အခန်း ၃၇၆
Vol. 38 Ch. 376
အခန်း (၃၇၆)
နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ မှားနှိပ်မိတဲ့ ဖြစ်ရပ်တုန်းက OTK ကုမ္ပဏီဟာ ဝေဖန်မှုတော်တော်များများကို ရင်ဆိုင်ခဲ့ရတယ်။
မှားနှိပ်မိတဲ့အမှားကနေ အမြတ်ထုတ်တာမျိုးက တစ်ခါတလေ ရှိတတ်တာပဲလေ။ ပြဿနာက အမြတ်ရတာ အရမ်းများသွားတာပါ။
ဒါပေမဲ့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီက သနားစရာ ကောင်းတယ်လို့တော့ မပြောနိုင်ပါဘူး။ ပြောရရင် နီရှီဒါကို ဝေဖန်ခံကြတာက OTK ကုမ္ပဏီထက် မနည်းရင်နည်းမယ်၊ ပိုတောင်ပိုဦးမှာပါ။ ငွေကြေးလောကမှာတော့ အမွှေး အနုတ်ခံရတဲ့လူက နှုတ်တဲ့လူထက် ပိုအသုံးမကျဘူးလို့ သတ်မှတ်ခံရတာပဲလေ။ အမွှေးနှုတ်ခံရအောင် ကိုယ်တိုင်က အကြောင်းပြချက် ပေးခဲ့တာဆိုတော့ သနားနေစရာ အကြောင်းမရှိပါဘူး။
ကျွန်တော်က ဖြေရှင်းမယ့် နည်းလမ်းတွေကို တိုင်ပင်ဖို့သွားတော့ အစ်မ အိုဟျွန်းဂျူးက နှာခေါင်းရှုံ့ပြီး ပြောတယ်။
"ကိုရီးယားကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူပြီး ကိုရီးယားနဲ့ ငွေကြေးဆိုင်ရာ အရောင်းအဝယ်တွေကို ရပ်ဆိုင်းပစ်မယ် ဟုတ်လား။ ရယ်စရာကောင်းလိုက်တာ။ ဂျပန်တစ်နိုင်ငံထဲနဲ့ ကုန်သွယ်မှုလိုငွေပြနေတာတင် တစ်နှစ်ကို ဝမ် သိန်းပေါင်း ၃၀ ကုဋေ ရှိတယ်”
တစ်နည်းပြောရရင် ဂျပန်က ကိုရီးယားနဲ့ ကုန်သွယ်မှုလုပ်ပြီး တစ်နှစ်ကို ဝမ် သိန်းပေါင်း ၃၀ ကုဋေ ရှာနေတာပါ။
အယ်လီကလည်း ထပ်ပြီး ရှင်းပြပေးတယ်။
"ကိုရီးယားရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေထဲမှာ ဂျပန်က ကုန်သွယ်မှုလိုငွေ အများဆုံးပြတဲ့ နိုင်ငံပဲ”
ထပ်ဆောင်းပြောရရင် ဆော်ဒီအာရေဗျက ဒုတိယပါ။ ဘာလို့လဲဆိုတော့ ဆော်ဒီဆီကနေ ရေနံစိမ်းတွေ တင်သွင်းနေရလို့လေ။
ကိုရီးယား လမ်းမတွေပေါ်မှာဆိုလည်း ဂျပန်ဆိုင်တွေ၊ ဂျပန်ကားတွေနဲ့ ပြည့်လျှံနေတာပါပဲ။ ဂျပန်ရဲ့ နာမည်ကြီး တံဆိပ်တွေနဲ့ ထုတ်ကုန်တွေက ကိုရီးယားထဲကို အကုန်နီးပါး ဝင်ရောက်နေပါပြီ။ တစ်ခါတလေ ဟောင်ဒေး ဒါမှမဟုတ် ဂန်နမ် လမ်းမတွေပေါ် သွားကြည့်ရင် ကိုရီးယားမှာ ရောက်နေတာလား၊ ဂျပန်မှာ ရောက်နေတာလားတောင် ခွဲရခက်ပါတယ်။
တခြားတစ်ဖက်မှာကျတော့ ကိုရီးယားက ဂျပန်ကို သိပ်ပြီး မရောင်းရပါဘူး။ ဂျပန်က ထူးဆန်းတဲ့ ဈေးကွက်တစ်ခု ဖြစ်နေလို့ "ဂါလာပါဂိုးစ်"(ဆက်ဆံရခက်တယ်) လို့တောင် အခေါ်ခံရတာပါ။ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ဆိုဆောင်း အီလက်ထရောနစ်နဲ့ CL Electronics က တီဗီတွေ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေတောင် ဂျပန်မှာ မရောင်းရသလောက်ပါ။ အွန်ဆောင်းမော်တာ ဆိုရင် အရောင်းမသွက်တဲ့ဒဏ်ကို မခံနိုင်လို့ ပြန်ပြီးဆုတ်ခွာသွားခဲ့ရတယ်။
