← Chapters

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း (၃၇၂)

ကန့်ကွက်မှုတွေနဲ့ အငြင်းပွားမှုတွေ အများကြီး ရှိနေသေးပေမဲ့ လွှတ်တော်အမတ် နမ်ဆောင်းဂွီ ကတော့ ပြတ်ပြတ်သားသားပဲ ရှေ့ဆက်တိုးခဲ့တယ်။ ဒါက အထွေထွေရွေးကောက်ပွဲကာလအတွင်း မဲရဖို့အတွက် ဘေးကင်းမယ့်လမ်းကိုပဲ ရွေးချယ်တတ်ကြတဲ့ တခြားနိုင်ငံရေးသမားတွေနဲ့ လုံးဝကို ကွဲပြားတဲ့ ချဉ်းကပ်ပုံမျိုးပါပဲ။

အမျိုးသားတော်တော်များများက ပါတီစွဲမရှိဘဲ သူ့ရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံမှုတွေ ပေးခဲ့ကြတယ်။ လေဘာပါတီ ရဲ့ အမာခံထောက်ခံသူတွေတောင်မှ တကယ်လို့ လွှတ်တော်အမတ် နမ်ဆောင်းဂွီ သာ သူတို့မဲဆန္ဒနယ်မှာ ဝင်ပြိုင်ရင် မဲပေးမယ်လို့ ပြောကြတဲ့အထိပါပဲ။ ရလဒ်အနေနဲ့ တခြားနိုင်ငံရေးသမားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ဒီလှိုင်းလုံးထဲ လိုက်ပါလာခဲ့ကြတယ်။ ဒါကြောင့်မလို့လည်း အပြာကား တရားဝင်ဖြစ်မြောက်ရေးဆိုတဲ့ ပြောင်မြောက်တဲ့ အောင်မြင်မှုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

လူကြီးသုံးပစ္စည်း စိစစ်ရေးကော်မရှင်က အပြာကားတွေအတွက် စိစစ်ရေးလမ်းညွှန်ချက်တွေကို ရေးဆွဲပြီး ပြည်တွင်းဈေးကွက်ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ ပြည်ပအပြာကားကုမ္ပဏီတွေဆီ ပေးပို့ခဲ့တယ်။ ကုမ္ပဏီတစ်ခုထဲမှာတင် ဗီဒီယိုလက်ရာပေါင်း သိန်းချီ ရှိနေနိုင်တာကြောင့် ဒါတွေကို အကုန်လုံးလိုက်ပြီး စိစစ်ဖို့ ဘတ်ဂျက်ကော လူအင်အားပါ မရှိတာကြောင့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ ဗီဒီယိုတွေကိုပဲ ကုမ္ပဏီတွေဘက်က ရွေးချယ်ပြီး စိစစ်ရေးအတွက် တင်သွင်းဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တကယ့် လိင်ဆက်ဆံမှုကို ထည့်သွင်းပြသခွင့်ပြုတာကလွဲရင် ရှိပြီးသား အချစ်ဗီဒီယိုတွေကို စိစစ်တဲ့စံနှုန်းတွေနဲ့ သိပ်ပြီး ကွာခြားမှုတော့ မရှိပါဘူး။

အယ်လီက မေးတယ်။

"အဲဒီ စည်းကမ်းချက်တွေက အသေးစိတ် ဘာတွေလဲဟင်"

"အရွယ်မရောက်သေးသူလို့ အထင်ရောက်စေနိုင်တဲ့ ဝတ်စုံတွေ၊ သွေးသားရင်းချာအချင်းချင်း ဆက်ဆံတာမျိုး ဒါမှမဟုတ် သုံးယောက်တွဲ ဆက်ဆံတာမျိုး... အဲဒါမျိုးတွေကိုတော့ ခွင့်မပြုဘူးလေ"

အယ်လီက ခဏလောက် တွေးပြီးမှ နားလည်သွားတဲ့ပုံစံနဲ့ လက်ခုပ်တီးလိုက်တယ်။

"ဪ... သုံးယောက်တွဲဆိုတာ...ဘာလဲသိပြီ"

ကျွန်တော်က ချက်ချင်းပဲ ခေါင်းညိတ်ပြလိုက်တယ်။

"ဟုတ်တယ်။ အဲဒါမျိုးကို လုံးဝ ခွင့်မပြုဘူး"

အယ်လီက ခေါင်းလေးစောင်းပြီး စဉ်းစားတယ်။

"အဲဒါကို ခွင့်မပြုတာက လွတ်လပ်စွာ ဖော်ပြခွင့်ကို ချိုးဖောက်ရာ မရောက်ဘူးလား"

"ဘာမှ ခွင့်မပြုတာထက်စာရင်တော့ ပိုကောင်းတာပေါ့ဟာ"

