← Chapters

အခန်း ၃၇၄

Vol. 38 Ch. 374

အခန်း ၃၇၄

Vol. 38 Ch. 374

အခန်း (၃၇၄)

A-Tube နဲ့ လုပ်ဆောင်ချက်ဆင်တူတဲ့ platformတစ်ခု ဖန်တီးဖို့က သိပ်မခက်ပါဘူး။ ဒါပေမဲ့ A-Tube လိုမျိုး အောင်မြင်တဲ့ platformတစ်ခုဖြစ်လာဖို့ကျတော့ အရမ်းကို ခက်ခဲပါတယ်။

A-Tube မှာက ဖန်တီးသူတွေနဲ့ အသုံးပြုသူတွေ အမြောက်အမြား စုစည်းနေပြီးသားပါ။ နေ့စဉ် တင်ပေးနေတဲ့ ဗီဒီယိုတွေတင် နှစ်ပေါင်း ၂၀ ကျော်စာ ကြည့်လို့ရတဲ့အထိ များပြားပါတယ်။

ပရိသတ်အများကြီးဆီ ရောက်ချင်ရင် ဗီဒီယိုတွေကို A-Tube ပေါ်ပဲ တင်ရမှာဖြစ်သလို ဗီဒီယိုအမျိုးအစား စုံစုံလင်လင် ကြည့်ချင်ရင်လည်း A-Tube ကိုပဲ သုံးရမှာပါ။

ကုမ္ပဏီတွေအကုန်လုံးက A-Tube မှာ ကြော်ငြာကြပြီး A-Tube ကလည်း အဲဒီကြော်ငြာဝင်ငွေတွေကို ဗီဒီယိုဖန်တီးသူတွေဆီ ခွဲဝေပေးပါတယ်။ ဒါကပဲ A-Tube သုံးသူတွေကို ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ Contentတွေ ဖန်တီးလာအောင် တွန်းအားပေးနေတာဖြစ်ပြီး ကြည့်ရှုသူတွေကိုလည်း ပိုဆွဲဆောင်နိုင်နေတာပါ။

" သူတို့မှာက အခြေခိုင်ပြီးသား အသုံးပြုသူပမာဏ အများကြီးရှိနေပြီးပြီကွ။ Platformအသစ်တစ်ခုကို အောင်မြင်အောင် လုပ်ဖို့ဆိုတာ ပိုက်ဆံပုံအောပေးရုံနဲ့ ရနိုင်တဲ့အရာမျိုး မဟုတ်ဘူးလေ။ ပြီးတော့ Gooble ကလည်း ပိုက်ဆံချင်း ပြိုင်သုံးလို့ နိုင်မယ့် ကုမ္ပဏီမျိုးမှ မဟုတ်တာ"

တက်ဂယူက ပြောတယ်။

"ဒါပေမဲ့ Seruana ကို သုံးထားတဲ့ ဂိမ်း Live လွှင့်တဲ့ Stream ဈေးကွက်ကိုတော့ ငါတို့ ဖမ်းဆုပ်ထားလို့ ရနိုင်တာပဲလေ။ ဂိမ်း Stream ဖို့ဆိုတာ ဂိမ်းကုမ္ပဏီရဲ့ ခွင့်ပြုချက်လိုတယ်ကွ။ အဲဒီသော့ချက်က ငါတို့လက်ထဲမှာ ရှိနေတာပဲ မဟုတ်ဘူးလား"

တကယ်လို့ သီးသန့်platformတစ်ခု ဖန်တီးပြီး အဲဒီplatformတစ်ခုထဲမှာပဲ Seruana ဂိမ်း Streamတာကို ခွင့်ပြုမယ်ဆိုရင်တော့ Content ဖန်တီးချင်သူတွေရော ကြည့်ချင်သူတွေပါ ကျွန်တော်တို့ platformဆီ မဖြစ်မနေ စုပြုံရောက်လာကြမှာပါ။

"ဒါကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ လူဘယ်နှယောက်လောက်အထိ တကယ်လာကြမှာလဲ"

