← Chapters

အခန်း ၃၇၉

Vol. 38 Ch. 379

အခန်း ၃၇၉

Vol. 38 Ch. 379

အခန်း (၃၇၉)

ပါမောက္ခ ပက်ထရော့ဗ်ရဲ့ သုတေသနအဖွဲ့က TWR စမ်းသပ်မှုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီးနောက် ရုရှားဟာ မိတ်ဖက်နိုင်ငံတွေကို ဆွဲဆောင်ပြီး ဒီပရောဂျက်ကို တက်တက်ကြွကြွ မြှင့်တင်လာပါတယ်။ သူတို့ရဲ့ မရိုးသားတဲ့ ရည်ရွယ်ချက်က TWR ကို လက်နက်တစ်ခုလို သုံးပြီး အနာဂတ် နျူကလီးယားစွမ်းအင်နဲ့ စွမ်းအင်စျေးကွက်ကို စိုးမိုးချုပ်ကိုင်ဖို့ပါပဲ။ ဒီအပေါ်မှာ အားတက်သရော တုံ့ပြန်ခဲ့တဲ့နိုင်ငံက ဂျပန်ဖြစ်တယ်။

ဖူကူရှီးမား မတော်တဆမှုဖြစ်ပြီးနောက် ဂျပန်ဟာ လည်ပတ်နေတဲ့ နျူကလီးယားစက်ရုံအားလုံးကို ပိတ်ပစ်ခဲ့ပြီး နျူကလီးယား အဆင့်ဆင့် ရပ်ဆိုင်းရေးကို လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် အိုကာဇာကီ ရာထူးတက်လာကတည်းက နိုင်ငံရဲ့ ရပ်တည်ချက်ကို ပြောင်းလဲလိုက်ပြီး စက်ရုံတွေကို ပြန်လည်လည်ပတ်စေသလို စက်ရုံအသစ်တွေ ဆောက်ဖို့ပါ စီစဉ်လာပါတယ်။ ဒါကို လက်တွေ့ကျတဲ့ လိုအပ်ချက်တစ်ခုအဖြစ် ပုံဖော်ထားပေမဲ့ နျူကလီးယားစွမ်းအင်အပေါ် ဂျပန်ပြည်သူတွေရဲ့ ကြောက်ရွံ့စိုးရိမ်မှုတွေက ရှိနေဆဲဖြစ်ပြီး လူထုရဲ့ ကန့်ကွက်မှုကလည်း အားကောင်းနေတုန်းပါပဲ။ ဒီလိုအခြေအနေမျိုးမှာ လက်ရှိစက်ရုံတွေထက် ပိုစိတ်ချရပြီး ပိုထိရောက်တဲ့ နျူကလီးယားစက်ရုံတွေကို ဆောက်နိုင်မယ်ဆိုရင် ငြင်းစရာ အကြောင်းမရှိပါဘူး။

ဂျပန်ဟာ အဓိက နည်းပညာကို ဝယ်ယူရမှာ ဖြစ်ပေမဲ့ စက်ရုံတွေ ဆောက်လုပ်ရေးနဲ့ လည်ပတ်ရေးကို ဂျပန်ကုမ္ပဏီတွေကပဲ ကိုင်တွယ်ရမယ်လို့ တွက်ချက်ပြီး TWR စခန်းထဲကို အမြန်ပဲ ဝင်ရောက်ခဲ့တယ်။ ဂျပန်ရဲ့ အဆင့်မြင့် နျူကလီးယား နည်းပညာကြောင့် ရုရှားကလည်း သူတို့ကို အဓိက မိတ်ဖက်အဖြစ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့တယ်။ ဒါပေမဲ့ ရုရှားက ဂျပန်နျူကလီးယားကုမ္ပဏီတွေနဲ့ ဆက်ဆံရေး ဖြတ်တောက်မယ်လို့ ဂျပန်ကို ရုတ်တရက် တစ်ဖက်သတ် အကြောင်းကြားလာပါတယ်။

ဂျပန်အရာရှိတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတယ်။

"ဒါဟာ စာချုပ်ဖောက်ဖျက်တာပဲ"

Rosatomရဲ့ ဥက္ကဌ ထရူဆိုဗာက အပြစ်အားလုံးကို ကန်ဂျင်ဟူ အပေါ် ပုံချလိုက်တယ်။

"စီအီးအို ကန်ဂျင်ဟူ က သဘောမတူတဲ့အတွက် ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ပါဘူး"

