အခန်း ၄၄၀
Vol. 44 Ch. 440
အခန်း ( ၄၄၀ ) ပညာရေး ခံယူချက်
ဟူရုံက ကျန်းယဲ့ထံသို့ သတိထားကာ ချဉ်းကပ်သွားပြီး သူမ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ မေးလိုက်၏။ "ဒါရိုက်တာကျန်း... ဒီဘိုးဘေးကြီးတွေက ဘယ်သူတွေလဲဟင်... ကျွန်မ လျှို့ဝှက်ထားပါ့မယ်လို့ ကတိပေးပါတယ်..."
သူမ၏ သိချင်စိတ် ပြည့်နှက်နေသော်လည်း စိုးရိမ်နေသည့် အမူအရာကို မြင်သည့်အခါ ကျန်းယဲ့က ရယ်ချင်သွားပြီး ပထမဆုံးအဖြစ် သူမ သတိထားမိခဲ့သည့် အစွန်းရောက်ဆုံးလူဖြစ်သော ချီမင်းသားကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီမှာ... ဒါက မဟာ မင်မင်းဆက်ကြီးရဲ့ ချီမင်းသားပဲ..."
ထို့နောက် သူ၏ အကြည့်များက ရှေ့ဆုံးတန်းတွင် ထိုင်နေပြီး တည်ငြိမ်ကာ အာဏာရှိသည့် အသွင်အပြင်ကို ထုတ်လွှတ်နေသော ဟုန်ဝူဧကရာဇ်ထံသို့ ပြောင်းလဲသွားပြီး သူက တည်ငြိမ်သည့် အသံဖြင့် မိတ်ဆက်ပေးလိုက်၏။ "ပြီးတော့ ဒီလူကြီးမင်းကတော့ မင်မင်းဆက်ကို တည်ထောင်ခဲ့တဲ့ ဧကရာဇ်... မင်မင်းဆက်ရဲ့ ထိုက်ကျူဧကရာဇ်... ဟုန်ဝူ ဧကရာဇ်ပဲ..."
"ကျူး... ဟုန်ဝူ ဧကရာဇ်..."
ထိုစကားလုံး သုံးလုံးကို ကြားလိုက်ရသည့် အခိုက်အတန့်မှာပင် ဟူရုံ၏ မျက်လုံးများက အလွန်အမင်း တောက်ပသွားပြီး သူမ၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားရသည်။
သူမက အသက်ပင် မရှူဝံ့ဘဲ ဟုန်ဝူဧကရာဇ်ထံသို့ ချဉ်းကပ်သွားကာ လက်အုပ်ချီလျက် သူမ၏ မျက်လုံးများထဲတွင် တောင်းဆိုမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေစွာဖြင့် မေးလိုက်၏။ "ဘိုးဘေးကြီး... ကျွန်မ အတူတူ ဓာတ်ပုံရိုက်လို့ ရမလားဟင်... တစ်ပုံတည်းပါပဲ..."
ဟုန်ဝူဧကရာဇ်က စိတ်လှုပ်ရှားနေပြီး အနည်းငယ် စကားတွေ ထစ်အနေသည့် အနာဂတ်မှ မိတ်ဆွေငယ်လေးကို ကြည့်ကာ ရှားရှားပါးပါး ညင်သာသည့် အပြုံးတစ်ခု ပေါ်လာပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်လေသည်။
"ရတယ်လေ..."
ဟူရုံမှာ အသံထွက်၍ပင် အော်ဟစ်လိုက်မိတော့မတတ်ဖြစ်သွားရ၏။ သူမက ဖုန်းကို အလျင်အမြန် ထုတ်ယူကာ ထောင့်ကို ဂရုတစိုက် ချိန်ညှိလိုက်ပြီး ထိုင်နေသည့် ဟုန်ဝူဧကရာဇ်နှင့်အတူ ဆဲလ်ဖီတစ်ပုံ ရိုက်လိုက်လေသည်။
ဓာတ်ပုံရိုက်ပြီးသည့်တိုင် သူမက မကျေနပ်သေးဘဲ သူမ၏ အိတ်လေးထဲမှ သေသပ်လှပသည့် မှတ်စုစာအုပ်တစ်အုပ်နှင့် ဘောပင်တစ်ချောင်းကို အလျင်အမြန် ထုတ်ယူကာ ရှက်ရွံ့ပြီး အနည်းငယ် အားနာသည့် အမူအရာဖြင့် ကမ်းပေးလိုက်၏။
"အမ်း... အရှင်မင်းကြီး... ကျွန်မ... ကျွန်မ လက်မှတ်လေး ရနိုင်မလားဟင်..."