တက်ဂယူက ယုံကြည်ချက်အပြည့်နဲ့ ပြောတယ်။

"Role-playing ဂိမ်း (ဇာတ်ကောင်နေရာက ဝင်သရုပ်ဆောင်ရတဲ့ဂိမ်း) ဆိုတာ သရုပ်ဆောင်မှု ပုံစံတစ်မျိုးပဲလေ။ Role-playing ဂိမ်းတွေဆိုတာက သာမန်ကျောင်းသားတွေ ဒါမှမဟုတ် ရုံးဝန်ထမ်းတွေ စုန်းကဝေတွေ၊ သူရဲကောင်းတွေအဖြစ် ဝင်သရုပ်ဆောင်ကြတဲ့ TRPG ကနေ စတင်ခဲ့တာ။ အဲဒီကနေ အွန်လိုင်းပေါ်မှာ လူတွေအများကြီး စုပေါင်းကစားရတဲ့ MMORPG ဆိုတာ အဲဒီလို ဇာတ်ကောင်တွေ အများကြီး စုဝေးရာနေရာ ဖြစ်လာခဲ့တာလေ။ ဒါကြောင့် လူသန်းပေါင်းများစွာ ကစားကြမယ့် VRMMORPG ဆိုတာ ဂိမ်းသက်သက် မဟုတ်တော့ဘဲ သူ့ဘာသာသူ ကမ္ဘာတစ်ခုနဲ့ သမိုင်းတစ်ခု ဖြစ်လာမှာ။ အဲဒီအခါကျရင် အထဲမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ မျှဝေချင်သူတွေရော၊ သိချင်သူတွေပါ ဒုနဲ့ဒေး ရှိလာမှာပဲ "

ကျွန်တော် Disney နဲ့ Netplay တို့ရဲ့ အဖြစ်အပျက်ကို ပြန်တွေးမိသွားတယ်။ Disney က Netplay ဆီ Contentတွေ ပေးပို့တာကို ရပ်တန့်ပြီး ကိုယ်ပိုင်platform ထောင်ဖို့ ဆုံးဖြတ်ခဲ့တာဟာ သူတို့ပိုင်တဲ့ Contentတွေကြောင့်ပဲ လူတွေမဖြစ်မနေ လာကြလိမ့်မယ်လို့ ယုံကြည်ချက်ရှိလို့ပါ။

ကျွန်တော်က 'ဂိမ်းသက်သက်ပဲ' ဆိုတဲ့ ဘောင်ထဲမှာပဲ ကျဉ်းကျဉ်းမြောင်းမြောင်း တွေးနေမိတာလား။ တက်ဂယူ ပြောသလိုပါပဲ၊ Seruana က ဂိမ်းသက်သက် မဟုတ်ဘဲ ကျယ်ပြောတဲ့ကမ္ဘာကြီးတစ်ခုပါ။ ဂိမ်းတစ်ခုထဲကနေတင် ဆယ်စုနှစ်ပေါင်းများစွာ Disney တည်ဆောက်ခဲ့တဲ့ Contentမျိုးတွေ ထွက်လာနိုင်ပါတယ်။

Disney ဟာ ရှိပြီးသား ကာတွန်းတွေ၊ ဇာတ်ကောင်တွေကို သုံးပြီး ကစားကွင်းတွေ၊ အမှတ်တရပစ္စည်းတွေ၊ ပြဇာတ်တွေ၊ ရုပ်ရှင်တွေ စသဖြင့် အသစ်အသစ်တွေကို စဉ်ဆက်မပြတ် ဖန်တီးပြီး ဝင်ငွေရှာနေတာပါ။

အခုအချိန်မှာ Disney ပိုင်ဆိုင်သွားပြီဖြစ်တဲ့ Marvel ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က Spider-Man ရုပ်ရှင်ရိုက်ကူးခွင့်ကို Sony Pictures ဆီ ဒေါ်လာ ၁၀ သန်းထဲနဲ့ ရောင်းချခဲ့ရဖူးပါတယ်။ အဲဒီတုန်းက Marvel က ငွေကြေးအကြပ်အတည်း ဖြစ်နေပြီး ရုပ်ရှင်ရိုက်ဖို့လည်း စိတ်မဝင်စားပါဘူး။ စိတ်ဝင်စားဖို့ကောင်းတာက Marvel က တခြားဇာတ်ကောင်တွေအကုန်လုံးရဲ့ ရိုက်ကူးခွင့်ကို ဒေါ်လာ ၂၅ သန်းနဲ့ အကုန်သိမ်းကျုံးရောင်းတာကိုတောင် Sony Pictures က ငြင်းပယ်ပြီး Spider-Man တစ်ခုထဲကိုပဲ ယူခဲ့တာပါ။

Sony Pictures ရဲ့ Spider-Man ရုပ်ရှင်တွေ အကြီးအကျယ် အောင်မြင်သွားတဲ့အခါမှ Marvel က ကိုယ်ပိုင် စတူဒီယိုထောင်ပြီး တခြားဇာတ်ကောင်တွေနဲ့ ရုပ်ရှင်တွေ စတင်ထုတ်လုပ်ခဲ့တာပါ။ အခုဆိုရင် ရုပ်ရှင်တစ်ကားကို ဒေါ်လာ သန်းထောင်နဲ့ချီပြီး မြတ်နေတာပါ။

ဒါက Contentတွေကို ဘယ်လိုအသုံးချလဲအပေါ် မူတည်ပြီး ဝင်ငွေလမ်းကြောင်းသစ်တွေ စဉ်ဆက်မပြတ် ဖန်တီးနိုင်တယ်ဆိုတာကို ပြနေတာပဲ ဖြစ်ပါတယ်။

