← Chapters

အခန်း ၃၇၃

Vol. 38 Ch. 373

အခန်း ၃၇၃

Vol. 38 Ch. 373

အခန်း (၃၇၃)

A-Tube ဟာ အစပိုင်းမှာတော့ ဘယ် Browser မှာမဆို ဗီဒီယိုတွေကို လွယ်လွယ်ကူကူ ကြည့်ရှုနိုင်တဲ့ Site တစ်ခုအနေနဲ့ စတင်ခဲ့တာပါ။

နောက်ပိုင်းမှာ Gooble က A-Tubeရဲ့ အလားအလာကို သတိပြုမိပြီး ဝယ်ယူခဲ့တယ်။ A-Tubeဟာ Gooble ရဲ့ ငွေကြေးပံ့ပိုးမှုအောက်မှာ အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့ပြီး အခုဆိုရင် ကမ္ဘာ့အကျော်ကြားဆုံး ဗီဒီယိုမျှဝေတဲ့ Site နဲ့ တစ်ကိုယ်ရေ အင်တာနက် Live လွှင့်တဲ့ platformတစ်ခု ဖြစ်လာခဲ့ပါပြီ။

နည်းပညာတိုးတက်မှုနဲ့ လုပ်ငန်းခွင်အပြောင်းအလဲတွေကြောင့် တချို့သောအလုပ်အကိုင်တွေ ပျောက်ကွယ်သွားတတ်သလို အသစ်အသစ်သော အလုပ်အကိုင်တွေကလည်း မလွှဲမသေ ပေါ်ထွက်လာစမြဲပါ။

A-Tube ပေါ်မှာ Content ဖန်တီးတဲ့ လူတွေကို Creator ဒါမှမဟုတ် A-Tuber လို့ ခေါ်ကြပါတယ်။ နာမည်ကြီး A-Tuber တွေဆိုရင် အနုပညာရှင် တော်တော်များများထက်တောင် ပိုပြီး ကျော်ကြားကြတယ်လို့ ပြောကြပါတယ်။ သူတို့ရဲ့ အဓိကဝင်ငွေလမ်းကြောင်းကတော့ ကြော်ငြာခနဲ့ ကြည့်ရှုသူတွေဆီကရတဲ့ အလှူငွေ (Donation) တို့ ဖြစ်ပါတယ်။

"Follower အရေအတွက်နဲ့ ဗီဒီယိုကြည့်ရှုနှုန်းအပေါ် မူတည်ပြီး ကွာခြားမှု ရှိပေမဲ့ သူတို့ထဲက အများစုက တစ်လကို ဝမ်သန်း ၁၀၀ ကျော်အထိ ဝင်ငွေရှိကြတယ်။ တချို့ဆိုရင် ဇာတ်ညွှန်းရေးဆရာ၊ ကင်မရာဒါရိုက်တာ၊ Editing သမားတွေနဲ့ အဖွဲ့ဖွဲ့ပြီး ရလာတဲ့အမြတ်ကို ခွဲဝေကြတာမျိုးလည်း ရှိတယ်။ ဒါ့အပြင် Management အေဂျင်စီတွေ၊ PR ကုမ္ပဏီတွေနဲ့ Creator တွေ ဖြစ်အောင် လေ့ကျင့်ပေးတဲ့ သင်တန်းကျောင်းတွေတောင် ရှိတယ်လေ"

"အံ့သြစရာပဲ။ တကယ်ပဲ အဲဒီလောက်အထိ ပိုက်ဆံရတာလား"

"ဒါကတော့ 'ချမ်းသာတဲ့လူက ပိုချမ်းသာပြီး ဆင်းရဲတဲ့လူက ပိုဆင်းရဲတဲ့' အခြေအနေမျိုးပဲ။ အောင်မြင်သွားရင်တော့ တစ်လကို ဝမ်သန်း ရာချီဝင်တာက ဘာမှမဟုတ်ပေမဲ့ မအောင်မြင်ရင်တော့ တစ်နှစ်လုံးနေမှ ဝမ်အနည်းငယ်တောင် မရတာမျိုး ရှိနိုင်တယ်။ ပြီးတော့ အကြာကြီး ရပ်တည်လာပြီး ခိုင်မာတဲ့ Fanbase ရှိနေတဲ့ 'ဝါရင့်လူဟောင်း' တွေလည်း အများကြီးပဲလေ"

Gacha Hunter ကတော့ A-Tubeပေါ်မှာ အတော်လေး နောက်ကျမှ စတင်ခဲ့တာပါ။ သူက အစပိုင်းမှာ နိုင်ငံရေးနဲ့ လက်ရှိဖြစ်ရပ်မှန် Content တွေကို အဓိကထား လုပ်ဆောင်ခဲ့ပေမဲ့ အဆင်မပြေဖြစ်ခဲ့လို့ Gacha Content ဘက်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ Gacha Content ပိုင်းက အကြီးအကျယ် ပေါက်သွားခဲ့ပြီး သူ့ရဲ့ ချန်နယ်နာမည်ကိုလည်း Gacha Hunter လို့ ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။

"သူ့ရဲ့ Concept အစစ်အမှန်က ဘာလဲ။ နိုင်ငံရေးအကြောင်း တင်ပြတာကနေ ဂိမ်းဘက်ကို ဘာလို့ ပြောင်းသွားတာလဲ"

"အင်တာနက် Live လွှင့်တာက ဒီလိုပါပဲကွာ။ ဒါလေး စမ်းလုပ်ကြည့်၊ ဟိုဟာလေး စမ်းလုပ်ကြည့်နဲ့ စုံနေတာပဲ"

