← Chapters

အခန်း ၃၇၁

Vol. 38 Ch. 371

အခန်း ၃၇၁

Vol. 38 Ch. 371

အခန်း (၃၇၁)

အလှပြအရုပ်တွေအဖြစ် ဟန်ဆောင်ပြီး RealDoll တွေကို မှောင်ခိုတင်သွင်းခဲ့တဲ့ အဖွဲ့ဟာ အဲဒီအရုပ်အမြောက်အမြားကို လူကြီးသုံးပစ္စည်းအရောင်းဆိုင်တွေနဲ့ တခြားလုပ်ငန်းတွေဆီ ဖြန့်ဖြူးရောင်းချပြီး တရားမဝင် အကျိုးအမြတ်တွေ ရယူခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်။ ရဲတပ်ဖွဲ့က ဝယ်ယူခဲ့တဲ့ လူတွေကို ဆက်သွယ်ခဲ့ပေမဲ့ သူတို့အားလုံးက ဝယ်ယူခဲ့ခြင်းမရှိကြောင်း ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ကြပါတယ်။

ဖမ်းဆီးရမိတဲ့ မှောင်ခိုခေါင်းဆောင်က မှောင်ခိုသွင်းခဲ့တာကို ဝန်ခံခဲ့ပေမဲ့ RealDoll တွေဟာ အမေရိကန်မှာ စမ်းသပ်စစ်ဆေးမှု အမျိုးမျိုးကို အောင်မြင်ထားတဲ့ တရားဝင်ထုတ်ကုန်တွေဖြစ်လို့ အပြစ်မရှိကြောင်း လျှောက်လဲခဲ့တယ်။ အမှန်တော့ ကိုရီးယားမှာ အကောက်ခွန်ဥပဒေအရ ဒါတွေကို တင်သွင်းခွင့် ပိတ်ပင်ထားပေမဲ့ RealDoll ထုတ်လုပ်တာ ဒါမှမဟုတ် ရောင်းချတာကို တားမြစ်ထားတဲ့ ဥပဒေကတော့ မရှိသေးပါဘူး။ ဒါကြောင့် တရားစွဲဆိုရေးအဖွဲ့က ဘယ်လောက်အထိ ပြစ်ဒဏ်ပေးရမလဲဆိုတာကို အကျေအလည် တွေးတောနေခဲ့ရတာပါ။

တကယ်တော့ RealDoll နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေဟာ ပြီးခဲ့တဲ့ ခေတ်အဆက်ဆက်ကတည်းက နိုင်ငံတကာမှာ ရှိနေခဲ့တာပါ။ အငြင်းပွားမှု ရှိခဲ့တာက လိင်ပိုင်းဆိုင်ရာ ပွင့်လင်းပါတယ်ဆိုတဲ့ အမေရိကန်နဲ့ ဥရောပတို့မှာတောင် ဖြစ်ခဲ့တာပါ။ ဒီအခြေအနေကို ပိုပြီး မီးလောင်ရာပင့်ကူဖြစ်စေခဲ့တာကတော့ FaceIt က Dancing Rabbit ကုမ္ပဏီကို ဝယ်ယူပြီးနောက် ကမ္ဘာ့ပထမဆုံး VR RealDoll ဖြစ်တဲ့ Annie ကို မိတ်ဆက်လိုက်တာကြောင့်ပါပဲ။

အရင်တုန်းကတော့ RealDoll တွေဟာ သာမန် လိင်အင်္ဂါအတု အဆင့်လောက်ပဲ ရှိခဲ့ပေမဲ့ မကြာသေးခင်နှစ်တွေအတွင်းမှာ ဆက်စပ်နည်းပညာတွေက အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပြီး RealDollတွေရဲ့ ပုံစံက လူနဲ့ မခွဲခြားနိုင်လောက်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ အဲဒီအပြင် AIနည်းပညာနဲ့ VR နည်းပညာတွေပါ ပေါင်းစပ်လိုက်တဲ့အခါ တကယ့်လူတစ်ယောက်နဲ့ လိင်ဆက်ဆံရသလိုမျိုး အစားထိုးနိုင်တဲ့အဆင့်ကို ရောက်ရှိလာခဲ့တယ်။

Annieမှာ လူ့ခန္ဓာကိုယ်လိုမျိုး နူးညံ့တဲ့ အထိအတွေ့နဲ့ အပူချိန် ရှိတဲ့အပြင် ကွန်ရက်နဲ့ ချိတ်ဆက်နိုင်တဲ့ AI စနစ်လည်း ပါဝင်တာပါ။ VR နဲ့ ချိတ်ဆက်လိုက်တဲ့အခါ အသုံးပြုသူ မြင်တွေ့နေရတဲ့ screenနဲ့အညီ အရုပ်က သဘာဝကျကျ လှုပ်ရှားပေးနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အသုံးပြုသူတွေဟာ ပုံစံအသစ်နဲ့ ဖျော်ဖြေမှုကို ခံစားနိုင်လာကြတယ်။ ဒီနည်းလမ်းက လူနဲ့တူလွန်းလို့ စိတ်မသက်မသာဖြစ်ရတဲ့ ခံစားချက်ကို ကျော်လွှားနိုင်ခဲ့ပြီး လူပျိုကြီးတွေကြားမှာ အကြီးအကျယ် ရေပန်းစားသွားခဲ့တာပါ။