အစ်မ အိုဟျွန်းဂျူးက ကော်ဖီသောက်ရင်း ပြောတယ်။
"လူသုံးကုန်ပစ္စည်းတွေက ကုန်သွယ်ရေးပိုင်းမှာ အဓိက မဟုတ်ဘူး။ ပြဿနာက စက်ပစ္စည်းတွေနဲ့ ကုန်ကြမ်းပစ္စည်း အစိတ် အပိုင်းတွေပဲ”
ဂျပန်နဲ့ ကုန်သွယ်မှုလိုငွေပြရတဲ့ အဓိက အကြောင်းရင်းက ကျွန်တော်တို့ရဲ့ စက်မှုလုပ်ငန်း တည်ဆောက်ပုံ ပြဿနာတွေကြောင့်ပါပဲ။ ကုန်ထုတ်လုပ်ငန်းတွေနဲ့ စက်ပစ္စည်းတွေလိုမျိုး ပို့ကုန်အဓိကလုပ်ငန်းတွေရဲ့ အဓိကကုန်ကြမ်းတွေနဲ့ အစိတ်အပိုင်း အတော်များများက ဂျပန်လုပ်တွေ ဖြစ်နေလို့ပါ။
ကိုရီးယားက ဂျပန်ဆီကနေ အစိတ်အပိုင်းတွေကို တင်သွင်းတယ်၊ ပြီးမှ အချောထည်ပစ္စည်းတွေ ထုတ်လုပ်ပြီး အမေရိကန်၊ တရုတ်နဲ့ တခြားနိုင်ငံတွေကို ပြန်တင်ပို့ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့က ဂျပန်နဲ့ဆို ကုန်သွယ်မှုလိုငွေပြပြီး အမေရိကန်၊ တရုတ်တို့နဲ့ကျရင် ကုန်သွယ်မှုပိုလျှံနေတာပါ။
"ဒါဆို ဝန်ကြီးချုပ် အိုကာဇာကီ ပြောနေတာက ဘာလဲ”
"သူက ကြွားလုံးထုတ်နေတာပါ"
တကယ့် ငွေကြေးဈေးကွက်မှာတော့ ဘာသက်ရောက်မှုမှ မရှိသလောက်ပါပဲ။ ဝန်ကြီးချုပ် အိုကာဇာကီရဲ့ စကားတွေကို အားလုံးက လေလုံးထွားနေတာလို့ပဲ သတ်မှတ်ကြပါတယ်။
အယ်လီက ပြောတယ်။
"ဟုတ်တယ်၊ သူတို့လည်း လက်တွေ့မှာ လျော်ကြေးတောင်းဖို့ မဖြစ်နိုင်မှန်း သိမှာပါ။ ကိုရီးယားကို ဆန့်ကျင်ပြီး အသံနည်းနည်းပေးပြီး လူထုထောက်ခံမှုနှုန်း မြှင့်တင်ဖို့ ကြိုးစားနေတာပဲ ဖြစ်လိမ့်မယ်"
တကယ်လို့ ဂျပန်ဘက်ကသာ ကိုရီးယားနဲ့ ကုန်သွယ်မှုကို ပိတ်ဆို့ရင် ကိုရီးယားကုမ္ပဏီတွေတင် ပြဿနာတက်မှာ မဟုတ်ဘူး။ ဂျပန်ပို့ကုန်ကုမ္ပဏီတွေလည်း ပြဿနာတက်မှာပါပဲ။
"ဒါက ထောက်ခံမှုနှုန်းတက်အောင် လုပ်ပြတဲ့ ရှိုးတစ်ခုသက်သက်ပဲ”
"ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ”
တက်ဂယူရဲ့ အမေးကို အစ်မ အိုဟျွန်းဂျူးက ခေါင်းခါပြတယ်။
"ဘာမှလုပ်စရာမလိုဘူး။ သူတို့လည်း အများကြီးလုပ်ဖို့ ရည်ရွယ်ချက်ရှိပုံမရပါဘူး။ အချိန်ခဏလေးအတွင်း ငြိမ်သွားမှာပါ”
ကျွန်တော် လက်ပိုက်ပြီး ခဏလောက် စဉ်းစားလိုက်တယ်။
ထောက်ခံမှုနှုန်းတက်အောင် ကိုရီးယားကို တိုက်ခိုက်တာက ဂျပန်နိုင်ငံရေးမှာ ထုံးစံလို ဖြစ်နေပါပြီ။ နောက်ပိုင်း သူတို့တွေရဲ့ထောက်ခံမှုနှုန်း ပြန်ကျရင် ဒီအကြောင်းကိုပဲ ထပ်မပြောလာဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူးလေ။
နောက်ထပ် ပြဿနာတစ်ခုလည်း ရှိပါသေးတယ်။ OTK Games နဲ့ FaceIt က ဂျပန်ကို ဝင်ရောက်နေပြီဖြစ်ပြီး နောက်ပိုင်း CarOS နဲ့ M Pizza တို့ ဝင်ရောက်ဖို့ကိုလည်း ထည့်စဉ်းစားရမှာပါ။
