည့် နောက်ဆုံး စကားကို ချန်ရစ်ထားခဲ့လေသည်။

​နောက်ဆုံးမြင်ကွင်းက လေထဲတွင် လွင့်ဝဲနေသည့် အဝတ်စတစ်ခုနှင့်အတူ ထိုကောက်ကွေးနေသည့် သစ်ပင်အိုကြီးပေါ်တွင် ရပ်တန့်သွား၏။

​ကားထဲတွင် သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။

​ဟုန်ဝူဧကရာဇ်၏ မျက်လုံးများက သွေးကြောများ ယှက်နွှယ်နေပြီး ရှတာ၏ ကျားမျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေကာ လီရှန်ချန်းက မျှော်လင့်ချက်မဲ့စွာဖြင့် မျက်လုံးများကို မှိတ်ထားပြီး ချီမင်းသားက သူ၏ မျက်လုံးထောင့်မှ မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်ချေသည်။

​ကျန်းယဲ့က အချိန်ကိုက်ပင် ဗီဒီယိုကို ရပ်တန့်လိုက်ပြီး လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ရာက လာသည့် ဤဧည့်သည်တော်များကို လေးလံလှသည့် ဤသမိုင်းကြောင်းကို နားလည် လက်ခံနိုင်ရန် အချိန်ပေးလိုက်၏။

​ဖော်ပြ၍ မရနိုင်သည့် ဖိနှိပ်မှုနှင့် ဝမ်းနည်းကြေကွဲမှုများက လေထုထဲတွင် ပြည့်နှက်နေပြီး လူတိုင်း၏ နှလုံးသားထဲမှ ရှိုက်ငိုသံများကိုပင် ကြားနေရသကဲ့သို့ ရှိချေသည်။

​ဟုန်ဝူဧကရာဇ်က မျက်လုံးများကို မှိတ်ကာ ထိုင်ခုံကို မှီထားပြီး သူ၏ လက်ချောင်းများက လက်ရန်းပေါ်ရှိ ပန်းပုလက်ရာများကို မသိမသာ ပွတ်သပ်နေခဲ့၏။ ရှတာ၏ ဆုပ်ကိုင်ထားသည့် လက်သီးများပေါ်တွင် သွေးကြောများ ထောင်တက်နေပြီး လီရှန်ချန်းက ခေါင်းငုံ့ကာ ထိုင်နေရင်း သူ၏ မုတ်ဆိတ်ဖြူများနှင့် ဆံပင်များက အနည်းငယ် တုန်ယင်နေခဲ့သည်။

​အချိန်အတော်ကြာပြီးနောက် ကျန်းယဲ့၏ ကြည်လင်သည့် အသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။

​"အဲ့ဒါက သမိုင်းပါ... အခုက အခုပါပဲ..."

​ဤစကားများက တိမ်တိုက်များကို ဖောက်ထွက်လာသည့် နေရောင်ခြည်ကဲ့သို့ပင်ဖြစ်ရာ လူတိုင်းက တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်။

​အသက်ရှူကြပ်မတတ်လေထုက ချက်ချင်း ပျောက်ကွယ်သွားပြီး စိတ်သက်သာရာရမှုနှင့် ရှင်းလင်းပြတ်သားမှုများဖြင့် အစားထိုး နေရာယူလာလေသည်။

​ဟုန်ဝူဧကရာဇ်က မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ၏ နှုတ်ခမ်းထက်တွင် အပြုံးသဲ့သဲ့လေးတစ်ခု ပေါ်လာခဲ့သည်။ "မိတ်ဆွေငယ်လေး... မင်းပြောတာ လုံးဝ မှန်တယ်..."

​အရှင်မင်းကြီး၏ သဘောထားကို မြင်သည့်အခါ နန်းတွင်းအမတ်များကလည်း အလျင်အမြန် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ကြပြီး ဧကရာဇ်၏ စကားကို ထောက်ခံလိုက်ကြ၏။

​"ဒါဆိုရင်လည်း..." ဟုန်ဝူဧကရာဇ်က ကျန်းယဲ့ကို စူးစိုက်ကြည့်လိုက်သည်။ "မိတ်ဆွေငယ်လေး... မင်မင်းဆက်ပြီးတဲ့နောက် တရုတ်ပြည်ကြီးမှာ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်ခဲ့သလဲဆိုတာကို ပြောပြပါလား..."