ပထမဆုံးခြေလှမ်းကို စလှမ်းနိုင်ခဲ့တာကတင် တကယ့်ကို ကြီးမားတဲ့ အဓိပ္ပာယ် ရှိတာပါ။ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ နိုင်ငံခြားအပြာကားတွေက အခုလည်း အထိန်းအကွပ်မရှိ ပြန့်နှံ့နေတာမလို့ သိပ်ပြီး ပြောင်းလဲသွားတာမျိုးတော့ မရှိပါဘူး။ အကြီးမားဆုံး အပြောင်းအလဲကတော့ အခုဆိုရင် ကိုရီးယားမှာ အပြာကားတွေကို တရားဝင် ထုတ်လုပ်နိုင်ပြီ ဆိုတာပါပဲ။ ခြေလှမ်းသွက်တဲ့ ကုမ္ပဏီတချို့ကတော့ အခုကတည်းက စတင်လှုပ်ရှားနေကြပါပြီ။

အယ်လီက စနောက်တဲ့ ပုံစံမျိုးနဲ့ မေးလာတယ်။

"ကိုရီးယား အပြာကားတွေ ထွက်လာရင် ကန်ဂျင်ဟူ ကော ကြည့်မှာလား"

"အင်း..."

ကြည့်ဖို့အတွက် တကူးတက လိုက်မရှာရင်တောင်မှ တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့ရတာမျိုး ရှိနိုင်တာပဲ မဟုတ်ဘူးလား။ အဓိက ရှယ်ယာရှင်တစ်ယောက်အနေနဲ့ ဒီလုပ်ငန်းလောက ဘယ်လို လည်ပတ်နေလဲဆိုတာကို စစ်ဆေးဖို့ လိုအပ်တယ်လို့လည်း ခံစားရလို့ပါ။

အယ်လီက တောက်ပတဲ့ အပြုံးနဲ့ ပြောတယ်။

"ကြည့်တာက ရပါတယ်"

"တကယ်လား"

"ဒါပေမဲ့ ငါနဲ့ အတူတူ ကြည့်ရမယ်နော်"

"..."

ဒါက မကြည့်နဲ့လို့ ပြောနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။

ကျွန်တော် ရုံးခန်းကို ရောက်လို့ အလုပ်စတော့မယ့်အချိန်မှာ တက်ဂယူ က လှမ်းပြောပါတယ်။

"တကယ်တော့ ငါ မကြာသေးခင်ကစပြီး အလုပ်သေးသေးတစ်ခု စလုပ်ထားတယ်"

"အလုပ်သေးသေး ဟုတ်လား"

ကျွန်တော် တက်ဂယူ ရဲ့ ပုခုံးကို လှမ်းကိုင်လိုက်တယ်။

"မင်း ပိုက်ဆံပြတ်နေလို့လား။ အမြတ်ဝေစုကို နည်းနည်းလောက် ထပ်တိုးပေးရမလား"

"ငါ ပျင်းလို့ လုပ်တာပါကွာ။ ဒါပေမဲ့ ပြဿနာတစ်ခု တက်လာလို့"

"ဘာပြဿနာလဲ"

တက်ဂယူက မလိုအပ်ဘဲ ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။

"ဒီဇာတ်လမ်းရဲ့ အစက လွန်ခဲ့တဲ့ လအနည်းငယ်ဆီကပေါ့ကွာ"

"ငါတော့ လေကြောရှည်တော့မယ့် အငွေ့အသက်ကို ရနေပြီ"

"ကျန်တဲ့သူတွေ အဲ့လိုပြောလို့ရပေမဲ့ မင်းကတော့ အဲ့လို ပြောပိုင်ခွင့်မရှိဘူး။ အခုအချိန်အထိ မင်းဆီကနေ ငါ နားထောင်ခဲ့ရတဲ့ ရှင်းပြချက်တွေတင် စာအုပ်အနည်းငယ်လောက် ​ရေးပစ်လို့ရတယ်ကွ"

"..."

ကျွန်တော် ပြန်ပြောစရာ စကားမရှိပါဘူး။

"ငါ အကျဉ်းချုပ်ပဲ ရှင်းပြမယ်၊ သေချာနားထောင်"

ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး Content ကုမ္ပဏီတွေကတော့ Disney နဲ့ Netplay တို့ ဖြစ်ပါတယ်။ အစကတော့ ဒီကုမ္ပဏီနှစ်ခုရဲ့ ပုံစံက လုံးဝကို ကွဲပြားပါတယ်။ Disney က Content ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပြီး Netplay ကတော့ အင်တာနက် အွန်လိုင်းကနေတစ်ဆင့် အခပေးကြည့်ရှုသူတွေကို စုဆောင်းတဲ့ platform ကုမ္ပဏီပါ။

အစပိုင်းမှာတော့ Disney က Netplay ဆီကို Content တွေ ပံ့ပိုးပေးပြီး အခြေအနေက ကောင်းမွန်ခဲ့တယ်။ ဒါပေမဲ့ Netplay က အရှိန်အဟုန်နဲ့ ကြီးထွားလာပြီး ဈေးကွက်ကို လက်ဝါးကြီး အုပ်လာတဲ့အခါ အခြေအနေတွေက ပြောင်းလဲသွားခဲ့တယ်။ platformမှာ ဝါးမြိုတာကို ခံရနိုင်တယ်ဆိုတာကို သတိပြုမိသွားတဲ့ Disney ဟာ ကိုယ်ပိုင်platformကို တည်ထောင်တာမျိုးနဲ့ တုံ့ပြန်ခဲ့တယ်။