"ဒီအတိုင်း လွှတ်ထားရင် နောက်လည်း ဒီလိုပဲ ထပ်ဖြစ်နေမှာ မဟုတ်ဘူးလား။ အခွင့်သာတိုင်း ဝမ် သိန်းပေါင်း ၂ ကုဋေကို ပြန်ပေးဖို့ ဂျပန်က ကလေးကလား လာဂျီကျနေဦးမှာပဲ"
တက်ဂယူက ပြောတယ်။
"နောက်ကျရင် ဂျပန်မှာ လည်ပတ်နေတဲ့ OTK ကုမ္ပဏီရဲ့ လက်အောက်ခံကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို သူတို့ သိမ်းပစ်တာတောင် လုပ်လာရင်ဘယ်လိုလုပ်မလဲ”
"OTK ကုမ္ပဏီက အမေရိကန်ကုမ္ပဏီပဲဟာ။ သူတို့မှာ အသိဉာဏ်ရှိရင် အဲဒီလို လုပ်မှာမဟုတ်ပါဘူး”
"ပုလဲဆိပ်ကမ်းကို ဗုံးကြဲခဲ့တဲ့ကောင်တွေမှာကော အသိဉာဏ် ရှိမယ်ထင်လို့လား”
"..."
အဲဒီလို ပြောလိုက်တော့လည်း ဟုတ်နေသလိုပါပဲ။
"ဂျပန်လူမျိုးတွေက ပုံမှန်အားဖြင့် အားနည်းတဲ့သူဆို အနိုင်ကျင့်ပြီး အားသာတဲ့သူဆိုရင်တော့ အညံ့ခံတတ်ကြတယ်။ ငါတို့ဘက်က အားနည်းချက်ပြလိုက်ရင် သူတို့က နောက်ပိုင်း ပိုပြီး ဆိုးလာလိမ့်မယ်”
ဒါလည်း အမှန်ပါပဲ။
စဉ်းစားလို့ ပြီးတာနဲ့ ကျွန်တော် သေသေချာချာလေး ပြောလိုက်တယ်။
"ဂျပန်က ကျွန်တော့်ကို ရန်သူလို ဆက်ဆံချင်တယ်ဆိုရင် သူတို့ဖြစ်ချင်တဲ့အတိုင်း ဖြစ်အောင် လုပ်ပေးလိုက်ရင်ကော ရတာပဲလေ”
ကျွန်တော့်မျက်နှာအမူအရာကို ကြည့်ပြီး အစ်မ အိုဟျွန်းဂျူးက မေးတယ်။
"ဘာလုပ်ဖို့ စီစဉ်နေတာလဲ"
ခဏအကြာမှာတော့ OTK ကုမ္ပဏီက သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့တယ်။ မျှော်လင့်ထားတဲ့အတိုင်း ပြည်တွင်းပြည်ပ မီဒီယာတွေ အများကြီး စုပြုံရောက်ရှိလာကြတယ်။
သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်က ကျွန်တော့်ရဲ့ ရပ်တည်ချက်ကို တည်ငြိမ်စွာနဲ့ ပြောကြားခဲ့တယ်။
"ဂျပန်အစိုးရဟာ ပင်စင်ရန်ပုံငွေ စီမံခန့်ခွဲမှုကို နီရှီဒါ စတော့ပွဲစားကုမ္ပဏီဆီ လွှဲပြောင်းပေးခဲ့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်းကြံစည်မှုတွေကြောင့် တိုယိုတာရှယ်ယာကိစ္စအတွက် တာဝန်ရှိသလို၊ ခေတ်နောက်ကျနေတဲ့ ငွေကြေးစနစ်ကို အသုံးပြုနေတဲ့အတွက်လည်း တာဝန်ရှိပါတယ်။ ဂျပန်တရားလွှတ်တော်ချုပ်က လျော်ကြေးပေးဖို့ မလိုဘူးလို့ ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခုကို ဂျပန်ဝန်ကြီးချုပ်က လျော်ကြေးနဲ့ တောင်းပန်မှုကို ထပ်ခါတလဲလဲ တောင်းဆိုနေတာဟာ ဂျပန်ဟာ ဥပဒေစိုးမိုးတဲ့ နိုင်ငံတစ်ခု မဟုတ်ဘူးဆိုတာကို ကိုယ်တိုင် ငြင်းပယ်နေတာပဲ ဖြစ်ပါတယ်”
ကျွန်တော့်စကားကြောင့် သတင်းစာရှင်းလင်းပွဲ ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်။
ခဏနေတော့ သတင်းထောက်တစ်ယောက်က အော်မေးတယ်။
"ဂျပန်ကုမ္ပဏီတွေက အဓမ္မလုပ်အားပေးခိုင်းစေမှု ဆုံးဖြတ်ချက် အတွက် လျော်ကြေးမပေးရင် ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမယ်လို့ ကိုရီးယားအစိုးရကလည်း ပြောခဲ့တယ် မဟုတ်ဘူးလား။ အဲဒါကော မှားယွင်းတဲ့ လုပ်ရပ်ပဲလား”