​ကျန်းယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး မျက်နှာပြင်ကို ခေါက်ကာ ပြောလိုက်၏။ "ဆက်ကြည့်ကြပါခင်ဗျာ..."

​မျက်နှာပြင်က ထပ်မံလင်းလတ်လာပြီး မြင်ကွင်းက ချင်းစစ်တပ်၏ မြင်းသည်တော်များ တံတိုင်းအတွင်းသို့ ဝင်ရောက်လာသည့် ပုံရိပ်သို့ ပြောင်းလဲသွားသည်။

​"ရွှင်းကျစ်နန်းသက် ပထမနှစ်တွင် ချင်းစစ်တပ်က တံတိုင်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဆံပင်ရိတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်... ခေါင်းကိုထားချင်ရင် ဆံပင်ကိုရိတ်.... ဆံပင်ကိုထားချင်ရင် ခေါင်းကိုဖြတ်ဟု အမိန့်ပေးခဲ့သည်..."

​မြင်ကွင်းတွင် ထက်မြက်သည့် ဓားများကို ကိုင်ဆောင်ထားသည့် ချင်းစစ်သားများက လမ်းမပေါ်ရှိ ဟန်လူမျိုးများ၏ခေါင်းများကို အတင်းအကျပ် ဆံပင်ရိတ်နေကြပြီး ခုခံသူများကို ချက်ချင်းပင် သွေးသံရဲရဲ ဖြစ်အောင် သတ်ပစ်နေကြသည်ကို ပြသနေချေသည်။

​ဟုန်ဝူဧကရာဇ်၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားပြီး အေးစက်သည့် သတ်ဖြတ်ချင်စိတ်များက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။

​သူ၏ အကြည့်များက ဓားတစ်လက်ကဲ့သို့ မျက်နှာပြင်ပေါ်ရှိ အရှက်ရဖွယ် မြင်ကွင်းများတွင် ရပ်တန့်နေချေသည်။

​လွန်ခဲ့သည့်အချိန်က သူသည် ဖြောင့်မတ်သည့် စစ်တပ်ကို ဦးဆောင်ကာ သွေးထွက်သံယို တိုက်ပွဲများကို ဆင်နွှဲခဲ့ပြီး နောက်ဆုံးတွင် မွန်ဂို ယွမ်မင်းဆက်ကို ဖြုတ်ချနိုင်ခဲ့ကာ ဟန်လူမျိုးများ၏ သားစဉ်မြေးဆက်များကို မတ်မတ်ရပ်တည်နိုင်စေခဲ့ပြီး အဆင့်နိမ့် လေးတန်းစား နိုင်ငံသားများအဖြစ် သတ်မှတ်မခံရအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။

​မင်းဆက်တွေ ပြောင်းလဲသွားတာနဲ့ ဟန်လူမျိုးတွေရဲ့ သားစဉ်မြေးဆက်တွေက ဒီလို အရှက်တကွဲ အကျိုးနည်းဖြစ်မှုကို နောက်တစ်ကြိမ် ခံစားရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ....

​ရွံစရာကောင်းလိုက်တာ....

​ဒေါသထွက်စရာ ကောင်းလိုက်တာ.....

​ဝမ်းနည်းစရာ ကောင်းလိုက်တာ....