ဟုန်ဝူဧကရာဇ်က ချောမွေ့ပြီး ဖြူလွနေသည့် စက္ကူနှင့် မှင်မလိုဘဲ ရေးနိုင်သည့် ထူးဆန်းသော ဘောပင်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် သိချင်စိတ် အနည်းငယ် ဖြတ်ပြေးသွားခဲ့သည်။ သို့သော် သူက ချက်ချင်းပင် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ဘောပင်ကို ယူကာ ဟူရုံ လက်ညှိုးထိုးပြသည့် နေရာတွင် ဟုန်ဝူဧကရာဇ်ဟူသည့် စာလုံး သုံးလုံးကို ခိုင်မာပြီး အားကောင်းစွာဖြင့် လက်မှတ်ရေးထိုးပေးလိုက်သည်။
လက်ရေးက အားကောင်းပြီး ဧကရာဇ်တစ်ပါး၏ အငွေ့အသက်များ ပါဝင်နေ၏။
ဟူရုံက မှတ်စုစာအုပ်ကို လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီး ၎င်းပေါ်ရှိ လက်မှတ်ကို ကြည့်ကာ တန်ဖိုးဖြတ်မရသည့် ရတနာတစ်ခုကို ရှာတွေ့လိုက်သည့်အလား စိတ်လှုပ်ရှားစွာဖြင့် အထက်အောက် ခုန်ပေါက်နေပြီး ဖိနှိပ်ထားရသည့် တိုးညှင်းသော "ဝိုး"ဆိုသည့် အသံလေးတစ်ခု ထွက်ပေါ်လာရသည်။
ထို့နောက် ကျန်းယဲ့က ဘာမှ ဆက်မပြောရသေးခင်မှာပင် ဟူရုံ၏ အကြည့်များက ကားထဲရှိ အခြားလူများထံသို့ စိတ်အားထက်သန်စွာ ရောက်ရှိနေပြီ ဖြစ်၏။
ကျန်းယဲ့က ရှတာနှင့် လီရှန်ချန်းတို့မှ စတင်၍ ကားထဲရှိ တိုင်းပြည်တည်ထောင်သူ အမတ်ကြီးများကို သူမအား မိတ်ဆက်ပေးလိုက်လေသည်။
ဟူရုံက ပရိသတ်တွေ့ဆုံပွဲတွင် ရောက်နေသည့်အလား သမိုင်းရေစီးကြောင်းထဲတွင် ကျော်ကြားခဲ့သည့် ပုဂ္ဂိုလ်ကြီးတစ်ဦးချင်းစီတိုင်းကို ကြည်ညိုပြီး စိတ်လှုပ်ရှားနေသည့် နှလုံးသားဖြင့် လက်ဆွဲနှုတ်ဆက်လေတော့သည်။
'ငါက စစ်သူကြီး ရှတာရဲ့ လက်ဖဝါးက ထူထဲနေတဲ့ အသားမာတွေကို ခံစားခဲ့ရပြီ... ပြီးတော့ ဝန်ကြီးချုပ် လီရှန်ချန်းရဲ့ လက်ချောင်းထိပ်လေးတွေက အေးစက်စက် အထိအတွေ့လေးကိုလည်း ထိတွေ့ခဲ့ရပြီ...'
ထို့နောက် ဓာတ်ပုံရိုက်ခြင်းနှင့် လက်မှတ်တောင်းခြင်းများ အလှည့်ကျလာခဲ့၏။ လုပ်ငန်းစဉ်က မရေမတွက်နိုင်အောင် လေ့ကျင့်ထားသည့်အလား အလွန် အဆင်ချောနေချေသည်။ တစ်ပတ်လောက် လှည့်ပတ်ပြီးသည့်အခါ သူမ၏ မှတ်စုစာအုပ်တွင် တန်ဖိုးရှိလှသည့် လက်မှတ်များ နောက်ထပ် တစ်တန်းထပ်တိုးလာပြီး သူမ၏ ဖုန်းဓာတ်ပုံအယ်လ်ဘမ်တွင်လည်း ဓာတ်ပုံများဖြင့် ပြည့်လျှံသွားခဲ့သည်။
ကားက ယာယီ ကားရပ်ခွင့်ပြုထားသည့် လမ်းဆုံတစ်ခုသို့ ရောက်ရှိသည့်အခါ ဟူရုံက ဆင်းရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း သိလိုက်၏။
သူမက မှတ်စုစာအုပ်နှင့် ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကျန်းယဲ့ကို လေးလေးနက်နက် ကတိပေးလိုက်သည်။ "ဒါရိုက်တာကျန်း... စိတ်မပူပါနဲ့... ဒီနေ့ ဘိုးဘေးကြီးတွေနဲ့အတူ ကျွန်မ မြင်ခဲ့ရတာတွေကို ဘယ်သူ့ကိုမှ လုံးဝ မပြောပါဘူးလို့ ကတိပေးပါတယ်... ကျိန်ရဲပါတယ်..."