"ဒါပေမဲ့ OTK ကုမ္ပဏီက ရှယ်ယာ ၃၆ ရာခိုင်နှုန်းပဲ ပိုင်တာ မဟုတ်ဘူးလား။ ဆုံးဖြတ်ချက်အားလုံးကို ရုရှားအစိုးရနဲ့ Rosatomကပဲ ချမှတ်တာလို့ ပြောခဲ့တယ် မဟုတ်လား"

"အဲဒီအချက်ကိုတော့ သေချာမသိပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရလို့ပါ"

ဂျပန်ကုမ္ပဏီတွေကို ဖယ်ထုတ်လိုက်တာက ရုရှားအတွက်လည်း နစ်နာမှုတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ဂျပန်ရဲ့ နျူကလီးယားစွမ်းအင် စျေးကွက်ထဲ ဝင်ရောက်ဖို့ ရွှေရောင်အခွင့်အရေးကို လက်လွှတ်လိုက်ရလို့ပါ။ ဒါပေမဲ့ နှစ်ဖက်စလုံးက နောင်တရကြမှာ ဖြစ်ပေမဲ့ ဘယ်သူက ပိုနစ်နာသလဲဆိုတာကတော့ ရှင်းနေပါတယ်။

"ဒါဆိုရင် သူ့ကို ဖျောင်းဖျပေးဖို့ လူကြီးမင်းတို့ဘက်က ကြိုးစားပေးပါဦး"

"ကျွန်တော်တို့လည်း ကြိုးစားချင်တာပေါ့။ ဒါပေမဲ့ မကြာသေးခင်က ဖြစ်ရပ်ကြောင့် လက်ရှိ ရုရှားနိုင်ငံတွင်းက လူထုသဘောထားက သိပ်မကောင်းဘူး ဖြစ်နေတယ်"

"မကြာသေးခင်က ဖြစ်ရပ်ဟုတ်လား"

"လူကြီးမင်းတို့ရဲ့ နိုင်ငံရေးသမားတစ်ယောက်က ရုရှားကို စစ်ကြေညာခဲ့တယ် မဟုတ်လား"

"စစ်ကြေညာတယ် ဟုတ်လား။ ဘာကို ပြောတာလဲ..."

"ဘာပဲဖြစ်ဖြစ် စီအီးအို ကန်ဂျင်ဟူ က ငြင်းဆန်နေတော့ ကျွန်တော်တို့လည်း ဘာတတ်နိုင်မှာလဲ။ သိတဲ့အတိုင်း ဂျပန်နဲ့ ဆက်ဆံရေး ဖြတ်တောက်တာက ကျွန်တော်တို့အတွက်လည်း ဆုံးရှုံးမှုတစ်ခုပါ"

ဥက္ကဌ ထရူဆိုဗာက ရာဇသံပေးသလိုမျိုး ဆက်ပြောတယ်။

"ငြင်းခုံချင်တယ်ဆိုရင် ကျွန်တော်တို့ကို မပြောပါနဲ့၊ စီအီးအို ကန်ဂျင်ဟူ ကိုပဲ သွားပြောပါ"

အကွက်ချထားသလိုမျိုးပဲ၊ ရုရှားမီဒီယာတွေက ပြီးခဲ့တဲ့လက ဂျပန်အောက်လွှတ်တော် အမတ်တစ်ယောက် ပြောခဲ့တဲ့ "စစ်ဖြစ်ရမယ်ဆိုရင်တောင် မြောက်ပိုင်းကျွန်းလေးကျွန်းကို ပြန်သိမ်းရမယ်" ဆိုတဲ့ စကားကို အရှိန်အဟုန်နဲ့ ထုတ်လွှင့်ပြသလာတယ်။ သမ္မတ ဗိုင်ဆော့စကီး က ဒါကို ရန်စမှုတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး ရုရှားနိုင်ငံတွင်းမှာ ဂျပန်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ မြင့်တက်လာခဲ့တယ်။