စွယ်စုံရ ဖျော်ဖြေရေးသမားတစ်ယောက်လို့ ပြောရမလားမသိဘူး။

ခဏလောက် စဉ်းစားပြီးမှ ကျွန်တော် မေးလိုက်တယ်။

"ဒါပေမဲ့ ဂိမ်း Live လွှင့်တာနဲ့ ပတ်သက်ပြီး မူပိုင်ခွင့်က ဘယ်လိုလဲ။ ဂိမ်း Live လွှင့်တယ်ဆိုတာက ဒီတိုင်း အပျော်ဆော့ပြတာတင် မဟုတ်ဘဲနဲ့ တစ်ဆင့်ခံ ဖန်တီးမှုလက်ရာ တစ်ခု ဖြစ်နေတာ မဟုတ်ဘူးလား"

တက်ဂယူက ခေါင်းညိတ်တယ်။

"မူအားဖြင့်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဂိမ်းကုမ္ပဏီအများစုက ဒီလိုလုပ်တာကို ကြော်ငြာကောင်းတစ်ခုအဖြစ် သတ်မှတ်ပြီး ခွင့်ပြုပေးထားကြတာ။ တချို့ဂိမ်းတွေမှာဆိုရင် Record လုပ်တဲ့ Feature တောင် တစ်ပါထဲ ထည့်ပေးထားသေးတယ်လေ။ ဒါပေမဲ့ ခွင့်မပြုတဲ့ ကုမ္ပဏီတွေလည်း ရှိတာပေါ့။ ဥပမာ ဒန်တန်းဒို ဆိုရင် သူတို့ရဲ့ ဂိမ်းတွေကို အင်တာနက်ပေါ်မှာ Live လွှင့်တာကို လုံးဝ ပိတ်ပင်ထားပြီး သက်ဆိုင်တဲ့ Content တွေ အကုန်လုံးကို A-Tube ပေါ်ကနေ ဖယ်ရှားခိုင်းခဲ့ဖူးတယ်"

"ဪ... သိပြီ"

တက်ဂယူက အကြီးကြီးပြုံးပြီး လှမ်းမေးတယ်။

"သူငယ်ချင်းရာ... မင်း ငါ့ Live ထဲမှာ လာပါပေးမယ်မလား"

"အင်း... မပါပေးနိုင်စရာတော့ မရှိပါဘူး၊ ဒါပေမဲ့..."

တစ်ကိုယ်ရေ အင်တာနက် Live လွှင့်ခြင်းဆိုတာက SNS လိုပဲ စိတ်တူကိုယ်တူ လူတွေ စုမိတတ်ကြပြီး တချို့အချိန်တွေမှာ တိုးတက်ပြောင်းလဲလိုသူတွေနဲ့ ရှေးရိုးစွဲသမားတွေကြား စစ်တလင်းတစ်ခု ဖြစ်သွားတတ်ပါတယ်။ တစ်ဖက်စီက ကိုယ့််အတွက် အဆင်ပြေမယ့် အချက်အလက်တွေ၊ စာရင်းဇယားတွေနဲ့ သတင်းတုတွေကို သုံးပြီး တစ်ဖက်လူကို တိုက်ခိုက်ကြတာ ဖြစ်လို့ပါ။

အထူးသဖြင့် အခုအချိန်က လွှတ်တော်အမတ် မြောင်ဂျင်ဝု ရာထူးကနေ နုတ်ထွက်သွားတာ သိပ်မကြာသေးတဲ့ အချိန်လည်း ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်သာ ပါဝင်လိုက်ရင် နှစ်ဖက်စလုံးက အုန်းအုန်းထကြလောက်မှာလေ။

ခဏလောက် စဉ်းစားပြီးတော့ ကျွန်တော် ပြောလိုက်တယ်။

"မင်းမှာ ရင်းနှီးတဲ့ အာရုံစိုက်ခံချင်တဲ့ တခြားလူတွေ ရှိတာပဲ။ သူတို့ထဲက တစ်ယောက်ယောက်ကိုပဲ အကူအညီတောင်းပါလား"

"...ဟမ်"

အင်တာနက် Live လွှင့်တာကို ဘယ်သူမဆို လုပ်နိုင်ပေမဲ့ ဘယ်သူမဆို ကျော်ကြားလာနိုင်တာတော့ မဟုတ်ပါဘူး။

Gacha Hunter ကတော့ ကျော်ကြားလာဖို့အတွက်ဆိုရင် ဘယ်နည်းလမ်းပဲသုံးသုံး အရေးမကြီးဘူးလို့ ယုံကြည်ထားတဲ့လူပါ။ ဒါကြောင့်မလို့လည်း Follower တွေနဲ့ ကြည့်ရှုသူတွေကို ဆွဲဆောင်ဖို့အတွက် လှုံ့ဆော်မှုဖြစ်စေမယ့် Content မျိုးစုံကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

သူက ဂိမ်းဆော့နေစဉ်အတွင်း ဆဲဆိုတာတွေ၊ ရိုင်းစိုင်းတဲ့ စကားလုံးတွေ သုံးတာတွေအပြင် တစ်ဦးတစ်ယောက်ကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကိုလုပ်ဖို့လည်း ဝန်မလေးခဲ့ဘူး။ ဒါ့အပြင် သူက နာမည်ကြီးလူမျိုးစုံနဲ့ ရင်းနှီးကြောင်းကိုလည်း ကြွားဝါလေ့ရှိပြီး အဲဒီအထဲက တစ်ခုကတော့ OTK ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌနဲ့ ရင်းနှီးတယ်လို့ ဇွတ်ပြောနေခဲ့တာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် သူက အရည်အချင်းလည်း ရှိတာကြောင့် အချိန်တိုအတွင်းမှာ Follower ငါးသိန်းနီးပါးအထိ စုဆောင်းနိုင်ခဲ့ပါတယ်။ သူဟာ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေစဉ်မှာတင် တကယ့်ကို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်က ရုတ်တရက် ပေါ်ထွက်လာခဲ့တာပါ။