ဒါက တွေးကြည့်ရင် တကယ့်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ Content ကုမ္ပဏီဖြစ်တဲ့ Disney က OTT ဈေးကွက်ထဲကို ဝင်ရောက်လာပြီး OTT အဖြစ် စတင်ခဲ့တဲ့ Netplay ကလည်း သူတို့ရဲ့ ကိုယ်ပိုင် Content တွေ ထုတ်လုပ်ဖို့ ပိုက်ဆံတွေ အမြောက်အမြား ပုံအော သုံးစွဲလာတာပါ။ သူတို့ရဲ့ စတင်ပုံချင်း မတူညီကြပေမဲ့ ပန်းတိုင်ကတော့ အတူတူပဲ ဖြစ်နေတာလေ။

Disney ဟာ Netplay ဆီ Content ပံ့ပိုးမှုကို ရပ်ဆိုင်းတာအပါအဝင် သူတို့ရဲ့ ကိုယ်ပိုင်platformကို ကြီးထွားအောင်လုပ်မယ့် မူဝါဒကို ချမှတ်ခဲ့ပေမဲ့ CarOS စနစ်သုံး မော်တော်ယာဉ်တွေဆီ Content ပံ့ပိုးပေးဖို့ကိုတော့ ချွင်းချက်အနေနဲ့ ခွင့်ပြုခဲ့တယ်။

ဘာပဲဖြစ်ဖြစ် Disney က ကားထုတ်လုပ်မှာ မဟုတ်သလို CarOS ကလည်း ကားတွန်းကားတွေ ထုတ်လုပ်မှာ မဟုတ်ဘူးလေ။ CarOS အနေနဲ့ ကားမမောင်းဘဲ နားနေတဲ့ ယာဉ်မောင်းတွေအတွက် Content ပေါင်းစုံ လိုအပ်နေပြီး Disney ကလည်း အသစ်ပွင့်လင်းလာမယ့် ဒီဈေးကွက်ကို လက်ဝါးကြီးအုပ်ချင်နေတာ ဖြစ်ပါတယ်။ CarOSနဲ့ Disneyရဲ့ အကျိုးစီးပွားက 'Carfotainment' ကဏ္ဍမှာ ထပ်တူကျသွားတာကြောင့် လက်တွဲခဲ့ကြတာပါ။

ဒီအပြင် ဂိမ်းကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်။ Disney ဟာ ကာတွန်း၊ ရုပ်ရှင်၊ အရုပ်နဲ့ အပန်းဖြေဥယျာဉ်တွေလိုမျိုး ယဉ်ကျေးမှု Content ကဏ္ဍစုံမှာ လွှမ်းမိုးထားနိုင်ပေမဲ့ ဂိမ်းကဏ္ဍမှာတော့ အားနည်းပါတယ်။ Disney ကလည်း ဂိမ်းတွေရဲ့ အရေးပါမှုကို သိရှိထားပြီး သူတို့ရဲ့ ဇာတ်ကောင်တွေကို သုံးပြီး ဂိမ်းထုတ်လုပ်ဖို့ စိတ်အားထက်သန်နေတာပါ။ ဒါကြောင့်မလို့လည်း Disney Interactive Studios ဆိုတဲ့ လက်အောက်ခံကုမ္ပဏီကို တည်ထောင်ပြီး ဂိမ်းတွေ ထုတ်လုပ်ခဲ့ပေမဲ့ ထူးထူးခြားခြား အောင်မြင်မှုတော့ မရရှိခဲ့ပါဘူး။

ဒီလို အခြေအနေမျိုးမှာ OTK Games က VRMMORPG ဂိမ်းတစ်ခုကို ဖန်တီးမယ်လို့ ကြေညာလိုက်တဲ့အခါ Disney က အကြီးအကျယ် စိတ်ဝင်စားလာခဲ့ပါ။ ပြောရရင် အိချီကာဝါ ရှီဂဲရု ဟာ Pentagon မှာ ရှိစဉ်က Disney ဇာတ်ကောင်တွေနဲ့ သူ့ကုမ္ပဏီရဲ့ ဇာတ်ကောင်တွေကို ပေါင်းစပ်ပြီး ဟာသဖြစ်စေမယ့် ဂိမ်းတစ်ခုကို ထုတ်လုပ်ပြီး အောင်မြင်မှု ရရှိခဲ့ဖူးပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အတွင်းမှာ Disney က ကုမ္ပဏီဆီကို လက်ဆောင်တချို့ ပေးပို့ခဲ့ပြီး အဲဒီအထဲမှာ ရုပ်ရှင်ထဲမှာ သုံးခဲ့တဲ့ Iron Man မျက်နှာဖုံးလည်း ပါဝင်ပါတယ်။ ကျွန်တော်ကတော့ အဲဒါကို သိပ်စိတ်မဝင်စားတာမလို့ တက်ဂယူ က ယူထားခဲ့တာပါ။

"မင်းပြောမယ့်ပြဿနာနဲ့ Disney နဲ့က ဘာဆိုင်လို့လဲ"

" အဲဒီတုန်းက ရထားတဲ့ Iron Man မျက်နှာဖုံးကို စွပ်ပြီး A-Tube မှာ ငါစပြီးLiveလွှင့်ခဲ့တာလေ"

