အခန်း ၄၃၈
Vol. 44 Ch. 438
အခန်း ( ၄၃၈ ) ဇာတ်ရုပ်ပေါ်လုနီးပါး
လီရှန်ချန်းက သူ၏ မုတ်ဆိတ်ကို ပွတ်သပ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ခံစားချက်များ ပြည့်နှက်နေ၏။ "ဟုတ်တယ်... အတိတ်က အရိပ်အယောင်လေး တစ်ခုကိုတောင် ရှာတွေ့ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး... အချိန်ရဲ့ အပြောင်းအလဲတွေက ယှဉ်လို့မရနိုင်အောင် ကြီးမားလှတယ်..."
ဟုန်ဝူဧကရာဇ်က ပြတင်းပေါက်အပြင်ဘက်ကို တိတ်ဆိတ်စွာ ငေးကြည့်နေပြီး သူ၏ မျက်လုံးများက နက်ရှိုင်းနေကာ ဤခေတ်မီ မြို့ပြတောအုပ်ကြီးထဲမှတစ်ဆင့် သူကိုယ်တိုင် စီစဉ်တည်ဆောက်ခဲ့သည့် ယင်ထျန်းမြို့တော်၏ အရိပ်အယောင်များကို ရှာဖွေနေသကဲ့သို့ ရှိချေသည်။ နောက်ဆုံးတွင်တော့ သူက တိုးတိုးလေး သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့၏။
သူက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ "တကယ်ပဲ ဘာမှကို မခွဲခြားနိုင်တော့တာပဲ..."
ခရီးသွားဘတ်စ်ကားက နန်ကျင်း၏ ကျယ်ဝန်းလှသည့် လမ်းမကြီးများပေါ်တွင် ဖြည်းညှင်းစွာ မောင်းနှင်သွားလေသည်။ မကြာမီတွင် ကားက ခမ်းနားထည်ဝါပြီး လေးနက်သည့် အဆောက်အအုံတစ်ခုဖြစ်သော ဂျပန်စစ်တပ်၏ နန်ကျင်း လူသတ်ပွဲမှ သားကောင်များအတွက် အောက်မေ့ဖွယ်ခန်းမသို့ ရောက်ရှိသွားခဲ့၏။
ဟုန်ဝူဧကရာဇ်နှင့် သူ၏ အဖွဲ့သားများက လာရာလမ်းရှိ ဗီဒီယိုထဲတွင် ထိုကြေကွဲဖွယ်သမိုင်းကြောင်းကို မြင်တွေ့ခဲ့ရပြီးဖြစ်ရာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။
သို့သော် အဆုံးမရှိ ဝမ်းနည်းမှုများကို သယ်ဆောင်ထားသည့် ဤမြေပေါ်သို့ တကယ်တမ်း ခြေချလိုက်ပြီး ပြခန်းထဲတွင် ပြသထားသည့် ထိတ်လန့်တုန်လှုပ်ဖွယ် အဖြူအမည်းဓာတ်ပုံများနှင့် ထပ်မံ၍ ထပ်မံ၍ စုပုံနေသည့် သားကောင်များ၏ တိတ်ဆိတ်သော စွပ်စွဲချက်များကို ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့်အခါ အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်နေသည့် လေးလံမှုနှင့် အသက်ရှူကြပ်မတတ် ခံစားချက်များက သူတို့ကို အသက်ရှူရ ခက်ခဲစေဆဲပင်။
တိတ်ဆိတ်သည့် ဝမ်းနည်းပူဆွေးမှုက လေထုထဲတွင် ပြည့်နှက်နေခဲ့သည်။ ဟုန်ဝူဧကရာဇ်နှင့် သူ၏ အဖွဲ့သားများက လေးနက်သည့် မျက်နှာအမူအရာများဖြင့် ဝမ်းနည်းနေသည့် လူအုပ်ကြီးနှင့်အတူ ဖြည်းညှင်းစွာ ရှေ့သို့ လျှောက်လှမ်းသွားလိုက်ကြ၏။
ဓာတ်ပုံထဲမှ မျှော်လင့်ချက်မဲ့နေသည့် မျက်နှာတစ်ခုစီတိုင်း... သမိုင်း၏ ဖုန်တက်နေသည့် အကြွင်းအကျန် တစ်ခုစီတိုင်းက ထိုကပ်ဘေးကြီး၏ ကြောက်မက်ဖွယ်ကောင်းမှုများကို တိတ်ဆိတ်စွာ ပြောပြနေကြသည်။
