အခန်း ၃၇၇
Vol. 38 Ch. 377
အခန်း (၃၇၇)
ဂျပန်ဝန်ကြီးချုပ် အိုကာဇာကီရဲ့ ကြေညာချက် ထွက်လာပြီးနောက်မှာ ဂျပန်လက်ယာစွန်းအုပ်စုတွေ လှုပ်လှုပ်ရှားရှား ဖြစ်လာတဲ့ အရိပ်အယောင်တွေ ပြသလာတယ်။ တောင်ကိုရီးယားကို ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေကို နေရာအနှံ့အပြားမှာ ပြုလုပ်ခဲ့ကြပြီး ဒုတ်ဒိုကျွန်းအပေါ် အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း တောင်းဆိုမှုတွေလည်း ပိုမိုပြင်းထန်လာခဲ့တယ်။
ဂျပန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် စီးပွားရေးအရ ထိခိုက်နစ်နာမှုတွေ ချက်ချင်းပဲ သိသိသာသာ မြင်တွေ့လာရတယ်။ ဂျပန်နဲ့ ကုန်သွယ်မှုအပေါ် အများကြီး မှီခိုနေရတဲ့ ကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာဈေးနှုန်းတွေ ထိုးကျသွားပြီး ငွေလဲနှုန်းတွေလည်း မြင့်တက်သွားခဲ့တယ်။
ဂျပန်ကုမ္ပဏီတွေဘက်ကလည်း ပို့ကုန်ပြတ်တောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ တွက်ဆထားကြပြီး ပိတ်ဆို့အရေးယူမှု ကြေညာချက်ထွက်လာပြီးနောက် သူတို့ရဲ့ ရှယ်ယာဈေးနှုန်းတွေ အနည်းငယ် ကျဆင်းသွားခဲ့တယ်။ တစ်ဖက်မှာတော့ ဂျပန်ဆန်းသစ်တီထွင်မှုပါတီနဲ့ ဝန်ကြီးချုပ် အိုကာဇာကီတို့ရဲ့ ထောက်ခံမှုနှုန်းက သိသိသာသာ မြင့်တက်လာခဲ့တယ်။
တောင်ကိုရီးယားအစိုးရဘက်က ထူးထူးခြားခြား သဘောထား ထုတ်ပြန်တာမျိုး မရှိသေးပေမဲ့ အတိုက်အခံပါတီကတော့ အရင်ဆုံး လှုပ်ရှားလာခဲ့တယ်။ လွတ်လပ်သောပြည်သူများပါတီက အပြင်းအထန် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပြီး ပါတီခေါင်းဆောင် ယွန်နာကျောင်းက အစိုးရကို စတင်တိုက်ခိုက်ခဲ့တယ်။
"ဟိုချန်မင်း အစိုးရက ဂျပန်ကို မလိုအပ်ဘဲ ရန်စနေတာ။ ကိုရီးယား-ဂျပန် ဆက်ဆံရေးကို ဖျက်ဆီးနေတဲ့ ဟိုချန်မင်း အစိုးရအနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ရမယ်"
ခေါင်းဆောင် ယွန်နာကျောင်းရဲ့ ဂျပန်လိုလားတဲ့ လုပ်ရပ်တွေက ပထမအကြိမ် လွှတ်တော်အမတ် ဖြစ်ကတည်းက လူသိများခဲ့တာပါ။ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ တည်ထောင်ခြင်း နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခဲ့တာနဲ့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီ ဖြစ်စဉ်တုန်းက တောင်ကိုရီးယားအစိုးရအနေနဲ့ လျော်ကြေးရဖို့ ကြိုးစားသင့်တယ်လို့ ဇွတ်အတင်း ပြောဆိုခဲ့တာတွေက ထင်ရှားတဲ့ ဥပမာတွေပါပဲ။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ယွန်နာကျောင်းက ပိုလို့တောင် လွန်သွားခဲ့တယ်။
"ဂျပန်က ပို့ကုန်တွေကို ကန့်သတ်လိုက်ရင် ကျွန်မတို့ ကုမ္ပဏီတွေအားလုံး သေကုန်ကြလိမ့်မယ်။ ကိုရီးယား စီးပွားရေးလည်း ပြိုလဲသွားလိမ့်မယ်။ အစိုးရအနေနဲ့ ဂျပန်ရဲ့ ရပ်တည်ချက်ကို အပြည့်အဝ နားလည်ပေးရမှာ ဖြစ်ပြီး ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ အစီအမံတွေကို ချမှတ်ရမယ်"
အများပြည်သူရဲ့ သဘောထားကတော့ ကွဲပြားနေခဲ့တယ်။