ဂျပန်ကတော့ လုံးဝ ဆွံ့အသွားရတယ်။ ဒီစကား ထွက်လာတုန်းက ဂျပန်ဘက်က ချက်ချင်း တောင်းပန်ခဲ့လို့ အဆင်ပြေသွားပြီလို့ ထင်ခဲ့ပေမဲ့ အခုတော့ ရုရှားက ဒီကိစ္စကို ရုတ်တရက် ပြန်ပြီး အရှိန်မြှင့်လာတာလေ။ ဒါ့အပြင် ရုရှားက နှုတ်နဲ့တင် ခြိမ်းခြောက်နေတာ မဟုတ်ဘဲ ဂျပန်က ပိုင်ဆိုင်ပါတယ်လို့ ပြောနေတဲ့ မြောက်ပိုင်းကျွန်းလေးကျွန်းမှာ စစ်အင်အား တိုးမြှင့်ဖို့နဲ့ ဂျပန်နိုင်ငံသားတွေအတွက် ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ကို ဆိုင်းငံ့ဖို့ ခိုင်မာတဲ့ အစီအစဉ်တွေကို ကြေညာခဲ့တယ်။ ဒီလို နယ်မြေအငြင်းပွားမှုအပေါ် ပြတ်ပြတ်သားသား ရပ်တည်မှုကြောင့် သမ္မတ ဗိုင်ဆော့စကီး ရဲ့ နိုင်ငံတွင်း ထောက်ခံမှုနှုန်းက ထိုးတက်သွားခဲ့တယ်။

TWR ပူးပေါင်းဆောင်ရွက်မှု ဆိုင်းငံ့ခံရတာနဲ့ လွှတ်တော်အမတ်ရဲ့ စစ်ကြေညာချက်စကားကြောင့် ဂျပန်-ရုရှား ဆက်ဆံရေး ပိုမိုဆိုးရွားလာမယ့် အရိပ်အယောင်တွေ ရှိလာတဲ့အတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဝင်ရောက် စွက်ဖက်ရမယ့် အခြေအနေ ဖြစ်လာပါတယ်။

နိုင်ငံခြားရေးဝန်ကြီး အိုကာမိုတို က ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တယ်။

"ကျွန်တော်တို့ဘက်က အကြိမ်ကြိမ် တောင်းပန်ခဲ့ပြီးပြီပဲ။ အဲဒီစကားပြောခဲ့တဲ့ လွှတ်တော်အမတ်လည်း ရာထူးကနေ နုတ်ထွက်သွားပြီ မဟုတ်လား"

နိုင်ငံခြားရေးဝန်ကြီး ဖီမန်နော့ဗ် က ခေါင်းခါလိုက်တယ်။

"ဒါနဲ့တင် မလုံလောက်ဘူး။ ဂျပန်ဝန်ကြီးချုပ်ဆီကနေ တိုက်ရိုက်တောင်းပန်မှုနဲ့ ဒါမျိုး ထပ်မဖြစ်စေရဘူးဆိုတဲ့ ကတိကဝတ်ကို လိုချင်တယ်"

" မြောက်ပိုင်းကျွန်းလေးကျွန်းဟာ ဂျပန်ပိုင်နက် ဖြစ်တယ်ဆိုတာက ဂျပန်အစိုးရရဲ့အခြေခံရပ်တည်ချက်ပါ"

အခုနောက်ဆုံး ထွက်လာတဲ့ မဆင်မခြင် စကားကလည်း အဲဒီရပ်တည်ချက်ကို ကာကွယ်ရာကနေ မြစ်ဖျားခံလာတာပါပဲ။ တကယ်လို့ ဝန်ကြီးချုပ်က တောင်းပန်လိုက်မယ်ဆိုရင် ဒါဟာ ဂျပန်က နယ်မြေပိုင်ဆိုင်မှု တောင်းဆိုချက်ကို စွန့်လွှတ်လိုက်သလိုမျိုး အထင်အမြင်လွဲမှားသွားနိုင်တဲ့အတွက် လက်တွေ့မှာ မဖြစ်နိုင်တဲ့ ကိစ္စပါ။

"ကရီလီယာ သမ္မတနိုင်ငံလိုမျိုးပဲ၊ ကူရီကျွန်းစုတွေဟာ ရုရှားပိုင်နက် ဖြစ်တယ်"