အဲဒါကတော့ Super Rich ပါပဲ။

ပထမဆုံး Live လွှင့်မှုမှာ Super Rich ဟာ Iron Man မျက်နှာဖုံးနဲ့ မီးခိုးရောင် အားကစားဝတ်စုံကို ဝတ်ဆင်ပြီး ပေါ်လာခဲ့တယ်။ မျက်နှာဖုံးမှာ အသံပြောင်းလဲပေးတဲ့ စနစ် ပါဝင်နေသလိုမျိုး သူ့ရဲ့ အသံကလည်း နည်းနည်း ပြောင်းလဲနေခဲ့တာပါ။

အဲ့ဒီအချိန်အထိတော့ သူက တခြား Creator တွေနဲ့ သိပ်ပြီး ကွာခြားမှု မရှိသေးပါဘူး။ မျက်နှာဖုံးစွပ်ပြီး ဂိမ်း Live လွှင့်နေတဲ့ တခြား A-Tuber တစ်ယောက်လိုပါပဲ။

ရလဒ်အနေနဲ့ သူ့မှာ Follower အများကြီး မရှိသေးပါဘူး။ Live ရဲ့ Content ကြောင့်ထက်စာရင် ဝတ်ဆင်ထားတဲ့ မျက်နှာဖုံးကြောင့်ပဲ စိတ်ဝင်စားမှုကို ရရှိခဲ့တာပါ။

-မျက်နှာဖုံးက Iron Man ဖြစ်ပြီး အင်္ကျီက အားကစားဝတ်စုံကြီးလား။

-ဟားဟား Uniclo ဝတ်စုံကြီးပဲ။ အလကားပေးရင်တောင် မဝတ်ဘူး။

-'Super Rich' ဆိုပြီးတော့ သူတောင်းစားကျနေတာပဲ... အာ။ Rich မဟုတ်ဘူး။ Lich ဖြစ်နေတာပဲ။ ဆောရီး။ ဆောရီး~

-ဒါပေမဲ့ အဲဒီမျက်နှာဖုံးက ဘာလို့ အဲဒီလောက် Quality ကောင်းနေတာလဲ။ အစစ်ကြီးကျနေတာပဲ။

-မျက်နှာဖုံးက တကယ့်ကို လန်းတယ်ဟ။ အဲဒါကို ဘယ်မှာ ရောင်းတာလဲ။ ငါလည်း လိုချင်တယ်။

-ဘယ်မှာ ဝယ်တာလဲဆိုတာပဲ ပြောပြပါ။

-ဝမ် သုံးသိန်းနဲ့ ရောင်းမလား။

Super Rich ဟာ Lost Fantasy Online ကို Live လွှင့်ခဲ့ပြီး Gacha Content ကိုလည်း ပြသခဲ့တယ်။

Gacha Content ရဲ့ ဖျော်ဖြေရေး အနှစ်သာရကတော့ Loot Box တွေကို ဖွင့်တဲ့အချိန်မှာ ခံစားရတဲ့ ဝမ်းသာမှုနဲ့ စိတ်ပျက်မှုဆိုတဲ့ ခံစားချက်အတက်အကျတွေပဲ ဖြစ်ပါတယ်။ ဒါက ပိုကာဝိုင်းကြီးတစ်ခုမှာ ဖဲချပ်တွေကို လှန်ကြည့်ရတဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုမျိုးနဲ့ အတူတူပါပဲ။

ပုံမှန်အားဖြင့်တော့ ဗီဒီယိုတစ်ခုချင်းစီမှာ သုံးစွဲတဲ့ ပမာဏက ဝမ်သိန်းချီကနေ ဝမ်သန်းချီအထိ ရှိတတ်တာပါ။ ကံဆိုးရင် သုံးစွဲမှုငွေပမာဏက ဝမ်ဆယ်သန်းချီအထိ ရောက်သွားတတ်ပေမဲ့ ဝမ်သန်းရာချီအထိတော့ ဘယ်တော့မှ မရောက်ဘူးလို့ ယူဆလို့ရပါတယ်။

Super Rich ဟာ 'God and Soul' ထဲက ဇာတ်ကောင်တစ်ခုကို နှိုက်ပြရာကနေပြီး တစ်ရှိန်ထိုး နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။

'God and Soul' ထဲက Loot Box တွေကတော့ ပေါက်နိုင်ခြေ ရာခိုင်နှုန်း အလွန်နည်းပါးတာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အထူးသဖြင့် EX-rank ဇာတ်ကောင်တွေကို ပေါက်ဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ ဘိုးဘွား သုံးဆက်စလုံးက ကောင်းမှုကုသိုလ်တွေ အများကြီး လုပ်ထားခဲ့မှပဲ ပေါက်နိုင်လိမ့်မယ်လို့ ပြောစမှတ်ပြုကြရတဲ့အထိ နာမည်ကြီးတာပါ။

ဒါကို တကယ်ပေါက်ဖူးတဲ့ လူအရေအတွက်ကို လက်ချိုးရေလို့ရပြီး ဂိမ်းကုမ္ပဏီကနေပြီး ပေါက်နိုင်ခြေ ရာခိုင်နှုန်းကို လိမ်လည်ထားတာ ဖြစ်လိမ့်မယ်ဆိုတဲ့ ကောလာဟလတွေအထိတောင် ထွက်ပေါ်ခဲ့တာပါ။

"ဒီနေ့တော့ ငါ God and Soul ထဲက EX-rank ဇာတ်ကောင်ကို ရအောင် နှိုက်ပြမယ်"