-သူက ကိုရီးယားပါတီခေါင်းဆောင်လား၊ ဂျပန်ရဲ့ LDP ပါတီ ပြောရေးဆိုခွင့်ရှိသူလား။
-သူ့အပြောအရဆိုရင် ဂျပန်ကပဲ ကိုရီးယားကို ဖွံ့ဖြိုးတိုးတက်လာအောင် ကျွေးမွေးစောင့်ရှောက်ထားတာပေါ့လေ။ ဟုတ်လား။
-ဒါတွေအားလုံးက ဟိုချန်မင်း အပြစ်တွေပဲ။ ဟိုချန်မင်း အစိုးရက ကိုရီးယား-ဂျပန် ဆက်ဆံရေးကို ဖျက်ဆီးပစ်လိုက်တာ။
-ဂျပန်ကမှ ဆက်ဆံရေးကို ဖျက်ဆီးလိုက်တာလေ၊ ဘာလို့ ငါတို့က တန်ပြန်အစီအမံတွေ လုပ်နေရမှာလဲ။
-အကြမ်းဖက် မြောက်ကိုရီးယားလိုလားတဲ့ လက်ဝဲသမား ကန်ဂျင်ဟူကို အရင်ဆုံး ထောင်ထဲထည့်ရမယ်။
-ယွန်နာကျောင်းလို့ ခေါ်မယ့်အစား ယွန်-ကာဇာကီလို့ပဲ ခေါ်သင့်တယ်။
-သူက ဂျပန်တွေရဲ့ ကြံရာပါ သစ္စာဖောက်ပဲ။
-ဘယ်သူက သူ့ကို ပါတီခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်လိုက်တာလဲ။
-အတည်ပြောတာပါ။ ကွန်ဆာဗေးတစ်တွေဘက်ကနေ အတိုက်အခံလုပ်ဖို့ သူ့ကို ရွေးချယ်ခဲ့တာလေ။ ဘာလို့ ဒီလို ဂျပန်လိုလားတဲ့ လုပ်ရပ်တွေ လုပ်နေရတာလဲ။
-အနည်းဆုံးတော့ သူက အသိတရားရှိပါသေးတယ်။ ကန်ဂျင်ဟူကို မဝေဖန်ဘဲ အစိုးရကိုပဲ ဝေဖန်နေတာ ရယ်ရတယ်။
-ကွန်ဆာဗေးတစ်ဆိုရင်လည်း ကွန်ဆာဗေးတစ်လို နေပါဗျာ။ ဂျပန်ဘက်ကို ပါတာမျိုးတော့ လျှော့ပါဦး။
-ခေါင်းဆောင် ယွန်နာကျောင်း ပြောတာ မမှားပါဘူး။ လူတွေ ဘာလို့ ဒီလိုဖြစ်နေကြလဲ မသိဘူး။ ကိုရီးယားကုမ္ပဏီတွေက ပို့ကုန်တွေရဲ့ အဓိက အစိတ်အပိုင်းတွေအတွက် ဂျပန်ကို မှီခိုနေရတာ မသိကြဘူးလား။ စောင့်ပဲ စောင့်ကြည့်လိုက်ပါ။ စီးပွားရေး ပြိုလဲသွားရင် အားလုံးက အစိုးရနဲ့ ကန်ဂျင်ဟူကိုပဲ အပြစ်တင်ကြလိမ့်မယ်။
-မှန်တယ်။ ဂျပန်နဲ့ ပူးပေါင်းဆောင်ရွက်တာက ကိုရီးယား ရှင်သန်နိုင်မယ့် တစ်ခုထဲသော နည်းလမ်းပဲ။
-ဂျပန်က ကျေးဇူးတင်ဖို့ကောင်းတဲ့ နိုင်ငံပါ။ ကျွန်တော်တို့ အမြဲတမ်း ကျေးဇူးတင်နေပါတယ်။
-ခေါင်းဆောင် ယွန်နာကျောင်းကို ထောက်ခံပါတယ်။
တက်ဂယူက သတင်းကို ကြည့်ရင်းနဲ့ ပြောလိုက်တယ်။
"ဂျပန်က တကယ်ပဲ ပိတ်ဆို့အရေးယူမှုတွေ လုပ်ရင် ကိုရီးယားကုမ္ပဏီတွေအားလုံး ဒေဝါလီခံရမှာလား"
"အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမှာ တစ်ဖက်သတ် စေတနာထားတယ်ဆိုတဲ့ ဆက်ဆံရေးမျိုး ဆိုတာ မရှိဘူး"
ကျွန်တော်တို့ မုန့်ဖုတ်သမားရဲ့ စေတနာကြောင့် မုန့်ဝယ်စားနိုင်တာ မဟုတ်ဘဲ သူက အမြတ်အစွန်းကို ရှာဖွေနေလို့သာ မုန့်တွေကို ဝယ်စားနိုင်တာပါ။
အလားတူပဲ၊ ဂျပန်ကုမ္ပဏီတွေက ကိုရီးယားဆီကို ကုန်ကြမ်းတွေနဲ့ အစိတ်အပိုင်းတွေ တင်ပို့နေတာက ကိုရီးယားကုမ္ပဏီတွေကို ကယ်တင်ဖို့ မဟုတ်ဘဲ သူတို့အတွက် အမြတ်ထွက်လို့ပဲ ဖြစ်ပါတယ်။
ကိုရီးယားကုမ္ပဏီတွေကသာ ဂျပန်မရှိရင် တကယ်ပဲ မရှင်သန်နိုင်ဘူးဆိုရင် ဂျပန်က အစကတည်းက မတန်တဆ ဈေးနှုန်းတွေ တောင်းမှာပေါ့။
"ကုန်သွယ်မှုဆိုတာ အပြန်အလှန် အကျိုးရှိလို့ ဖြစ်ပေါ်လာတာ"
၁၀၀ ရာခိုင်နှုန်း မျှတတဲ့ ကုန်သွယ်မှုကို ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ဖက်က ပိုလျှံနေရင် နောက်တစ်ဖက်က လိုငွေပြနေမှာပဲ။
