← Chapters

အခန်း ၃၇၅

Vol. 38 Ch. 375

အခန်း ၃၇၅

Vol. 38 Ch. 375

အခန်း (၃၇၅)

"AMZ ကတော့ လုပ်ပြန်ပြီ" ဆိုတဲ့ စကားပုံတစ်ခု ရှိပါတယ်။

အွန်လိုင်းစာအုပ်ဆိုင်အဖြစ် စတင်ခဲ့တဲ့ AMZ ဟာ အွန်လိုင်းကုန်တိုက်တွေ၊ Cloudဝန်ဆောင်မှုတွေ၊ သတင်း၊ Contentဖန်တီးမှု၊ ဗီဒီယိုပြသမှု၊ AI စပီကာ၊ စက်ပစ္စည်းတွေ၊ ကြော်ငြာ၊ ဆေးဝါး၊ အာမခံနဲ့ ငွေကြေးကဏ္ဍအထိ ဘက်စုံကို နယ်ပယ်ချဲ့ထွင်ခဲ့တာပါ။

AMZ ရဲ့ နယ်ပယ်ချဲ့ထွင်မှု မဟာဗျူဟာက ရိုးရှင်းပါတယ်။ ဈေးကွက်တစ်ခုထဲ ဝင်သွားရင် အမြတ်ကို မမျှော်ကိုးဘဲ အတိုင်းအဆမရှိ ရှုံးရင်တောင် အတိုင်းအတာတစ်ခုအထိ အကြီးမားဆုံး ကြီးထွားလာအောင် လုပ်တာပါ။ အဲဒီလိုနဲ့ အတိုင်းအတာတစ်ခုအထိ ကြီးထွားလာပြီဆိုရင် ကြီးထွားလာမှုကိုသုံးပြီး ကုန်ကျစရိတ်ကို ပိုလျှော့ချကာ သက်သာတဲ့နှုန်းထားတွေနဲ့ သုံးစွဲသူတွေကို ပိုဆွဲဆောင်ပါတယ်။ ဒီလို ကစားနည်းက ပြိုင်ဘက်တွေကို အမှုန့်ချေပစ်လိုက်တာကြောင့် AMZ အနေနဲ့ ဈေးကွက်ကို လုံးဝစိုးမိုးသွားစေတာပါ။

"AMZ ကတော့ လုပ်ပြန်ပြီ" ဆိုတာက AMZ သာ အဲဒီလုပ်ငန်းနယ်ပယ်ထဲ ဝင်လာရင် ပြိုင်ဘက်ကုမ္ပဏီတွေ သေချာပေါက် ကျရှုံးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

စီးပွားရေးပညာရှင်တွေကလည်း ဒါကို နှိုင်းယှဉ်ပြီး "OTKကတော့ လုပ်ပြန်ပြီ" ဆိုတဲ့ ဝေါဟာရအသစ်ကို တီထွင်ခဲ့ကြပါတယ်။

ကန်ဂျင်ဟူက CarOS၊ FaceIt နဲ့ M Pizza တို့လို ကုမ္ပဏီတွေမှာ ကနဦး ရင်းနှီးမြှုပ်နှံတုန်းက ဘယ်သူမှ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒါပေမဲ့ အခုတော့ အဲဒီကုမ္ပဏီတွေက ပြိုင်ဘက်တွေကို မောင်းထုတ်ပြီး ဈေးကွက်ကို လက်ဝါးကြီးအုပ် စိုးမိုးထားကြပါပြီ။

ဒါကြောင့် OTK Company က ဗီဒီယိုဖန်တီးပြီး မျှဝေတဲ့ လုပ်ငန်းသစ်ဖြစ်တဲ့ Tugobox ကို ဝယ်ယူလိုက်တဲ့အခါ လုပ်ငန်းလောကတစ်ခုလုံးမှာ ကောလာဟလတွေ ချက်ချင်း ပျံ့နှံ့သွားခဲ့တယ်။

ချက်ချင်းကြီး ထူးခြားတဲ့ပြောင်းလဲမှုမျိုး မရှိနိုင်သေးပေမယ့် ဆက်စပ်ကုမ္ပဏီတွေကတော့ အထူးသတိထား စောင့်ကြည့်နေကြပါတယ်။

OTK Company က ဗီဒီယိုplatformတစ်ခုကို ဘာကြောင့် ဝယ်ယူခဲ့လဲဆိုတာ အားလုံးက ကောင်းကောင်း ရိပ်မိနေကြတာလေ။

"သူတို့က VRMMORPG ထွက်လာပြီးနောက်ပိုင်း အခြေအနေအတွက်ကြိုပြီး ရည်ရွယ်ထားတာလား"

မကြာသေးခင်က ဂိမ်းလောကမှာ အပြောအများဆုံးကတော့ လက်ရှိ လူကြိုက်များနေတဲ့ Lost Fantasy Online နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို ကြေညာထားတဲ့ VRMMORPG အကြောင်းပါ။