အဲဒီအချိန်တုန်းကတော့ ကြည့်ရှုသူက ဆယ်ဂဏန်းအနည်းငယ်ပဲ ရှိပါသေးတယ်။

-မင်း ဘယ်တော့မှ EX-rank ကို နှိုက်မိမှာ မဟုတ်ဘူး။

-Gacha Hunter တောင် ဝမ် သန်း ၅၀ သုံးပြီးတော့ ဆဲဆိုပြီး လက်လျှော့သွားတာ။

-ဒါက မပေါက်အောင်ကို ဖန်တီးထားတာ။ အဲဒီမအေဘေးတွေက အတော်ကို သောက်ကျင့်ယုတ်တာပါကွာ~

-ဟားဟား။ သူ မပေါက်ဘူးဆိုတာကို ငါ့ရဲ့ ပိုင်ဆိုင်မှု အကုန်လုံးနဲ့ လောင်းရဲတယ်။

-ငါလည်း ငါ့လက်ကိုဖြတ်ကြေးနဲ့ လောင်းတယ်ကွာ။

-လုပ်လိုက်စမ်း။ လုပ်လိုက်စမ်း။

ပုံမှန်အားဖြင့် စမတ်ဖုန်းတစ်လုံးထဲနဲ့ နှိုက်ပြတတ်ကြတဲ့ တခြား A-Tuber တွေနဲ့ မတူဘဲ Super Rich ကတော့ စမတ်ဖုန်း ငါးလုံးကို စီထားပြီး အားလုံးကို တစ်ပြိုင်ထဲ နှိုက်ခဲ့တာ ဖြစ်ပါတယ်။

မျှော်လင့်ထားတဲ့အတိုင်း အကုန်လုံးက ဗလာပဲ ပေါက်ခဲ့တယ်။

ကံကောင်းလို့ SSS-rank ပေါက်ရင်တောင်မှ EX-rank ဇာတ်ကောင်ကတော့ ပေါ်တောင်မလာခဲ့ပါဘူး။ ဒါပေမဲ့ Super Rich ကတော့ လုံးဝကို ဂရုမစိုက်ဘဲ ဆက်တိုက် နှိုက်နေခဲ့တယ်။ စမတ်ဖုန်း ငါးလုံး သုံးတာဖြစ်လို့ ကုန်ကျတဲ့ ပိုက်ဆံကလည်း ငါးဆ ပိုများတာပါ။

ကုန်ကျငွေက ဝမ်သန်း ၁၀၀ ကျော်သွားတဲ့အခါမှာတော့ ဒီသတင်းက အွန်လိုင်း Live လောကတစ်ခုလုံးမှာ တောမီးပမာ ပြန့်နှံ့သွားခဲ့တယ်။ လက်ရှိ Live ကို မကြည့်နေတဲ့ လူတွေတောင်မှ Live ထဲကို ချက်ချင်း ဝင်ရောက်လာကြတော့တယ်။

ကြည့်ရှုသူ အရေအတွက်က ထောင်ဂဏန်းအထိ တစ်ရှိန်ထိုး တိုးတက်သွားခဲ့တယ်။

မကြာခင်မှာပဲ စုစုပေါင်း ကုန်ကျငွေက ဝမ်သန်း ၃၀၀ ကျော်သွားခဲ့တယ်။ အဲဒီအချိန်မှာတော့ လူတိုင်းက ပါးစပ်အဟောင်းသား ဖြစ်သွားကြပါပြီ။

-သူ အခုအချိန်အထိ ဘယ်လောက်တောင် သုံးလိုက်ပြီလဲ။

-သူ Cash & Rush မှာ သူ့ရဲ့ ကလီစာတွေကို အပေါင်ထားလိုက်တာလား။

-တကယ်ကို ရူးနေတာပဲ။ သူက ဒီနေ့တော့ အဆုံးအထိ သွားမယ့်ပုံပဲ။

-(သတင်းထူး) Super Rich ဟာ မိသားစုရဲ့ အမွေအနှစ်တွေကို ဖြုန်းတီးနေပါတယ်။

-မင်းအမေ ပြေးလာပြီး မင်းရဲ့ ကျောကုန်းကို မရိုက်ခင် ရပ်လိုက်တော့။

-ငါ ဆက်မကြည့်ရဲတော့ဘူး၊ တကယ် နှမြောဖို့ကောင်းတယ် ㅜㅜ အဲဒီပိုက်ဆံတွေကို ငါ့ကိုပဲပေးပြီး ရပ်လိုက်ပါတော့။

-ဘာတွေ ပြောနေတာလဲ။ ဒီလောက်အထိ သုံးပြီးမှတော့ အဆုံးအထိ သွားရမှာပေါ့။

-နောက်တစ်ကြိမ်ကျရင်တော့ သေချာပေါက် ပေါက်တော့မှာ။ ချကွာ။ Super Rich။

-ဒါက ဂိမ်းကုမ္ပဏီရဲ့ စီအီးအိုက မျက်နှာဖုံးစွပ်ထားတာ မဟုတ်ဘူးလား။

-ဒီလိုမျိုး လုပ်နိုင်ဖို့အတွက် သူ့မှာ ပိုက်ဆံ ဘယ်လောက်တောင် ရှိနေလို့လဲ။

-အဲဒါ ကန်ဂျင်ဟူ ပဲ။ သေချာပေါက် ကန်ဂျင်ဟူ ပဲ။

-ကန်ဂျင်ဟူတော့ မဟုတ်လောက်ဘူး။ သူ့ရဲ့ Live အချိန်တွေက သတင်းစာရှင်းလင်းပွဲ အချိန်တွေနဲ့ အကြိမ်ကြိမ်ကို ထပ်တူကျနေတာမျိုး ရှိတယ်။