ပြဿနာကတော့ ဒါဟာ ချစ်သူရည်းစား ရှာဖွေရေးနဲ့ အိမ်ထောင်ရေး ဈေးကွက်အပေါ် ကြီးကြီးမားမား ပြောင်းလဲသွားစေတာပါပဲ။ စုံတွဲရှာဖွေရေးအေဂျင်စီတစ်ခုရဲ့ စစ်တမ်းအရ Annie ကို ဝယ်ယူထားတဲ့ အမျိုးသားတွေဟာ တခြားအမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် ချစ်သူရှာဖို့ စိတ်အားထက်သန်မှု နည်းပါးသွားကြပြီး ဆန့်ကျင်ဘက်လိင်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုလည်း လျော့နည်းသွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် စစ်တမ်းဖြေဆိုသူ တော်တော်များများက Annie နဲ့ မကြာခဏ စကားပြောဖြစ်ပြီး သံယောဇဉ်တောင် တွယ်တာမိတယ်လို့ ပြောကြပါတယ်။

ဒါဟာ အသုံးပြုသူ တော်တော်များများက RealDoll ကို လိင်ကိစ္စအတွက်တင်မကဘဲ ချစ်သူတစ်ယောက်လို သတ်မှတ်နေကြတာကို ပြသနေပြီး AI နဲ့ ချစ်သူဖြစ်သွားမယ့် အနာဂတ်က အခုကတည်းက စတင်နေပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဘာသာရေးအယူအဆပြင်းထန်တဲ့ ခရစ်ယာန်အဖွဲ့အစည်းတွေက ကန့်ကွက်ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပြီး စုန်းမတွေကို မီးရှို့သလိုမျိုး RealDoll တွေကို မီးပုံရှို့တဲ့ ကန့်ကွက်ပွဲတွေအထိ လုပ်ဆောင်ခဲ့ကြတယ်။ ဒါပေမဲ့ တကယ်တော့ အဲဒီမီးပုံရှို့တဲ့အထဲမှာ Annie အစစ်က အနည်းငယ်ပဲ ပါဝင်ပြီး အများစုကတော့ တရုတ်နိုင်ငံထုတ် ဈေးပေါတွေတဲ့ RealDoll တွေသာ ဖြစ်ပါတယ်။

အမျိုးသမီးအဖွဲ့အစည်းတွေကတော့ RealDoll တွေဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကုန်စည်အဖြစ် ထင်မှတ်စေမှုကို ပိုမိုဖြစ်လာစေပြီး လိင်ကိစ္စအပေါ် အမြင်မှားတွေ ဖြစ်စေကာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်ကောင်တွေကို ပိုမိုမွေးထုတ်ပေးလိမ့်မယ်လို့ အပြင်းအထန် ငြင်းခုံခဲ့ကြတယ်။ အမေရိကန်အတွင်းမှာလည်း RealDoll တွေကို ဘယ်အတိုင်းအတာအထိ ခွင့်ပြုရမလဲဆိုတာနဲ့ ပတ်သက်ပြီး ကိုယ်ကျင့်တရားဆိုင်ရာ အငြင်းပွားမှုတွေ ဆက်ရှိနေခဲ့တာပါ။

ဒီလိုဖြစ်ရပ်တွေ ဖြစ်ပွားရတာဟာ နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်ပြောင်းလဲနေပါစေ လိင်ကိစ္စအပေါ် လူတွေရဲ့ အယူအဆကတော့ အကြီးအကျယ် ပြောင်းလဲမသွားသေးတာကို ဖော်ပြနေတာပါပဲ။ RealDoll ရဲ့ လွှမ်းမိုးမှုကြောင့် လူတွေ အိမ်ထောင်မပြုကြတာ ဒါမှမဟုတ် ချစ်သူမရှာကြတာဟာ နောက်ဆုံးမှာတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ရွေးချယ်မှုသာ ဖြစ်လို့ ဒါကို ဥပဒေနဲ့ ပိတ်ပင်ဖို့က မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လိုအပ်နေတာကတော့ အမှန်ပါပဲ။ အနည်းဆုံးတော့ နိုင်ငံခြားမှာ ဒီအကြောင်းတွေကို ဆွေးနွေးနေကြပြီ ဖြစ်ပေမဲ့ ကိုရီးယားကတော့ အပြာကားတွေနဲ့ RealDoll တင်သွင်းမှုကို လုံးဝပိတ်ပင်ထားပြီး ဆွေးနွေးပွဲမှန်သမျှကို လုံးဝ ပိတ်ဆို့ထားတာပါ။

အင်တာနက်ပေါ်မှာတော့ ဝေဖန်သံတွေ ဆူညံနေခဲ့တယ်။

-Annie က ဗီဒီယိုတွေနဲ့ တွဲသုံးမှ တကယ့် အစွမ်းပြတာလေ။ RealDoll တွေကို ခွင့်ပြုပေးရင်တောင် အပြာကားတွေကို ပိတ်ထားတုန်းဆိုရင် ဘာထူးမှာလဲ။