"...ဘာ။ A-Tube ဟုတ်လား"

တက်ဂယူက ပုခုံးတွန့်ပြတယ်။

"ငါ အရင်ကလည်း ဂိမ်း Liveလွှင့်တာကို အနည်းငယ် လုပ်ဖူးတယ်လေ။ ဂိမ်းဆော့တဲ့screenပဲ ပြတာဆိုတော့ ငါ့မျက်နှာကို ထုတ်ပြစရာ မလိုဘူး။ အဲဒီတုန်းကတော့ Follower လည်း သိပ်ရှိခဲ့တာမဟုတ်ဘူး"

ဒါကြောင့်မလို့ ခဏလောက် ဂိမ်းLiveလွှင့်တာကို လုပ်ပြီး သူဟာ ရပ်ထားခဲ့တာပါ။ ဒီတစ်ကြိမ်မှာ ပြန်စဖြစ်တာကတော့ ကုမ္ပဏီမှာ ဒီတိုင်းထိုင်နေရတာ ပျင်းလွန်းလို့ တော့ ပြောပါတယ်။ ဒါ့အပြင် အဆင့်မြင့် ကွန်ပျူတာနဲ့ ပစ္စည်းကိရိယာစုံ ရှိနေတာကြောင့် ဂိမ်းပြန်ပြီးLiveလွှင့်ချင်တဲ့ စိတ်က ပေါ်လာတာလည်း ပါမှာပေ့ါ။

"ပြီးတော့ Iron Man မျက်နှာဖုံးကိုလည်း ကြွားချင်တာလည်း ပါတယ်"

"..."

ကျွန်တော်က ကိစ္စပေါင်းစုံနဲ့ အလုပ်ရှုပ်ပြီး ပြေးလွှားနေရချိန်မှာ ဒီကောင်ကတော့ စီအိုအို ရုံးခန်းထဲမှာ မျက်နှာဖုံးစွပ်ပြီး အင်တာနက်ပေါ်မှာ ဂိမ်းLiveလွှင့်တာကို လုပ်နေခဲ့တာပါ။ အစပိုင်းမှာတော့ အရင်တုန်းကလိုပဲ အွန်လိုင်းဂိမ်းဆော့တာကို အသေးစားလေးပဲ စတင်ခဲ့တာပါ။

"အဲဒီနောက်ပိုင်းကျတော့ ငါ Gacha Content တွေကို စလုပ်ခဲ့မိတယ်"

"အဲဒါက ဘာလဲ"

"အခွင့်အရေးအပေါ် အခြေခံတဲ့ Itemတွေလေ။ Random Box ဒါမှမဟုတ် lottery လို့လည်း ခေါ်ကြတယ်"

Gacha Content ဆိုတာကတော့ ကြည့်ရှုသူတွေကို ကိုယ်က ကိုယ့်ပိုက်ဆံအစစ်တွေ သုံးပြီး ကိုယ်လိုချင်တဲ့ ဇာတ်ကောင် ဒါမှမဟုတ် itemကို ရတဲ့အထိ ပိုက်ဆံသုံးပြတာကို တိုက်ရိုက်ပြသတာပါ။

"လိုချင်တာ ရတဲ့အထိ ပိုက်ဆံကို မဆင်မခြင် သုံးရတာ ဖြစ်လို့ တချို့အချိန်တွေမှာ ဝမ်သိန်းချီ ကုန်တတ်ပြီး တချို့အချိန်တွေမှာတော့ ဝမ်ဆယ်သန်းကျော်အထိ ကုန်သွားတတ်တယ်"

"အဲဒါကို ဘာလို့ လုပ်ကြတာလဲ"

"လူတွေက သဘောကျကြလို့လေ။ တစ်ယောက်ယောက်က တစ်ခုခုကိုရတဲ့အထိ ပိုက်ဆံတွေ အမြောက်အမြား သုံးနေတာကို ကြည့်ရတာ တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ အကြိမ်ကြိမ် ကျရှုံးလို့ စိတ်ပျက်နေတာကို ကြည့်ရတာကော၊ နောက်ဆုံးမှာ ပေါက်သွားလို့ ဝမ်းသာအားရ ဖြစ်နေတာကို ကြည့်ရတာကောက တကယ့်ကို ကြည့်ရတာ တန်တယ်လေ"

" ကိုယ်တိုင် ပေါက်တာလည်း မဟုတ်ဘဲနဲ့ အဲဒါက ဘာပျော်စရာ ရှိလို့လဲ"

" ကိုယ်တိုင် စားနေတာလည်း မဟုတ်ဘဲနဲ့ စားပြတဲ့ ဗီဒီယိုတွေကို ကြည့်တာကော ဘာပျော်စရာ ရှိလို့လဲ"

"ဒါကြောင့်မလို့ ငါ အဲဒီ စားပြတဲ့ ဗီဒီယိုတွေကို မကြည့်တာပေါ့"

"ဒါဆိုရင် မင်း ကိုယ်တိုင် လုပ်နေတာလည်း မဟုတ်ဘဲနဲ့ အပြာကား ကြည့်တာကော ဘာပျော်စရာ ရှိလို့လဲ"

"အာ... အခုမှပဲ ငါ အပြည့်အဝ နားလည်သွားတော့တယ်"

တက်ဂယူက ဆက်ပြောတယ်။

"ငါ့ချန်နယ်နာမည်က Super L-Rich လို့ခေါ်တယ်"

"မင်းက ပိုက်ဆံအများကြီး ရှိတာကို ကြွားချင်လို့လား"

"ချန်နယ်နာမည်က R နဲ့ မဟုတ်ဘူး၊ L နဲ့လေ (Super L-Rich)"

"..."