-ဒါဆို အဲဒါ ဘယ်သူလဲ။ လင်ဂျင်ယုံ လား။

နောက်ဆုံးမှာတော့ Super Rich ဟာ EX-rank ဇာတ်ကောင်ကို ရအောင် နှိုက်နိုင်ခဲ့ပါတယ်။ EX-rank ဇာတ်ကောင် ပေါ်လာတဲ့ အခိုက်အတန့်မှာတင် Chat Window က ပေါက်ကွဲမတတ် ဖြစ်သွားခဲ့ပြီး ကြည့်ရှုသူတွေလည်း ရူးမတတ် အော်ဟစ်ခဲ့ကြတယ်။

ဒါပေမဲ့ ဒါနဲ့တင် မပြီးသေးပါဘူး။

Super Rich က ကြည့်ရှုသူတွေကို လှမ်းပြောတယ်။

"ဒီလိုမျိုး လောင်းကစားဆန်တဲ့ ဂိမ်းတွေက ဂိမ်းလောကတစ်ခုလုံးကို ပျက်စီးစေပါတယ်။ ဒါက ဂိမ်းလား၊ လောင်းကစားလား။ ငါ ဂိမ်းကုမ္ပဏီတွေဆီကို ဆက်သွယ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ချက်ချင်း လုပ်ခိုင်းမှာပါ"

ကြည့်ရှုသူတွေက သူ ဘာတွေ ပြောနေတာလဲဆိုပြီး ကြောင်အမ်းသွားခဲ့ကြပေမဲ့ ဂိမ်းကုမ္ပဏီတွေက တကယ်ပဲ သူတို့ရဲ့ မူဝါဒတွေကို ပြောင်းလဲလာခဲ့ကြတယ်။ တချို့ကဆိုရင် လူသိရှင်ကြား တောင်းပန်စာတွေတောင် ထုတ်ပြန်ခဲ့တာပါ။

"နောက်အပတ်မှာတော့ အသင်းကနေပြီး စည်းကမ်းချက် အသစ်တွေကို ကြေညာမှာပါ။ အခုကစပြီး Loot Box တွေရဲ့ ပေါက်နိုင်ခြေ ရာခိုင်နှုန်းကို တိတိကျကျ ဖော်ပြရမှာ ဖြစ်သလို၊ အာမခံစနစ်မပါဘဲ လွတ်လပ်တဲ့ စမ်းသပ်မှုသက်သက်နဲ့ လုပ်တဲ့ Gachaစနစ်ကိုလည်း ဖျက်သိမ်းပါမယ်"

ဂိမ်းအသင်းကနေပြီး Super Rich ပြောခဲ့တဲ့ အချက်တွေနဲ့ တစ်ထေရာထဲ တူညီတဲ့ ကိုယ်ပိုင်စည်းကမ်းချက်တွေကို ထုတ်ပြန်ခဲ့တယ်။

-ဘာလဲဟ။ ဒါက တကယ်ကြီးလား။

-Super Rich က ဂိမ်းကုမ္ပဏီတွေရဲ့ မူဝါဒကို ပြောင်းလဲပစ်လိုက်တာလား။

-ကြည့်ရတာ သူက တကယ့် Super Rich အစစ်ပဲ။

-သူ့မှာ ပိုက်ဆံရှိလို့ လုပ်နိုင်ခဲ့တာပဲ ဖြစ်လိမ့်မယ်။

-ဒါပေမဲ့ ပိုက်ဆံအများကြီး ရှိရုံသက်သက်နဲ့တင် ဒီလိုမျိုး စည်းကမ်းပြောင်းသွားအောင် လုပ်နိုင်လို့လား။

ရလဒ်အနေနဲ့ Gacha Content ကို အဓိကထား လုပ်ဆောင်ကြတဲ့ တခြား A-Tuber တွေက ကြီးမားတဲ့ ထိခိုက်မှုကို ခံလိုက်ရပါတယ်။

အရင်တုန်းကတော့ ဝမ်သန်းအနည်းငယ် သုံးပြရုံနဲ့တင် အကြီးအကျယ် တုံ့ပြန်မှု ရခဲ့ပေမဲ့ အခုအချိန်မှာတော့ သူတို့တွေ ပိုက်ဆံ ဘယ်လောက်ပဲ သုံးသုံး အရင်လို စိတ်ဝင်စားမှုကို မရရှိတော့ပါဘူး။

-သိပ်ပြီး ပျော်စရာမကောင်းတော့ဘူး။

-ရင်ခုန်စရာ မရှိတော့ဘူး။

-Super Rich ရဲ့ ဗီဒီယိုကိုပဲ ပြန်သွားကြည့်တော့မယ်~

-အာ... အဲဒါက တကယ့်ကို ဒဏ္ဍာရီပဲ။ တကယ့် SSS-tier နှိုက်ချက်ကြီးကွ။

-Gacha Hunter လည်း Super Rich ဆီကနေ နည်းနည်းလောက် သွားသင်သင့်တယ်။

-ဒါနဲ့ မင်းက တကယ်ပဲ OTK ကုမ္ပဏီ ဒုတိယဥက္ကဌနဲ့ ရင်းနှီးတာ ဟုတ်ရဲ့လား။

-Gacha Hunter ရဲ့ သတင်းတွေက အကုန်မှားနေပြီး Super Rich ရဲ့ သတင်းတွေကမှ အကုန်မှန်နေတာနော်။

-ဟားဟား။ ဒုတိယဥက္ကဌနဲ့ ရင်းနှီးတယ်လို့ ပြောတာက အလိမ်အညာ ဖြစ်မှာပါကွာ။

-ကြည့်ရတာ Super Rich ကမှ ဒုတိယဥက္ကဌနဲ့ တကယ် ရင်းနှီးတဲ့လူ ထင်တယ်။

Gacha Hunter ကတော့ အကြီးအကျယ် ဒေါသထွက်နေခဲ့တယ်။

'ဒီကောင်က ငါ့ရဲ့ Concept ကို ခိုးချလိုက်တာပဲ'