Seruana ရဲ့ အောင်မြင်မှုက ဂိမ်းဈေးကွက်ကို ကြီးမားစေရုံတင်မကဘဲ ဂိမ်း Stream တဲ့ဈေးကွက်ကိုပါ သိသိသာသာ ကြီးထွားလာစေမှာဖြစ်ပြီး Content ဖန်တီးသူတွေလည်း သဘာဝအတိုင်း အပြိုင်အဆိုင် ထွက်ပေါ်လာမှာပါ။

တကယ်လို့ Seruanaဂိမ်းstreamလုပ်တာကို A-Tube ပေါ်မှာပဲ ဒီအတိုင်း လွှတ်ထားလိုက်ရင် Gooble ကိုပဲ ကျေးဇူးပြုရာ ရောက်သွားမှာပေါ့။

လူသန်းပေါင်းများစွာ နှစ်သက်ကြတဲ့ Contentတွေကို သီးသန့်ထုတ်လွှင့်ခွင့် ရမယ်ဆိုရင် အဲဒါကို အခြေခံပြီး A-Tube နဲ့ ပြိုင်ဆိုင်နိုင်မယ့် platformတစ်ခု တည်ဆောက်နိုင်မှာ မဟုတ်ဘူးလား။

တက်ဂယူက ပုခုံးတွန့်ပြရင်း ပြောတယ်။

"ကဲ... မဖြစ်နိုင်ရင်လည်း ထားလိုက်ပါတော့"

ကျွန်တော် ခေါင်းခါပြလိုက်ပြီး ပြောလိုက်တယ်။

"မဟုတ်ဘူး၊ အဲဒါ တကယ့်ကို ကောင်းတဲ့ အကြံဉာဏ်ပဲ"

ကျွန်တော် လိုအပ်တာတွေကို လေ့လာကြည့်မိတယ်။

A-Tube အပါအဝင် ဗီဒီယိုမျှဝေတဲ့ platformတွေက ဂိမ်း Streamတဲ့ ဖန်တီးသူတွေကို သိမ်းသွင်းဖို့နဲ့ သီးသန့်ပြသခွင့် ရရှိဖို့ အဓိက အာရုံစိုက်နေကြတာပါ။

Lost Fantasy နဲ့ ပတ်သက်တဲ့ Contentတွေကလည်း အများကြီး ရှိနေနှင့်ပြီးသားပါ။ ရုပ်ရှင်တွေ၊ ပြဇာတ်တွေလိုမျိုး ထွက်လာပြီးမှ သုံးသပ်ဆွေးနွေးကြတာနဲ့ မတူဘဲ ဂိမ်းတွေကတော့ ဆော့ကစားရင်းနဲ့ ဗီဒီယိုအသစ်တွေကို စဉ်ဆက်မပြတ် ထွက်ပေါ်လာအောင် လုပ်နိုင်ပါတယ်။

ကျွန်တော်တို့က ဂိမ်းကနေ ပိုက်ဆံရနေတဲ့အချိန်မှာ A-Tube ကလည်း ကျွန်တော်တို့ ဂိမ်းတွေကို သုံးပြီး ဝင်ငွေရှာနေတာပါ။

ဒါက ဂိမ်းကို ကြော်ငြာပေးရာရောက်လို့ မဆိုးလှပေမယ့်လည်း နှမြောဖို့ကောင်းတာတော့အမှန်ပါပဲ။

မကြာသေးမီနှစ်တွေအတွင်း Content ဖန်တီးမှုဈေးကွက်က အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့ပါတယ်။ အင်တာနက်၊ ဆက်သွယ်ရေးကွန်ရက်နဲ့ ထုတ်လုပ်မှုနည်းပညာတွေ တိုးတက်လာတာကြောင့်လည်း ပါဝင်သလို အဓိကအချက်ကတော့ အလုပ်လုပ်ချိန် လျော့နည်းလာပြီး အားလပ်ချိန် ပိုများလာလို့ပါ။ ဒါကလည်း နည်းပညာတိုးတက်မှုကြောင့် လုပ်အား ကုန်ထုတ်စွမ်းအား သိသိသာသာ မြင့်မားလာလို့ပဲ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း အလုပ်လုပ်ချိန်တွေ ဆက်ပြီး လျော့နည်းသွားဦးမှာဖြစ်လို့ Content ဖန်တီးမှုလုပ်ငန်းက ပိုပြီးတော့တောင် ကြီးထွားလာဦးမှာပါ။

ကျွန်တော် အစည်းအဝေးခေါ်ပြီး အဖွဲ့ခေါင်းဆောင်တွေကို စုဝေးစေခဲ့တယ်။ ကျွန်တော့်ရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် စီနီယာ ဆန်းယော့က မေးတယ်။