OTK Games က platformအားလုံးမှာ Lost Fantasy ကို အင်တာနက်ကနေ ဆက်ပြီး Live လွှင့်ခွင့်ပြုမယ်လို့ ပြောထားပေမယ့် VRMMORPG ထွက်လာရင်တော့ ဒီမူဝါဒက ပြောင်းလဲသွားဖို့ အလားအလာ အများကြီး ရှိပါတယ်။ သူတို့platformမှာပဲ ဂိမ်း Stream ခွင့်ပြုပြီး တခြားနေရာတွေမှာ ပိတ်ပင်လိုက်တာမျိုး၊ ဒါမှမဟုတ် တခြားplatformတွေဆီကနေ အခကြေးငွေ တောင်းခံတာမျိုး လုပ်လာနိုင်ဖို့များနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဖန်တီးထားတဲ့ Contentတွေကနေ တခြားသူတွေ အလကား အမြတ်ထုတ်နေတာကိုတော့ ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်လောက်ဘူးလေ။

"ဒါပေမဲ့ ဂိမ်းက အောင်မြင်မှ လုပ်လို့ရမှာမဟုတ်ဘူးလား"

"အဲဒီလိုလုပ်တယ်ဆိုကတည်းက အောင်မြင်မယ်လို့ ယုံကြည်ချက်ရှိလို့ပေါ့"

"ယုံကြည်ချက်ရှိလို့လည်း ဂိမ်းထုတ်လုပ်ရေးစရိတ်အတွက် ဒေါ်လာ သန်း ၁သောင်းအထိ ပုံအောထားတာပေါ့ကွာ"

ဒီအဖြစ်အပျက်ကြောင့် ဒုဥက္ကဌ အိုတက်ဂယူက ရေပန်းစားတဲ့သူအဖြစ် တစ်ကျော့ပြန် အာရုံစိုက်ခံလာရပါတယ်။

ဒုဥက္ကဌက မျက်နှာဖုံးစွပ်ပြီး ဂိမ်း Live လွှင့်ခဲ့တယ်ဆိုတာကို အဲဒီအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ဥက္ကဌ လင်ဂျင်ယုံက ဖွင့်ဟခဲ့တာပါ။

"ဒါဆို သူက ထူးဆန်းတဲ့ အပြုအမူမျိုး လုပ်ခဲ့တာ မဟုတ်ဘဲ ဂိမ်း Stream တဲ့ဈေးကွက်ရဲ့ အလားအလာကို စမ်းသပ်ကြည့်တာပေါ့"

"သူကိုယ်တိုင် မျက်နှာဖုံးစွပ်ပြီး စမ်းသပ်ခဲ့တယ်ဆိုတာ မယုံနိုင်စရာပဲ"

"ဒါက သာမန်လူတွေ လုပ်နိုင်တဲ့အရာမျိုး မဟုတ်ဘူး"

"Iron Man မျက်နှာဖုံး စွပ်ခဲ့တာက Disney ကို ရန်စလိုက်တာမျိုးများလား"

ကန်ဂျင်ဟူ မပေါ်ခင်တုန်းက ဝါရင် ဘတ်ဖတ်က ကမ္ဘာ့အပြောင်မြောက်ဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ခဲ့ပြီး အခုထက်ထိလည်း လူအများရဲ့ ချီးကျူး လေးစားမှုကို ခံနေရတုန်းပါ။

ဝါရင် ဘတ်ဖက်ရဲ့ မိတ်ဖက်၊ သူငယ်ချင်းနဲ့ ဆရာတစ်ဦးအဖြစ် သတ်မှတ်ထားတဲ့သူကတော့ ဒုဥက္ကဌ ချာလီ ရှုဇ် ဖြစ်ပါတယ်။ ဝါရင် ဘတ်ဖတ်က ရင်းနှီးမြှုပ်နှံမှုတစ်ခုခုနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်တဲ့အခါတိုင်း ချာလီ ရှုဇ်နဲ့ အမြဲတမ်း တိုင်ပင်လေ့ရှိပြီး နောက်ဆုံးမှာတော့ သူ့ဒူးသူရိုက်ရင်း "မင်းပြောတာ မှန်တယ် ချာလီ ရှုဇ်" လို့ ရေရွတ်ဖူးတယ်ဆိုတဲ့ အဖြစ်အပျက်လေးလည်း ရှိပါတယ်။

ကန်ဂျင်ဟူနဲ့ အိုတက်ဂယူတို့ကလည်း အဲဒီလို ဆက်ဆံရေးမျိုး ရှိနေတာဖြစ်နိုင်ပါတယ်။

ကန်ဂျင်ဟူနဲ့ ယှဉ်ရင် ဒုဥက္ကဌ အိုတက်ဂယူအကြောင်းက လူသိရှင်ကြား ထွက်ပေါ်တာ နည်းပါးပါတယ်။ ဒါပေမဲ့ ငွေကြေးလောကကတော့ အချက်အလက်တွေကို စုဆောင်းထားတာ ကြာပါပြီ။

သူက ကန်ဂျင်ဟူရဲ့ အလယ်တန်းကျောင်းနေဖက် သူငယ်ချင်းဖြစ်ပြီး အထက်တန်းပဲ အောင်မြင်ခဲ့တာပါ။