မျက်နှာဖုံးစွပ်ပြီး ဂိမ်း Live အရင်ဆုံး လွှင့်ခဲ့တာက သူပါ။ အခုတော့ သူ့ရဲ့ Concept နဲ့ ဆင်တူတဲ့ ကောင်တစ်ယောက် ပေါ်လာပြီး သူ့ရဲ့ နေရာကို ခြိမ်းခြောက်လာပြီလေ။

ကြည့်ရှုသူတွေက Comment တွေမှာ သူ့ကို Super Rich နဲ့ အမြဲတမ်း နှိုင်းယှဉ်ကြပြီး သူ့ရဲ့ Live အချိန်က Super Rich နဲ့ ထပ်တူကျတဲ့ အခါတိုင်းမှာလည်း သူ့ရဲ့ ကြည့်ရှုသူတချို့က Super Richချန်နယ်ကို ကူးသွားကြတဲ့ အရှက်ကွဲမှုကို ခံစားခဲ့ရတယ်။

သူက Super Rich ကို နှိမ့်ချဖို့အတွက် နည်းမျိုးစုံနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ ပြဿနာရှာရှာ သူ့ရဲ့ ပြိုင်ဘက်ကတော့ ဘာတုံ့ပြန်မှုမှ မပြခဲ့ဘူး။

အဲဒီအစား ကြည့်ရှုသူတွေက တုံ့ပြန်ခဲ့ကြတယ်။ သူတို့က မေးခွန်းတွေ ထုတ်ကြပြီး ပဋိပက္ခကို ပိုပြီး ကြီးထွားအောင် လုပ်ခဲ့ကြတာကြောင့် Gacha Hunter ဟာ သိက္ခာဆယ်ဖို့အတွက် သူ့ရဲ့ ချန်နယ်ဖျက်ကြေးအထိ လောင်းခဲ့ရတာပါ။

သူကတော့ ယုံကြည်ချက် အပြည့် ရှိနေပါတယ်။ ဒုတိယဥက္ကဌက မည်သူမည်ဝါဖြစ်ကြောင်း ထုတ်မပြောသရွေ့တော့ သူလိမ်ထားတာကို သက်သေပြဖို့ မဖြစ်နိုင်လို့ပါပဲ။ ပြီးတော့ Super Rich ကလည်း ဒုတိယဥက္ကဌနဲ့ ဘာမှ မသက်ဆိုင်ဘူးဆိုတာကို သူက သေချာပေါက် ယုံကြည်နေတာပါ။

တကယ်လို့သာ ဆက်စပ်မှု ရှိခဲ့ရင် Super Rich က ဒုတိယဥက္ကဌနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ အချက်ကို ထုတ်ပြောပြီးလောက်တာ ကြာလောက်မှာဖြစ်တဲ့အပြင် သူ့ရဲ့ ချန်နယ်ကို ကြော်ငြာဖို့ သုံးခဲ့မှာပဲလေ။

လူသိရှင်ကြား စိန်ခေါ်လိုက်တာက သေချာပေါက် ထိရောက်မှု ရှိခဲ့ပါတယ်။ စိန်ခေါ်မှုက အင်တာနက် သတင်း Site တချို့ပေါ်အထိ ရောက်ရှိသွားခဲ့ပြီး သူ့ရဲ့ Follower နဲ့ ကြည့်ရှုသူ အရေအတွက်ကို တစ်ရှိန်ထိုး တိုးတက်သွားစေခဲ့တယ်။

ဘယ်ဖက်ကမှ သူတို့ရဲ့ ရပ်တည်ချက်ကို သက်သေမပြနိုင်တာကြောင့် သူကတော့ ဒီအခြေအနေကို ပျော်ပျော်ကြီး ခံစားနေရုံပါပဲ။

Gacha Hunter က ဒီနေ့မှာလည်း Live လွှင့်ရင်း Super Rich ကို ဆက်လက် တိုက်ခိုက်နေခဲ့တယ်။

"Super Rich က သိပ်မကြာသေးခင်ကစပြီး Live လွှင့်တာနဲ့ ဗီဒီယို တင်တာတွေကို ရပ်လိုက်တယ်မလား။ သူက OTK ကုမ္ပဏီ ဒုတိယဥက္ကဌနဲ့ ဘာမှ မသက်ဆိုင်လို့ ထွက်ပြေး ပုန်းရှောင်သွားတာလေ။ ငါ ပြီးခဲ့တဲ့ရက်ကတင် ဒုတိယဥက္ကဌနဲ့ တွေ့ခဲ့သေးတယ်။ သူက အဲဒီလိုလူတွေကြောင့်မလို့ သူ့ရဲ့ သရုပ်မှန်ကို ထုတ်မပြောတာ ဖြစ်တယ်လို့ စိတ်ပျက်လက်ပျက်နဲ့ ပြောရှာသေးတာကွ"

သူက သိသိသာသာ တိုးပွားလာတဲ့ ကြည့်ရှုသူ အရေအတွက်ကို ကြည့်ပြီး ပြုံးနေခဲ့ပါတယ်။

ဒါပေမဲ့ ဆက်တိုက် တိုးတက်နေခဲ့တဲ့ Live ကြည့်ရှုသူ အရေအတွက်က ရုတ်တရက်ကြီး ထိုးကျသွားခဲ့တယ်။ အကြောင်းရင်းကတော့ Super Rich က အခုလေးတင် သူ့ရဲ့ Live ကို စတင်လိုက်တာကြောင့်ပါ။

"အာ... Super Rich က အခု Live လွှင့်နေပြီ"

သူက သူ့ရဲ့ Live ကို လွှင့်နေရင်းနဲ့ပဲ Super Rich ရဲ့ Live ကို တစ်ပြိုင်ထဲ စောင့်ကြည့်နေခဲ့တယ်။