"ဒါပေမဲ့ ဂိမ်းက အများစု စိတ်ဝင်စားတဲ့အရာဟုတ်လို့လား"

လူတိုင်းနီးပါး နှစ်သက်ကြတဲ့ ရုပ်ရှင်တွေ၊ ပြဇာတ်တွေ၊ ကာတွန်းတွေနဲ့မတူဘဲ ဂိမ်းကိုတော့ များသောအားဖြင့် ဂိမ်းသမားတွေပဲ ကစားကြတာပါ။

Lost Fantasy Mobile နဲ့ Online တို့ ဘယ်လောက်ပဲ အောင်မြင်ပါစေ၊ သာမန်လူထုကြားထဲမှာတော့ မသိတဲ့သူတွေ ဒါမှမဟုတ် စိတ်မဝင်စားတဲ့သူတွေ ရှိနေပါသေးတယ်။

တက်ဂယူက ပြောတယ်။

"အဲဒါကြောင့်ပဲ ဈေးကွက်ချဲ့ထွင်ဖို့ အလားအလာ ပိုများတယ်လို့ ပြောတာပေါ့"

ကျွန်တော် ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်တယ်။

"OTK Games ကနေ ထုတ်လုပ်မယ့် VRMMORPG Seruana ကတော့ သေချာပေါက် အောင်မြင်မှာပါ။ ဒါက ဂိမ်းလောကကို ကျော်လွန်ပြီး ကမ္ဘာတစ်ဝှမ်းက လူတွေ နှစ်သက်အားပေးကြတဲ့ အမျိုးအစားတစ်ခု ဖြစ်လာလိမ့်မယ်"

အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်က မေးတယ်။

"အသုံးပြုသူ ဘယ်နှယောက်လောက် ရှိမယ်လို့ ခန့်မှန်းထားလဲ"

"သန်း ၅၀၀ ဝန်းကျင်လောက်လို့ခန့်မှန်းထားတယ်"

ကျွန်တော့်စကားကြောင့် လူတိုင်း မယုံကြည်နိုင်တဲ့ မျက်နှာထားတွေ ဖြစ်သွားကြတယ်။ ဒါကလည်း နားလည်ပေးလို့ ရပါတယ်၊ ကမ္ဘာ့လူဦးရေရဲ့ ဆယ်ပုံတစ်ပုံလောက်က ဂိမ်းတစ်ခုထဲကို အတူတူ ဆော့ကြမယ်ဆိုတာက ယုံရခက်တာလေ။

တက်ဂယူက ပြောတယ်။

"အဲဒီပမာဏက မဖြစ်နိုင်တာ မဟုတ်ဘူး။ ကျွန်တော်တို့မှာ ကိုရီးယားနဲ့ ဂျပန်ရှိသလို အမေရိကန်၊ တရုတ်နဲ့ အိန္ဒိယလည်း ရှိသေးတယ်။ အမှန်တော့ ဂိမ်းဆော့တာက ကုန်ကျစရိတ်အသက်သာဆုံး အပန်းဖြေမှုတစ်ခုဖြစ်လို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုတောင် အောင်မြင်နိုင်ခြေ ရှိသေးတယ်လေ"

"ဒါပေမဲ့ ဂိမ်းဆော့ဖို့အတွက် စက်ပစ္စည်းအမျိုးမျိုး လိုအပ်တယ်မဟုတ်ဘူးလား။ အဲဒါက ဖွံ့ဖြိုးဆဲနိုင်ငံက အလုပ်သမားတွေအတွက်တော့ အတော်လေး ကုန်ကျစရိတ် များမှာနော်"

တက်ဂယူက သဘာဝကျကျပဲ ပြန်ဖြေပါတယ်။

"အဲဒါကြောင့်ပဲ PC bang (အင်တာနက်ကဖေး) တွေနဲ့ PlayStation ဆိုင်တွေ ရှိနေတာပေါ့"

StarCraft ခေတ်ဦးတုန်းက PC bang ပိုင်ရှင်တွေ ပိုက်ဆံ ဘယ်လောက်တောင် မျိုးမျိုးမြတ်မြတ် ရခဲ့လဲဆိုတာကို ပြန်တွေးကြည့်ရင် PCဆိုင်ဆိုတာကလည်း အလားအလာကောင်းတဲ့ ဆက်စပ်လုပ်ငန်းတစ်ခု ဖြစ်နိုင်ပါတယ်။

အသုံးပြုသူ အရေအတွက်အပေါ် သံသယရှိနေကြသေးပေမယ့် ဂိမ်းအောင်မြင်ပြီးနောက် ဖြစ်ပေါ်လာမယ့် စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေးနဲ့ စက်မှုကဏ္ဍဆိုင်ရာ ပြောင်းလဲမှုတွေကို ကြိုတင်မျှော်မှန်းပြီး ပြင်ဆင်ထားဖို့ လိုအပ်တယ်ဆိုတာကိုတော့ အားလုံးက သဘောတူကြပါတယ်။