-ကမ္ဘာ့အပြာကားလောကက တိုးတက်နေပြီ။ ကိုရီးယား တစ်နိုင်ငံထဲကပဲ ဂျိုဆွန်းခေတ်နှောင်းပိုင်းကလို တံခါးပိတ်ဝါဒကို ကျင့်သုံးနေတာ။

-ဒါတွေအားလုံးက ကွန်ဖြူးရှပ် အယူအဆတွေနဲ့ ဟန်ဆောင်ပြီး မွန်မြတ်ပြချင်နေတဲ့ လူတွေကြောင့်ပဲ။

-အခုအချိန်မှာ လွှတ်တော်အမတ် နမ်ဆောင်းဂွီ ကပဲ ငါတို့ရဲ့ တစ်ခုထဲသော မျှော်လင့်ချက် ဖြစ်တော့မယ်ထင်တယ်။

-လူတိုင်းရဲ့ မျှော်လင့်ချက်က နမ်ဆောင်းဂွီ ဆီမှာပဲ ရှိတော့တယ်။

-နမ်ဆောင်းဂွီ...အားမလျှော့နဲ့... ကြိုးစား...

လွှတ်တော်တွင်းမှာ ပါတီအချင်းချင်း အငြင်းပွားမှုတွေနဲ့ လွှတ်တော်အမတ် မြောင်ဂျင်ဝု ရာထူးက နုတ်ထွက်တဲ့ကိစ္စတွေကြောင့် ရှုပ်ထွေးနေချိန်မှာပဲ လွှတ်တော်အမတ် နမ်ဆောင်းဂွီ ဟာ ကန့်ကွက်မှုတွေ အမျိုးမျိုး ရှိနေတဲ့ကြားက သူ့ပါတီတွင်းက အဓိကအဖွဲ့ဝင်မဟုတ်တဲ့လူတွေနဲ့ အတိုက်အခံ ပါတီဝင်တွေရဲ့ သဘောတူညီချက်ကို ရယူပြီး အပြာကား တရားဝင်ဖြစ်မြောက်ရေး ဥပဒေကြမ်းကို တင်သွင်းခဲ့တယ်။

လူမှုပတ်ဝန်းကျင် အခြေအနေ၊ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှု၊ ပြီးတော့ ကွန်ဖြူးရှပ် အယူအဆနဲ့ နိုင်ငံရေးအရ မှန်ကန်မှုကို အလေးထားတဲ့ လက်ဝဲလက်ယာ အင်အားစုတွေရဲ့ ဖိအားတွေကြောင့် အပြာကား တရားဝင်ဖြစ်မြောက်ရေး ဥပဒေကြမ်းက လွှတ်တော်မှာ အတည်ပြုချက်ရဖို့ဆိုတာ တကယ်တမ်းတော့ မဖြစ်နိုင်သလောက်ပါပဲ။

ဒါကြောင့်မလို့လည်း နာမည်ကို 'အပြာကား ကြီးကြပ်ကွပ်ကဲမှု ဥပဒေ' လို့ အမည်ပြောင်းပြီး တင်သွင်းခဲ့တာပါ။ အဲဒီဥပဒေဟာ အပြာကားတွေရဲ့ မူပိုင်ခွင့်ကို အသိအမှတ်ပြုပြီး ထုတ်လုပ်ဖြန့်ချိမှုကို အပြစ်မပေးတော့ပေမဲ့ စိစစ်ရေးအဖွဲ့တစ်ခု ဖွဲ့စည်းပြီး လူကြီးဖြစ်ကြောင်း စစ်ဆေးမှုနဲ့ လူငယ်တွေကို ကာကွယ်စောင့်ရှောက်ရေး အပိုင်းကို ပိုပြီး တင်းကြပ်သွားမယ့် ပုံစံမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုခုကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်ပြီး ဆက်စပ်ဥပဒေတွေ ပြဋ္ဌာန်းလိုက်တယ်ဆိုတာဟာ အဲဒီဘောင်အတွင်းမှာ ဒါကို တရားဝင်ဖြစ်အောင် လုပ်ပေးလိုက်တာနဲ့ အတူတူပါပဲ။

ဒီဥပဒေကြမ်း တင်သွင်းမှုမှာ အကြီးမားဆုံး ရန်သူကတော့ တကယ်တမ်း အပြင်မှာ မဟုတ်ဘဲ အတွင်းထဲမှာ ရှိနေခဲ့တာပါ။ အမျိုးသမီးမိသားစုရေးရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီးနောက် လွှတ်တော်အမတ်အဖြစ် ပြန်လည်ရောက်ရှိလာတဲ့ လွှတ်တော်အမတ် ရှင်ဂျွန်မီ ဟာ ပါတီစွဲမရှိဘဲ အမျိုးသမီးလွှတ်တော်အမတ်တွေအားလုံးကို စုစည်းပြီး အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုကို တောင်းခံကာ ဒီဥပဒေကြမ်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်။

"ကိုရီးယားဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကုန်စည်အဖြစ် ပြောင်းလဲမှု၊ အမျိုးသမီးတွေကို ခေါင်းပုံဖြတ်မှုနဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပြင်းထန်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီလိုနိုင်ငံမျိုးမှာ အပြာကားတွေကို တရားဝင်ခွင့်ပြုလိုက်ရင် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေ ပိုတိုးလာပြီး အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးကို ကြီးကြီးမားမား ထိခိုက်စေပါလိမ့်မယ်။ ဒါကို ကျွန်မတို့က ဘာပဲဖြစ်ဖြစ် တားဆီးရပါမယ်"

ဒါက ရှင်ဂျွန်မီ အကြိမ်ကြိမ် ပြောခဲ့ဖူးတဲ့ စကားတွေမလို့ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီစကားကို ထောက်ခံမယ့် ခိုင်လုံတဲ့ သက်သေအထောက်အထားလည်း ရှင်ဂျွန်မီမှာ မရှိပါဘူး။

FaceIt ဟာ ဗီဒီယိုပံ့ပိုးပေးတဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အပြာကားတွေရဲ့ မူပိုင်ခွင့်ကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုကာ လှုပ်ရှားမှုတွေ လုပ်ဆောင်ပြီး တရားစွဲဆိုမှုတွေနဲ့ ကိုရီးယားအစိုးရကို ဖိအားပေးခဲ့တယ်။ အရင်တုန်းကတော့ ကိုရီးယား တရားစီရင်ရေး အာဏာပိုင်တွေက တရားမဝင် ပစ္စည်းတွေကို ကာကွယ်ဖို့အတွက် စုံစမ်းစစ်ဆေးပိုင်ခွင့်ကို အသုံးမပြုနိုင်ဘူးလို့ ပြောပြီး မူပိုင်ခွင့် တရားစွဲဆိုမှုအားလုံးကို ပယ်ချခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ FaceIt က ဖိုင်မျှဝေတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ဗီဒီယိုအမြောက်အမြားကို ပြန်တင်တဲ့လူတွေကို တရားစွဲဆိုခဲ့တဲ့ အမှုမှာ ပထမအဆင့် တရားရုံးက ကိုရီးယားဟာ WIPO (ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ချုပ်) ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ဗီဒီယိုတွေကို ကုန်သွယ်ဖက်နိုင်ငံမှာ တရားဝင် ထုတ်လုပ်ထားတာဖြစ်ပြီး လူမှုရေးစံနှုန်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာမျိုး မရှိရင် အဲဒီမူပိုင်ခွင့်ကို ကာကွယ်ပေးရမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ဥပဒေနဲ့ တကယ့်လက်တွေ့ အခြေအနေကြား ကွာဟချက်က အရမ်းကွာဟနေပြီ ဖြစ်တဲ့အတွက် ဆက်စပ်ဥပဒေတွေကို ပြဋ္ဌာန်းဖို့ လိုအပ်နေတာက ထင်ရှားနေပါတယ်။ ဒါပေမဲ့ အမျိုးသမီးအဖွဲ့တွေနဲ့ ဘာသာရေးအဖွဲ့တွေရဲ့ ကန့်ကွက်မှုက အစိုးရအတွက် အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုး ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာပဲ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

လွှတ်တော်အမတ် ရှင်ဂျွန်မီ ဝန်ကြီးအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ရှင်ဂျွန်မီရဲ့ ခင်ပွန်းဖြစ်သူက လာဘ်စားခဲ့တယ်ဆိုတဲ့ သံသယနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ လာဘ်စားတဲ့ သက်သေကို မတွေ့ရဘဲ ရှင်ဂျွန်မီ ခင်ပွန်းရဲ့ ကွန်ပျူတာထဲမှာ အပြာကား အမြောက်အမြားကို တွေ့ရှိခဲ့တာပါ။

တရားစွဲဆိုရေးအဖွဲ့က အရွယ်ရောက်ပြီးသား မင်းသမီးက ကျောင်းဝတ်စုံဝတ်ပြီး သရုပ်ဆောင်ထားတဲ့ အပြာကားကို ကလေးသူငယ်အလွဲသုံးစားလုပ်တဲ့ ဗီဒီယိုလို့ မှားယွင်းသတ်မှတ်ပြီး တရားစွဲဖို့အထိ လုပ်ခဲ့တယ်။ ဒီအချက်က လူသိရှင်ကြား ပေါက်ကြားသွားတဲ့အခါ အင်တာနက်ပေါ်မှာ ပွက်လောရိုက်သွားခဲ့ပါတယ်။

-ဝိုး... ကိုယ်ကိုယ်တိုင်ကတော့ အပြာကားတွေကို လုံးဝလက်မခံဘူးလို့ ပြောနေပြီး ခင်ပွန်းဖြစ်သူကတော့ အပြာကား အရူးအမူး ကြည့်တဲ့လူ ဖြစ်နေတာပဲ။

-ရှင်ဂျွန်မီရဲ့ လော့ဂျစ်အရဆိုရင် အပြာကားကြည့်တဲ့ ရှင်ဂျွန်မီရဲ့ ခင်ပွန်းဟာ အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်တဲ့ လိင်ရာဇဝတ်ကောင် ဖြစ်လာနိုင်ခြေ အများကြီး ရှိနေတာမလို့ ချက်ချင်း ဖမ်းဆီးရမယ်။