Iron Man မျက်နှာဖုံးနဲ့ Super Rich က စကားပြောပါတယ်။

"ဒီနေ့တော့ ငါ့ဆီမှာ အထူးဧည့်သည်တစ်ယောက် ရှိတယ်။ ထွက်လာခဲ့ပေးပါ"

အမျိုးသားတစ်ယောက်က Super Rich ရဲ့ ဘေးနားမှာ ဝင်ထိုင်လိုက်တယ်။ အနောက်တိုင်းဝတ်စုံနဲ့ အဲဒီလူက Batman မျက်နှာဖုံးကို စွပ်ထားတာပါ။

သူတို့နှစ်ယောက်က Lost Fantasy Online အကြောင်းကို စကားစမြည် ပြောဆိုခဲ့ကြတယ်။ Iron Man မျက်နှာဖုံးနဲ့ မတူဘဲ Batman မျက်နှာဖုံးမှာတော့ အသံပြောင်းလဲတဲ့ စနစ် ပါဝင်မနေပါဘူး။

-ဒါက ဘာလဲ။ Marvel နဲ့ DC ရဲ့ Crossover ကြီးလား။

-Crossover ထက်စာရင် ဒါက Hybrid သတ္တဝါကြီးကို သွားချဖို့ပြင်ဆင်နေတာကျနေတာပဲ။ Iron Man နဲ့ Batman နဲ့ အတူတူရှိနေတာက အဆင်ပြေလို့လား။

-အဲဒီကောင်က ဘယ်သူလဲ။

-ဒါပေမဲ့ သူ့ရဲ့ အသံက နည်းနည်း ရင်းနှီးနေသလိုပဲ။

-ငါ အဲဒီအသံကို သတင်းတွေထဲမှာ ကြားဖူးသလိုမျိုး ခံစားနေရတယ်...

-နေ... နေပါဦး။ အဲဒါ... သူ မဟုတ်ဘူးလား။

-မဟုတ်လောက်ပါဘူး။ အသံတု လုပ်နေတာ ဖြစ်မှာပါ။

စကားပြောနေစဉ်အတွင်းမှာပဲ Batman မျက်နှာဖုံးနဲ့ လူက ပြောတယ်။

"ငါ ဒီမျက်နှာဖုံးကို ချွတ်လိုက်လို့ ရမလား"

"အခုချွတ်တော့မှာလား"

"နည်းနည်း အသက်ရှူကြပ်လာလို့ပါ"

"အင်း။ ချွတ်လိုက်လေ"

အဲဒီလူက Batman မျက်နှာဖုံးကို ချွတ်လိုက်ပြီး မျက်မှန်တစ်စုံကို ကောက်တပ်လိုက်တယ်။ သူ့ရဲ့ မျက်နှာ ပေါ်ထွက်လာတဲ့ အခိုက်အတန့်မှာတင် Chat Window က ပေါက်ကွဲမတတ် ဖြစ်သွားခဲ့တယ်။

-ဟာ။ မ... မဖြစ်နိုင်တာ။

-ဒါက တကယ်ကြီးလား။

-ဒါက Deepfake လား။ ဒါမှမဟုတ် ရုပ်ချင်းတူတဲ့လူလား။

-ဒီလူက အခုထိ အဖမ်းမခံရသေးဘူးလား။

-တရားမဝင် အမွေဆက်ခံမှု၊ စာရင်းအင်းလိမ်လည်မှု၊ အလွဲသုံးစားမှု စတာတွေနဲ့ ဟိုးအရင်ကတည်းက အချုပ်ထဲ ရောက်နေရမယ့်လူက ဘာလို့ ဒီမှာ ရှိနေတာလဲ။

-တကယ်ကြီးလား။

အဲဒီလူက သူ့ရဲ့ "အသွင်ပြောင်းလဲခြင်း" ကို အဆုံးသတ်ပြီး ကင်မရာကို ကြည့်ကာ ကြည့်ရှုသူတွေကို နှုတ်ဆက်လိုက်ပါတယ်။

"မင်္ဂလာပါ။ Super Rich ရဲ့ Follower တို့။ ငါက လင်ဂျင်ယုံ ပါ"

လူတိုင်းက ဆွံ့အသွားခဲ့ကြပေမဲ့ အကြီးအကျယ်ဆုံး တုန်လှုပ်သွားခဲ့ရတဲ့လူကတော့ သေချာပေါက် Gacha Hunter ပါပဲ။ သူက Live ကို ကြည့်ရင်းနဲ့ မယုံနိုင်စရာ ဖြစ်ရပ်ကြောင့် အော်ဟစ်လိုက်မိတယ်။

"ဟင်... ခင်ဗျားက အဲဒီမှာ ဘာသွားလုပ်နေတာလဲ"

ဥက္ကဌ လင်ဂျင်ယုံ ပါဝင်ခဲ့တဲ့ ဗီဒီယိုဟာ A-Tube ပေါ်မှာ ဆက်ရှိနေခဲ့ပြီး ကြည့်ရှုနှုန်း ငါးသန်းကျော်အထိ ရရှိခဲ့ပါတယ်။

ချန်နယ်ဖျက်ပါ့မယ်လို့ ကတိပေးခဲ့တဲ့ Gacha Hunter ကတော့ ပြောင်ပြောင်တင်းတင်းပဲ Live ကို ဆက်လွှင့်နေခဲ့ပါတယ်။

"ဘာလဲဟ။ အဲဒီကောင်က ဘာလို့ ချန်နယ်ကို မဖျက်သေးတာလဲ"