ထားလိုက်ပါတော့လေ။

ဘာပဲဖြစ်ဖြစ် A-Tube မှာ Gacha Content လုပ်တဲ့လူတွေက အပြည့်ပါပဲ။ ဒါပေမဲ့ Super L-Rich ရဲ့ နည်းလမ်းကတော့ နည်းနည်း ကွဲပြားပါတယ်။ ကိုယ်လိုချင်တာ ရတဲ့အထိ ပိုက်ဆံကို မဆင်မခြင် သုံးတာခြင်း တူပေမဲ့ ကြီးမားတဲ့ ကွာခြားချက်ကတော့ သူက အခွင့်အရေး ရာခိုင်နှုန်းကို တွက်ချက်ဖို့အတွက် တူညီတဲ့အရာကို အကြိမ်ကြိမ် ထပ်ခါတလဲလဲ လုပ်ဆောင်ပြီး ပြဿနာရှိတယ်လို့ ထင်ရင် ဂိမ်းကုမ္ပဏီဆီကို တိုင်ကြားပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခိုင်းတာပါ။

ဒါပေမဲ့ အံ့သြစရာကောင်းတာက သူ အဲဒီလိုမျိုး တိုင်ကြားလိုက်တဲ့အခါတိုင်းမှာ တကယ်ပဲ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာတာပါပဲ။ တချို့ ဂိမ်းကုမ္ပဏီတွေဆိုရင် တောင်းပန်စာတွေ တင်ကြပြီး itemတွေပါ ပြန်ပေးကြပါတယ်။

ဒါက တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက်ဆိုရင်တော့ တိုက်ဆိုင်မှုလို့ ပြောလို့ရပေမဲ့ ဆက်တိုက် ဖြစ်လာတဲ့အခါ ကြည့်ရှုသူတွေက သံသယဝင်လာကြတယ်။ ဒါ့အပြင် Super L-Rich ဟာ မထုတ်ပြန်ရသေးတဲ့ ဂိမ်းသတင်းအချက်အလက် အမျိုးမျိုးကို သိရှိနေပြီး အဲဒါတွေကလည်း တကယ်ပဲ မှန်ကန်နေခဲ့တာ ဖြစ်ပါတယ်။ သံသယဝင်နေတဲ့ ဂိမ်းကစားသူတွေက သူတို့ဘာသာ ကောက်ချက်ချလာကြတယ်။

လူကြိုက်အများဆုံး ကောက်ချက်ကတော့ Super L-Rich ဟာ OTK ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌနဲ့ ရင်းနှီးတဲ့လူ ဒါမှမဟုတ် ဆက်စပ်မှုရှိတဲ့လူ ဖြစ်လိမ့်မယ်ဆိုတာပါပဲ။ လောလောဆယ် ဂိမ်းလောကမှာ သြဇာအရှိဆုံးဖြစ်တဲ့ OTK Games ဟာ OTK ကုမ္ပဏီ ဒုတိယဥက္ကဌရဲ့ ပံ့ပိုးမှုနဲ့ တည်ထောင်ထားတာ ဖြစ်တယ်ဆိုတာက လူသိများတဲ့ အချက် ဖြစ်ပါတယ်။ ပြီးတော့ ဂိမ်းစည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးမိသားစုရေးရာဝန်ကြီးဌာနနဲ့ ညှိနှိုင်းခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ဒုတိယဥက္ကဌဟာ ဂိမ်းလောကနဲ့ Subculture အသိုင်းအဝိုင်းမှာ ကျော်ကြားသူတစ်ယောက် ဖြစ်နေခဲ့တာကြာပါပြီ။

Super L-Rich ကလည်း ဒီကောက်ချက်ကို အထူးတလည် ငြင်းဆိုခြင်း မရှိပါဘူး။

"မင်း ဘာလို့ မငြင်းတာလဲ"

"တကယ်လည်း ဟုတ်နေတာပဲကို။ ကိုယ့်ကိုကိုယ် ဘာကောင်မှန်း သိတဲ့ ဘယ်သူမဆို ဟုတ်နေတာကို ငြင်းရတာမလုံဘူးလေ"

"ဒါဆို ကိုယ့်ကိုကိုယ် စိတ်ပျက်နေတဲ့ လူတွေကျတော့ကော ဘာကောင်မှန်းမသိလို့စိတ်ပျက်နေကြတာလား"

"အဲဒါက အသိလွန်နေလို့ စိတ်ပျက်တာလေ"