-ဒါပေါ့... ဒါက သေဒဏ်ပေးရမယ့်အဆင့်ပဲ။

-သူ တစ်ယောက်ထဲ ကြည့်တာလား၊ ဒါမှမဟုတ် လင်မယားနှစ်ယောက် အတူတူ ကြည့်ကြတာလား။

-ဘာပဲဖြစ်ဖြစ် လွှတ်တော်အမတ် မြောင်ဂျင်ဝု လိုပဲ၊ နိုင်ငံရေးသစ်ပါတီရဲ့ ဟန်ဆောင်မှုတွေကတော့ တကယ်ကို အံ့မခန်းပါပဲ​။

-ရှက်ကြောရှိသေးရင် ရာထူးကနေ နုတ်ထွက်လိုက်ပါတော့။

-နုတ်ထွက်ပေးပါ။

လွှတ်တော်အမတ် ရှင်ဂျွန်မီက မတရားဘူးလို့ ငိုယိုပြီး ပြောခဲ့ပေမဲ့ ပြည်သူတွေရဲ့ အကြည့်ကတော့ အေးစက်နေခဲ့တယ်။

မူပိုင်ခွင့်ဆိုင်ရာ ပြဿနာတွေ၊ နိုင်ငံခြားကုမ္ပဏီတွေရဲ့ ဖိအားတွေ၊ လွှတ်တော်အမတ် မြောင်ဂျင်ဝု နုတ်ထွက်ပြီးနောက် ပါတီတွင်း နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေ၊ ရှင်ဂျွန်မီကို ထောက်ခံတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ စိတ်ဝမ်းကွဲမှုတွေနဲ့ အင်တာနက် လူထုရဲ့ ထောက်ခံမှုတွေ အားလုံး ပေါင်းစပ်သွားပြီးနောက် နောက်ဆုံးမှာတော့ အပြာကား ကြီးကြပ်ကွပ်ကဲမှု ဥပဒေဟာ လွှတ်တော်မှာ မဲအရေအတွက်ကို ကပ်ပြီး အတည်ပြုချက် ရရှိသွားခဲ့ပါတယ်။

တင်းကြပ်တဲ့ စိစစ်မှုတွေနဲ့ စည်းမျဉ်းတွေ ရှိနေဦးမှာ ဖြစ်ပေမဲ့ ကိုရီးယားမှာ အပြာကားတွေကို တရားဝင် ထုတ်လုပ်ပြီး ဖြန့်ချိနိုင်မယ့် လမ်းကြောင်းကတော့ နောက်ဆုံးမှာ ပွင့်သွားခဲ့ပါပြီ။

-ဝိုး... ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျမိတယ်။

-အခုဆို လူကြီးတွေက လူကြီးဗီဒီယိုတွေကို စိတ်ကြိုက် ကြည့်လို့ရပြီပေါ့။

-ငါ့သက်တမ်းတစ်လျှောက်မှာ ကိုရီးယားမှာ အပြာကားတွေကို တရားဝင် ခွင့်ပြုပေးတာကို မြင်တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။

-ဒီနေ့ကို အပြာကား လွတ်လပ်ရေးနေ့အဖြစ် သတ်မှတ်သင့်တယ်။ ဂျပန် AV တွေရဲ့ လက်အောက်ကနေ လွတ်မြောက်တဲ့နေ့ပဲ။

-ဒါဆို အခုကစပြီး ဖိုင်မျှဝေတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ဆိုက်တွေကနေ အလကား ဒေါင်းလုပ်ဆွဲလို့ မရတော့ဘူးပေါ့ ဟုတ်လား။

-ပိုက်ဆံပေးပြီး ကြည့်ရတော့မှာပေါ့။

-ပိုက်ဆံရှိမှပဲ အပြာကား ကြည့်ရတော့မယ့် သဘောလား။

-ဝက်ဘ်ဆိုက်တွေမှာ ကုန်တဲ့ ပိုက်ဆံက FaceIt ရဲ့ လစဉ်ကြေးနဲ့ အတူတူပါပဲ။ အလကားဖိုင်တွေ လိုက်ရှာပြီး အချိန်ကုန်မယ့်အစား ပိုက်ဆံပေးပြီး ကောင်းကောင်းကြည့်တာက ပိုကောင်းတာပေါ့။

-FaceIt က ကိုရီးယားစာတန်းထိုးတွေကို တရားဝင် ထည့်ပေးတော့မယ်လို့ ပြောတယ်။ အနောက်တိုင်း မမလှလှတွေကို ကြည့်ရင်း အင်္ဂလိပ်စာ လေ့လာရမယ်။