အထက်တန်းအောင်ပဲ ရှိသေးတယ်ဆိုပြီး သူ့ကို အထင်သေးကောင်း သေးနိုင်ပေမယ့် ဒီနယ်ပယ်မှာတော့ ပညာအရည်အချင်းဆိုတာ ဘာမှ အဓိပ္ပာယ်မရှိပါဘူး။ အဲဒီလိုသာ မဟုတ်ရင် ဟားဗတ်၊ ယေးလ်၊ MBA နဲ့ CFA စတဲ့ ပညာတတ်နောက်ခံအသီးသီးက ပါရမီရှင်တွေက ဘာဖြစ်လို့ တခြားသူတွေအောက်မှာ အလုပ်လုပ်နေကြမှာလဲ။

"ဒုဥက္ကဌက တကယ့်အာဏာရှိသူဆိုတဲ့ စကားက ပြက်လုံးသက်သက် မဟုတ်ဘူး ထင်တယ်"

"ပြန်တွေးကြည့်ရင် အစပိုင်းမှာ OTK Company ကို တည်ထောင်ပြီး ကန်ဂျင်ဟူကို ခေါ်ခဲ့တာလည်း ဒုဥက္ကဌပဲလေ"

"အခုကစပြီး ဒုဥက္ကဌရဲ့ လှုပ်ရှားမှုတွေကို သေချာ စောင့်ကြည့်ရမယ်"

"သူက ကန်ဂျင်ဟူထက်တောင် ပိုပြီး သတိထားရမယ့်လူ ဖြစ်နိုင်တယ်..."

ကိုရီးယား လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း (KEPCO) က သမိုင်းတစ်လျှောက် အကြီးမားဆုံး အရှုံးပေါ်ခဲ့ကြောင်း ကြေညာခဲ့တယ်။ သူတို့ရဲ့ ရှယ်ယာဈေးနှုန်းက တစ်ဝက်တင် မကဘဲ သုံးပုံတစ်ပုံအထိ ထိုးကျသွားခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက အစိုးရအပေါ် ဒေါသတကြီး ပေါက်ကွဲခဲ့ကြပါတယ်။

အဲ့လိုအရှုံးပေါ်ခဲ့တာက ဒီနှစ်ထဲမှာ နျူကလီးယား စက်ရုံတွေရဲ့ လည်ပတ်မှုနှုန်း သိသိသာသာ ကျဆင်းသွားခဲ့လို့ပါ။

KEPCO က စတော့ဈေးကွက်မှာ စာရင်းဝင်ထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပေမယ့် အများပိုင် ကော်ပိုရေးရှင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရရဲ့ ထိန်းချုပ်မှုအမျိုးမျိုးကို ခံရတာပါ။ အပြည်ပြည်ဆိုင်ရာ ရေနံဈေးနှုန်းတွေ မြင့်တက်လာတဲ့အခါ ရေနံချက်စက်ရုံတွေက သူတို့ရောင်းချတဲ့ ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းတွေကို မြှင့်တင်ကြပါတယ်။

ဒါပေမဲ့ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကိုတော့ KEPCO က မဟုတ်ဘဲ အစိုးရက သတ်မှတ်တာဖြစ်လို့ လျှပ်စစ်ထုတ်လုပ်မှုစရိတ် သက်သာတဲ့အခါ KEPCO က အမြတ်ရပြီး စရိတ်ကြီးတဲ့အခါ အရှုံးပေါ်တာပါ။

ယာယီလို့ ပြောပေမယ့်လည်း ဒီလိုအခြေအနေကို ဒီအတိုင်း ဆက်လွှတ်ထားလို့ မရပါဘူး။ နောက်ဆုံးတော့ ရွေးချယ်စရာ သုံးခုထဲက တစ်ခုကို ရွေးချယ်ရတော့မှာပါ။

ကုန်ကျစရိတ် လျှော့ချဖို့ နျူကလီးယားစက်ရုံ လည်ပတ်မှုနှုန်းကို မြှင့်တင်မလား၊ လျှပ်စစ်ခဈေးနှုန်းကို မြှင့်တင်မလား၊ ဒါမှမဟုတ် အစိုးရက အရှုံးပေါ်တာကို အခွန်ငွေနဲ့ စိုက်လျော်ပေးမလား။

အစိုးရက သိသိသာသာ ပျာယာခတ်သွားပေမယ့် လျှပ်စစ်ခဈေးနှုန်းကို လုံးဝ မြှင့်တင်မှာမဟုတ်ကြောင်း ခိုင်ခိုင်မာမာ ပြောကြားခဲ့တယ်။

လျှပ်စစ်ခဈေးနှုန်းက လူနေမှုစရိတ်နဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး လျှပ်စစ်ခကို မြှင့်တင်ဖို့ဆိုတာ ဝင်ငွေနည်းတဲ့ အိမ်ထောင်စုတွေ အပေါ် သက်ရောက်မှုရှိလာမှာကို စိုးရိမ်ရတဲ့အတွက် ဒီကိစ္စက အရမ်းကို ထိလွယ်ရှလွယ်တဲ့ ကိစ္စတစ်ခုပါ။ အထူးသဖြင့် ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ပိုလို့တောင် ဆိုးပါသေးတယ်။

ဒီလိုအခြေအနေမျိုးမှာ TWR ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်နေတဲ့ ပါမောက္ခ နီကိုလိုင်း ပက်ထရော့ဗ်က ကိုရီးယားဆီ လာရောက်လည်ပတ်ခဲတယ်။