ကျွန်တော်က မမှုဘဲ ပြောလိုက်တယ်။
"အဲဒါက ကိုရီးယား တရားလွှတ်တော်ချုပ်က အဲဒီလို ဆုံးဖြတ်ခဲ့လို့ပဲ။ ကျွန်တော်ကတော့ ဂျပန်တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်အရ လျော်ကြေးမပေးတာ ဖြစ်လို့ ဂျပန်ကုမ္ပဏီတွေဟာလည်း ကိုရီးယားတရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လျော်ကြေးပေးဖို့ သင့်ပါတယ်။ လျော်ကြေးမပေးဘဲ ရုန်းကန်နေတာကမှ မှားယွင်းတဲ့ လုပ်ရပ်ပါ”
နောက်ထပ်မေးခွန်းတွေကို တားမြစ်တဲ့အနေနဲ့ ကျွန်တော် လက်မြှောက်ပြလိုက်တယ်။ ပြီးတော့ ကင်မရာတွေကို တည့်တည့်ကြည့်ပြီး ပြောလိုက်တယ်။
"တရုတ်-ဂျပန်စစ်ပွဲတုန်းက ဂျပန်ဟာ တရုတ်စီးပွားရေးကို ဖျက်ဆီးဖို့အတွက် တရုတ်ငွေစက္ကူ သန်း ၄ ထောင်ကို နေရာအနှံ့မှာ အတုလုပ်ပြီး ဖြန့်ဝေခဲ့တယ်။ ဒါကြောင့် တရုတ်ပြည်သူတွေ အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှုဒဏ် ခံခဲ့ရတယ်။ ဒါတင်မကသေးဘူး။ စစ်ရှုံးခါနီးမှာ ဂျပန်ဟာ ကိုရီးယားဘဏ်မှာ ကျန်ရှိနေတဲ့ ဝမ် သန်း ၄၇၀၀ကို တိုကျိုဘဏ်ခွဲဆီ လွှဲပြောင်းပြီး ဘဏ္ဍာတိုက်ကို ဗလာကျင်းအောင် လုပ်ခဲ့ရုံတင်မကဘူး၊ ငွေစက္ကူ သန်းထောင်ပေါင်းများစွာကိုလည်း စည်းကမ်းမဲ့ ရိုက်နှိပ်ခဲ့လို့ ငွေကြေးဖောင်းပွမှု ဖြစ်ပွားပြီး ကိုရီးယား စီးပွားရေးကို ပျက်စီးစေခဲ့တယ်။ ဂျပန်ဟာ တခြားနိုင်ငံတွေရဲ့ ငွေကြေးစနစ်ကို ဒီလိုမျိုး ဖျက်ဆီးခဲ့တာတွေအတွက် တောင်းပန်တာ ဒါမှမဟုတ် လျော်ကြေးပေးတာမျိုး လုပ်ခဲ့ဖူးလား။ ကျွန်တော့်ဆီကနေ တောင်းပန်မှုနဲ့ လျော်ကြေးမတောင်းခင် ဂျပန်အစိုးရအနေနဲ့ ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့မှာ ကျူးလွန်ခဲ့တဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှု အများအပြားအတွက် အရင်ဆုံး ခေါင်းငုံ့တောင်းပန်ပြီး လျော်ကြေးပေးသင့်တယ်။ အဲဒီလိုလုပ်ရင်တော့ ကျွန်တော် စဉ်းစားပေးပါ့မယ်။ ဒါပါပဲ”
နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ကန်ဂျင်ဟူရဲ့ ကြေညာချက်ကြောင့် ဆွံ့အသွားခဲ့ရတယ်။
ကိုရီးယားဟာ အရင်ကော အခုပါ အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေ ကြားမှာ ဝန်းရံနေတာပါ။ ဒါကြောင့်မလို့ သံတမန်ရေးရာကတစ်ဆင့် ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့က နိုင်ငံရှင်သန်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။
ဒါပေမဲ့ မကြာသေးခင်က ကိုရီးယားရဲ့ သံတမန်ရေးရာတွေကို ကန်ဂျင်ဟူကပဲ ဦးဆောင်နေတယ်လို့ ပြောရင်လည်း မမှားပါဘူး။