-ငါကတော့ ရုရှားစာ လေ့လာမယ်။

-ငါကတော့ တစ်ရှူးတွေသွားဝယ်လိုက်ဦးမယ်။

အနည်းဆုံးတော့ ဒီဥပဒေက အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးဖို့ သေချာပေါက် အထောက်အကူပြုမှာ ဖြစ်ပါတယ်။ နိုင်ငံခြား အပြာကားတွေ ဘယ်လောက်ပဲ ဈေးကွက်ထဲကို ဝင်လာပါစေ၊ ဘယ်နိုင်ငံမှာမဆို ပြည်တွင်းဖြစ် ဗီဒီယိုတွေကို လိုချင်တဲ့ ဝယ်လိုအားကတော့ အမြဲတမ်း ရှိနေတာပါ။ စိစစ်ရေး၊ စီမံကိန်းရေးဆွဲရေး၊ ထုတ်လုပ်ရေး၊ ဖြန့်ချိရေးနဲ့ စောင့်ကြည့်ရေး ကဏ္ဍတွေမှာ ဆက်စပ်အလုပ်အကိုင်ပေါင်းထောင်ချီ ထွက်ပေါ်လာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

အမေရိကန်၊ ဂျပန်၊ ဥရောပနဲ့ တခြားနိုင်ငံတွေက အပြာကားကုမ္ပဏီတွေဟာ ဈေးကွက်ပွင့်လာမယ့် အခြေအနေကို မျှော်လင့်ပြီး ကိုရီးယားဈေးကွက်ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေကြပါပြီ။ FaceIt ကလည်း ကိုရီးယား အပြာကားဈေးကွက်ရဲ့ အလားအလာကို အမြင့်ကြီး သတ်မှတ်ထားပြီး ကိုရီးယားမှာ တရားဝင် ဝန်ဆောင်မှုတွေ စတင်မယ့်အပြင် ကိုရီးယားအပြာကား ထုတ်လုပ်ရေး လုပ်ငန်းထဲကိုပါ ဝင်ရောက်လုပ်ကိုင်မယ်လို့ ကြေညာခဲ့တယ်။

လွှတ်တော်အမတ် ရှင်ဂျွန်မီကတော့ ဒီဥပဒေကြမ်း အတည်ပြုမယ်ဆိုရင် ပါတီကနေ နုတ်ထွက်ဖို့ ဝန်မလေးဘူးလို့ အစောပိုင်းက ပြောခဲ့ပေမဲ့ တကယ်တမ်း အတည်ပြုပြီးသွားတဲ့ အခါမှာတော့ ပါတီတွင်းကနေပဲ အဆုံးအထိ တိုက်ပွဲဝင်ပြီး စောင့်ကြည့်သွားမယ်လို့ စကားလမ်းကြောင်း ပြောင်းသွားခဲ့တယ်။

ကျွန်တော်တို့အားလုံး အစ်မ အိုဟျွန်းဂျူးရဲ့ အိမ်မှာ ဆုံဖြစ်ကြပါတယ်။

"အို... ဂွန် လေးက တော်တော်ကြီးလာပြီပဲ"

"ပြောမနေနဲ့တော့။ အခုဆို သူ့ကို ချီဖို့တောင် မလွယ်တော့ဘူး"

ကလေးတွေက တကယ်ကို အထွားမြန်ကြတာပါ။

ကျွန်တော်တို့ ထမင်းစားပွဲမှာ ထိုင်ပြီး ဝိုင်သောက်ရင်း စားသောက်ကြပါတယ်။ စားသောက်နေရင်း အစ်မ ဟျွန်းဂျူးဆီကနေ Golden Gate ရဲ့ သတင်းတချို့ကို ကြားခဲ့ရတယ်။

"ရုံးခွဲမန်နေဂျာ ချေ့ ဆောက်ဝဲ က မကြာခင် ရာထူးကနေ အနားယူတော့မယ်"

ချေ့ ဆောက်ဝဲက ကျန်းမာရေးအခြေအနေကြောင့် အနားယူချင်တဲ့အကြောင်း ပြောထားပြီး ဆက်ခံမယ့်လူကို ရွေးချယ်တဲ့ လုပ်ငန်းစဉ်က စတင်နေပြီ ဖြစ်ပါတယ်။

"သူ့ကျန်းမာရေးက အဲလောက်တောင် ဆိုးနေလို့လား"

အစ်မ ဟျွန်းဂျူးက ခေါင်းခါပြတယ်။

"ဆိုးတာထက်စာရင် အခုအချိန်မှာ အနားယူချင်နေပြီလို့ ပြောရမှာပဲ"

"ဟုတ်ပါတယ်လေ။ သူလည်း အသက်အရွယ် ရလာပြီကိုး"

ကိုရီးယား၊ တရုတ်၊ ဂျပန်တို့ကို ဖယ်ထားရင်တောင် အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေက အရှိန်အဟုန်နဲ့ တိုးတက်နေတာမလို့ အာရှရုံးခွဲက အရေးကြီးတဲ့ နေရာတစ်ခုအဖြစ် ရှိနေတုန်းပါပဲ။ ဒါပေမဲ့ သူ့နေရာမှာ အစားထိုးဖို့ သင့်တော်တဲ့လူကတော့ လောလောဆယ် မရှိသေးပါဘူး။

အယ်လီက ပြောတယ်။

"တကယ်တော့ ဂျက်စီကာ က အဲဒီရာထူးကို ယူရမှာ။ ဒါပေမဲ့ သူက ကိုရီးယားရုံးခွဲမှာ ရောက်နေတာဆိုတော့…"