ကျန်းယဲ့က သူမ၏ လေးနက်နေသည့် အမူအရာကို ပြုံးကြည့်ရင်း ပေါ့ပေါ့ပါးပါးပင် ဖြည့်စွက်ပြောလိုက်၏။ "ရပါတယ်... နောက်တစ်ပတ်နေရင် လူတွေကို ပြောပြလို့ ရပါပြီ..."
ဟူရုံမှာ အစပိုင်းတွင် မှင်တက်သွားသော်လည်း ရုတ်တရက် ဘာဖြစ်နေသည်ကို နားလည်သွားပြီး ပျော်ရွှင်စွာဖြင့် အထပ်ထပ်အခါခါ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့... ဟုတ်ကဲ့... ကျွန်မ နားလည်ပါပြီ.."
ကားပေါ်မှ မဆင်းခင် ဟူရုံက တံခါးဝတွင် ရပ်ကာ ကျန်းယဲ့ကို လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများ တလက်လက် တောက်ပနေပြီး သူမ၏ အသံက နှလုံးသားထဲမှ ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။ "ဒါရိုက်တာကျန်း... ရှင်က တကယ်ကို ကျွန်မရဲ့ ကံကောင်းစေတဲ့ အဆောင်လေးပဲ... ကျွန်မက အိမ်မှာရှိတဲ့ ရှင့်ရဲ့ ပိုစတာတွေကို နေ့တိုင်း ဆုတောင်းနေခဲ့တာ... တကယ်ပဲ အလုပ်ဖြစ်သွားတာပဲ... ကျွန်မရဲ့ ဆန္ဒတွေ ပြည့်ဝသွားပြီပဲ..."
ကျန်းယဲ့ - "..."
'ငါ့ကို ကိုးကွယ်တယ်လား...
ဒါ ဘယ်လို ရူးကြောင်ကြောင် ကိစ္စကြီးလဲ...
သူက အသက်ရှင်လျက် ကျန်းမာနေသေးတယ်လေ...
ဒီခံစားချက်ကြီးက... အရမ်းကို သိမ်မွေ့ပေမဲ့ ကြောက်စရာ ကောင်းလိုက်တာ...'
ဟူရုံက ကျန်းယဲ့၏ ဖော်ပြ၍မရနိုင်သော မျက်နှာအမူအရာကို သတိမထားမိဘဲ ကျေနပ်ပျော်ရွှင်စွာဖြင့် ထွက်သွားလိုက်သည်။
သူမအတွက်တော့ သန်းရာချီ ဒါမှမဟုတ် ဘီလီယံချီတဲ့ လူတွေနဲ့ အပြိုင် အချိန်ခရီးသွားနိုင်မယ့် အဲ့ဒီ ကျဉ်းမြောင်းတဲ့ အခွင့်အရေးလေးကို ရဖို့ ယှဉ်ပြိုင်ရတာက သေချာပေါက် ခက်ခဲလေသည်။
ဒါပေမဲ့ ဒီနေ့မှာတော့ သူမရဲ့ ဇာတိမြို့၊ သူမရဲ့ ကိုယ်ပိုင်ခေတ်ကာလမှာ အသက်ရှင်နေတဲ့ ဘိုးဘေးကြီးတွေနဲ့ တွေ့ဆုံခွင့်ရပြီး သူတို့ရဲ့ လက်မှတ်တွေ၊ ဓာတ်ပုံတွေကို အတူတူ ရိုက်ခွင့်ရခဲ့တာက သူမအတွက် အရမ်းကို ကံကောင်းလွန်းလှသည်။
ဒါက ထူးခြားပြီး မေ့ပျောက်လို့မရနိုင်တဲ့ ကံကောင်းခြင်းလေး တစ်ခု မဟုတ်ဘူးလား...