အရိုးစုပေါင်း မရေမတွက်နိုင်အောင် ပြသထားသည့် တွင်းကြီးတစ်ခုဆီသို့ ရောက်ရှိသွားပြီး ပုံစံအမျိုးမျိုးဖြင့် သိပ်သည်းစွာ စုပုံနေသည့် ရုပ်အလောင်းများကို ကြည့်လိုက်သည့်အခါ ထိုသူတို့၏ သေဆုံးခါနီး အချိန်မှ ရုန်းကန်မှုများနှင့် နာကျင်မှုများကို ကိုယ်တိုင် ခံစားနေရသကဲ့သို့ ရှိလှသဖြင့် ချီမင်းသား၏ ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်လာရ၏။ နောက်ဆုံးတွင် သူက မနေနိုင်ဘဲ သွားများကြားမှတစ်ဆင့် အထင်အမြင်သေးစွာ နှာမှုတ်လိုက်မိလေသည်။
"အဲ့ဒီ ဂျပန်ဓားပြတွေက ဘယ်လောက်တောင် ရဲတင်းလိုက်လဲ... ငါ ပြန်ရောက်တာနဲ့ ငါ့တပ်တွေကို ပြင်ဆင်ပြီး ဒီအနာဂတ်အန္တရာယ်ကို ရှင်းလင်းဖို့အတွက် အဲ့ဒီ ဂျပန်မျိုးနွယ်တစ်ခုလုံးကို သတ်ပစ်မယ်..."
သူ၏ အသံက မကျယ်သော်လည်း ယိမ်းယိုင်မှုမရှိသည့် အမုန်းတရားများ ပါဝင်နေသဖြင့် တိတ်ဆိတ်နေသည့် အောက်မေ့ဖွယ် ခန်းမကြီးထဲတွင် ပို၍ ရှင်းလင်းနေခဲ့၏။
အံ့အားသင့်စရာကောင်းသည်မှာ အမြဲတမ်း တည်ငြိမ်နေတတ်သည့် ရှတာ၊ လီရှန်ချန်းနှင့် အခြားသူများထဲမှ မည်သူကမျှ ဆန့်ကျင်စကား မဆိုခဲ့ကြခြင်းပင်။ ထို့အစား သူတို့၏ မျက်လုံးများကလည်း ထပ်တူညီသည့် ဒေါသများဖြင့် တောက်လောင်နေပြီး ချီမင်းသား၏ အစွန်းရောက်သော်လည်း ကျေနပ်စရာကောင်းသည့် အကြံအစည်ကို သဘောတူသည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်ကြသည်။
အမြဲတမ်း တွေးခေါ်မြော်မြင်တတ်ပြီး အခြေအနေ အရပ်ရပ်ကို ထည့်သွင်းစဉ်းစားလေ့ရှိသည့် ဟုန်ဝူဧကရာဇ်ပင်လျှင် ယခုအခါတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းတွင်းမှ ဖြူရော်နေသည့် အရိုးများကို စူးစိုက်ကြည့်ရင်း နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ တိတ်ဆိတ်နေခဲ့သည်။
သူ၏ အတွေ့အကြုံရင့် မျက်နှာပေါ်တွင် ကြွက်သားများက အနည်းငယ် လှုပ်ယမ်းနေပြီး သူ၏ မျက်လုံးများထဲတွင် ဧကရာဇ်တစ်ပါး၏ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဒေါသများနှင့် သွေးသားတော်စပ်မှု၊ တာဝန်ယူမှုတို့မှ မြစ်ဖျားခံလာသည့် ပိုမိုနက်ရှိုင်းသော စူးရှသည့် နာကျင်မှုများက ရောယှက်နေချေသည်။
ဒါက သူ့ရဲ့ မြို့တော်... သူ့ မင်မင်းဆက်ကြီးရဲ့ နှလုံးသား...
သူသေဆုံးပြီး ရာစုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ သူ့ရဲ့တိုင်းပြည်က နိုင်ငံငယ်လေး တစ်နိုင်ငံရဲ့ နင်းခြေသတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး သူ့ရဲ့ ပြည်သူတွေက ဒီလို ကပ်ဘေးကြီးတစ်ခုကို ကြုံတွေ့ခဲ့ရတယ်တဲ့လား....
ဘယ်တိုင်းပြည် တည်ထောင်သူ ဧကရာဇ်ကများ ဒီလို မြင်ကွင်းမျိုးကို မြင်ပြီး ဒေါသမထွက်ဘဲ မနာကြည်းဘဲ နေနိုင်မည်နည်း.......