မူလက ဖင်လန်ပိုင်နက် ဖြစ်ခဲ့တဲ့ ကရီလီယာဒေသဟာ ဆောင်းတွင်းစစ်ပွဲအပြီးမှာ ဆိုဗီယက်ယူနီယံဆီ လွှဲပြောင်းပေးခဲ့ ရတယ်။ အခုအချိန်မှာ ရုရှားနိုင်ငံတွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သမ္မတနိုင်ငံတစ်ခုအဖြစ် ရှိနေသလိုပဲ၊ ဒုတိယကမ္ဘာစစ်မှာ အောင်ပွဲရပြီးနောက် ရုရှားက သိမ်းပိုက်ခဲ့တဲ့ ကူရီကျွန်းစုတွေဟာလည်း ရုရှားမြေပဲလို့ သွယ်ဝိုက် ပြောဆိုလိုက်တာပါ။

"ခင်ဗျားတို့ ဒီလို ဘယ်လိုလုပ် လုပ်နိုင်ရတာလဲ"

"အခြေအနေတွေ ပြောင်းလဲလာတဲ့အခါ လုပ်ဆောင်ချက်တွေ ကလည်း မလွဲမသွေ လိုက်ပြောင်းရတာပဲ"

အရင်တုန်းကတော့ ဂျပန်ဟာ ရုရှားအပေါ် ဩဇာလွှမ်းမိုးဖို့အတွက် စီးပွားရေးအကူအညီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လက်နက်တစ်ခုလို သုံးခဲ့ဖူးပါတယ်။ အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ကြပ်တည်းနေတဲ့ ရုရှားအတွက် ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက မိုးခေါင်တုန်း ရွာတဲ့ မိုးရေလိုပဲ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ TWR ဖွံ့ဖြိုးတိုးတက်မှုကြောင့် ရုရှားဟာ အခုအခါမှာ အရေးပါတဲ့ ညှိနှိုင်းမှုအသာစီးကို ရရှိထားပြီး OTK ကုမ္ပဏီရဲ့ စျေးကွက်မှာ နာမည်ကြီးမှုကို သုံးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို တက်တက်ကြွကြွ ရှာဖွေနေပါပြီ။ ဒီလို အခင်းအကျင်းအသစ်ထဲမှာ ဂျပန်ရဲ့ စီးပွားရေးဩဇာလွှမ်းမိုးမှုက မလွဲမသွေ ကျဆင်းလာရတော့တာပဲ။

နိုင်ငံခြားရေးဝန်ကြီး အိုကာမိုတို ဟာ သူ ခဏတာ တွေ့ဆုံခဲ့ဖူးတဲ့ ကိုရီးယားလူငယ်လေးကို ပြန်သတိရမိတယ်။ ဂျပန်ရဲ့ သံတမန်ရေးရာကို တာဝန်ယူရတဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာကတည်းက ဒီလို အရှက်ရမှုကို ကြုံတွေ့ရတာ ဒါပထမဆုံးပါပဲ။

"ဒီကိစ္စကလည်း စီအီးအို ကန်ဂျင်ဟူ နဲ့ ပတ်သက်နေတာလား"

နိုင်ငံခြားရေးဝန်ကြီး ဖီမန်နော့ဗ် က ဝန်လည်းမခံသလို ငြင်းလည်းမငြင်းဘူး။

"ဂျပန်ဘက်က ရိုးသားတဲ့ တုံ့ပြန်မှုကို ကျွန်တော်တို့ မျှော်လင့်ပါတယ်"

ကန်ဂျင်ဟူ ပြောခဲ့တဲ့ စကားတွေက တစ်ခုပြီးတစ်ခု လက်တွေ့ဖြစ်လာနေပါတယ်။

ဂျပန်ကို OTK ဘတ္ထရီ တင်ပို့မှု ပိတ်ပင်လိုက်ပြီးနောက်၊ ဂျပန်ကုမ္ပဏီတွေကို TWR ဆောက်လုပ်ရေးကနေ ဖယ်ထုတ်လိုက်တယ်ဆိုတဲ့ သတင်းက ပျံ့နှံ့သွားခဲ့တယ်။ ဒါဟာ တစ်ဦးတစ်ယောက်ထဲကနေ ကြိုးကိုင်ဖန်တီးလိုက်တာလို့ မယုံနိုင်စရာ ဖြစ်ရပ်တွေပါ။