ဒါပေမဲ့ လိုငွေပြနေတဲ့ဘက်က တစ်ဖက်သတ် ရှုံးနိမ့်နေတယ်လို့ မဆိုလိုပါဘူး။ ကိုယ်တိုင်လုပ်ရင် ဝမ် ၁၀၀,၀၀၀ ကျသင့်မယ့် ထုတ်ကုန်ကို ဝမ် ၅၀,၀၀၀ နဲ့ တင်သွင်းနိုင်ရင် ဝမ် ၅၀,၀၀၀ မြတ်တာပဲ ဖြစ်ပါတယ်။
ကိုရီးယားကုမ္ပဏီတွေက ပိတ်ဆို့အရေးယူမှုတွေကြောင့် ချက်ချင်း ထိခိုက်နိုင်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဂျပန်ကုမ္ပဏီတွေရဲ့ ဆုံးရှုံးမှုကလည်း ကြီးထွားလာပါလိမ့်မယ်။
ဒီတိုက်ပွဲက ဘယ်သူက ဆုံးရှုံးမှုတွေကို ပိုပြီး သည်းခံနိုင်မလဲဆိုတဲ့ တိုက်ပွဲပါပဲ။
ဂျပန်ဆန်းသစ်တီထွင်မှုပါတီနဲ့ လက်ယာစွန်းအုပ်စုတွေရဲ့ ဟောပြောချက်တွေက ပိုမိုပြင်းထန်လာခဲ့တယ်။ "တာကေရှီးမား (ဒုတ်ဒို) ကို ပြန်လည်သိမ်းပိုက်ကြ" ဆိုတဲ့ ကြွေးကြော်သံတွေကို မကြာခဏ ကြားနေရပါတယ်။
လက်ရှိ နိုင်ငံတကာ စနစ်အရ တခြားနိုင်ငံတစ်ခုက ထိရောက်စွာ သိမ်းပိုက်ထားတဲ့ နယ်မြေကို လုယူဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်သလောက်ပါပဲ။
တောင်ကိုရီးယားရဲ့ နိုင်ငံတော်အာဏာ သိသိသာသာ ကျဆင်းသွားပြီး ဂျပန်က ဒုတ်ဒိုကို သိမ်းပိုက်ဖို့ ဖြစ်နိုင်ခြေ ရှိလာရင်တောင် လက်တွေ့မှာတော့ လုပ်ဆောင်ဖို့ ခက်ခဲမှာပါ။
ဘာလို့လဲဆိုတော့ ဂျပန်ရဲ့ အမြင်ကနေကြည့်ရင် ဒုတ်ဒိုကို သိမ်းပိုက်ခြင်းကနေ ရရှိမယ့် အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုပြီး များပြားနေလို့ပါပဲ။ ဟုတ်ပါတယ်။ အဲဒီဖြစ်နိုင်ခြေကို လုံးဝ လျစ်လျူရှုထားလို့ မရတဲ့အတွက် ကျွန်တော်တို့က ရန်စမှုတွေကို သေချာပြင်ဆင်ထားရပါမယ်။ စစ်တပ်ဆိုတာ ဖြစ်နိုင်ခြေနည်းတဲ့ အဖြစ်အပျက်တွေ မဖြစ်ပွားအောင် တားဆီးဖို့ တည်ရှိနေတာပါ။
"တကယ်တော့ ဂျပန်ရဲ့ အမြင်အရ ဒုတ်ဒိုက နယ်မြေပိုင်နက် အငြင်းပွားမှုတွေထဲက တစ်ခုသက်သက်ပဲ။ ထောက်ခံမှုနှုန်း မြှင့်တင်ဖို့ဆိုရင် ဒုတ်ဒိုထက် ဆန်ကာကုကျွန်းစု ဒါမှမဟုတ် ကူရီကျွန်းစု ပြဿနာတွေကို ထုတ်ပြတာက ပိုပြီး ထိရောက်လိမ့်မယ်"
(ဆန်ကာကုကျွန်း - တရုတ်နဲ့အငြင်းပွားနေသော ကျွန်း
ကူရီကျွန်း - ရုရှားနဲ့အငြင်းပွားနေသော ကျွန်း)
"ဒါဆို သူတို့က ဘာလို့ ဒုတ်ဒိုကိုပဲ အမြဲ လာပတ်သက်နေတာလဲ"
"မင်းကော တရုတ်နဲ့ ရုရှားကို သွားပြီး ရန်စချင်လား"
တရုတ်နဲ့ ရုရှားက အမေရိကန်ကလွဲလို့ တစ်ကမ္ဘာလုံးက ကြောက်ရတဲ့ လူမိုက်နိုင်ငံတွေ ဖြစ်ကြပါတယ်။
ဒီအခြေအနေက လူမိုက်ကြီးတွေကို တစ်ခွန်းမှ မပြောရဲဘဲ အာဏာမရှိတဲ့ သာမန်လူတန်းစားရဲ့ ကော်လံကို ကိုင်ပြီး လှုပ်ရမ်းနေတဲ့ ရပ်ကွက်ထဲက တေလေဂျပိုးနဲ့ ပိုတူပါတယ်။
လူတိုင်းက တရားမျှတမှုကို မြတ်နိုးကြပေမဲ့ နိုင်ငံတွေကြား ဆက်ဆံရေးက တရားမျှတမှုကြောင့် မဟုတ်ဘဲ အာဏာကြောင့် လှုပ်ရှားနေတာပါ။
ကမ္ဘာစစ်တွေကို စတင်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေကို ကျူးကျော်ခဲ့တဲ့ စစ်ရာဇဝတ်ကောင် နိုင်ငံတွေက ဒီနေ့အထိ ကောင်းကောင်းမွန်မွန် ရှိနေကြဆဲဖြစ်ပြီး ကိုလိုနီပြုခံခဲ့ရတဲ့ သားကောင်နိုင်ငံတွေကတော့ နာကျင်မှုတွေနဲ့ ညည်းတွားနေရတုန်းပါပဲ။