ချီမင်းသားက သူ၏ သတ်ဖြတ်လိုစိတ်များ အပြည့်ပါသည့် ပထမဆုံးအနေနဲ့ ဂျပန်တွေကို အကုန်သတ်ပစ်မယ်ဟူသည့် စကားကို ပြောပြီးသည်နှင့် မတော်တဆ ဖြတ်လျှောက်သွားသည့် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက ရုတ်တရက် ရပ်တန့်သွားပြီး ခေတ်မီ တီရှပ်ကို ဝတ်ဆင်ကာ ရှေးဟောင်းစကားများကို ပြောနေသည့် လူငယ်လေးကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်၏။
ထို့နောက် သူက အံ့အားသင့်မှုနှင့် နောက်ပြောင်သည့် လေသံဖြင့် ပေါ့ပေါ့ပါးပါး ဝင်ပြောလိုက်သည်။ "ဟေး... လူငယ်လေး... မင်းက တော်တော် သတ္တိကောင်းတာပဲ... ပြန်မယ်... အသက်မွေးဝမ်းကျောင်းပြုဖို့ ဘယ်ကို ပြန်မှာလဲ..."
ချီမင်းသားက ဝမ်းနည်းမှုနှင့် ဒေါသများထဲတွင် နစ်မြောနေဆဲ ဖြစ်၏။ သူ၏ ပါးစပ်က ဦးနှောက်ထက် ပိုမြန်နေပြီး ဘာမှမတွေးဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။ "သေချာပေါက် ငါတို့ရဲ့ မဟာမင်မင်းဆက်ကြီးဆီ ပြန်မှာပေါ့...."
ထိုစကားကို ကြားသည့်အခါ လူလတ်ပိုင်း အမျိုးသားမှာ မှင်တက်သွားရ၏။ သူက မျက်တောင် တဖျတ်ဖျတ်ခတ်ကာ ချီမင်းသား၏ ခေတ်ပေါ်နှင့် ရှေးဟောင်းရောယှက်နေသည့် ဝတ်စုံကို အထက်အောက် သေချာ အကဲခတ်ကြည့်ပြီးနောက် အားရပါးရ ရယ်မောလိုက်လေတော့သည်။
သူက ချီမင်းသား၏ ပခုံးကို ပုတ်လိုက်၏။ "မင်မင်းဆက်ဆီ ပြန်မယ်... ဟားဟား... ညီလေး... မင်းက ဇာတ်ရုပ်ထဲ တော်တော်ဝင်နေတာပဲ... မသိတဲ့သူတွေ ဆိုရင် မင်းကို တကယ်ပဲ မင်မင်းဆက်က အချိန်နဲ့ ဟင်းလင်းပြင်ကို ဖြတ်ပြီး ခရီးသွားလာတယ်လို့တောင် ထင်သွားနိုင်တယ်..."
ဤစကားများက ထက်မြက်သည့် ဆူပူကြိမ်းမောင်းမှု တစ်ခုကဲ့သို့ပင် ချီမင်းသားအား သူ၏ ဒေါသထွက်နေသည့် အခြေအနေမှ ချက်ချင်း ဆွဲထုတ်သွားခဲ့လေသည်။
သူက ရုတ်တရက် လန့်နိုးသွားပြီး သူ၏ လည်ပင်းနောက်ဘက်တွင် အေးစက်စက် ခံစားချက်တစ်ခု ဖြတ်ပြေးသွား၏။ သူက ခေါင်းကို တောင့်တောင့်ကြီး လှည့်ကြည့်လိုက်ရာ တည်ငြိမ်နေသယောင် ရှိသော်လည်း တကယ်တမ်းတွင် သတ်ဖြတ်ချင်စိတ်များ အပြည့်ရှိနေသည့် သူ၏ ခမည်းတော် ဟုန်ဝူဧကရာဇ်၏ အကြည့်များနှင့် ရှတာ၊ လီရှန်ချန်းနှင့် အခြား နန်းတွင်းအမတ်များ၏ မင်း အရူးလား နှင့် ပါးစပ်ပိတ်ထားစမ်းဟု အဓိပ္ပာယ်ရသည့် သေမင်းတမန် အကြည့်များနှင့် သေချာပေါက် ဆုံတွေ့လိုက်ရသည်။
ချီမင်းသားက သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သူက ခြောက်ကပ်ကပ် အတင်းရယ်မောလိုက်ပြီး လွတ်မြောက်ရန်အတွက် ဟားဟား... ကျွန်တော် နောက်နေတာပါဟူသည့် အရူးလို ဆင်ခြေများကို ဖန်တီးရန် ပြင်လိုက်ချိန်မှာပင် ထိုဧရိယာတွင် တိတ်တဆိတ် လေ့လာနေကြသည့် လူငယ်ခရီးသွား အနည်းငယ်က တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြပြီး သူတို့၏ မျက်လုံးများက သူ့အပေါ်တွင် ရပ်တန့်သွားကာ သိချင်စိတ်များ၊ စိတ်လှုပ်ရှားမှုများ အပြည့်ရှိနေသည့် အမူအရာများဖြင့် သူ့ကို အထက်အောက် အကဲခတ်လာကြသည်ကို သတိပြုမိလိုက်သည်။
မိန်းကလေးငယ်တစ်ဦးက မျက်လုံးများ တလက်လက် တောက်ပလျက် သူမ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဘဲ တိုးတိုးလေး အော်ဟစ်လိုက်၏။ "ဘုရားရေ... ရှင်... ရှင်ကများ... ဒဏ္ဍာရီလာ ဒါရိုက်တာကျန်းခေါ်လာတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူးနော်...."