တက်ဂယူက PR အဖွဲ့ခေါင်းဆောင်ကို မေးလိုက်တယ်။

"ကျွန်တော်တို့ ဂိမ်းဗီဒီယို မျှဝေတဲ့ platformတစ်ခု လုပ်ဖို့ စဉ်းစားနေတာ။ အဆင်ပြေမယ့် (ဝယ်ယူဖို့ ဒါမှမဟုတ် ပူးပေါင်းဖို့) ကုမ္ပဏီကောင်းကောင်း ရှိမလား"

အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်က တက်တက်ကြွကြွနဲ့ ပြန်ဖြေတယ်။

"ချက်ချင်း စုံစမ်းလိုက်ပါ့မယ်။ ဒုဥက္ကဌ"

လူမှုအကျိုးပြု လုပ်ငန်းတွေရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ OTK Company ဟာ Golden Gate နဲ့ ပူးပေါင်းပြီး OTK Gate ကို တည်ဆောက်ခဲ့တယ်။ OTK Gate ဆိုတာက Startup (လုပ်ငန်းသစ်) တွေကို ပံ့ပိုးပေးတဲ့ ရုံးခန်းအတူသုံး နေရာတစ်ခုပါ။ ရုံးခန်းနေရာ မျှဝေပေးရုံတင်မကဘဲ ကုမ္ပဏီထောင်တာ၊ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေ၊ မူပိုင်ခွင့်ရယူတာ၊ ရှယ်ယာရောင်းချတာ၊ ကုမ္ပဏီလွှဲပြောင်းတာကနေ ဖျက်သိမ်းတဲ့အထိ ဥပဒေရေးရာ ဝန်ဆောင်မှုတွေအပြင် စီးပွားရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ချိတ်ဆက်ပေးတာတွေကိုပါ ဆောင်ရွက်ပေးပါတယ်။

အစပိုင်းမှာ ဂန်နမ်မှာပဲ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဂန်ဘတ်နဲ့ ဆိုးလ်မြို့ပြဧရိယာအထိ ချဲ့ထွင်ခဲ့ပြီး အခုဆိုရင် အဓိက မြို့ကြီးတွေမှာပါ ရုံးခွဲတွေ ရှိနေပြီ ဖြစ်ပါတယ်။

ကိုရီးယားရဲ့ ရုံးခန်းအတူသုံး ဈေးကွက်က အမှန်အတိုင်းပြောရရင် ရုံးခန်း ရေတိုငှားရမ်းတဲ့ သဘောနဲ့ ပိုတူပါတယ်။ ရုံးခန်းရေတိုငှားတာက အိမ်ခြံမြေ ပွဲစားခ၊ ရေဖိုးမီးဖိုး၊ အင်တာနက်ကြေးနဲ့ ပရိဘောဂဝယ်ယူစရိတ် စတဲ့ ဆက်စပ်ကုန်ကျစရိတ်တွေကို လျှော့ချနိုင်တဲ့ အားသာချက်ရှိပေမယ့် ငှားခတွေကတော့ အတော်လေး မြင့်မားနေဆဲပါ။

ဒါပေမဲ့ OTK Gate ရဲ့ အခကြေးငွေကတော့ သာမန်ပေါက်ဈေးရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိပြီး အဆင့်မြင့် အဆောက်အဦးနဲ့ ဝန်ဆောင်မှုတွေကို ပေးထားတာပါ။ ဒါကြောင့် နေရာတွေကို ဆက်တိုက်ချဲ့ထွင်နေပေမယ့်လည်း ဝင်ရောက်ချင်တဲ့ လုပ်ငန်းရှင်တွေ များပြားလွန်းလို့ သေသေချာချာ စိစစ်ရွေးချယ်မှုတွေတောင် လုပ်ရပါတယ်။

OTK Gate ကို ဂန်နမ်မှာပဲ တစ်နေရာထဲ ဖွင့်ထားတုန်းကတော့ ပြဿနာမရှိပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ချဲ့ထွင်လာတဲ့ အခါမှာတော့ ရှိနှင့်ပြီးသား ရုံးခန်းအတူသုံး လုပ်ငန်းရှင်တွေက မကျေမနပ် ဖြစ်လာကြတယ်။ သူတို့လည်း ငှားရမ်းခတွေလျှော့ချပြီး ဝန်ဆောင်မှုတွေ မြှင့်တင်ကာ အပြိုင်အဆိုင် ကြိုးစားလာကြပါတယ်။

Startup ပတ်ဝန်းကျင်က သိသိသာသာ ကောင်းမွန်လာတာကြောင့် လုပ်ငန်းအသစ် ထောင်ကြတဲ့ လူငယ်တွေ ပိုများလာပါတယ်။