အိုင်ဆက် နျူတန် ပြောခဲ့သလိုပဲ "ကျွန်တော် ပိုပြီး အဝေးကြီး မြင်နိုင်ခဲ့တာက ဘီလူးကြီးတွေရဲ့ ပုခုံးပေါ်မှာ မတ်တတ်ရပ်နေခဲ့လို့ပါ" ဆိုသလို စိတ်ကူးသစ်တွေနဲ့ နည်းပညာတွေဟာ လူသားတွေ ချမှတ်ပေးခဲ့တဲ့ အခြေခံအုတ်မြစ်တွေပေါ်မှာ တည်ဆောက်ထားတာပါ။

ဒါပေမဲ့ ဘီလူးကြီးရဲ့ ပုခုံးပေါ်မှာ အတူတူ ရပ်နေရင်တောင် အမြင်အာရုံ ပိုကောင်းပြီး အရပ်ပိုရှည်တဲ့လူက ပိုပြီး အဝေးကြီးကို မြင်နိုင်ပါတယ်။

ဒီနေရာမှာတော့ ပါမောက္ခ နီကိုလိုင်း ပက်ထရော့ဗ်က သေချာပေါက် ပါရမီရှင်တစ်ယောက်ပါ။

TWR စမ်းသပ်မှုမှာ အောင်မြင်ပြီးနောက် သူက ပြဿနာတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းနိုင်ခဲ့တယ်။ စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့က အခုဆိုရင် အချိန်ပေးဖို့ပဲ ရှိပါတော့တယ်။

TWRက သေးလည်း သေးငယ်တဲ့အပြင် အစိတ်အပိုင်းလိုက် လုပ်ဆောင်နိုင်တာကြောင့် ရေကြောင်းသင်္ဘောတွေအတွက်ပါ ထုတ်လုပ်ဖို့ အစီအစဉ်တွေ ရှိနေတာပါ။ တကယ်လို့ TWR ကို လောင်စာအဖြစ် သုံးမယ်ဆိုရင် သာမန်သင်္ဘောလောင်စာတွေထက် အဆမတန် စီးပွားရေးအရ အားသာချက်တွေ ရှိလာမှာပါ။

လောင်စာဆီ ကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချနိုင်မှာဖြစ်ပြီး ခရီးဝေး သွားလာနေစဉ်အတွင်း လောင်စာဆီ ထပ်ဖြည့်ဖို့လည်း လိုတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေကြောင်းမတော်တဆမှု အမျိုးမျိုးအတွက် ဘေးကင်းလုံခြုံရေး အစီအမံတွေကိုတော့ ပြင်ဆင်ထားဖို့ လိုအပ်မှာပါ။

ရုရှားအစိုးရက TWR တည်ဆောက်မှုနဲ့ တင်ပို့မှုကို တက်တက်ကြွကြွ ပံ့ပိုးပေးခဲ့ပြီး နျူကလီးယားစက်ရုံ တည်ဆောက်ဖို့ အစီအစဉ်ရှိတဲ့ နိုင်ငံအားလုံးက အထူးစိတ်ဝင်စားကြကာ TWR ဘက်တော်သား အဖြစ် ပူးပေါင်းလာကြတယ်။ ပူးပေါင်းလာကြတဲ့အထဲမှာ ရုရှားကို စီးပွားရေးအရ ပိတ်ဆို့အရေးယူထားတဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေတောင် ပါဝင်နေတာပါ။

ခဏလောက် စောင့်ဆိုင်းပြီးနောက် ပါမောက္ခ ပက်ထရော့ဗ်နဲ့ သူတို့အဖွဲ့က ဆိုက်ရောက်ဂိတ်ကနေ ထွက်လာခဲ့ကြပါတယ်။

နျူကလီးယား ရူပဗေဒပညာရှင်တွေကို ဘယ်နိုင်ငံမှာမဆို အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေအဖြစ် ဆက်ဆံကြပေမယ့် TWR ဖွံ့ဖြိုးတိုးတက်ပြီးနောက်မှာတော့ ပါမောက္ခ ပက်ထရော့ဗ်ကို နိုင်ငံတော်အဆင့် လုံခြုံရေးစောင့်ရှောက်မှု ခံယူရမယ့်သူအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒါကြောင့် ရုရှားအစိုးရရဲ့ သက်တော်စောင့်တွေက ဒီတစ်ခေါက် ကိုရီးယားခရီးစဉ်မှာ သူနဲ့အတူ လိုက်ပါလာခဲ့တာပါ။ သက်တော်စောင့်တွေဟာ ဝတ်စုံနက်တွေ ဝတ်ဆင်ထားပြီး မော်ဒယ်တွေလို ကိုယ်လုံးကိုယ်ပေါက်မျိုးနဲ့ နေကာမျက်မှန် တပ်ဆင်ထားပါတယ်။ နားကြပ်တပ်ထားတဲ့ သက်တော်စောင့်တွေက ပါမောက္ခရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ဝန်းရံထားကြပါတယ်။