သူတို့ကို တစ်ချိန်က အုပ်ချုပ်ခဲ့ဖူးတဲ့ ကျူးကျော်သူနိုင်ငံတွေဆီကနေ အကူအညီ တောင်းခံနေတဲ့ နိုင်ငံတွေတောင် ရှိပါသေးတယ်။ တောင်ကိုရီးယားသာ စီးပွားရေး တိုးတက်မှု မရရှိခဲ့ရင် အခုထက်ထိ ဂျပန်ဆီက အကူအညီ တောင်းနေရဦးမှာ ဖြစ်ပါတယ်။
နိုင်ငံဖြစ်ဖြစ်၊ ကုမ္ပဏီဖြစ်ဖြစ် အာဏာရှိရင် အသံကျယ်ကျယ် ပြောနိုင်ပြီး အာဏာမရှိရင်တော့ အဖိနှိပ်ခံရမှာပါပဲ။
တက်ဂယူက လက်ပိုက်လိုက်ပြီး ပြောတယ်။
"ဒါဆို ဒါက အာဏာမဲ့သူတွေရဲ့ ဝမ်းနည်းစရာ ခံစားချက်ပေါ့နော်"
လက်တွေ့ကျကျ ပြောရရင် တောင်ကိုရီးယားအနေနဲ့ ဂျပန်ရဲ့ စီးပွားရေးအာဏာကို ကျော်တက်ဖို့ မဖြစ်နိုင်ပါဘူး။ တောင်ကိုရီးယားက ပိုပြီး တိုးတက်လာပြီး တစ်ဦးချင်း GDP က ဂျပန်နဲ့ တူညီသွားရင်တောင် ဂျပန်ရဲ့ လူဦးရေက နှစ်ဆကျော် ပိုများပါတယ်။
ဒါကြောင့် ဂျပန်က ယေဘုယျအားဖြင့် တောင်ကိုရီးယားထက် ပိုမိုကြီးမားတဲ့ နိုင်ငံတော်အာဏာကို အမြဲတမ်း ပိုင်ဆိုင်ထားတာပါ။
သူတို့ရဲ့ စီးပွားရေးအာဏာကို ပြောင်းပြန်လှန်ပစ်ဖို့ဆိုရင် တောင်ကိုရီးယားရဲ့ တစ်ဦးချင်း GDP က ဒေါ်လာ ၁၀၀,၀၀၀ ကျော်သွားဖို့လိုပြီး၊ ပြောင်းပြန်အနေနဲ့ ဂျပန်ရဲ့ တစ်ဦးချင်း GDP က ဒေါ်လာ ၃သောင်းအောက် ကျဆင်းသွားဖို့လိုတာမလို့ လက်တွေ့မှာတော့ ခက်ခဲပါတယ်။
ဒါပေမဲ့…
"အနည်းဆုံးတော့ ငါတို့က အနိုင်ကျင့်လို့ရတဲ့သူလို့ သူတို့တွေ မထင်စေရဘူး"
ကျွန်တော်တို့ကို ရန်စလို့ ဘာမှ အကျိုးအမြတ်မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ပြရင် ဂျပန်ရဲ့ သဘောထားက သိသိသာသာ ပြောင်းလဲသွားမှာပါ။
ဝန်ကြီးချုပ် အိုကာဇာကီက ပိတ်ဆို့အရေးယူမှုတွေ ကြေညာပြီး တစ်ရက်မပြည့်ခင်မှာပဲ နိုင်ငံခြားရေးဝန်ကြီး ကင်ဆောင်းချောက ကုမ္ပဏီကို ရောက်လာခဲ့တယ်။
မကြာသေးမီက ခေါင်းဆောင်တွေနဲ့ မကြာခဏ တွေ့ဆုံ ဆက်သွယ်နေရလို့ ဒါက သိပ်ပြီး ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူးလို့ ထင်ရပေမဲ့ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးက ဒီလို စီးပွားရေးသမားတစ်ယောက်ဆီကို လာရောက်လည်ပတ်ဖို့ဆိုတာ ရှားပါတယ်။
"တွေ့ရတာ ဝမ်းသာပါတယ်။ စီအီးအို ကန်ဂျင်ဟူ။ ကျွန်တော်က နိုင်ငံခြားရေးဝန်ကြီး ကင်ဆောင်းချောပါ"
"မင်္ဂလာပါ"
နိုင်ငံခြားရေးဝန်ကြီးဆိုတာ အစိုးရရဲ့ အဓိက ရာထူးတွေထဲက တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ ဖြတ်သန်းမှု သမိုင်းကြောင်းက အထင်ကြီးစရာ ကောင်းပါတယ်။ သူက ယေးလ် တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး ကုလသမဂ္ဂမှာ အလုပ်လုပ်ခဲ့တာပါ။
သူ့ရဲ့ တူဖြစ်သူကို နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရာရှိအဖြစ် အထူးအလုပ်ခေါ်ယူမှုမှာ မတရားသဖြင့် အလုပ်ရအောင် လုပ်ပေးခဲ့တယ်ဆိုတဲ့ သံသယတွေ ရှိနေပေမဲ့... အဲ့ဒါက သိပ်ပြီး အရေးမကြီးပါဘူး။
ဝန်ကြီး ကင်ဆောင်းချောက ပြုံးပြီး ပြောလိုက်တယ်။