ဘာပဲဖြစ်ဖြစ် သူက OTK ကုမ္ပဏီ ဒုတိယဥက္ကဌနဲ့ ရင်းနှီးတယ်ဆိုတဲ့ အချက်က ဂိမ်းကစားသူတွေကြားမှာ အကြီးအကျယ် ရေပန်းစားသွားခဲ့ပြီး ချန်နယ်ရဲ့ Follower အရေအတွက်ကလည်း ပေါက်ကွဲမတတ် တိုးတက်သွားခဲ့တယ်။

"မင်းမှာ အခု Follower ဘယ်လောက် ရှိပြီလဲ"

"မကြာသေးခင်ကပဲ ငါးသိန်း ပြည့်သွားတယ်"

"အဲဒီအရေအတွက်က အများကြီးလို့ပြောလို့ရလား"

"နည်းတော့ မနည်းပါဘူး"

ဒါ့အပြင် တိုးတက်မှုနှုန်းကလည်း တကယ့်ကို မယုံနိုင်စရာပါပဲ။ Gacha Content တွေနဲ့ အသက်မွေးနေကြတဲ့ A-Tuber တွေဟာ Iron Man မျက်နှာဖုံးစွပ်ထားတဲ့ ကောင်တစ်ယောက် ဘယ်ကနေ ဘယ်လို ပေါ်လာမှန်းမသိ ပေါ်လာပြီး Follower တွေကို ခဏလေးအတွင်းမှာ စုစည်းသွားတာကို ကြည့်ပြီး ကြောင်အမ်းသွားခဲ့ကြတယ်။

ပိုပြီး ကြီးမားတဲ့ ပြဿနာကတော့ ဂိမ်းအသင်းကနေပြီး ထီထိုးသလို ရယူရတဲ့ Itemတွေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင် စည်းကမ်းချက်တွေကို စတင်လိုက်တာပါပဲ။ အဲဒီ စည်းကမ်းချက်ရဲ့ အနှစ်ချုပ်က နှစ်ခုပဲ ရှိပါတယ်။ ပထမတစ်ခုက Itemတွေကို ရမယ့် အခွင့်အရေး ရာခိုင်နှုန်းကို တိတိကျကျ ဖော်ပြပေးဖို့နဲ့ ဒုတိယတစ်ခုကတော့ လွတ်လပ်တဲ့စမ်းသပ်ရတဲ့စနစ်ကို ဖျက်သိမ်းဖို့ ဖြစ်ပါတယ်။

"မူလကတော့ 'Gacha' ဆိုတာ ဘူးထဲကနေ ဘောလုံးတွေ နှိုက်သလိုမျိုး မဟုတ်လား။ အထဲမှာ ဘောလုံး ၁၀၀ ရှိရင် ၉၉ လုံးက မပေါက်ရင်တောင်မှ အကြိမ် ၁၀၀ ပြည့်အောင် နှိုက်ရင်တော့ တစ်လုံးက ပေါက်ရမယ် မဟုတ်လား။ ဒါပေမဲ့ ဂိမ်းကုမ္ပဏီတွေက ဒါကို လွတ်လပ်တဲ့ စမ်းသပ်မှုအဖြစ် သတ်မှတ်ပြီး နှိုက်တိုင်း နှိုက်တိုင်းကို တစ်ပုံတစ်ရာ (၁/၁၀၀) အခွင့်အရေးအဖြစ်ပဲ သတ်မှတ်ထားတာ။ ဒီလိုနည်းနဲ့ဆိုရင် မင်း ပိုက်ဆံ သိန်းချီ၊ သန်းချီ သုံးရင်တောင်မှ လိုချင်တာကို ရချင်မှ ရမှာလေ"

ဒါပေမဲ့ စည်းကမ်းချက်အသစ်ကို ကျင့်သုံးပြီးနောက်ပိုင်းမှာတော့ အကြိမ်အရေအတွက် အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်ရင် အနည်းဆုံး တစ်ကြိမ်တော့ သေချာပေါက် ပေါက်ရမယ်ဆိုတဲ့ ပုံစံမျိုး ပြောင်းလဲသွားခဲ့ပါတယ်။ ဒါက ဂိမ်းကစားသူ အများစုအတွက် ဝမ်းသာစရာ သတင်း ဖြစ်ပေမဲ့ Gacha Content ကြည့်ရှုသူတွေရဲ့ ရှုထောင့်ကနေ ကြည့်ရင်တော့ စိတ်လှုပ်ရှားဖို့ လျော့နည်းသွားတာကတော့ အမှန်ပါပဲ။

ရလဒ်အနေနဲ့ကတော့ Gacha Content လွှင့်တဲ့ A-Tuber တွေက မလိုအပ်ဘဲ Super L-Rich ကို ဝိုင်းပြီး တိုက်ခိုက်ကြတော့တာပဲ။ တက်ဂယူကတော့ ဒါကို သိပ်ပြီး ဂရုမစိုက်ခဲ့ပါဘူး။

"အဲဒီမှာပဲ Gacha Hunter ဆိုတဲ့ ကောင် ပေါ်လာတာ"

"အဲဒါက ဘယ်သူမလို့လဲ"