တကယ်လို့ ပါမောက္ခအပေါ် တစ်ခုခု ဖြစ်သွားရင် ကိုရီးယားနဲ့ ရုရှားကြား သံတမန်ရေးရာ ပြဿနာအထိ ကြီးထွားသွားနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့ ကိုယ်စားလှယ်တွေက ဆိုက်ရောက်ခန်းမရဲ့ တချို့နေရာတွေကို ထိန်းချုပ်ပြီး လုံခြုံရေးကို အသေအချာ ဆောင်ရွက်ပေးခဲ့ကြတယ်။

ကျွန်တော်က သူ့ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်တယ်။

"အခုလို ကိုရီးယားမှာ တွေ့ရတာ ပိုလို့တောင် ဝမ်းသာမိပါတယ်"

ပါမောက္ခ ပက်ထရော့ဗ်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ပြောတယ်။

"ဟားဟား... မတွေ့ရတာ ကြာပြီနော်"

ကျွန်တော့်ဘေးမှာ ရပ်နေတဲ့ ထိပ်ပြောင်ပြောင်နဲ့ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ယဉ်ယဉ်ကျေးကျေး ဦးညွတ်ရင်း အင်္ဂလိပ်လို ပြောလိုက်ပါတယ်။

"ကိုရီးယားကနေ ကြိုဆိုပါတယ်ဗျာ။ ကျွန်တော်က ကိုရီးယား ရေအားလျှပ်စစ်နှင့် နျူကလီးယားစွမ်းအင် ကုမ္ပဏီရဲ့ ဥက္ကဌ ကင်ယောင်ဂျွန်ပါ"

ပါမောက္ခ ပက်ထရော့ဗ်က သူနဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ကိုရီးယားရဲ့ ထူးချွန်တဲ့ နျူကလီးယားနည်းပညာအကြောင်းကို ကျွန်တော် သိထားတာ ကြာပါပြီ။ အခုလို တွေ့ရတာ တကယ့်ကို ဝမ်းသာမိပါတယ်"

ပါမောက္ခ ပက်ထရော့ဗ်ရဲ့ ကိုရီးယားခရီးစဉ်က ကျွန်တော့်ရဲ့ ဖိတ်ကြားချက်ကြောင့် ဖြစ်လာခဲ့တာပါ။

ပထမဆုံးအနေနဲ့ သူက ကိုရီးယားတက္ကသိုလ်ဆီ သွားရောက်ပြီး နျူကလီးယားအင်ဂျင်နီယာဆိုင်ရာ ပါမောက္ခတွေ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး အဲဒီနောက် တခြားသုတေသီတွေနဲ့အတူ ကိုရီးယား နျူကလီးယား အဆောက်အဦးတွေကို လှည့်လည်ကြည့်ရှုကာ KHNP တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာပါ။

အိမ်ပြာတော် (သမ္မတအိမ်တော်) ကနေ ထူးထူးခြားခြား ထုတ်ပြန်ချက်မျိုး မရှိပေမယ့် ကမ္ဘာတစ်ခုလုံးက ပါမောက္ခ ပက်ထရော့ဗ်ရဲ့ ကိုရီးယားခရီးစဉ်ကို စောင့်ကြည့်နေကြပါတယ်။ ကိုရီးယား နျူကလီးယားလောကကတော့ အထူးသဖြင့် မျှော်လင့်ချက်တွေ အင်မတန် မြင့်မားနေတာပါ။

ကျွန်တော်က ပါမောက္ခ ပက်ထရော့ဗ်နဲ့အတူ ကိုရီးယားတက္ကသိုလ်ဆီ ဦးတည်သွားခဲ့ပါတယ်။ ကိုရီးယားတက္ကသိုလ်က ပါမောက္ခတွေ ကတော့ တစ်နေရာထဲမှာ စုဝေးနေကြပါပြီ။

ပါမောက္ခ ကင်မြောင်ဂျွန်က ပြုံးရွှင်လျက် ရှိပါတယ်။

"ကျွန်တော့်တပည့်ကြောင့် ကျွန်တော် နိုဘယ်ဆုရှင် ဘယ်နှယောက်နဲ့တောင် တွေ့ခဲ့ရလဲ မသိတော့ပါဘူးဗျာ"

"ပါမောက္ခ ပက်ထရော့ဗ်က ဆုမရသေးပါဘူး"

"ဒီနှစ်ထဲမှာ မရရင်တောင် နောက်နှစ်ကျရင်တော့ ရူပဗေဒဆုကို သေချာပေါက် ရမှာပဲ မဟုတ်ဘူးလား"

"အဲဒါကတော့ ဟုတ်ပါတယ်"

သူသာ ဆုမရမှသာ ထူးဆန်းနေမှာပါ။

ကိုရီးယားရဲ့ ထိပ်တန်း နျူကလီးယားအင်ဂျင်နီယာတွေကို လေ့ကျင့်ပျိုးထောင်ပေးနေတဲ့ နျူကလီးယားအင်ဂျင်နီယာဆိုင်ရာ ပါမောက္ခတွေက ပါမောက္ခ ပက်ထရော့ဗ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်။ ဂုဏ်ထူးဆောင် ပါမောက္ခကြီးတွေလည်း လာရောက်ခဲ့ကြတာပါ။ အဲ့ဒီဂုဏ်ထူးဆောင်ပါမောက္ခကြီးတွေက ကိုရီးယားရဲ့ နျူကလီးယားနည်းပညာကို ဘာမှမရှိရာကနေ စတင် တည်ဆောက်ခဲ့ကြတဲ့သူတွေဖြစ်ပြီး အခုဆိုရင် ဆံပင်ဖြူဖြူတွေနဲ့ အဖိုးအိုတွေ ဖြစ်နေကြပါပြီ။