"ကျွန်တော်လည်း ကိုရီးယားတက္ကသိုလ်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ဌာနကနေ ဘွဲ့ရခဲ့တာပါ။ ဒါကြောင့် စီအီးအို ကန်ဂျင်ဟူနဲ့ အမြဲတမ်း ပတ်သက်မှုရှိတယ်လို့ ခံစားခဲ့ရတယ်"
ဘေးမှာရှိနေတဲ့ တက်ဂယူက ကျွန်တော့်ပုခုံးကို ပုတ်ပြီး ပြောတယ်။
"မင်းက ကံကောင်းတာပဲ။ နိုင်ငံရေးနဲ့ စီးပွားရေးနယ်ပယ်မှာ စီနီယာတွေ အများကြီး ရှိတာပဲ။ ဒီကမ္ဘာပေါ်မှာ ကိုရီးယားတက္ကသိုလ်ကျောင်းဆင်းတွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ"
ကျောင်းအဆက်အသွယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အလွဲသုံးစား မလုပ်ဖို့ တက်ဂယူက အရိပ်အမြွက် ပြောလိုက်တာကို သဘောပေါက်သွားလို့ထင်တယ်။ ဝန်ကြီး ကင်ဆောင်းချောက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပုံရတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း ကျောင်းအဆက်အသွယ်၊ ဒေသစွဲ ဒါမှမဟုတ် သွေးသားတော်စပ်မှုတွေနဲ့ပတ်သတ်ပြီး အခွင့်အရေးရယူတာမျိုးကို မနှစ်သက်ပါဘူး။
ကျွန်တော်တို့ အစည်းအဝေးခန်းထဲမှာ ထိုင်လိုက်ကြတယ်။
"ဘာကိစ္စရှိလို့လဲခင်ဗျာ"
"ကိုရီးယား-ဂျပန် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စီအီးအို ကန်ဂျင်ဟူရဲ့ သဘောထားကို ကြားချင်လို့ပါ"
"အစိုးရရဲ့ ကိစ္စရပ်တွေအတွက် ကျွန်တော့်ရဲ့ သဘောထားက အရေးကြီးလို့လား"
"ကိုရီးယားနဲ့ ဂျပန်ကြားမှာ ပြဿနာမျိုးစုံ ရှိနေတာကို စီအီးအိုလည်း သိမှာပါ။ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ရှိမှာ ကဏ္ဍပေါင်းစုံက မတူကွဲပြားတဲ့ သဘောထားတွေကို ပေါင်းစပ်ပြီး ရှေ့ဆက်ရမယ့် လမ်းညွှန်ချက်တွေကို ဆွေးနွေးနေပါတယ်"
"ဝန်ကြီး ဘာပြောချင်လဲဆိုတာ ကျွန်တော် သိပ်နားမလည်ဘူး"
နိုင်ငံရေးသမားတွေနဲ့ သံတမန်တွေရဲ့ စကားပြောပုံက ကွဲပြားပါတယ်။
သေးငယ်တဲ့ အရာတစ်ခုက တခြားနိုင်ငံတွေရဲ့ အထင်လွဲမှားမှုနဲ့ အပြစ်ရှာဝေဖန်မှုတွေကို ဖြစ်စေနိုင်တဲ့အတွက် သူတို့က စကားလုံးတိုင်းကို သတိထားပြီး စကားကို လှည့်ပတ်ပြောဆိုလေ့ ရှိကြပါတယ်။
"စကားကို လှည့်ပတ်မပြောပါနဲ့၊ ပွင့်ပွင့်လင်းလင်းပဲ ပြောပေးပါ။ ဒီမှာပြောတဲ့ စကားတွေ အပြင်ကို ပေါက်ကြားသွားမှာ မဟုတ်ပါဘူး"
ကျွန်တော့်စကားကြောင့် ဝန်ကြီး ကင်ဆောင်းချောက ဆုံးဖြတ်ချက်တစ်ခု ချလိုက်တဲ့ ပုံစံမျိုး ဖြစ်သွားတယ်။
"ကောင်းပါပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရရဲ့ ရပ်တည်ချက်က အလွန်ခက်ခဲနေပါတယ်။ ခက်ခဲရုံတင်မကဘဲ အိမ်ပြာတော် နဲ့ ဝန်ကြီးဌာနအားလုံးက အရေးပေါ် အခြေအနေ ဖြစ်နေတာပါ။ အပြစ်တင်မှုတွေ အားလုံးကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနဆီကိုပဲ ဦးတည်နေပါတယ်။ ဂျပန်နဲ့ ဆက်ဆံရေးက အခုဆိုရင် အေးစက်စပြုတဲ့ အဆင့်ကနေ ပျက်စီးခြင်းဆီကို ဦးတည်နေပါပြီ။ စီအီးအိုက ဘာလို့ ဒီလိုကိစ္စတွေကို ဆက်တိုက် ပိုမိုကြီးထွားအောင် လုပ်နေရတာလဲဆိုတာ တွေးရင်းနဲ့ ကျွန်တော် ရူးတော့မယ့်အတိုင်းပါပဲ"
တက်ဂယူက အသံတိုးတိုးနဲ့ ပြောလိုက်တယ်။
"ဒါကတော့ နည်းနည်း ပွင့်လင်းလွန်သွားပြီ"
"..."