ကိုရီးယားက အမေရိကန်နဲ့ တရုတ်တို့နဲ့ ယှဉ်ရင် ဈေးကွက်ပမာဏ သေးငယ်တဲ့ အားနည်းချက်ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အဆင့်မီ အင်တာနက်အမြန်နှုန်း၊ စမတ်ဖုန်းသုံးစွဲမှုနှုန်း၊ ကွန်ပျူတာ အသုံးပြုမှုနှုန်းတို့ ရှိပြီး ဆိုးလ်မြို့ပြဧရိယာမှာတင် လူဦးရေ သန်း ၂၀ လောက် စုပြုံနေတဲ့ အားသာချက်လည်း ရှိပါတယ်။ ဒါကြောင့် စိတ်ကူးသစ်တွေနဲ့ ထုတ်ကုန်အသစ်တွေကို စမ်းသပ်ကြည့်ဖို့ အဆင်ပြေပါတယ်။

ကမ္ဘာလုံးဆိုင်ရာ IT ဘီလူးကြီးတွေက ရှာဖွေရေးအင်ဂျင်တွေ၊ SNS နဲ့ Shopping Mall တွေအပါအဝင် အင်တာနက်ဈေးကွက်တစ်ခုလုံးကို စိုးမိုးထားကြပေမယ့် သေချာ အနီးကပ်ကြည့်ရင်တော့ ကိုယ်ပိုင်အခွင့်အလမ်း ရှာတွေ့နိုင်မယ့် နေရာကွက်လပ်လေးတွေ ရှိနေဆဲပါ။

OTK Gate မှာ နေ့တိုင်း အခွင့်အလမ်းသစ်တွေ ရှာဖွေဖို့ ကြိုးစားနေတဲ့ လုပ်ငန်းရှင်တွေ ဒုနဲ့ဒေး ရှိပါတယ်။ အဲဒီထဲကမှ အအောင်မြင်ဆုံး ထွက်ပေါ်လာတဲ့ ကုမ္ပဏီကတော့ ကားအတူစီး ဝန်ဆောင်မှုကို ဖန်တီးခဲ့တဲ့ PoolRidingပါပဲ။

ကိုရီးယားတက္ကသိုလ်က ကျောင်းသားတွေ ထောင်ထားတဲ့ အဲဒီ လုပ်ငန်းသစ်ကို K ကုမ္ပဏီက ဝမ် သန်း ၁၅၀၀နဲ့ ဝယ်ယူခဲ့တယ်။ အခုဆိုရင် K Mobility အမှတ်တံဆိပ်အောက်မှာ ကားမျှစီးလုပ်ငန်း၊ ကားအငှား ဝန်ဆောင်မှုတွေနဲ့ ကိုရီးယားရဲ့ သွားလာရေးဈေးကွက်ကို စိုးမိုးထားပါပြီ။

ဒါက တခြားလုပ်ငန်းရှင်တွေအတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။ စိတ်ကူးကောင်းကောင်းနဲ့ အကောင်အထည် ဖော်နိုင်စွမ်း ရှိရင် အောင်မြင်နိုင်တယ်ဆိုတာကို သူတို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရလို့ပါ။

ကြီးမားတဲ့ ကော်ပိုရေးရှင်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ ကိုရီးယားတက္ကသိုလ် အီလက်ထရွန်နစ် အင်ဂျင်နီယာဘွဲ့ရ ယွန်တက်ဟွန်းကတော့ ရုံးဝန်ထမ်းဘဝကို စိတ်ကုန်လာခဲ့တယ်။ သူက စိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဖက်တချို့နဲ့ တွေ့ပြီးနောက် အလုပ်ထွက်ကာ Startup လောကထဲကို ခြေစုံပစ် ဝင်ရောက်လာခဲ့တာပါ။

ကံကောင်းထောက်မစွာနဲ့ပဲ သူဟာ OTK Gate မှာ နေရာရခဲ့ပါတယ်။

သူတို့ရဲ့ စိတ်ကူးကတော့ မည်သူမဆို ဗီဒီယိုတွေကို လွယ်လွယ်ကူကူ ဖန်တီးပြီး မျှဝေနိုင်မယ့် App တစ်ခု လုပ်ဖို့ပါ။

A-Tube ကြီးထွားလာတာနဲ့အမျှ ပရော်ဖက်ရှင်နယ်အဆင့် ဗီဒီယိုရိုက်ကူးမှုနဲ့ တည်းဖြတ်မှုတွေမှာ ကျွမ်းကျင်မှုမရှိရင် Follower ရဖို့ ခက်ခဲလာပါတယ်။ အဲဒီကျွမ်းကျင်မှုတွေကို သင်ပေးတဲ့ သင်တန်းကျောင်းတွေတောင် ပေါ်လာခဲ့တာပါ။