ဟူရုံ ကားပေါ်မှ ဆင်းသွားပြီးနောက် ခရီးသွား ဘတ်စ်ကားက ခရီးဆက်လာခဲ့ပြီး ဤတစ်ကြိမ်တွင် မြို့အရှေ့ပိုင်းတွင် တည်ရှိသည့် နာမည်ကြီး အလယ်တန်းကျောင်း တစ်ကျောင်းသို့ ဦးတည်သွား၏။
စာသင်ချိန်ဖြစ်သဖြင့် ကျောင်းဝင်းတစ်ခုလုံးတွင် ကျောင်းသားများ အသံထွက်ဖတ်နေသည့် အသံများဖြင့် ပြည့်နှက်နေချေသည်။ အတန်းအချို့သာ ကစားကွင်းတွင် ကာယသင်ခန်းစာများ ယူနေကြပြီး ကလေးများ ပြေးလွှားဆော့ကစားနေသည့် တက်ကြွသော အသံများက လေထုထဲတွင် ပြည့်နှက်နေ၏။
ကျန်းယဲ့နှင့် သူ၏ အဖွဲ့သားများ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် ကြိုတင်အသိပေးခံထားရသည့် ကျောင်းအုပ်ကြီးနှင့် ပညာရေးမှူး အချို့က သူတို့ကို နွေးထွေးစွာ ကြိုဆိုလိုက်ကြသည်။
ကျောင်းအုပ်ကြီးနှင့် အခြားသူများက ဟုန်ဝူဧကရာဇ်နှင့် သူ၏ အဖွဲ့သားများ၏ တိကျသည့် မည်သူမည်ဝါ ဖြစ်ကြောင်းကို မသိကြသော်လည်း သူတို့ကို အထူးဂရုစိုက် ဆက်ဆံရန်၊ ဧည့်သည်တော်များ၏ ရာထူး သို့မဟုတ် နာမည်များကို မထုတ်ဖော်ရန်နှင့် အရာအားလုံးကို အမြင့်ဆုံးအဆင့်အတန်းများဖြင့် ဆောင်ရွက်ရန် အထက်အဆင့်မှ ညွှန်ကြားချက်များကို လက်ခံရရှိထားခြင်း ဖြစ်၏။
ဤခမ်းနားလှသည့် လူအုပ်စုကြီးကြောင့် ဤပုဂ္ဂိုလ်များက သေချာပေါက် သာမန်လူများ မဟုတ်ကြောင်း ကျောင်းအုပ်ကြီးကို နားလည် သဘောပေါက်သွားစေခဲ့သည်။
ကျောင်းအုပ်ကြီးက အဖွဲ့ကို လိုက်လံပြသရန် ပြင်ဆင်နေချိန်မှာပင် ချီမင်းသားက ကစားကွင်းတွင် ပြေးလေ့ကျင့်နေသည့် မိန်းကလေးတစ်စုကို တွေ့လိုက်ရပြီး အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။ "အမျိုးသမီးတွေ... အမျိုးသမီးတွေလည်း ကျောင်းတက်လို့ ရတာလား... ပြီးတော့ အမျိုးသားတွေနဲ့ အတူတူ ပညာသင်လို့ ရတယ်...."
ကျောင်းအုပ်ကြီးက ထိုမေးခွန်းကြောင့် မှင်တက်သွားပြီး အလိုအလျောက် ပြန်ဖြေလိုက်၏။ "သေချာတာပေါ့... မိန်းကလေးတွေက ဘယ်လိုလုပ် ကျောင်းမတက်ဘဲ နေလို့ရမှာလဲ..."
သို့သော် သူ စကားပြောပြီးသည်နှင့် ချက်ချင်း ရပ်တန့်သွားပြီး မယုံကြည်နိုင်စရာ တစ်ခုခုကို မြင်တွေ့လိုက်ရသည့်အလား ချီမင်းသား၏ အံ့အားသင့်နေသည့် စကားများကို ပြန်လည် စဉ်းစားကြည့်လိုက်သည်။ ထို့နောက် အမျိုးသမီးများ ကျောင်းတက်ခြင်းဆိုသည့် အကြံဉာဏ်က ရှေးခေတ်လူများအတွက်တော့ အလွန် တုန်လှုပ်ဖွယ်ရာ ဖြစ်နိုင်ကြောင်းနှင့် အထက်မှ လျှို့ဝှက်ထားရန် ညွှန်ကြားချက်များကို စဉ်းစားမိသွားလေသည်။
ထို့နောက် ရဲတင်းသည့် ခန့်မှန်းချက် တစ်ခုက ချက်ချင်း ပေါ်ထွက်လာ၏။
သေစမ်း...