သူ့မှာ ကျွန်တော့်အပေါ် အများကြီး မကျေနပ်ချက်တွေ ရှိနေပုံရတယ်။
ကျွန်တော် နားမလည်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်က အစိုးရရဲ့ မူဝါဒကို သစ္စာရှိရှိ လိုက်နာတဲ့ တခြားစီးပွားရေးသမားတွေနဲ့ နည်းနည်း ကွဲပြားနေလို့ပါ။
ကျွန်တော်က သူ့ကို ပြန်မေးလိုက်တယ်။
"အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု လျော်ကြေးပေးဖို့ စီရင်ချက်အပေါ် အစိုးရရဲ့ ရပ်တည်ချက်က ဘာလဲခင်ဗျာ"
ဂျပန်ကိုလိုနီခေတ်တုန်းက ဂျပန်ကုမ္ပဏီတွေက ကိုရီးယားလူမျိုး တွေကို အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခဲ့ပြီး လုပ်ခလစာတွေကို သေချာမပေးခဲ့ပါဘူး။ နစ်နာသူတွေက လျော်ကြေးနဲ့ မရရှိသေးတဲ့ လုပ်ခလစာတွေအတွက် တရားစွဲဆိုခဲ့ပေမဲ့ နောက်ဆုံးမှာ ဂျပန်မှာ ရှုံးနိမ့်ခဲ့တယ်။ အဲဒီနောက် နစ်နာသူတွေက ကိုရီးယားတရားရုံးတွေမှာ ထပ်မံတရားစွဲဆိုခဲ့တယ်။ ကိုရီးယား-ဂျပန် ဆက်ဆံရေးကို အလွန်တန်ဖိုးထားတဲ့ ပတ်ဆီဟျွန်း အစိုးရက တရားစီရင်ရေးအဖွဲ့ကို ဖိအားပေးပြီး စီရင်ချက်ကို ကြန့်ကြာအောင် လုပ်ခဲ့တယ်။ အဲဒီအတောအတွင်း တရားလို လေးယောက်ထဲက သုံးယောက်က ဖျားနာမှုနဲ့ အသက်ကြီးရင့်မှုကြောင့် ကွယ်လွန်သွားခဲ့တယ်။ ပိုပြီး ကြန့်ကြာနေခဲ့ရင် တရားလိုတွေအားလုံး ကွယ်လွန်သွားနိုင်ပါတယ်။ ဒါပေမဲ့ အစိုးရအပြောင်းအလဲ ပြီးနောက်မှာတော့ တရားစီရင်မှု ပြန်လည်စတင်ခဲ့ပြီး ကိုရီးယားတရားလွှတ်တော်ချုပ်က ဂျပန်ကုမ္ပဏီတွေအနေနဲ့ တစ်ဦးကို ဝမ် သန်း ၁၀၀ စီ လျော်ကြေးပေးရမယ်လို့ စီရင်ချက်ချခဲ့တယ်။ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခဲ့တဲ့ အချက်ကို ငြင်းပယ်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဂျပန်က ကိုရီးယား-ဂျပန် တောင်းဆိုမှုဆိုင်ရာ သဘောတူညီချက်အရ လျော်ကြေးကိစ္စက ပြီးပြတ်သွားပြီလို့ အငြင်းပွားခဲ့တာပါ။ ကိုရီးယားရဲ့ ရပ်တည်ချက်ကတော့ တစ်ဦးချင်းစီရဲ့ တောင်းဆိုပိုင်ခွင့်က အဲဒီထဲမှာ မပါဝင်ဘူးဆိုတာပါပဲ။
"ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကတော့ တရားစီရင်ရေးရဲ့ စီရင်ချက်အတိုင်း မူဝါဒအတိုင်း ရှေ့ဆက်သွားဖို့ပါပဲ"
တကယ်တော့ ပမာဏက အဓိက ပြဿနာမဟုတ်ပါဘူး။
လျော်ကြေးက တကယ်တော့ ငွေဘယ်လောက်မလို့လဲ။ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီက မူလက လျော်ကြေးပေးဖို့ ဆန္ဒရှိခဲ့တာပါ။ ဒါပေမဲ့ ဂျပန်အစိုးရက မပေးဖို့ ညွှန်ကြားခဲ့ပြီး သူတို့က မိခင်နိုင်ငံအစိုးရရဲ့ မူဝါဒအတိုင်း လျော်ကြေးမပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ရလဒ်အနေနဲ့ တောင်ကိုရီးယားက တရားလွှတ်တော်ချုပ်ရဲ့ စီရင်ချက်အရ ကိုရီးယားမှာရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမယ်လို့ ကြေညာခဲ့ပြီး ဂျပန်က ဒါကို ကန့်ကွက်နေတာ ဖြစ်ပါတယ်။
"ဂျပန်က ဒီကိစ္စကို ခုံသမာဓိ ကော်မတီဆီ ယူဆောင်သွားဖို့ ရည်ရွယ်ထားပုံရတယ်"