သူက အမေရိကန်ကို သွားပြီး 'The Big One' လာတော့မယ်ဆိုပြီး ရုတ်ရုတ်သဲသဲ လုပ်ခဲ့လို့ အမေရိကန်-ကိုရီးယား မဟာမိတ် ဆက်ဆံရေးကို တင်းမာလုနီးပါး ဖြစ်စေခဲ့ပေမဲ့ 'The Big One' က တကယ်ပဲ ရောက်လာခဲ့လို့ အတုမရှိတဲ့ သွေးသောက်မဟာမိတ် ဖြစ်သွားခဲ့ရတယ်။
အခုချိန်အထိ ရှာဖွေမှုတွေအရ အမေရိကန်အများစုက ကိုရီးယားကို အရင်းနှီးဆုံးနိုင်ငံအဖြစ် ရွေးချယ်ကြတုန်းပါပဲ။
နည်းပညာပေါက်ကြားမှု ပြဿနာတွေကြောင့် ကျိုးမော်တာကို သွားထိမိလို့ တရုတ်နဲ့ ဆက်ဆံရေး အေးစက်သွားပြီး ကုန်သွယ်မှု ကန့်သတ်တာတွေ ကြုံခဲ့ရသလို၊ နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ မှားနှိပ်မိတဲ့ အမှားကနေ အမြတ်အများကြီး ရလိုက်တာကလည်း ဂျပန်နဲ့ ဆက်ဆံရေးကို ပိုဆိုးသွားစေခဲ့တယ်။
ဒီလို အခြေအနေမျိုးမှာ သူက ရုရှားကို ကိုယ့်သဘောနဲ့ သွားရောက်ပြီး နျူကလီးယားဓာတ်ပေါင်းဖို စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံခဲ့လို့ လက်ရှိအစိုးရရဲ့ စွမ်းအင်မူဝါဒအပေါ် လူထုရဲ့ မကောင်းတဲ့ အမြင်တွေကို ဖြစ်ပေါ်စေခဲ့ပြန်တယ်။
စီးပွားရေးလုပ်ငန်းရှင်တွေက နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံတာတွေ လုပ်တဲ့အခါ ဖြစ်လာနိုင်တဲ့ သံတမန်ရေးရာ ရိုက်ခတ်မှုတွေကို ထည့်သွင်းစဉ်းစားပြီး အစိုးရနဲ့ သေသေချာချာ တိုင်ပင်တာက ထုံးစံပါပဲ။ ဒါပေမဲ့ ကန်ဂျင်ဟူက အဲဒါတွေ ဘာမှမလုပ်ခဲ့ဘူး။ သူက အမြဲတမ်း ကိုယ့်သဘောနဲ့ ဆုံးဖြတ်ပြီး ကြေညာလေ့ရှိတာပါ။
တကယ်လို့ ကြိုတင်တိုင်ပင်ခဲ့ရင်တော့ ကောင်းတဲ့အချက်တွေကို အစိုးရက နာမည်ယူပြီး ထိခိုက်နိုင်တာတွေကိုတော့ တားဆီးမှာ ဖြစ်ပေမဲ့ ကြိုတင်မတိုင်ပင်ခဲ့တော့ ဘာမှလုပ်မရပါဘူး။
ကန်ဂျင်ဟူ ရုရှားကို သွားပြီးနောက် တရုတ်နဲ့ ဆက်ဆံရေးက ပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပေမဲ့ ဂျပန်နဲ့ ဆက်ဆံရေးကတော့ ဆက်တိုက် ဆိုးရွားနေခဲ့တယ်။
ဒါက ကန်ဂျင်ဟူ တစ်ယောက်ထဲကြောင့် မဟုတ်ဘဲ ဂျပန်ရဲ့ ကြိုတင်ရွေးကောက်ပွဲနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှု လျော်ကြေး ဆုံးဖြတ်ချက်အရ ကိုရီးယားမှာရှိတဲ့ ဂျပန်ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့တာတွေကြောင့် ပိုပြီး ဆိုးရွားသွားတာပါ။
ဝန်ကြီးချုပ် အိုကာဇာကီရဲ့ တရားဝင် ကြေညာချက်နဲ့ ပတ်သက်ပြီးတော့ ဖြစ်သင့်တာ ဖြစ်လာတာပဲလို့ အများစုက သတ်မှတ်ကြတယ်။ ကြေညာချက်ရဲ့ နောက်ကွယ်က အကြောင်းအရင်းကို သိထားတဲ့ ကိုရီးယားအစိုးရက ထူးထူးခြားခြား တုံ့ပြန်မှု မလုပ်ခဲ့သလို နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အခြေအနေကို ကွယ်ရာကနေ ထိန်းသိမ်းပြီး ညှိနှိုင်းမှုတွေကတစ်ဆင့် ဖြေရှင်းဖို့ ရည်ရွယ်ထားခဲ့တာပါ။