ဂျက်စီကာ က ကိုရီးယားရုံးခွဲကို ပစ်ထားပြီး ဟောင်ကောင်ကို ပြန်သွားဖို့က မဖြစ်နိုင်ပါဘူး။ ဘယ်လောက်ပဲ အဆင်ပြေပြေ လည်ပတ်နေပါစေ ကိုရီးယားရုံးခွဲက တည်ထောင်ထားတာ နှစ်အနည်းငယ်ပဲ ရှိသေးတာလေ။ အစ်မ ဟျွန်းဂျူးကလည်း ဒီလိုအခြေအနေမျိုးမှာ သူ့နေရာကနေ ခွာဖို့က မဖြစ်နိုင်ပါဘူး။

ထမင်းစားပြီးနောက် ဟင်နရီ နဲ့အတူ ဥယျာဉ်ထဲကို ကျွန်တော် လမ်းလျှောက်ထွက်လာခဲ့တယ်။ ဟင်နရီက ဂွန် လေးကို လက်တစ်ဖက်ထဲနဲ့ သက်သောင့်သက်သာ ချီထားတာကို ကြည့်ရတော့ သူတို့နှစ်ယောက်က တကယ်ကို တူလွန်းပါတယ်။

"မင်း တစ်ခါ ထပ်ပြီး အကြီးကြီး လုပ်လိုက်ပြန်ပြီနော်။ မင်းကြောင့် အိမ်ပတ်ပတ်လည်မှာ ရှိနေတဲ့ သတင်းထောက်တွေ အကုန်လုံး ပျောက်သွားတယ်"

"အဲ့လိုဆိုရင် ကောင်းတာပေါ့"

ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲရှိတဲ့ အကြောင်းအရာတစ်ခုကို အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။

"တကယ်တော့ မကြာသေးခင်ကစပြီး ငါ့မှာ စိုးရိမ်ပူပန်မှုတစ်ခု ရှိလာတယ်"

ဟင်နရီက ကျွန်တော့်ဘက်ကို လှည့်ကြည့်လာပါတယ်။

" ဈေးကွက်လက်ဝါးကြီးအုပ်မှု တားဆီးရေး ဥပဒေကြောင့်လား"

"ဟုတ်ပါတယ်"

"အင်း။ OTK ကုမ္ပဏီကော၊ CarOS ကော ဒီအတိုင်း ထာဝရ ရှိနေမှာ မဟုတ်တာတော့ သေချာတယ်"

အလိုအလျောက်မောင်းနှင်မှုစနစ်နဲ့ ဘတ္ထရီတွေက အနာဂတ်ရဲ့ အဓိကနည်းပညာတွေပါ။ လောလောဆယ်တော့ အလိုအလျောက် မောင်းနှင်တဲ့ လျှပ်စစ်ကားတွေရဲ့ ရာခိုင်နှုန်းက ကားအားလုံးရဲ့ ၅ ရာခိုင်နှုန်းအောက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီနှုန်းက ၃၀ ရာခိုင်နှုန်းကျော်သွားပြီး ကုမ္ပဏီတစ်ခုထဲကပဲ Operating System (OS) ကို လက်ဝါးကြီးအုပ်ထားရင် ဒါက သေချာပေါက် ပြဿနာဖြစ်လာမှာပါ။ ဒီလို ကြီးမားတဲ့ ကုမ္ပဏီကြီးက စတော့ဈေးကွက်မှာ စာရင်းမသွင်းဘဲ ရှိနေတာဟာ မကြုံစဖူး ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

"Npple၊ Gooble၊ MS၊ Facenoteနဲ့ AMZ လိုမျိုး နည်းပညာကုမ္ပဏီကြီးတွေလည်း စျေးကွက်လက်ဝါးကြီးအုပ်တဲ့ ပြဿနာကနေ မလွတ်ကင်းကြပါဘူးကွာ။ ဒါပေမဲ့ သူတို့က အမေရိကန် စတော့ဈေးကွက်မှာ စာရင်းသွင်းထားတဲ့ ကုမ္ပဏီတွေဖြစ်ပြီး အမေရိကန်အစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ ရှိနေတာကွ။ ကုမ္ပဏီရဲ့ ကြီးထွားမှုက အမေရိကန် ရှယ်ယာရှင်တွေကို အကျိုးရှိစေရင် အဲဒီကုမ္ပဏီကို အတင်းအဓမ္မ ခွဲထုတ်ပစ်ဖို့ မလိုဘူး။ ဒါပေမဲ့ CarOS ကတော့ မတူဘူး။ CarOS ကော၊ OTK ကုမ္ပဏီကောက စတော့ဈေးကွက်မှာ စာရင်းမသွင်းထားဘူး။ ဈေးကွက်ဝေစု ပိုများလာတာနဲ့အမျှ လက်ဝါးကြီးအုပ်မှုအပေါ် စိုးရိမ်ပူပန်မှုတွေက ပိုပြီး ကြီးထွားလာမှာပဲ"