"ကျွန်တော်တို့ဘက်က သဘောမတူသေးပေမဲ့ အဲဒီအချက်ကိုတော့ စဉ်းစားနေပါတယ်"
ခုံသမာဓိ ကော်မတီမှာ ကိုရီးယားနဲ့ ဂျပန်က အဖွဲ့ဝင်တစ်ဦးစီနဲ့ ဖျန်ဖြေပေးဖို့ တတိယနိုင်ငံက အဖွဲ့ဝင်တစ်ဦး ပါဝင်ပါတယ်။ ဒါက ကြည့်လိုက်ရင် တရားမျှတပုံရပေမဲ့ ပြဿနာရှိပါတယ်။ ဂျပန်က ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်ပြီး နိုင်ငံအသီးသီးအပေါ် သြဇာလွှမ်းမိုးမှု ရှိနေတာပါ။ တတိယအဖွဲ့အစည်း ဖြစ်နေရင်တောင် အင်အားကြီးတဲ့ဘက်နဲ့ အင်အားနည်းတဲ့ဘက် ရှိနေရင် တတိယ အဖွဲ့အစည်းက ဘယ်သူ့ဘက်က ရပ်တည်မှာလဲ။
"ဂျပန်ကလည်း ဒီပြဿနာနဲ့ ပတ်သက်ပြီး အရမ်းကို စိတ်မသက်မသာ ဖြစ်နေတယ်။ အလွဲအချော်ဖြစ်ရင် ဒါက အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု အပါအဝင် စစ်ရာဇဝတ်မှုအမျိုးမျိုးကို ဝန်ခံလိုက်သလို ဖြစ်သွားနိုင်လို့လေ"
ဂျပန်က နိုင်ငံတကာ အသိုင်းအဝိုင်းမှာ စစ်ရာဇဝတ်ကောင် နိုင်ငံဆိုတဲ့ ပုံရိပ်ကို ဖျက်ပစ်ချင်နေတာပါ။ ဒါကြောင့်လည်း Comfort Women ပြဿနာနဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ပြဿနာတွေ ပေါ်ပေါက်လာတဲ့အခါ သူတို့က အပြင်းအထန် တုံ့ပြန်ကြတာပါ။
"ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာအပေါ် သဘောထား ကွဲလွဲမှုတွေ ရှိခဲ့ပေမဲ့ ကျွန်တော်တို့က နောက်ကွယ်မှာ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေခဲ့တာ..."
"ဝန်ကြီးက ကျွန်တော်က အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်တယ်လို့ ပြောချင်တာလား"
ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ဝန်ကြီး ကင်ဆောင်းချောက သက်ပြင်းချသလိုမျိုး ခေါင်းညိတ်ပြတယ်။
"ဟုတ်ပါတယ်"
"ကျွန်တော်က တမင်တကာ ဖျက်ဆီးပစ်လိုက်တာပါ"
သူက ကျွန်တော့်ကို မယုံကြည်နိုင်တဲ့ အမူအရာနဲ့ ကြည့်လာတယ်။
"စီအီးအိုက သိလျက်နဲ့ လုပ်ခဲ့တာလား"
"Comfort Women သဘောတူညီချက်၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု လျော်ကြေးပေးဖို့ စီရင်ချက်နဲ့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီ ဖြစ်စဉ်။ ဂျပန်က ဒါတွေကို ပြည်တွင်းမှာ ထောက်ခံမှုနှုန်း မြှင့်တင်ဖို့ အသုံးချနေတာပါ။ ဒီဖြစ်စဉ်တွေကို ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး လျော်ကြေးရရှိခဲ့ရင် ဂျပန်က သူတို့ဘက်က လိုလိုလားလား လျော်ကြေးပေးခဲ့တာ မဟုတ်ဘဲ ကိုရီးယားက အတင်းအဓမ္မ နှိုက်ယူသွားတာလို့ ရပ်တည်ချက်ကို ဆက်ထိန်းထားမှာ ဖြစ်ပြီး၊ အခွင့်အရေးရတိုင်း ကိုရီးယားကို ဖိအားပေးနေလိမ့်မယ်။ လျော်ကြေးမပေးခင်မှာ အရင်ဆုံး တောင်းပန်မှု ရှိရမယ်၊ မဟုတ်ရင် အဲဒီလျော်ကြေးက ဘာအဓိပ္ပာယ်မှ မရှိဘူး"