ဒီလူတွေသာ မရှိခဲ့ရင် ကိုရီးယားအနေနဲ့ ကိုယ်ပိုင်နည်းပညာနဲ့ နျူကလီးယားစက်ရုံ တည်ဆောက်ဖို့ဆိုတာ အိမ်မက်တောင် မက်နိုင်မှာ မဟုတ်ပါဘူး။

ဟောပြောပွဲ တက်ရောက်ခွင့်ကို နျူကလီးယားအင်ဂျင်နီယာဌာနနဲ့ နျူကလီးယားရူပဗေဒဌာနက ကျောင်းသားတွေကို ဦးစားပေးထား ပါတယ်။ ကိုရီးယားတက္ကသိုလ် ကျောင်းသားတွေက အရင်ဆုံး လျှောက်ထားကြပြီး အဲဒီနောက်မှ တခြားကျောင်းက ကျောင်းသားတွေ လျှောက်ကြတာပါ။

ကျန်တဲ့ခုံတွေကိုတော့ ကိုရီးယားတက္ကသိုလ် အင်ဂျင်နီယာ ကျောင်းသားတွေ ယူလိုက်ကြပါတယ်။ ခန်းမကြီးတစ်ခုလုံးကတော့ သူတို့တွေနဲ့ ပြည့်နှက်နေတာပါ။ စတိုခန်းထဲက ခေါက်ကုလားထိုင်တွေကိုပါ ထုတ်သုံးခဲ့ပေမယ့် နေရာမလောက်တာကြောင့် တချို့က လှေကားထစ်တွေပေါ်မှာ စုပြုံထိုင်ခဲ့ကြရတယ်။

ကမ္ဘာကျော် ပညာရှင်တစ်ယောက်နဲ့ တွေ့ဆုံခွင့်ရဖို့ဆိုတာ အရမ်းကိုရှားတာလေ။

အဲဒီထဲမှာ ထူးထူးခြားခြားပဲ မင်းသမီး အန်နီကဲလည်း ပါဝင်နေပါတယ်။ ဒါမှမဟုတ် သူက အခု ကိုရီးယားတက္ကသိုလ် အင်ဂျင်နီယာကျောင်းသူတစ်ယောက် ဖြစ်နေပြီမလို့ မထူးဆန်းဘူးလို့ပဲ ပြောရမလားမသိဘူး။

ပထမဆုံးအနေနဲ့ ကျွန်တော်က စင်မြင့်ပေါ် တက်သွားပြီး ကျောင်းသားတွေကို ပြောလိုက်တယ်။

"အားလုံးနဲ့ မိတ်ဆက်ပေးပါရစေ... ပါမောက္ခ နီကိုလိုင်း ပက်ထရော့ဗ် ဖြစ်ပါတယ်"

နိုင်ငံတကာ ငွေကြေးလောကနဲ့ ဂျပန်နိုင်ငံရေးကို လှုပ်ခတ်စေခဲ့တဲ့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီ အရှုပ်တော်ပုံအပြီးမှာတော့ ဝန်ကြီးချုပ် အိုကာဇာကီက အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး အထွေထွေရွေးကောက်ပွဲကို ထပ်မံကျင်းပခဲ့တယ်။

ရလဒ်ကတော့ ထုံးစံအတိုင်း လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ကပဲ အနိုင်ရရှိခဲ့တာပါ။

ကမ္ဘာကြီးက ဂျပန်ဒီမိုကရေစီရဲ့ ထူးခြားချက်တွေကို သိထားကြပေမယ့် ဒီတစ်ကြိမ် LDP ပြန်လည်အာဏာရလာတာ ကတော့ အံ့ဩစရာပါ။

ကမ္ဘာပေါ်မှာ ဘယ်အစိုးရမှ အမျိုးသားပင်စင်ရန်ပုံငွေ ယန်း သိန်းပေါင်း ၂ ကုဋေလောက် ဆုံးရှုံးခဲ့ပြီးတာတောင် ရွေးကောက်ပွဲမှာ နိုင်တာမျိုးရှိလောက်မယ်မထင်ဘူး။

အာဏာပြန်ရဖို့ အောင်မြင်ခဲ့ပေမယ့် LDP ရဲ့ အမတ်နေရာ အရေအတွက်ကတော့ သိသိသာသာ လျော့နည်းသွားခဲ့တယ်။ ဒါပေမဲ့ အဓိက အတိုက်အခံဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီကလည်း အမတ်နေရာ တိုးမလာခဲ့ပါဘူး။

ဒါဆို ကျန်တဲ့အမတ်နေရာတွေကို ဘယ်သူတွေ ယူသွားတာလဲ။ ဒီအထွေထွေရွေးကောက်ပွဲမှာ အကြီးမားဆုံး အကျိုးအမြတ်ရရှိခဲ့တဲ့ ပါတီကတော့ တခြားမဟုတ်ဘဲ ဂျပန်ဆန်းသစ်တီထွင်မှုပါတီ (JIP) ပဲ ဖြစ်ပါတယ်။