"သူက Gacha Content လွှင့်တဲ့လူတွေထဲမှာ အကျော်ကြားဆုံးပဲ။ သူလည်း မျက်နှာဖုံးစွပ်ပြီး လွှင့်တာ၊ ပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာက သူကလည်း သူ့ကိုသူ OTK ကုမ္ပဏီ ဒုတိယဥက္ကဌနဲ့ ရင်းနှီးတယ်လို့ ပြောနေတာကွ"

ကမ္ဘာပေါ်မှာ ချေဘော တွေနဲ့ ရင်းနှီးတယ်လို့ လျှောက်ပြောနေတဲ့ ကောင်တွေကတော့ အများကြီး ရှိပါတယ်။ တချို့က ဒါကို သုံးပြီး လိမ်လည်ကြပြီး တချို့ကတော့ ကြွားဝါဖို့အတွက်ပဲ သုံးကြတာပါ။ အဲဒီထဲမှာမှ OTK ကုမ္ပဏီ ဒုတိယဥက္ကဌနဲ့ ရင်းနှီးတယ်လို့ ပြောတဲ့လူတွေကတော့ အဆမတန် များပြားလှပါတယ်။ ဘာလို့လဲဆိုတော့ ဒုတိယဥက္ကဌရဲ့ သရုပ်မှန်က ပေါ်ထွက်မလာသေးလို့ပါပဲ။ ဒုတိယဥက္ကဌက ဘယ်သူလဲဆိုတာကို မသိရတာကြောင့် Gacha Hunterဆိုတဲ့လူ ပြောတဲ့စကားက ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို အတည်ပြုဖို့ နည်းလမ်းမရှိပါဘူး။

လွှတ်တော်အမတ် မြောင်ဂျင်ဝု ရဲ့ ဖြစ်ရပ်ပြီးနောက်မှာ ဒုတိယဥက္ကဌနဲ့ ရင်းနှီးတယ်လို့ လျှောက်ပြောတဲ့လူတွေ အတော်လေး နည်းပါးသွားခဲ့ပေမဲ့ Gacha Hunter ကတော့ သူက ဒုတိယဥက္ကဌနဲ့ ပတ်သတ်မှုရှိတယ်လို့ ဆက်ပြီး ဇွတ်ပြောနေခဲ့တာပါ။

ဒါပေမဲ့ Super L-Rich က ဒုတိယဥက္ကဌနဲ့ ရင်းနှီးတယ်ဆိုပြီး ကျော်ကြားလာတဲ့အခါမှာတော့ Gacha Hunter က ဒါက လုံးဝ အလိမ်အညာဖြစ်ကြောင်း ပြောခဲ့ပြီး သူ့ရဲ့ Live လွှင့်မှုအတွင်းမှာ ဒုတိယဥက္ကဌဆီကို ဖုန်းခေါ်ပြတာမျိုးအထိ လုပ်ခဲ့တယ်။

"သူက တကယ်ပဲ ဖုန်းခေါ်ခဲ့တာလား"

"သူက အတုဆီ ခေါ်တာပါကွာ၊ အစစ်ဆီ ခေါ်တာ မဟုတ်ဘူး"

Super L-Rich ကလည်း Gacha Hunter က ဒုတိယဥက္ကဌနဲ့ ရင်းနှီးတယ်ဆိုတာကမှ တကယ့် အလိမ်အညာဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ခဲ့တယ်။ Gacha Hunter က ဒါကို ထပ်မံ ငြင်းဆိုခဲ့ပြီး အလိမ်အညာဖြစ်ကြောင်း သက်သေပြနိုင်တဲ့လူက ချန်နယ်ကို ဖျက်ပစ်ပြီး A-Tube ကနေ ထာဝရ ထွက်ခွာကြေးဆိုပြီး ကမ်းလှမ်းခဲ့တာပါ။ ဒါက A-Tube လောကတစ်ခုလုံးရဲ့ အရေးကြီးတဲ့ ပြဿနာတစ်ခုအဖြစ် ကြီးထွားသွားခဲ့တယ်။

ရှင်းပြချက်ကို အဆုံးသတ်ပြီးနောက် တက်ဂယူက ပြောတယ်။

"အဲဒီလိုနဲ့ပဲ ငါတို့က ဒီ 'ချန်နယ်ဖျက်ကြေး လောင်းကြေး' အဆင့်အထိ ရောက်သွားတာပေါ့"

"..."

မကြာသေးခင်ကအထိ ရုံးခန်းထဲမှာ သူဘာတွေ လုပ်နေလဲလို့ ကျွန်တော် တွေးနေခဲ့တာပါ။ တကယ်တမ်းတော့ A-Tube မှာ Live လွှင့်နေခဲ့တာ ဖြစ်နေတာပါ။ သူက ဘဝကို အရမ်း ပျော်ပျော်ကြီး ဖြတ်သန်းနေတာ မဟုတ်ဘူးလား။

Gacha Hunter ဟာ တခြားသူတွေကို အမြဲတမ်း ပြဿနာရှာ တိုက်ခိုက်ပြီး လိုက်လံ ရန်စတတ်တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့လူ ဖြစ်ပါတယ်။ ဒါက သူ့ရဲ့ စရိုက် ဆိုးဝါးလွန်းလို့လည်း ဖြစ်နိုင်သလို... ဒါက Views တွေနဲ့ Follower တွေ တိုးတက်ဖို့အတွက် အများကြီး အထောက်အကူပြုတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