နိုင်ငံနှစ်ခုက Comfort Women သဘောတူညီချက်ကို ပထမဆုံး ကြေညာတုန်းက ဒီကိစ္စကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်မြင်ချက်တွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘာဖြစ်ခဲ့လဲ။ ဝမ် သန်း ၁ ထောင် ရရှိပြီးနောက်မှာ ဂျပန်ရဲ့ သဘောထားက လုံးဝ ပြောင်းလဲသွားခဲ့တယ်။ သူတို့က Comfort Womenတွေကို အတင်းအဓမ္မ စုဆောင်းခဲ့တာနဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်လက် ငြင်းပယ်ခဲ့ကြပြီး၊ ကိုရီးယားအစိုးရကို Comfort Women ရုပ်တုကို ဖယ်ရှားဖို့နဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ဖိအားပေးခဲ့တယ်။ ဒါက ငွေအနည်းငယ် ပေးလိုက်ရုံနဲ့ အပြစ်ရှိတဲ့သူက အသံကျယ်ကျယ် အော်ဟစ်နေသလိုမျိုး ဖြစ်ခဲ့တာပါ။ နောက်ဆုံးမှာတော့ သဘောတူညီချက်က ပျယ်ပျယ်သွားခဲ့ပြီး ကိုရီးယား-ဂျပန် ဆက်ဆံရေးက သဘောတူညီချက်မတိုင်ခင်ကထက် ပိုပြီး ဆိုးရွားသွားခဲ့တယ်။ ဒီအတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု လျော်ကြေးပြဿနာမှာလည်း အလားတူ အခြေအနေမျိုး ထပ်မဖြစ်လာဘူးလို့ အာမခံချက်မရှိပါဘူး။
"ဒါကြောင့် ရှေ့မဆက်ခင်မှာ ကိစ္စရပ်တွေကို ပြတ်ပြတ်သားသား အဆုံးသတ်ထားတာက ပိုကောင်းပါတယ်"
"ဒါက ပြောဖို့ပဲ လွယ်တာပါ။ အခု အစိုးရရဲ့ ရပ်တည်ချက်က အလွန်ခက်ခဲနေတာလေ။ စီးပွားရေးက မငြိမ်မသက်ဖြစ်နေတယ်၊ အတိုက်အခံတွေကလည်း တိုက်စစ်ဆင်နေကြတယ်၊ အများပြည်သူကလည်း အလွန် စိုးရိမ်နေကြတယ်"
တက်ဂယူက ပြောတယ်။
"ထောက်ခံမှုနှုန်းတွေလည်း ထိုးကျနေတာပေါ့"
သူက မငြင်းနိုင်ဘဲ ခါးသီးတဲ့ အမူအရာကို ပြသခဲ့တယ်။
"အခု ခက်ခဲနေရင်တောင် ရလဒ်က ကောင်းမွန်ရင် အားလုံး အဆင်ပြေသွားမှာပါ။ ဒီကိစ္စက ကောင်းကောင်းမွန်မွန် အဆုံးသတ်သွားရင် အဆိုးထဲက အကောင်း ဖြစ်မလာနိုင်ဘူးလား"
သူ့မှာ ဒီအခြေအနေကို ပြောင်းလဲပစ်နိုင်မယ့် ဝှက်ဖဲတစ်ခု ရှိနေတယ်လို့ ထင်နေတာလား။
ဝန်ကြီး ကင်ဆောင်းချောရဲ့ မျက်လုံးတွေက တောက်ပလာပြီး သတိကြီးစွာနဲ့ မေးလိုက်တယ်။
"စီအီးအို ကန်ဂျင်ဟူ၊ အစိုးရအနေနဲ့ ဘာလုပ်သင့်တယ်လို့ ထင်လဲ"
ကိုရီးယားအစိုးရက တရားရုံးစီရင်ချက်ကို တင်ပြပြီး ပိုင်ဆိုင်မှု သိမ်းဆည်းခြင်းကို ဆက်လုပ်ရင် ဂျပန်နဲ့ ဆက်ဆံရေးက အောက်ခြေအထိ ကျဆင်းသွားမှာပါ။ ဒါပေမဲ့ ဂျပန်က အရင်ဆုံး လှုပ်ရှားလာခဲ့တဲ့အတွက် သူတို့က ဒီအတိုင်း ငြိမ်ထိုင်နေလို့ မရပါဘူး။
သူ့အနေနဲ့ ဆုံးဖြတ်ချက်ချဖို့ ဘယ်လောက်တောင် ခက်ခဲနေခဲ့တာမလို့ ကျွန်တော့်ဆီကို ရောက်လာခဲ့ရတာလဲ။
ကျွန်တော်ကတော့ ထင်ရှားနေတဲ့ အချက်တစ်ခုကိုပဲ ပြောလိုက်တယ်။
"မူဝါဒတွေအတိုင်းပဲ ရှေ့ဆက်ပါ"
ဆိုလိုတာက ပိုင်ဆိုင်မှု သိမ်းဆည်းခြင်းကို ဆက်လက်လုပ်ဆောင်ပါ။
"ဒါဆို ဂျပန်နဲ့ ဆက်ဆံရေးကကော ဘယ်လိုလုပ်မလဲ"
ဘာပဲဖြစ်ဖြစ် ဂျပန်က တောင်ကိုရီးယားအတွက် စီးပွားရေးအရော၊ လုံခြုံရေးအရပါ အရေးကြီးတဲ့ မိတ်ဖက်တစ်ခု ဖြစ်ပါတယ်။ ဒီလို အေးစက်တဲ့ အခြေအနေကို အကန့်အသတ်မရှိ ဆွဲဆန့်ထားလို့ မရပါဘူး။
ကျွန်တော် နောက်ထပ် အချက်တစ်ခုကို ထပ်ဖြည့်ပြောလိုက်တယ်။
"ပုံမှန်အားဖြင့်တော့ ပိုပြီး လိုအပ်တဲ့သူကပဲ အရင်ဆုံး ခေါင်းငုံ့ရတာ မဟုတ်ဘူးလား"