​မြင်ကွင်းတစ်ခုစီတိုင်းက ရဲရဲတောက် ပူလောင်နေသည့် သံပူတစ်ခုကဲ့သို့ လူတိုင်း၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။

​သွေးအိုင်ထဲတွင် လဲကျသွားသူများ အားလုံးက ဟန်လူမျိုးများ၏ သားကောင်းရတနာတွေပင်။

​ချီမင်းသား၏ အသက်ရှူနှုန်းက ပိုပို၍ မြန်ဆန်လာပြီး မျက်လုံးများက သွေးကြောများ ယှက်နွှယ်နေကာ သူ၏ လက်သီးများကို အရိုးများ မြည်သွားသည်အထိ တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

​သူက မျက်နှာပြင်ကို ဖောက်ထွက်ပြီး သူ့ရဲ့ မျိုးနွယ်တူတွေကို စော်ကားခဲ့တဲ့ ချင်းစစ်သားတွေကို သေတဲ့အထိ တိုက်ခိုက်ချင်စိတ်တွေ ပေါက်နေခဲ့သည်။

​"ယန်ကျိုးလူသတ်ပွဲ၊ ကျားတင်းလူသတ်ပွဲ..."

​မြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းသည့် လူသတ်ပွဲကြီးများဆီသို့ ပြောင်းလဲသွားပြီး အပျက်အစီးများကြားတွင် အလောင်းများ ပြန့်ကျဲနေကာ မြို့ရိုးကျုံးရေက အနီရင့်ရောင် ပြောင်းနေချေသည်။

​အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများက သွေးအိုင်ထဲတွင် လဲကျနေကြပြီး သူတို့၏ အသက်မဲ့နေသည့် မျက်လုံးများက ကောင်းကင်ယံကို ငေးကြည့်နေကြ၏။

​အတွေ့အကြုံရင့်ပြီး ရဲရင့်သည့် စစ်သူကြီး ရှတာပင်လျှင် ထိုအခိုက်အတန့်တွင် သူ၏ နှလုံးသားထဲမှ စူးရှသည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

​သူက သူ၏ ဘဝတစ်ဝက်ကျော်ကို စစ်ပွဲတွေထဲမှာ ဖြတ်သန်းခဲ့ပြီး တောင်လိုပုံနေတဲ့ အလောင်းတွေနဲ့ သွေးပင်လယ်တွေကို မရေမတွက်နိုင်အောင် မြင်ခဲ့ဖူးပေမဲ့ ဒီအခိုက်အတန့်မှာ ခံစားရသလိုမျိုး အားကိုးရာမဲ့တဲ့ ခံစားချက်မျိုးကို တစ်ခါမှ မခံစားခဲ့ရချေ။

​သူ၏ မျိုးနွယ်တူများ ဆင်းရဲဒုက္ခ ခံစားနေရသည်ကို မြင်တွေ့ရခြင်း၊ သူတို့၏ သွေးများဖြင့် တည်ဆောက်ခဲ့သည့် မင်းဆက်ကြီး ပြိုလဲသွားသည်ကို မြင်တွေ့ရခြင်းနှင့် ဟန်လူမျိုးများ နောက်တစ်ကြိမ် ဤကဲ့သို့သော အခြေအနေမျိုးသို့ ကျရောက်သွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ စစ်သူကြီးအိုကြီးက သူ၏ လက်သည်းများကို လက်ဖဝါးထဲသို့ စူးဝင်သွားသည်အထိ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိ၏။

​လွန်ခဲ့တဲ့ အချိန်က သူတို့ အသက်ပေးပြီး ကာကွယ်ခဲ့တဲ့ ဂုဏ်သိက္ခာတွေ၊ သူတို့ သွေးတွေနဲ့ ရယူခဲ့တဲ့ ကျောရိုးတွေက ဒီကရုဏာမဲ့တဲ့ လူသတ်သမားတွေရဲ့ ဓားအောက်မှာ တစ်လက်မချင်းစီ ကျိုးပဲ့ပျက်စီးနေပြီပဲ.....

​ထို့နောက်တွင် ပြသလာသည့် စာပေရေးရာ စုံစမ်းစစ်ဆေးမှုများ ၊ တံခါးပိတ် ဝါဒများ နှင့် အခြားသော လုပ်ဆောင်ချက်များက ထိုနေရာရှိ လူတိုင်း၏ နှလုံးသားကို အကြိမ်ကြိမ် လွှဖြတ်နေသည့် တုံးနေသော ဓားတစ်လက်နှင့် တူနေတော့သည်။

အခန်း ၄၃၅ပြီး၏။

All Chapters