ဒါကြောင့် သူတို့က အသုံးပြုသူတွေအနေနဲ့ စမတ်ဖုန်းနဲ့ ဗီဒီယိုအတိုလေးတွေ ရိုက်ပြီး တည်းဖြတ်နိုင်မယ့်အပြင် အထူးပြုလုပ်ချက်တွေ၊ နောက်ခံတေးဂီတတွေကို လွယ်လွယ်ကူကူ ထည့်နိုင်မယ့် Appတစ်ခုကို တီထွင်ခဲ့တာပါ။

စိတ်ကူးက ကောင်းပေမယ့် Startup တစ်ခုရဲ့ လမ်းကြောင်းကတော့ မလွယ်ကူပါဘူး။ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ရန်ပုံငွေပါ။ သူတို့က ရင်းနှီးမြှုပ်နှံသူတွေနဲ့ တွေ့ဆုံပြီး စည်းရုံးဖို့ ကြိုးစားခဲ့ပေမယ့် ဒီနယ်ပယ်မှာ နာမည်ကြီး ကုမ္ပဏီကြီးတွေ အများကြီး ရှိနေတာကြောင့် အများစုက သံသယဝင်ခဲ့ကြတယ်။

နေ့လယ်စာစားပြီးနောက် ယွန်တက်ဟွန်းနဲ့ ဝန်ထမ်းတွေက အစည်းအဝေးခန်းကို ဘိုကင်လုပ်ပြီး ဝင်ခဲ့ကြတယ်။

"ငါတို့မှာ ကြော်ငြာဖို့ ပိုက်ဆံမရှိတော့ သုံးစွဲသူအသစ်တွေ တစ်ဆင့်စကားတစ်ဆင့်နဲ့ ရလာအောင် Community လုပ်ဆောင်ချက်တွေကိုပဲ ပိုပြီး အားဖြည့်ကြရအောင်..."

ဒါပေမဲ့ အစည်းအဝေး ပြီးခါနီးမှာပဲ အပြင်ဘက်ကနေ ရုတ်တရက် ဆူညံသံတွေ ထွက်လာပါတယ်။ အားလုံးက ခေါင်းလှည့်ကြည့်လိုက်ကြပြီး "ဘာဖြစ်တာလဲ" "ဘာတွေ ဖြစ်နေတာလဲ" လို့ ပြောကြတယ်။

အပြင်ကနေ တစ်ယောက်ယောက်က "ကန်ဂျင်ဟူ လာနေတယ်" လို့ အော်ပြောလိုက်ပါတယ်။

"ဘာ၊ ကန်ဂျင်ဟူ ဟုတ်လား"

"သူ အခု ဓာတ်လှေကားနဲ့ တက်လာနေပြီ"

"ဝိုး... တကယ်ကြီးလား"

အစည်းအဝေးခန်းထဲက လူတွေ လန့်ဖျတ်သွားကြပါတယ်။ ကန်ဂျင်ဟူက OTK Gate ကို တည်ဆောက်ခဲ့တာဖြစ်ပြီး သူ့ကုမ္ပဏီကလည်း အနီးအနားမှာပဲ ရှိတာပါ။ ဒါပေမဲ့ သူက အင်မတန် အလုပ်များတဲ့သူဖြစ်လို့ လူကိုယ်တိုင် လာလေ့မရှိပါဘူး။

"ငါတို့လည်း အပြင်ထွက်ကြည့်ကြမလား"

"ငါတို့ရဲ့ဘိုကင်တင်ထားတဲ့ အချိန်သိပ်မကျန်တော့ဘူး။ တကယ်လို့ သွားပြီး ပြန်လာရင် အစည်းအဝေးခန်းကိုဘိုကင်တင်ထားတဲ့ အချိန်က ကုန်သွားလိမ့်မယ်"

"အဲဒါက အခုအချိန်မှာ အရေးကြီးလို့လား။ အစည်းအဝေးကို နောက်မှ ကဖေးတစ်ခုခုမှာ ဆက်လုပ်လို့ရတာပဲလေ"

"ဟုတ်တယ်၊ ကန်ဂျင်ဟူရဲ့ မျက်နှာကို ဘယ်အချိန်မှ ထပ်မြင်ရမလဲ သိတာမဟုတ်ဘူး"

"ဟု-ဟုတ်သားပဲနော်"

ဒီလောကထဲမှာတော့ ကန်ဂျင်ဟူက စူပါစတားတစ်ယောက်ထက်ကို ပိုပါတယ်။ ကန်ဂျင်ဟူက စတားတစ်ယောက်ထက် ကျော်လွန်တဲ့ ဒဏ္ဍာရီဆန်တဲ့ လူပုဂ္ဂိုလ်ကြီးပါ။