အီလက်ထရောနစ်နဲ့ နျူကလီးယားစွမ်းအင် လုပ်ငန်းတွေပြီးနောက် မော်တော်ယာဉ် ကဏ္ဍကလည်း အကြပ်အတည်းဆိုက်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ OTK ဘတ္ထရီ ပိတ်ပင်မှုက ဂျပန်မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီတွေအထိပါ သက်ရောက်လာလို့ပါပဲ။ ဂျပန်ကားတွေက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ရေရှည်ခံမှုနဲ့ သင့်တင့်တဲ့ စျေးနှုန်းတွေကြောင့် လူသိများပါတယ်။ ဒါ့အပြင် အနာဂတ် သွားလာရေးစနစ်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကားတွေရဲ့ ကဏ္ဍမှာလည်း ထိပ်တန်းက ရှိနေတယ်လို့ သတ်မှတ်ခံရပါတယ်။ တိုယိုတာရဲ့ ကမ္ဘာကျော် Prius Hybridကားနဲ့ နစ်ဆန်းရဲ့ Leaf လျှပ်စစ်ကားတွေက အကောင်းဆုံး ဥပမာတွေပါပဲ။

ဒါပေမဲ့ ဒါတွေက ပြီးခဲ့တဲ့ နှစ်တွေက ဖြစ်ရပ်တွေပဲ။ ဂျပန်မော်တော်ယာဉ် လုပ်ငန်းက မကြာသေးခင်က ဖြစ်ပေါ်လာတဲ့ ကားလောကရဲ့ အပြောင်းအလဲတွေကို လိုက်မမီတော့သလို ဖြစ်နေတာပါ။ OTK ဘတ္ထရီတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကြောင့် လျှပ်စစ်ကားတွေက ကီလိုမီတာ ၁၀၀၀ မောင်းနှင်နိုင်တဲ့ အကွာအဝေးကို ကျော်ဖြတ်နိုင်ခဲ့ပေမဲ့ ဂျပန်လျှပ်စစ်ကားတွေကတော့ ကီလိုမီတာ ၃၀၀ ဝန်းကျင်မှာပဲ တစ်ဆို့နေတုန်းပါပဲ။

ဒါကို ဖြေရှင်းဖို့အတွက် ဂျပန်အစိုးရက မော်တော်ယာဉ်၊ အီလက်ထရောနစ်နဲ့ ဘတ္ထရီကုမ္ပဏီတွေကို စုစည်းပြီး နည်းပညာ စံချိန်စံညွှန်းသတ်မှတ်ဖို့နဲ့ ပူးပေါင်းထုတ်လုပ်ဖို့အတွက် 'Auto Alliance' ကို ဖွဲ့စည်းခဲ့တယ်။ ဒါပေမဲ့ အလိုအလျောက်မောင်းနှင်တဲ့ နည်းပညာမှာ တိုးတက်မှု မရှိသလောက် ဖြစ်နေပြီး ဂျပန်ဘတ္ထရီတွေရဲ့ စျေးကွက်ဝေစုကလည်း နေ့စဉ်နဲ့အမျှ ကျဆင်းနေခဲ့တယ်။ ဦးဆောင်ရမယ့် တိုယိုတာကလည်း နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ အရောင်းအဝယ် အမှားအယွင်း ဖြစ်ရပ်အပြီးမှာ စီမံခန့်ခွဲမှု အာဏာထိန်းချုပ်ရေးအတွက် အတွင်းပိုင်း အငြင်းပွားမှုတွေနဲ့ ရှုပ်ထွေးနေသလို၊ ကျိုးမော်တာကလည်း တိုယိုတာရဲ့ တရုတ်နိုင်ငံတွင်း လုပ်ငန်းတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။

ဂျပန်မော်တော်ယာဉ် လုပ်ငန်းက အချိန်ဆွဲနေတုန်းမှာပဲ CarOS ဟာ GM၊ Ford၊ အွန်ဆောင်း မော်တာ တို့နဲ့ နည်းပညာပိုင်းဆိုင်ရာ မိတ်ဖက်အဖြစ် ပူးပေါင်းပြီး အလိုအလျောက်မောင်း လျှပ်စစ်ကားတွေကို စျေးကွက်ထဲ အလုံးအရင်းနဲ့ ဖြန့်ချိလာခဲ့တယ်။ ကမ္ဘာ့စျေးကွက်ထဲမှာ အထီးကျန်ဖြစ်သွားမှာကို စိုးရိမ်တဲ့ အကြပ်အတည်းစိတ်ကြောင့် တချို့ကုမ္ပဏီတွေက Auto Alliance ကနေ ခွဲထွက်ပြီး သီးခြား မဟာဗျူဟာတွေအတိုင်း လုပ်ဆောင်ဖို့ အရိပ်အယောင်တွေ ပြလာပါတယ်။