ဒါပေမဲ့ ကန်ဂျင်ဟူက ဝင်ပါပြီး အခြေအနေတစ်ခုလုံးကို မှောက်လှန်ပစ်လိုက်တယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ စုဝေးနေကြတဲ့သူတွေက သံတမန်ရေးရာ စာမေးပွဲကို အောင်မြင်ထားတဲ့ အထူးချွန်ဆုံး လူတော်တွေပါ။ ပြီးတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အစိုးရဝန်ကြီးဌာနတွေထဲမှာ အာဏာရှိတယ်လို့ နာမည်ကြီးတာပါ။
ဒါပေမဲ့ အခုတော့ သူတို့တွေ ကန်ဂျင်ဟူ ချန်ထားခဲ့တဲ့ အရှုပ်ထုပ်ကို ရှင်းဖို့အတွက် အလုပ်ရှုပ်နေကြရပါပြီ။ နေရာအနှံ့ကနေ ဖုန်းတွေ ဆက်တိုက်ဝင်နေပြီး ဝန်ထမ်းတွေလည်း ဖုန်းဖြေရင်း၊ ဖြေရှင်းမယ့် နည်းလမ်းတွေကို ရှင်းပြရင်း ချွေးပြန်နေကြရတယ်။
နိုင်ငံခြားရေး ဝန်ကြီး ကင်ဆောင်းချောက တီဗီမှာ လာနေတဲ့ ကန်ဂျင်ဟူကို ငိုတော့မယ့် မျက်နှာအမူအရာနဲ့ ကြည့်နေပါတယ်။
"...ဘာလို့ ငါတို့ကို ဒီလိုမျိုး လုပ်ရတာလဲ”
[ကန်ဂျင်ဟူက တောင်းပန်မှာလည်း မဟုတ်သလို လျော်ကြေးလည်း ပေးမှာမဟုတ်ဘူးလို့ ထပ်လောင်းပြောကြား]
[နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ မှားနှိပ်မိတဲ့ အမှားက ဂျပန်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်းကြံစည်မှုကြောင့်လို့ ပြစ်တင်]
[အရှေ့အာရှ ကျူးကျော်မှုအတွင်း ဂျပန်ရဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေအတွက် တောင်းပန်မှုနဲ့ လျော်ကြေးပေးဖို့ တောင်းဆို]
[ကန်ဂျင်ဟူရဲ့ စကားတွေအပေါ် လေဘာပါတီက အပြင်းအထန် စိုးရိမ်ကြောင်း ဖော်ပြ]
[ဂျပန်အစိုးရရဲ့ တုံ့ပြန်မှုက ဘာဖြစ်မလဲ။]
-ဟားဟား၊ ကန်ဂျင်ဟူက ခဏလောက် ငြိမ်နေပြီးမှ ပြန်စပြီဟ။
-ဒါပေမဲ့ သူပြောသလို တကယ် ဖြစ်ခဲ့တာလား။
-အဲဒီဂျပန်ကောင်တွေက ငါတို့ကို ကိုလိုနီအုပ်ချုပ်မှုနဲ့ ခေါင်းပုံဖြတ်ရုံတင် အားမရဘူး၊ ပြန်ခါနီးမှာပါ အနုကြမ်းစီးသွားသေးတာပဲ။
-ဂျပန်တွေကတော့ သေသေချာချာကို လုပ်သွားတာပဲလို့ ဝန်ခံရမယ်~
-ဂျပန်က အဲဒီလို လုပ်သွားလို့ ငွေကြေးဖောင်းပွမှု ဖြစ်ပြီး ကိုရီးယား ငွေကြေးစနစ်တစ်ခုလုံး ပျက်စီးသွားခဲ့တာလေ။
-ဒါတွေကို ကျောင်းသုံးစာအုပ်တွေမှာ ဘာလို့ မသင်ပေးကြတာလဲ။
တရုတ်မီဒီယာတွေကလည်း ကန်ဂျင်ဟူရဲ့ စကားတွေကို သတင်းကြီးအဖြစ် ဖော်ပြခဲ့ကြပြီး တရုတ်လူထုရဲ့ ထင်မြင်ချက်တွေကလည်း ဆူပွက်လာခဲ့တယ်။
-ဂျပန်ရဲ့ ကျူးကျော်မှုကြောင့် လူပေါင်းများစွာ ဒုက္ခရောက်ခဲ့ရတယ်။
-ကိုရီးယားက တရုတ်နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ညီအစ်ကိုပဲ၊ ဂျပန်ကတော့ ငါတို့ရဲ့ ရန်သူ။
-ဂျပန်ပစ္စည်းတွေကို မသုံးကြေး။
-ဂျပန်က အခု တောင်းပန်ပြီး လျော်ကြေးပေးသင့်တယ်။
-ဒိုင်အိုယုကျွန်းစုတွေကို အင်အားသုံးပြီးတော့ပဲဖြစ်ဖြစ် ပြန်သိမ်းကြစို့။