ယခင်က တွင်ကျယ်စွာ ပျံ့နှံ့ခဲ့သည့် ဒါရိုက်တာကျန်းက ချင်မင်းဆက်ရဲ့ ပထမဆုံးဧကရာဇ်ကို ခရီးသွား လိုက်လံပြသခဲ့သည်ဆိုသည့် သတင်းနှင့် ပေါင်းစပ်ကြည့်လိုက်လျှင်...
ဒီလူတွေကများ... အခုရောက်လာတဲ့ သမိုင်းဝင် ဘိုးဘေးကြီးတွေထဲက တစ်ဖွဲ့များ ဖြစ်နေမလား....
ကျောင်းအုပ်ကြီး၏ အတွေးများက ဝေဝါးစွာ ပြေးလွှားနေပြီး သူ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း အလျင်အမြန်ပင် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ယဉ်ကျေးသည့် အပြုံးတစ်ခုကို ဖန်တီးလိုက်လေသည်။
သူက ချီမင်းသားအား စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။ "လူကြီးမင်း... ကျွန်တော်တို့ ခေတ်မှာက ကျား၊ မ တန်းတူညီမျှမှုကို တန်ဖိုးထားပါတယ်... အမျိုးသမီးတွေမှာလည်း ပညာသင်ကြားခွင့် ရှိပါတယ်..."
"အမျိုးသမီးတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက နယ်ပယ်အသီးသီးမှာ အမျိုးသားတွေထက် လုံးဝ မနိမ့်ကျဘူးဆိုတာ သက်သေပြပြီးပါပြီ..."
"ဒီနေ့ခေတ်မှာဆိုရင် အစိုးရအေဂျင်စီတွေအပြင် သိပ္ပံသုတေသန၊ ပညာရေး၊ စီးပွားရေးနဲ့ အခြား လုပ်ငန်းတွေမှာပါ ထူးချွန်တဲ့ အမျိုးသမီး အထက်တန်းလွှာတွေ အများကြီး ရှိပါတယ်..."
သူက ရှင်းပြနေရင်း အဖွဲ့၏ တုံ့ပြန်မှုများကို မသိမသာ အကဲခတ်ကြည့်လိုက်၏။
သူတို့က အံ့အားသင့်နေပုံရသော်လည်း မည်သည့် အထင်အမြင်သေးမှု သို့မဟုတ် ဆန့်ကျင်မှုမျိုးမှ မပြကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့က သေချာ အာရုံစိုက်ပြီး နားထောင်နေကြကာ အထူးသဖြင့် အလယ်တွင် ဝိုင်းရံခံထားရပြီး အခန့်ညားဆုံး အမူအရာ ရှိသည့် သက်ကြီးရွယ်အိုက အနည်းငယ် ခေါင်းညိတ်ပြနေသည်ကို တွေ့ရ၏။
ဤလုပ်ရပ်က ကျောင်းအုပ်ကြီး၏ သံသယများကို ပိုမို ခိုင်မာသွားစေလေသည်။
ကျောင်းအုပ်ကြီးက စတင်ရှင်းပြသည့်အခါ ကျန်းယဲ့က တစ်ဖက်လူအနေဖြင့် ဟုန်ဝူဧကရာဇ်နှင့် အခြားသူများ မည်သူဖြစ်ကြောင်းကို ခန့်မှန်းမိသွားပြီ ဖြစ်ကြောင်း သတိပြုမိလိုက်၏။
သို့သော် သူက ၎င်းကို ထောက်မပြဘဲ ငြိမ်းချမ်းမှုနှင့် တိတ်ဆိတ်မှုကို ခံစားနေရင်း အတွေ့အကြုံရင့် ကျောင်းအုပ်ကြီးက ရှေးခေတ်လူများ နားလည်နိုင်လောက်သည့် စကားလုံးများကို တတ်နိုင်သမျှ အသုံးပြုကာ ခေတ်မီပညာရေးစနစ်အကြောင်း ရိုးရှင်းပြီး နားလည်ရလွယ်ကူအောင် ရှင်းပြသည့် အနေအထားသို့ အလွန် လွယ်ကူစွာ ပြောင်းလဲသွားသည်ကို စောင့်ကြည့်နေလိုက်သည်။
အခန်း ၄၄၀ပြီး၏။