CL Chemical နဲ့ SSK Innovation တို့က မော်တော်ယာဉ်သုံး OTK ဘတ္ထရီတွေကို စတင်ထုတ်လုပ်လာကြတယ်။ လောင်စာဆီသုံး ကားတွေမှာ အင်ဂျင်က အရေးကြီးဆုံး ဖြစ်သလို၊ လျှပ်စစ်ကားတွေမှာတော့ မော်တာထက် ဘတ္ထရီက အရေးကြီးဆုံး အစိတ်အပိုင်းပါ။ ဒါကြောင့် ကမ္ဘာ့စျေးကွက်မှာ ယှဉ်ပြိုင်နိုင်မယ့် လျှပ်စစ်ကားတွေ ထုတ်ဖို့အတွက် OTK ဘတ္ထရီတွေက မရှိမဖြစ် လိုအပ်ပါတယ်။ ဟွန်ဒါနဲ့ နစ်ဆန်း အပါအဝင် တခြားကုမ္ပဏီတွေက ဘတ္ထရီ အမြောက်အမြား မှာယူဖို့ ဆက်သွယ်ခဲ့ကြပေမဲ့ ကန်ဂျင်ဟူ ရဲ့ စကားတစ်ခွန်းကြောင့် ညှိနှိုင်းမှုတွေအားလုံး လုံးဝ ရပ်တန့်သွားခဲ့ရတယ်။

ထိခိုက်မှုက ကားအပြီးသတ် ထုတ်လုပ်တဲ့သူတွေတင် မကပါဘူး။ ဂျပန်ကားအစိတ်အပိုင်း ထုတ်လုပ်သူတွေကို နည်းပညာပိုင်းမှာ ကမ္ဘာက အသိအမှတ်ပြုထားရပြီး သူတို့ရဲ့ အစိတ်အပိုင်းတွေကို တောင်ကိုရီးယားနဲ့ အမေရိကန် အပါအဝင် ကမ္ဘာအနှံ့ကို တင်ပို့နေတာပါ။ ဒါပေမဲ့ ဂျပန်အစိတ်အပိုင်းတွေအပေါ် အများကြီး အမှီပြုနေတဲ့ ကားထုတ်လုပ်သူတွေကို OTK ဘတ္ထရီ ထောက်ပံ့မှုစာရင်းကနေ ဖယ်ထုတ်လိမ့်မယ်ဆိုတဲ့ ကောလာဟလ တွေက လုပ်ငန်းခွင်ထဲမှာ ပျံ့နှံ့လာပါတယ်။ ကန်ဂျင်ဟူ က တိုက်ရိုက် ဘာမှ မပြောခဲ့သလို ကောလာဟလတွေက မှန်သလားဆိုတာ မရေရာပေမဲ့ ကားထုတ်လုပ်သူတွေကတော့ ထိတ်လန့်သွားကြတယ်။

ယန်းငွေတန်ဖိုး ကျဆင်းမှုကြောင့် ပို့ကုန်တိုးမြှင့်နေတဲ့ ဂျပန်အစိတ်အပိုင်း ထောက်ပံ့သူတွေအတွက်တော့ ဒါဟာ မိုးကြိုးပစ်လိုက်သလိုပဲ ဖြစ်သွားခဲ့တယ်။ ထိခိုက်မှုတွေက ဂျပန်မော်တော်ယာဉ် လုပ်ငန်းတစ်ခုလုံးကို လျင်လျင်မြန်မြန် ရိုက်ခတ်သွားခဲ့တယ်။ တိုယိုတာနဲ့ ဟွန်ဒါလို ကားကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာစျေးနှုန်းတွေ ထိုးကျသွားပြီး အစိတ်အပိုင်း ထောက်ပံ့သူတွေလည်း အကြီးအကျယ် တုန်လှုပ်သွားကြတယ်။