ချီမင်းသားက စိတ်ထဲမှ အရူးအမူး ခေါင်းညိတ်လိုက်လေသည်။
မိန်းကလေး... မင်း ခန့်မှန်းတာ မှန်တယ်.....
ငါက မင်မင်းဆက်ရဲ့ တကယ့် အစစ်အမှန် ချီမင်းသားပဲ....
သို့သော် သူက တောင့်တင်းပြီး ဖန်တီးထားသည့် အပြုံးတစ်ခုကိုသာ ပြုံးပြနိုင်တော့၏။ သူ၏ နှုတ်ခမ်းများက လှုပ်ရှားသွားသော်လည်း အမှန်တရား တစ်ခွန်းကိုမျှ မပြောရဲတော့ချေ။ သူက "မဟုတ်ပါဘူး" ဟု ပြောရန် ပြင်လိုက်၏။
သို့သော် နောက်ကျသွားချေပြီ။
ဒါရိုက်တာကျန်းဆိုသည့် စကားလုံးများက မှော်ဆန်သည့် စွမ်းအားတစ်ခု ရှိနေသကဲ့သို့ သူတို့ ပတ်ဝန်းကျင်ရှိ ဧရိယာလေး တစ်ခုလုံးကို ချက်ချင်း မီးတောက်သွားစေ၏။
ခရီးသွားများက စိတ်လှုပ်ရှားစွာ တီးတိုးပြောဆိုနေကြပြီး သူတို့၏ မျက်လုံးများက ချီမင်းသားအပေါ်တွင် မရှိတော့ဘဲ အောက်မေ့ဖွယ်ခန်းမတစ်ခုလုံးကို ရှာဖွေရေး မီးမောင်းများကဲ့သို့ ဝေ့ကြည့်ကာ သူတို့ဘာသာ ရေရွတ်နေကြတော့သည်။
"ဘယ်မှာလဲ... ဒါရိုက်တာကျန်းက ဘယ်မှာလဲ"
"မြန်မြန်... ပတ်ဝန်းကျင်ကို ကြည့်... ဘိုးဘေးကြီးများ ရုပ်ဖျက်ပြီး လာလည်နေပြန်ပြီလား..."
"ဒီနေ့ ငါ ကံကောင်းလိမ့်မယ်ဆိုတာ ငါသိသားပဲ.... ဘိုးဘေး ရှာဖွေရေး လမ်းညွှန်အရ ဒါရိုက်တာကျန်းကို ရှာတွေ့တယ်ဆိုတာက သမိုင်းဝင် ပုဂ္ဂိုလ်ကြီး ကိုယ်တိုင်ကို ရှာတွေ့တာနဲ့ အတူတူပဲတဲ့..."