ကိုရီးယား ချေဘော ပိုင်ရှင်တွေက သူတို့ကုမ္ပဏီကို ကြီးထွားအောင် လုပ်ပြီးတာနဲ့ ကုမ္ပဏီက သူတို့ပိုင်တယ်လို့ တွေးတတ်ကြပါတယ်။ ဒါက လမ်းထိပ်က ဆိုင်ငယ်လေးတွေအတွက်တော့ မှန်နိုင်ပေမဲ့ ကုမ္ပဏီကြီးတွေအတွက်ကတော့ အခြေအနေက တခြားစီပါပဲ။ အခြေခံအားဖြင့်တော့ ကြီးမားတဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုဟာ လူမှုပတ်ဝန်းကျင်ကို အခြေမခံဘဲနဲ့ တည်ဆောက်လို့ မရပါဘူး။ ဒါကြောင့်မလို့လည်း အစိုးရရဲ့ စည်းမျဉ်းစည်းကမ်း အမျိုးမျိုးကို လိုက်နာရပြီး လူမှုရေးဆိုင်ရာ တာဝန်ယူမှုတွေကိုလည်း ထမ်းဆောင်ရတာ ဖြစ်ပါတယ်။

OTK ကုမ္ပဏီဟာ အခုအချိန်အထိ အခွန်ကင်းလွတ်ခွင့်ရတဲ့ နေရာတွေမှာ ကော်ပိုရေးရှင်းတွေ တည်ထောင်ပြီး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုအနေနဲ့ စည်းမျဉ်းစည်းကမ်း အမျိုးမျိုးကို ရှောင်တိမ်းခဲ့တယ်။ အခွန်ရှောင်နေတဲ့အတောအတွင်းမှာ ကုမ္ပဏီရဲ့ တန်ဖိုးက ကမ္ဘာ့အဆင့်အထိ ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေက ဘယ်လောက်အထိ ဆက်သွားနိုင်မှာလဲ။

"ကမ္ဘာ့ငွေကြေးဈေးကွက်မှာ လည်ပတ်နေတဲ့ ပိုက်ဆံပမာဏက စိတ်ကူးထဲကထက်ကို ပိုပါတယ်။ ဂျင်ဟူ ပိုင်ဆိုင်တဲ့ ပိုက်ဆံက အဲဒါနဲ့ နှိုင်းယှဉ်ရင် ရေခဲတောင်ရဲ့ ထိပ်ဖျားလေးလောက်ပဲ ရှိတာပါ။ ဒါပေမဲ့ လူတစ်ယောက်ထဲက ဒီလောက်အထိ ပိုက်ဆံအများကြီး ပိုင်ဆိုင်ထားတာကတော့ မကြုံစဖူး ဖြစ်ရပ်တစ်ခုပဲ။ Marcus Crassus ဒါမှမဟုတ် John D. Rockefeller တို့သာ မြင်ရင် အကြီးအကျယ် အံ့သြသွားကြလိမ့်မယ်"

တကယ်ကို ရယ်စရာကောင်းတဲ့ အခြေအနေပါပဲ။ ပိုက်ဆံတွေ အရမ်းများနေလို့ စိုးရိမ်ပူပန်ရမယ့် နေ့တစ်နေ့ ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

အဆင့်အတန်း ခွဲခြားတဲ့ လူ့အဖွဲ့အစည်းမှာတော့ လူတစ်ဦးချင်းစီက ကိုယ့်ရဲ့ အလိုဆန္ဒတွေကို ထိန်းချုပ်တာက ကောင်းမွန်တဲ့ အရည်အချင်းတစ်ခုပါ။ လူတိုင်းက သတ်မှတ်ထားတဲ့ ဘောင်ထဲကနေ ကိုယ့်ရဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တာက လူ့အဖွဲ့အစည်းကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်းရှင်လူ့အဖွဲ့အစည်းမှာတော့ လူတစ်ဦးချင်းစီရဲ့ အလိုဆန္ဒတွေက လူ့အဖွဲ့အစည်းကို လည်ပတ်စေတဲ့ မောင်းနှင်အား ဖြစ်ပါတယ်။

ဆင်းရဲတဲ့လူက ချမ်းသာချင်ကြပြီး ချမ်းသာတဲ့လူကလည်း ပိုပြီး ချမ်းသာချင်ကြပါတယ်။ တကယ်လို့ လူတိုင်းသာ ပိုပြီး ပိုင်ဆိုင်ချင်တဲ့ စိတ် မရှိခဲ့ကြရင် အခုလိုမျိုး တိုးတက်တဲ့ လူ့အဖွဲ့အစည်းကလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

"ငါတို့မှာ အချိန် ဘယ်လောက် ကျန်သေးလဲ"

ဟင်နရီက ခဏလောက် တွေးပြီးမှ ပြောလိုက်တယ်။

"ဒါက ကုမ္ပဏီရဲ့ တိုးတက်မှုနှုန်းအပေါ်မှာ မူတည်ပါတယ်။ ဒါပေမဲ့ နောက်အကျဆုံး တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်းမှာတော့ CarOS ကို စတော့ဈေးကွက်ထဲ ထည့်ဖို့ (IPO) အတွက် သေချာပေါက် ပြင်ဆင်ရလိမ့်မယ်"

All Chapters