တက်ဂယူက အစကတည်းက သိနေခဲ့တဲ့ ပုံစံမျိုးနဲ့ ပြောတယ်။

"ချန်နယ်ဖျက်ကြေး လောင်းတယ်ဆိုတာက ခန္ဓာကိုယ် စွန့်လွှတ်ပါ့မယ်ဆိုတဲ့ သဘောတူညီချက်မျိုးနဲ့ တူတူပဲလေ"

"ဘာကို ဆိုလိုတာလဲ"

"ဥပဒေကြောင်းအရ အကျိုးသက်ရောက်မှု မရှိဘူးလေ။ ဒါကြောင့်မလို့ ချန်နယ်ဖျက်ကြေးကို လောင်းတဲ့လူအများစုက ကတိမတည်ကြဘူး"

"ဒါဆို ဘာဆက်ဖြစ်မှာလဲ"

"ဘာဖြစ်ရမှာလဲ။ သူတို့က ဝေဖန်မှုတွေကို အောင့်ခံလိုက်ပြီး ဒါနဲ့ပဲ ပြီးသွားတာပေါ့"

Gacha Hunter ဟာ အင်တာနက်လောကတစ်ခုလုံးရဲ့ လှောင်ပြောင်စရာ ဖြစ်လာခဲ့ပေမဲ့ သူက အခုဆိုရင် အဲ့လိုလှောင်ပြောင်ခံရတဲ့အချက်ကို သုံးပြီး Content တွေ ပိုပြီး ထုတ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရက်အနည်းငယ်အကြာမှာတော့ A-Tube ကနေပြီး Gacha Hunter ရဲ့ ချန်နယ်ကို ဖျက်ပစ်လိုက်တယ်။ အကြောင်းအရင်းကတော့ သူ့ရဲ့ အရင်ဗီဒီယိုတွေထဲက ဆဲဆိုမှုတွေနဲ့ တစ်ဦးတစ်ယောက်ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပါတယ်။

ဒါက တက်ဂယူ လုပ်ခဲ့တာ မဟုတ်ပေမဲ့ ရလဒ်အနေနဲ့တော့ Gacha Hunter ဟာ ချန်နယ်ဖျက်ကြေး လောင်းကြေး ကတိကို တည်သွားခဲ့ရတဲ့ ပုံစံမျိုး ဖြစ်သွားခဲ့ပါတယ်။

တက်ဂယူက လွမ်းဆွတ်တဲ့ပုံစံမျိုးနဲ့ ပြောတယ်။

"သူကတော့ Creator ကောင်းတစ်ယောက်ပါ။ ကီးဘုတ်စစ်သည်တော်တွေကို ချန်နယ်ဖျက်ကြေး လွယ်လွယ်နဲ့ မလောင်းဖို့ တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခု ပေးသွားခဲ့တာကွ။ ဘယ်သူမှ သူ့ကို မေ့မှာ မဟုတ်ပါဘူးကွာ"

"..."

သူ့ကို ပုံစံအမျိုးမျိုးနဲ့ မှတ်မိနေကြမှာကတော့ အမှန်ပါပဲ။

ဒါပေမဲ့ အစစ်အမှန် အောင်နိုင်သူဖြစ်တဲ့ တက်ဂယူကလည်း Live လွှင့်တာကို ရပ်တန့်ခဲ့တယ်။

"ငါလည်း အရင်ကတည်းက ရပ်ဖို့ စိတ်ကူးထားတာပါ၊ နည်းနည်း ပျင်းဖို့ကောင်းလာလို့လေ။ နောက်ပိုင်းကျရင် OTK Games က Seruanaဂိမ်းကို ထုတ်လုပ်တဲ့အခါကျမှပဲ ငါ Liveလွှင့်တာကို သေချာပေါက် ပြန်လုပ်မယ်"

ကျွန်တော်က အံ့သြတကြီးနဲ့ မေးလိုက်တယ်။

"မင်းက Liveလွှင့်တာကို နောက်တစ်ကြိမ် ထပ်လုပ်ဦးမလို့လား"

"စဉ်းစားကြည့်စမ်းပါကွာ။ ဂိမ်း Live လွှင့်တာက အခုတောင် ဒီလောက်အထိ ရေပန်းစားနေတာ။ တကယ်လို့ VRMMORPG ဂိမ်းတွေ ထွက်လာရင် ဘာဖြစ်သွားမယ်လို့ထင်လဲ"

"ဘာဖြစ်မှာလဲ"

"ဂိမ်း Live လွှင့်တဲ့လူတိုင်းက အဲဒီဘက်ကို အုန်းအုန်းထပြီး ပြောင်းသွားကြမှာပေါ့ဟ။ နတ်မျက်စိ ရဲ့ ခန့်မှန်းချက်အရဆိုရင် တစ်ပြိုင်ထဲ ကစားသူ အရေအတွက်တင် သန်း ၁၀၀ ရှိလိမ့်မယ်။ ပြောရရင်တော့ စုစုပေါင်း ကစားသူအရေအတွက်က သန်း၁၀၀ထက် အဆမတန် ပိုများမှာလေ"

"ဒါလည်း ဟုတ်တာပဲ"

ဒီလောက်ပမာဏဆိုရင် ဒါက ဂိမ်းလောကကို ကျော်လွန်ပြီး ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ တက်ဂယူက အကြံတစ်ခု ရသွားတဲ့ ပုံစံမျိုးနဲ့ ပြောလာတယ်။

"ဒါဆို ငါတို့ပဲ တိုက်ရိုက် လုပ်လိုက်ရင် မကောင်းဘူးလား"

"ဂိမ်း Live လွှင့်တာကို ပြောတာလား"

ကျွန်တော့်ရဲ့ မေးခွန်းကို တက်ဂယူက ခေါင်းခါပြတယ်။

"မဟုတ်ဘူး။ ဂိမ်း Live လွှင့်ဖို့အတွက် A-Tube လိုမျိုး Site တစ်ခုကို ပြောတာ"

All Chapters