"အားလုံး... လူခွဲပြီး ရှာကြ... ထူးခြားတဲ့ ဝတ်စုံတွေ ဝတ်ထားတဲ့ လူအုပ်ကြီး ကြီးကြီးနဲ့ ဧည့်လမ်းညွှန်ပုံစံ ချောချောမောမော ကောင်လေးတစ်ယောက် ဦးဆောင်လာတဲ့ အဖွဲ့ကို ရှာကြည့်ကြဟေ့... "
တကယ်တော့ ချီမင်းသားက ထိုရယ်စရာကောင်းသည့် မင်မင်းဆက်ဆီ ပြန်မယ်ဆိုသည့် စကားလုံး သုံးလုံးကို ပြောလိုက်သည့် အခိုက်အတန့်မှာပင် မလှမ်းမကမ်းတွင် ရှိနေသည့် ကျန်းယဲ့၏ မျက်ခွံများက လှုပ်ခါသွားပြီး သူ၏ ဦးနှောက်ထဲတွင် အချက်ပေး ခေါင်းလောင်းသံများ မြည်လာခဲ့ပြီ ဖြစ်၏။
အလွန်တရာ အမြော်အမြင်ကြီးမားလှစွာဖြင့် သူက တည်ငြိမ်သယောင် ရှိသော်လည်း မြန်ဆန်လှသည့် ခြေလှမ်းများဖြင့် တိတ်တဆိတ် လှုပ်ရှားလိုက်ပြီး အခြား လူအုပ်တစ်အုပ်ထဲသို့ ရောနှောဝင်ရောက်သွားကာ မုန်တိုင်း၏ မျက်လုံးဖြစ်သည့် ချီမင်းသားထံမှ အလျင်အမြန် ရှောင်ခွာသွားလိာက်သည်။
ကျန်းယဲ့က လမ်းလျှောက်နေရင်း စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်နေခဲ့၏။
မင်းတို့ ငါ့ကို မမြင်ရဘူး... မင်းတို့ ငါ့ကို မမြင်ရဘူး...
သူကိုတာ မတွေ့ပါက ချီမင်းသားက ခုန်ပေါက်ပြီး ငါ့အဖေက ဟုန်ဝူဧကရာဇ်ကွလို့ အော်ရင်တောင် လူတိုင်းက ဒီကောင် စိတ်ဖောက်ပြီး ကော့စ်ပလေးလုပ်နေတာ၊ ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ် တင်မလို့ နေမှာပါလို့ပဲ ထင်ကြလိမ့်မယ်... ဒါပြီးရင် ပြီးသွားမှာပဲ... တကယ်ကြီးလို့ ဘယ်သူမှ ခန့်မှန်းမိမှာ မဟုတ်ဘူး...
'ဘေးကင်းရေး ပထမပဲ.. မြန်မြန် လစ်မှ..'
ပတ်ဝန်းကျင်ရှိ ခရီးသွားများက သူတို့၏ လည်ပင်းများကို ဆန့်ကာ ပတ်ဝန်းကျင်ကို ရှာဖွေနေကြသော်လည်း ဒဏ္ဍာရီလာ ဒါရိုက်တာကျန်းကို ဘယ်နေရာမှာမှ မတွေ့ရချေ။ သူတို့၏ စိတ်အားထက်သန်မှုက တဖြည်းဖြည်း လျော့ကျသွားပြီး ၎င်းကို အသေးအဖွဲ အဖြစ်အပျက်လေး တစ်ခုအနေဖြင့်သာ သတ်မှတ်လိုက်ကြတော့၏။
သို့သော် အစက စကားလာပြောသည့် လူလတ်ပိုင်း အမျိုးသားကတော့ ချီမင်းသားကို စိတ်ဝင်စားသွားခဲ့လေသည်။ မင်မင်းဆက်ဆီ ပြန်မယ်ဆိုသည့် သူ၏ ပြတ်သားလှသော စကားက အမျိုးသား၏ သိချင်စိတ်ကို နှိုးဆွလိုက်ပုံရသည်။
သူက မနေနိုင်ဘဲ ရှေ့သို့ တိုးလာကာ တစ်ဝက် နောက်ပြောင် တစ်ဝက်အတည်ဖြင့် မေးလိုက်၏။ "လူငယ်လေး... ခုနက မင်း ပြောတဲ့ပုံစံက အရမ်း လေးနက်နေတယ်နော်... အကယ်၍... ငါဆိုလိုတာက အကယ်၍ မင်းက တကယ်ပဲ မင်မင်းဆက်က လာတာဆိုရင်... ခုနက မင်းပြောသလို အဲ့ဒီ ကျွန်းနိုင်ငံကို တကယ်ပဲ သွားပြီး သတ်ပစ်မှာလား..."
ထိုစကားကို ကြားသည့်အခါ ချီမင်းသားက တွေဝေခြင်း အလျဉ်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်..."
အခန်း ၄၃၈ပြီး၏။