တက်ဂယူ က လက်ပိုက်ပြီး ရေရွတ်လိုက်တယ်။

"ဂျပန်က အစီအစဉ်ကောင်းကောင်း ဆွဲထားခဲ့တာပဲ။ ကန်ဂျင်ဟူ ရဲ့ ဒဏ်ချက်တွေ မထိခင်အထိပေါ့"

ဝန်ကြီးချုပ် အိုကာဇာကီ က အရေးယူပိတ်ဆို့မှုတွေအကြောင်း ပထမဆုံး စပြောတုန်းက ဒီအခြေအနေက ဒီလောက်အထိ ကြာမြင့်သွားလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ တောင်ကိုရီးယားဘက်က နောက်ဆုတ်ပြီး သင့်တော်တဲ့ အမှတ်တစ်ခုမှာ အလျှော့ပေးလိမ့်မယ်လို့ပဲ မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမဲ့ ဒါက ကျွန်တော် ဝင်မပါဘူးလို့ တွက်ထားလို့ပါပဲ။

ဂျပန်နဲ့ တောင်ကိုရီးယားကြားက အာဏာပြိုင်ပွဲမှာ ဂျပန်က သဘာဝအတိုင်း အသာစီးရပါတယ်။ ဒါပေမဲ့ ဂျပန်နဲ့ OTK ကုမ္ပဏီကြားက ထိပ်တိုက်တွေ့မှုမှာဆိုရင်ကော။ OTK ကုမ္ပဏီရဲ့ တန်ဖိုးက ဒေါ်လာ သိန်းပေါင်း ၁ ကုဋေကျော် ရှိနေရင်တောင် ဂျပန်က နှစ်စဉ် GDP ဒေါ်လာ သိန်းပေါင်း ၄ ကုဋေကျော် ရှိတဲ့ ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးနိုင်ငံပါ။ အဲ့ဒါကို ကုမ္ပဏီတန်ဖိုးအနေနဲ့ ပြောင်းလိုက်မယ်ဆိုရင် ဒေါ်လာ သိန်းပေါင်း ၄၀ ကုဋေကျော် ရှိလောက်မှာပါ။

ဒါပေမဲ့ ကျွန်တော်တို့ကြားမှာ အရေးကြီးတဲ့ ကွဲပြားချက်တစ်ခု ရှိနေပါတယ်။ ကျွန်တော်က ရှယ်ယာရှင်တွေကို တာဝန်ခံစရာ မလိုပေမဲ့ အစိုးရကတော့ ပြည်သူတွေကို တာဝန်ခံရတာပါ။

ဝန်ကြီးချုပ် အိုကာဇာကီ နဲ့ LDP ပါတီက နီရှီဒါ စတော့ပွဲစားကုမ္ပဏီ ဖြစ်ရပ်အပြီးမှာ လူထုထောက်ခံမှုနှုန်း ကျဆင်းတာနဲ့ ရုန်းကန်နေရပြီးသားပါ။ ဒါကြောင့်ပဲ ကျွန်တော့်ရဲ့ တန်ပြန်တိုက်စစ်ကို ရင်ဆိုင်ဖို့ ကုန်သွယ်ရေး ပိတ်ဆို့မှုဆိုတဲ့ အသည်းအသန် အဖြေရှာမှုကို သုံးခဲ့တာလေ။

ဂျပန်နိုင်ငံတွင်းမှာ ထိခိုက်မှုတွေ တကယ်ပေါ်ပေါက်လာတာနဲ့ သူတို့ရဲ့ ထောက်ခံမှုနှုန်းက ပိုပြီး ထိုးကျသွားမှာပါပဲ။ သေချာတာပေါ့၊ ကျွန်တော်တို့ဘက်ကလည်း ထိခိုက်မှုတော့ ရှိမှာပဲလေ။

ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဂျပန်အပြင် တခြားစျေးကွက်တွေ အများကြီး ရှိပါသေးတယ်။

"ငါတို့ရဲ့ ပို့ကုန်သွင်းကုန်တွေကို စျေးကွက်ခွဲဝေဖို့အတွက် ဥရောပနဲ့ ကုန်သွယ်ရေးကို တိုးမြှင့်ဖို့ လိုအပ်တယ်"

တကယ်တော့ ဒါက ကျွန်တော့်ရဲ့ မူရင်းစိတ်ကူးတော့ မဟုတ်ပါဘူး။ ဒီလိုလုပ်ဖို့ကို ထောက်ပြနေကြတာ ကြာပါပြီ။ ဘယ်သူမှ လက်တွေ့မလုပ်ခဲ့ကြတာပဲ ရှိတာပါ။