"အင်း... အင်တာနက်လောကက တကယ်ကို ကျယ်ပြန့်တာပဲ၊ အာရုံစိုက်ခံချင်တဲ့ လူတွေလည်း အများကြီးပဲ"

ကျော်ကြားရုံနဲ့တင် ပိုက်ဆံရနိုင်တဲ့ ကမ္ဘာကြီး မဟုတ်ဘူးလား။ ဒါကြောင့်မလို့လည်း နည်းလမ်းပေါင်းစုံနဲ့ အောင်မြင်အောင် လုပ်ဖို့ ကြိုးစားနေတဲ့ ကောင်တွေကတော့ အများကြီး ရှိနေတာ ဖြစ်ပါတယ်။ သူကလည်း ဒါကို သက်သေပြဖို့ နည်းလမ်းမရှိဘူးလို့ ထင်ထားတာကြောင့် ချန်နယ်ဖျက်ကြေးအထိ အာမခံပြီး ရဲရဲဝံ့ဝံ့ စိန်ခေါ်ရဲတာ ဖြစ်မှာပါ။

"မင်း မျက်နှာဖုံးကို ချွတ်လိုက်ပြီး မင်းကပဲ OTK ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌ ဖြစ်ကြောင်း ထုတ်ပြောလိုက်ရင် မပြီးဘူးလား"

တက်ဂယူက ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်တယ်။

"မဖြစ်ဘူးလေ။ အဓိက ဇာတ်ဆောင်က ကိုယ်ဘယ်သူလဲဆိုတာကို လျှို့ဝှက်ထားရတာ ထုံးစံပဲ"

"အဲလိုဆိုရင် အစကတည်းက မင်းဟာ Live မလွှင့်သင့်ဘူးလေ။ ကိုယ်ဘယ်သူလဲဆိုတာကို လျှို့ဝှက်ချင်တဲ့လူက ဘာလို့ A-Tube ပေါ် ရောက်နေတာလဲ"

"ဒါက ကောင်းမွန်တဲ့ ဂိမ်းယဉ်ကျေးမှု ထူထောင်ဖို့အတွက် လုပ်တာပါကွာ"

"ဒါဆိုရင်လည်း အရှုံးကို လက်ခံပြီး ချန်နယ်ကို ဖျက်လိုက်တော့။ မင်းလည်း ဒီအလုပ်ကို အကြာကြီး လုပ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး မဟုတ်လား"

တက်ဂယူက ခေါင်းကို ပြတ်ပြတ်သားသား ပြန်ခါပြတယ်။

"ငါ ရပ်လိုက်ပြီဆိုရင်တောင်မှ ငါ့ချန်နယ် အဖျက်ခံရတာမျိုးတော့ အဖြစ်မခံနိုင်ဘူး"

"ဘာလို့လဲ"

"ကီးဘုတ်စစ်သည်တော်တစ်ယောက်အနေနဲ့ ငါ့ရဲ့ သိက္ခာက ခွင့်မပြုလို့ပဲ"

သူကတော့ တကယ်ကို ပင်ပန်းတဲ့ ဘဝကို ဖြတ်သန်းနေတာပဲ။

တက်ဂယူက ကျွန်တော့်ရဲ့ ပုခုံးကို လှမ်းကိုင်ပြီး ပြောတယ်။

" Super L-Rich ရဲ့ Live မှာ ခဏလောက် ပါပေးပါလား။ OTK ကုမ္ပဏီ ဒုတိယဥက္ကဌက Super L-Rich နဲ့ပဲ ရင်းနှီးတာဖြစ်ကြောင်း Gacha Hunter နဲ့ မရင်းနှီးကြောင်း ပြောပေးတာပဲ လုပ်ပေးပါ။ ဘယ်လိုလဲ။ ငါအကူအညီတောင်းတဲ့ကိစ္စက လွယ်လွယ်လေး မလား"

ကျွန်တော် ဆွံ့အသွားခဲ့တယ်။

"မင်း ကိစ္စမှာ ငါ့ကို ဘာလို့ လာပြီး ဆွဲထည့်နေတာလဲ"

"မင်းကို မဆွဲထည့်ရင် ငါက ဘယ်သူ့ကို သွားပြီး ဆွဲထည့်ရမှာလဲ"

တက်ဂယူက တစ်ခုခုကို လိုက်ရှာပြီး ထုတ်လိုက်တယ်။

"ငါ မင်းအတွက် DC ဆီကနေ Batman မျက်နှာဖုံးတစ်ခု တောင်းထားပေးတယ်။ ဒါကို စွပ်ပြီး Super L-Rich ရဲ့ Live မှာ ပါလိုက်တော့"

"..."

တကယ်လို့ ကျွန်တော်က ဒီမျက်နှာဖုံးကို စွပ်ပြီး ကျွန်တော် ဘယ်သူလဲဆိုတာကို လျှို့ဝှက်ထားမယ်ဆိုရင် သူ့Liveမှာပါပေးလို့ကော ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။

All Chapters