LDP က အားလုံးသိကြတဲ့အတိုင်း ကွန်ဆာဗေးတစ် လက်ယာနွယ်ဖွားပါတီပါ။ ဒါပေမဲ့ JIP ကတော့ သူတို့နဲ့ ယှဉ်လို့မရအောင် ပိုပြီး အစွန်းရောက်တဲ့ လက်ယာစွန်းပါတီ ဖြစ်ပါတယ်။

သူတို့နဲ့ ယှဉ်ရင် LDP က အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးတဲ့အင်အားစုလိုမျိုး ဖြစ်နေတာပါ။

"နီရှီဒါ စတော့ပွဲစားကုမ္ပဏီ အရှုပ်တော်ပုံက ဂျပန်ကို ကမ္ဘာ့အလယ်မှာ လှောင်ပြောင်စရာ ဖြစ်စေခဲ့တယ်။ ဝန်ကြီးချုပ် အိုကာဇာကီရဲ့ 'အင်အားတောင့်တင်းတဲ့ ဂျပန်' နဲ့ 'ဂျပန်ရဲ့ အတိတ်ကဂုဏ်ဒြပ်ကို ပြန်လည်ရယူမယ်' ဆိုတဲ့ ကြွေးကြော်သံတွေက ဘာဖြစ်သွားပြီလဲ။ 'သာမန်နိုင်ငံ' တစ်ခုဖြစ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်က ဘယ်တော့မှ တကယ် ဖြစ်လာမှာလဲ။ ဂျပန်က အိမ်နီးနားချင်းနိုင်ငံတွေကို ကြောက်ရွံ့ပြီး ဘယ်လောက်အထိ ခေါင်းငုံ့ခံနေရဦးမှာလဲ"

ဂျပန်ဆန်းသစ်တီထွင်မှုပါတီရဲ့ ဥက္ကဌ ကာတို နာကာမူရာက သူသာ အနိုင်ရပြီး ဝန်ကြီးချုပ် ဖြစ်လာရင် စစ်ဖြစ်ရမယ်ဆိုရင်တောင် ကိုရီးယားကို တာဝန်ခံခိုင်းမယ်လို့ အော်ဟစ်ပြောဆိုခဲ့တယ်။

"ဂျပန်က ကိုရီးယားကို အနောက်နိုင်ငံတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးခဲ့ပြီး ခေတ်မီတိုးတက်ရေး လမ်းကြောင်းပေါ်ကို ပို့ဆောင်ပေးခဲ့တာ။ ဒါပေမဲ့ ကိုရီးယားက ဒီကျေးဇူးကို မသိဘဲ ဂျပန်ကို အမြတ်ထုတ်ဖို့ပဲ စိတ်အားထက်သန်နေတယ်။ သူတို့က 'Comfort Women' နဲ့ 'အတင်းဓမ္မ စေခိုင်းခံရတဲ့ အလုပ်သမားများ' ဆိုတာတွေကို လုပ်ကြံဖန်တီးပြီး ဂျပန်ဆီကနေ လျော်ကြေးတောင်းခဲ့ကြတယ်။ အဲဒါတင်မကဘဲ ဂျပန်နိုင်ငံသားတွေရဲ့ အငြိမ်းစားရန်ပုံငွေ ယန်း သိန်းပေါင်း ၂ကုဋေကို လုယူဖို့ လိမ်လည်လှည့်ဖြားမှုတွေ လုပ်ခဲ့ကြသေးတယ်။ ဂျပန်က ဘယ်တုန်းကတည်းက ဒီလောက် အနိုင်ကျင့်ခံ ဖြစ်သွားတာလဲ။ ကျွန်တော်နဲ့ ဂျပန်ဆန်းသစ်တီထွင်မှုပါတီဝင်တွေက ကိုရီးယားအစိုးရကို သေချာပေါက် တာဝန်ခံခိုင်းပြီး ဒါကို ပြန်လည်ကုစားသွားမှာပါ"

LDP အတွင်းမှာ လူနည်းစုဖြစ်တဲ့ အိုကာဇာကီ ဆန့်ကျင်ရေးဂိုဏ်းဝင် အများအပြားက ဂျပန်ဆန်းသစ်တီထွင်မှုပါတီဆီ ဘက်ပြောင်းခဲ့ကြ ပါတယ်။ လက်ယာစွန်း လူပြိန်းကြိုက်ဝါဒက ထိထိရောက်ရောက် အလုပ်ဖြစ်သွားတာကြောင့် JIP အနေနဲ့ သူတို့ရဲ့ အမတ်နေရာကို အရင်က ၁၁ နေရာထဲရခဲ့ရာကနေ အခုဆိုရင် အံ့ဩစရာကောင်းလောက်အောင် ၇၃ နေရာအထိ တိုးမြှင့်နိုင်ခဲ့တာပါ။

နီရှီဒါ စတော့ပွဲစားကုမ္ပဏီ အရှုပ်တော်ပုံက ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးကိုယ်တာ အဂတိလိုက်စားမှုနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် အဲ့ဒီကိစ္စကို လုံးဝ မပြောတာက အကောင်းဆုံးပါ။