ကန်ဂျင်ဟူရဲ့ ကြေညာချက် ထွက်လာပြီးနောက် ဂျပန်ကျွန်းစုတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်။
ဝန်ကြီးချုပ် အိုကာဇာကီနဲ့ LDPပါတီတို့ ပျာပျာသလဲ ဖြစ်သွားကြတယ်။ သူတို့က အသံနည်းနည်းပေးပြီး ဒီအတိုင်း လွှတ်ထားဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပေမဲ့ ကန်ဂျင်ဟူက တုံ့ပြန်ပြီး အခြေအနေကို ပိုကြီးအောင် လုပ်လိုက်တာလေ။
OTK ကုမ္ပဏီဘက်ကလည်း မှန်နေတာ မဟုတ်လို့ ဘာမှတ်ချက်မှ မပေးဘဲ ရှောင်နေလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ ဒါကို ကန်ဂျင်ဟူက ထိပ်တိုက် ရင်ဆိုင်လာတာလေ။ ဒါတင်မကသေးဘူး၊ ဂျပန်လူမျိုး အများစုတောင် မသိကြတဲ့ အတိတ်က အရှေ့အာရှ ကျူးကျော်မှုအတွင်း ဂျပန်ရဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေကိုပါ ထုတ်ပြောလိုက်တာပါ။
ဂျပန်ဆန်းသစ်တီထွင်မှုပါတီရဲ့ ဥက္ကဌ ကာတို နာကာမူရာက ဒေါသတကြီးနဲ့ အော်ဟစ်တယ်။
"သူက ဂျပန်ကို ဘယ်လောက်တောင် အထင်သေးလို့ ဒီလိုစကားမျိုး ပြောရတာလဲ။ ဒါလား ဝန်ကြီးချုပ် အိုကာဇာကီ ပြောခဲ့တဲ့ 'သန်မာတဲ့ ဂျပန်နိုင်ငံ' ဆိုတာ။ ဒီတစ်ကြိမ်မှာသာ ပြတ်ပြတ်သားသား မတုံ့ပြန်ရင် ကျွန်တော် အစိုးရအဖွဲ့အပေါ် အယုံအကြည်မရှိ အဆို တင်သွင်းမှာပါ”
အတွင်းကော အပြင်ကပါ တိုက်ခိုက်မှုတွေ ကြုံလာရတော့ တခြားနည်းလမ်း မရှိတော့ပါဘူး။
ဝန်ကြီးချုပ် အိုကာဇာကီက သတင်းထောက်တွေ ရှေ့မှောက်မှာ ပေါ်လာခဲ့တယ်။
"ဂျပန်ပြည်သူတွေကို ကိုယ်စားပြုပြီး ကန်ဂျင်ဟူရဲ့ ရိုင်းစိုင်းတဲ့ စကားတွေအပေါ် ကျွန်တော် မခံမရပ်နိုင်အောင် ဒေါသထွက်မိပါတယ်။ ဒါက ဂျပန်နိုင်ငံတစ်ခုလုံးကို ရန်စလိုက်တာလို့ ကျွန်တော် သတ်မှတ်ပါတယ်။ ဒါကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘဲ ကိုရီးယားကို သေချာပေါက် တာဝန်ယူခိုင်းမှာပါ။ ကိုရီးယားအစိုးရနဲ့ OTK ကုမ္ပဏီကို ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့အပြင် တရားဝင် တောင်းပန်မှု မလုပ်မချင်း ကိုရီးယားကုမ္ပဏီတွေကို ကုန်သွယ်မှုနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေလိုမျိုး လက်တုံ့ပြန်မယ့် နည်းလမ်းတွေကို ဖော်ဆောင်သွားမှာပါ”
သတင်းစာရှင်းလင်းပွဲ ပြီးနောက် ကျွန်တော် ရုရှားသမ္မတ ဗော်လ်ကော့ဗ်နဲ့ စကားပြောခဲ့တယ်။
သူက ရွှင်ရွှင်လန်းလန်း အသံနဲ့ ပြောလိုက်ပြီး စကားပြန်က ချက်ချင်းပဲ ဘာသာပြန်ပေးတယ်။
"[မင်း ဂျပန်ကို တကယ်ပဲ အထိနာအောင် လုပ်လိုက်တာပဲ။ သတင်းစာရှင်းလင်းပွဲကို ကြည့်ရတာ တော်တော်လေး စိတ်ကျေနပ်ဖို့ ကောင်းတယ်။ ဒါပေမဲ့ မင်း တကယ်ပဲ အဆင်ပြေရဲ့လား]"
ကျွန်တော်က အရွှန်းဖောက်ပြီး ပြောလိုက်တယ်။