သူက ၂၁ ရာစုရဲ့ အကျော်ကြားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး အသက် ၂၀ အရွယ်နဲ့တင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့တာပါ။ ပိုပြီး အံ့ဩဖို့ကောင်းတာက အမွေရခဲ့တဲ့ ပိုင်ဆိုင်မှု တစ်ပြားတစ်ချပ်မှမရှိဘဲ ဇွဲလုံ့လသက်သက်နဲ့တင် ကမ္ဘ့ာအချမ်းသာဆုံးဆိုတဲ့နေရာကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ကန်ဂျင်ဟူကို အထင်သေးရဲတဲ့သူဆိုလို့ ကိုရီးယား နိုင်ငံရေးသမားတွေပဲ ရှိတယ်ဆိုတဲ့ ပြက်လုံးတောင် ထွက်ပေါ်ခဲ့တဲ့အထိ ကန်ဂျင်ဟူက ကျော်ကြားပါတယ်။

'အော်တိုလက်မှတ်ထိုးခိုင်းလို့ ရမလားမသိဘူး'

အခုလို အခွင့်အရေးမျိုးက နေ့တိုင်း ကြုံရတာ မဟုတ်ဘူးလေ။

အစည်းအဝေးခန်းထဲကနေ ထွက်ဖို့ ပြင်နေတဲ့ ယွန်တက်ဟွန်းတစ်ယောက် အပြင်ထွက်ဖို့ မလိုတော့မှန်း သိလိုက်ရတယ်။ ဘာလို့လဲဆိုတော့ ကန်ဂျင်ဟူက သူတို့ရဲ့ အစည်းအဝေးခန်းထဲကို ချက်ချင်း ဝင်လာခဲ့လို့ပါ။

ယွန်တက်ဟွန်းက သူဟာ ကန်ဂျင်ဟူထက် ၅ နှစ်ကြီးတယ်ဆိုတာကို ဝန်ထမ်းတွေကို ခဏခဏ ကြွားလေ့ရှိပေမယ့် တကယ်တမ်း တွေ့ရတဲ့အခါမှာတော့ ၉၀ ဒီဂရီ အပြည့် ကုန်းညွတ်ပြီး နှုတ်ဆက်လိုက်မိတယ်။

"မင်္ဂလာပါ။ စီအီးအို ကန်ဂျင်ဟူ ခင်ဗျာ။ အခုလို တွေ့ရတာ တကယ့်ကို ဂုဏ်ယူမိပါတယ်"

ဝန်ထမ်းတွေကလည်း "ငါတို့ သိသားပဲ" ဆိုတဲ့ ပုံစံမျိုးနဲ့ အချင်းချင်း မျက်စိမှိတ်ပြလိုက်ကြပါတယ်။

"အစည်းအဝေး လုပ်နေကြတာ ထင်တယ်"

"အာ... ဟုတ်ကဲ့၊ ဟုတ်ပါတယ်ခင်ဗျာ"

"ကျွန်တော့်ကြောင့် အနှောင့်အယှက် ဖြစ်သွားလား"

"အို... လုံးဝ မဖြစ်ပါဘူးခင်ဗျာ။ အခုလို နေရာမျိုးမှာ အလုပ်လုပ်ခွင့်ရတာကိုပဲ စီအီးအိုကြောင့် အမြဲတမ်း ကျေးဇူးတင်နေကြတာပါ"

ကန်ဂျင်ဟူက လွတ်နေတဲ့ ခုံတစ်ခုံမှာ သဘာဝကျကျ ဝင်ထိုင်လိုက်ပြီး ပြောလိုက်တယ်။

"တခြားတော့ မဟုတ်ပါဘူး။ ကျွန်တော် Tugobox ကို နည်းနည်း စိတ်ဝင်စားလို့ပါ"

"...ဗျာ"

ခဏလောက်တော့ သူ နားကြားမှားတာလားဆိုပြီး ဝန်ထမ်းတွေကို လှည့်ကြည့်မိပါတယ်။ ဝန်ထမ်းတွေလည်း ကြောင်အမ်းအမ်း ဖြစ်နေကြတာကို မြင်မှ နားကြားမမှားမှန်း သိလိုက်ရတယ်။

'ရုတ်တရက်ကြီး ကန်ဂျင်ဟူက ငါတို့ ကုမ္ပဏီကို စိတ်ဝင်စားတယ်ဟုတ်လား'

ယွန်တက်ဟွန်းတစ်ယောက် မသိမသာ တံတွေးမြိုချလိုက်မိတယ်။

အဲဒီအချိန်မှာပဲ အစည်းအဝေးခန်းထဲက လူတိုင်းရဲ့ စိတ်ထဲမှာ အတွေးတစ်ခုစီ တူတူပဲ ပေါ်လာကြတယ်။

'ဒါက... တစ်သက်မှာ တစ်ခါပဲ ကြုံရမယ့် အခွင့်အရေးကြီးလား'

All Chapters