ဝန်ကြီးချုပ် အိုကာဇာကီနဲ့ LDP အဖွဲ့ဝင်တွေက အဲ့ဒီကိစ္စကို တတ်နိုင်သမျှ မပြောဘဲ ရှောင်ကြဉ်ခဲ့ကြပေမယ့် JIPကတော့ ဒီပြဿနာကိုပဲ ဆက်တိုက် ထောက်ပြနေခဲ့တယ်။

JIP အဖွဲ့ဝင်တွေက လွှတ်တော်ထဲမှာလည်း ပြင်းထန်တဲ့ စကားလုံးတွေကို အသုံးပြုခဲ့ကြတာပါ။

"ကန်ဂျင်ဟူက ဒူးထောက်ပြီး တောင်းပန်ရမယ်"

"ကိုရီးယားရဲ့ မောက်မာမှုကို အချိုးပြင်ပေးရမယ်"

"ဒီအတိုင်းဆိုရင် တာကီရှီးမားကို ပြန်ရယူဖို့လည်း မဖြစ်နိုင်တော့ဘူး"

" ကိုရီးယားနဲ့ သံတမန်ရေးရာ ဖြတ်တောက်ဖို့အထိပါ စဉ်းစားရမယ်"

ကာတို နာကာမူရာက နီရှီဒါ စတော့ပွဲစားကုမ္ပဏီ အရှုပ်တော်ပုံကို အတင်းအဓမ္မ ခိုင်းစေခံရတဲ့ အလုပ်သမား လျော်ကြေးပေးရေး ဆုံးဖြတ်ချက်ပြဿနာ၊ Comfort Women ပြဿနာတို့နဲ့အတူ ပူးပေါင်းဖြေရှင်းရမယ်လို့ အခိုင်အမာ ပြောဆိုခဲ့တယ်။

"ပြဿနာတွေ အများကြီး ရှိနေသလို ထင်ရပေမယ့် အနှစ်သာရကတော့ ရိုးရှင်းပါတယ်။ အဲဒါက ကိုရီးယားက ဂျပန်ကို ဖိနှိပ်ပြီး ပိုက်ဆံညှစ်ဖို့ ကြိုးစားနေတာပါ။ ဖြေရှင်းနည်းကလည်း ရိုးရှင်းပါတယ်။ ဂျပန်အစိုးရအနေနဲ့ သံတမန်လမ်းကြောင်း ဖြတ်တောက်ဖို့နဲ့ စစ်ဖြစ်ဖို့အထိ ပြင်ဆင်ထားပြီး ကိုရီးယားအစိုးရကို တာဝန်ခံခိုင်းရပါမယ်။ တကယ်လို့ ဂျပန်က ဒီနေရာမှာ နောက်ဆုတ်လိုက်ရင် နိုင်ငံတကာ အသိုင်းအဝိုင်းကြားထဲမှာ လှောင်ပြောင်စရာ ဖြစ်သွားမှာပါ"

JIPအတွက်ကတော့ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ရှုံးစရာမရှိတဲ့ အခြေအနေမျိုးပါ။

တကယ်လို့ ဝန်ကြီးချုပ် အိုကာဇာကီက ဘာမှမလုပ်ရင် သူတို့က ဆက်ပြီး ဝေဖန်နိုင်မှာဖြစ်သလို တကယ်လို့ သူက တစ်ခုခုလုပ်ရင်လည်း သူတို့ကြောင့်လို့ အမှတ်ယူနိုင်တာလေ။

LDP ကလည်း ဒီအချက်ကို ကောင်းကောင်းသိပေမယ့် အရှုံးမပေးချင်တာကြောင့် ပြတ်သားတဲ့ သဘောထားကိုပဲ ရွေးချယ်ခဲ့ရတယ်။

ဝန်ကြီးချုပ် အိုကာဇာကီက တရားဝင် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။

"OTK Company ဆီက လျော်ကြေးရရေးနဲ့ တောင်းပန်မှုရရေး၊ Comfort Women သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးနဲ့ အတင်းအဓမ္မ ခိုင်းစေခံရတဲ့ အလုပ်သမား လျော်ကြေးပေးရေး ဆုံးဖြတ်ချက်တွေအပြီး ဂျပန်ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထားတဲ့ ပြဿနာတွေကို ချက်ချင်း ဖြေရှင်းပေးဖို့ တောင်ကိုရီးယား အစိုးရကို ကျွန်တော်တို့ တိုက်တွန်းပါတယ်။ တကယ်လို့ ဂျပန်ကုမ္ပဏီတွေအပေါ် အမှန်တကယ် ထိခိုက်နစ်နာမှုတွေ ရှိလာရင် ဂျပန်အစိုးရအနေနဲ့ အခွန်နှုန်းထား မြှင့်တင်တာ၊ ဆက်စပ်ကုမ္ပဏီတွေနဲ့ အရောင်းအဝယ် ကန့်သတ်တာ၊ ငွေလွှဲခွင့် ကန့်သတ်တာ စတဲ့ ပိတ်ဆို့အရေးယူမှုအမျိုးမျိုးနဲ့ တုံ့ပြန်သွားမှာပါ"

All Chapters