"ကျွန်တော် ဒီလိုပြောလိုက်ရုံနဲ့ ဂျပန်က စစ်ပွဲတော့ စမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျပန်အောက်လွှတ်တော် အမတ်တစ်ယောက်က ကူရီကျွန်းစုမှာ ရိုင်းစိုင်းတဲ့ စကားတွေ ပြောသွားသေးတယ် မဟုတ်လား”
သမ္မတ ဗော်လ်ကော့ဗ်က ဒေါသသံနဲ့ ပြောတယ်။
"[မင်း ပြောတာ ဟိုအောက်တန်းစားကောင် လျှောက်ပြောတဲ့ စကားတွေကိုမလား]"
ဂျပန်အောက်လွှတ်တော် အမတ်တစ်ယောက်က ကူရီးလ်ကျွန်းစုကို သွားရောက်လည်ပတ်စဉ်အတွင်း ရုရှားနဲ့ စစ်ဖြစ်ရင်တောင် မြောက်ပိုင်းကျွန်း လေးကျွန်းကို ပြန်သိမ်းရမယ်လို့ အော်ဟစ်ခဲ့တာပါ။
ဂျပန်နိုင်ငံရေးသမားတွေက ကိုရီးယားနဲ့ ပိုင်နက်အငြင်းပွားနေတဲ့ ဒုတ်ဒိုကျွန်းနဲ့ ပတ်သက်ပြီး ဒီလိုမျိုး ရိုင်းစိုင်းတဲ့ စကားတွေကို အကြိမ်ကြိမ် ပြောခဲ့ဖူးပေမဲ့ ရုရှားအပေါ် တုံ့ပြန်မှုကတော့ လုံးဝ ကွဲပြားပါတယ်။
အဲဒီအမတ်က ချက်ချင်းပဲ ခေါင်းငုံ့တောင်းပန်ခဲ့ပြီး သူ အရက်မူးပြီး လျှောက်ပြောမိတာလို့ ဆင်ခြေပေးခဲ့သလို၊ လွှတ်တော်ကလည်း ပါတီမရွေး သူ့ကို ရှုတ်ချပြီး ရာထူးကနေ ထုတ်ပယ်ဖို့အထိ လုပ်ဆောင်ခဲ့ကြတယ်။
အစွယ်ကျိုးနေတဲ့ ကျားကလည်း ကျားပဲလေ။
ဂျပန်က စီးပွားရေးအရ ဘယ်လောက်ပဲ ရှေ့ရောက်နေပါစေ ရုရှားကတော့ စစ်ရေးနဲ့ စွမ်းအင်ကဏ္ဍမှာ အင်အားကြီးနိုင်ငံ ဖြစ်နေတုန်းပါပဲ။ သူတို့ အနိုင်ကျင့်လို့ရတယ်လို့ ထင်နေတဲ့ ကိုရီးယားနဲ့တော့ မတူပါဘူး။
ဒါပေမဲ့ အဲဒီစကားတွေက ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး ဖြစ်လို့ ရုရှားအစိုးရကလည်း တုံ့ပြန်ဖို့ စဉ်းစားနေတာပါ။ ဂျပန်ကတော့ အရေးယူမှုတွေ လုပ်နေတဲ့အချိန်မှာ အခြေအနေကို ပိုပြီး မကြီးထွားစေချင်လောက်ဘူးထင်ပါတယ်။
"သမ္မတကြီးဘက်က နည်းနည်းလောက် ကူညီပေးမယ်ဆိုရင် ဂျပန်က ကူရီးလ်ကျွန်းစုအကြောင်းကို ခဏလောက်အထိ ထုတ်တောင်မပြောရဲအောင် ကျွန်တော် လုပ်ပေးနိုင်ပါတယ်”
သမ္မတ ဗော်လ်ကော့ဗ်က ကျွန်တော့်စကားကို စိတ်ဝင်စားသွားတယ်။
"[ဘယ်လိုမျိုးကူညီပေးရမှာလဲ]"
"ဟုတ်ကဲ့။ ကျွန်တော့်ကိုသာ ယုံကြည်ပေးမယ်ဆိုရင် ကျွန်တော် ဗိုလ်ချုပ် ဇူးကော့ဗ်လိုမျိုး စွမ်းဆောင်ပြပါ့မယ်”
ဂျော့ဂီ ဇူးကော့ဗ်ဆိုတာ ခါလခင်ဂေါလ် တိုက်ပွဲမှာ ဂျပန် ကွမ်တန်တပ်မတော်ကို အနိုင်တိုက်ပြီး ဆိုဗီယက်ယူနီယံကို ကျူးကျော်မယ့် ဂျပန်ရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ခဲ့တဲ့ နာမည်ကြီး ဆိုဗီယက်ဗိုလ်ချုပ်ကြီးပါ။
အခုထက်ထိ သူ့ရဲ့ မြင်းစီးရုပ်တုက မော်စကိုရဲ့ ရင်ပြင်နီမှာ ရှိနေတုန်းပါပဲ။
ကျွန်တော်က ကျွန်တော့်ရဲ့ အစီအစဉ်ကို ရှင်းပြလိုက်တော့ သမ္မတ ဗော်လ်ကော့ဗ်က အကျယ်ကြီး ရယ်မောလိုက်တယ်။
"[ဟားဟား။ စိတ်ဝင်စားဖို့ ကောင်းတာပဲ။ မင်းဖြစ်ချင်တဲ့အတိုင်းသာ လုပ်လိုက်ပါ]"