ဒါကြောင့် ဒီအခွင့်အရေးကို သုံးပြီး ကျွန်တော် ကိုယ်တိုင်ပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

"ငါ ဂျာမနီကို အရင်သွားမယ်။ ကုမ္ပဏီဘက်က ကိစ္စတွေကို သေချာ စောင့်ကြည့်ပေးထားပါ"

"ငါ့အတွက် လက်ဆောင် ဝယ်ခဲ့ဦး"

ကျွန်တော်တို့ လာခဲ့မယ့်အကြောင်း ကြေညာလိုက်တဲ့အခါ သူတို့ဘက်ကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။

တောင်ကိုရီးယား စီးပွားရေးခေါင်းဆောင်တွေကို တင်ဆောင်လာတဲ့ OTK ကုမ္ပဏီရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ တခြားလေယာဉ်တွေက ဥရောပကို ဦးတည်ပြီး ပျံသန်းသွားခဲ့ကြတယ်။

ဂျပန်ဟာ တောင်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို အထူးဂရုစိုက်ပြီး စောင့်ကြည့်နေခဲ့တယ်။

လေဘာပါတီ က အစိုးရကို ဝေဖန်ပြီး တောင်ကိုရီးယားအစိုးရက ငြိမ်သက်နေတဲ့အခါ ဂျပန်က အရာအားလုံး အစီအစဉ်အတိုင်း ဖြစ်နေပြီလို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ ကန်ဂျင်ဟူ ဝင်ပါလာတဲ့အခါ အခြေအနေတွေက လုံးဝ ပျက်စီးသွားခဲ့ရတယ်။

ကန်ဂျင်ဟူ က စီးပွားရေးခေါင်းဆောင်တွေကို ပထမဆုံး စုစည်းလိုက်တယ်။ ပြီးတော့ နာရီပိုင်းအတွင်းမှာပဲ မဟာဗျူဟာတစ်ခုကို ကြေညာခဲ့တယ်၊ အဲဒါကတော့ ရေရှည်အတွက် နည်းပညာပိုင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့နဲ့ ရေတိုအတွက် ဥရောပနဲ့ ကုန်သွယ်ရေး တိုးမြှင့်ဖို့ပါပဲ။ ဒါ့အပြင် သူက OTK ဘတ္ထရီ တင်ပို့မှုနဲ့ TWR ပါဝင်မှုကို ကန့်သတ်လိုက်ပြီး ဂျပန်အပေါ် ထိရောက်တဲ့ တန်ပြန်တိုက်စစ်ကို ဆင်နွှဲခဲ့တယ်။

ဂျပန်အစိုးရက ဒီလှုပ်ရှားမှုတွေကြောင့် အကြပ်ရိုက်သွားခဲ့ရတယ်။ ဂျပန်ကုမ္ပဏီတွေက ပစ္စည်းတွေနဲ့ အစိတ်အပိုင်းတွေ ထောက်ပံ့မှုကို ရပ်တန့်လိုက်ရင် တောင်ကိုရီးယား စီးပွားရေး ယိမ်းယိုင်သွားလိမ့်မယ်လို့ သူတို့ တွက်ထားခဲ့တာပါ။ အဲဒီအစား အခုတော့ ဂျပန်ကိုယ်တိုင်က ပိုပြီး ကြီးမားတဲ့ ထိခိုက်မှုကို ခံစားရမယ့် အလားအလာနဲ့ ရင်ဆိုင်နေရပါပြီ။

ကန်ဂျင်ဟူ က သူ့လက်ထဲမှာရှိတဲ့ အားသာချက်တွေကို သုံးပြီး ဥရောပဆီ လက်ကမ်းလိုက်တယ်။ သူ လာရောက်မယ့် သတင်းကြောင့် ဥရောပတစ်ခွင်မှာ စိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်သွားခဲ့ရတယ်။ ဂျာမနီ ဝန်ကြီးချုပ် မိန်းစနာ က နိုင်ငံတွင်းက ရက်ချိန်းတွေကို ဖျက်သိမ်းပြီး တောင်ကိုရီးယား စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုဖို့ အပြေးအလွှား ပြင်ဆင်ခဲ့သလို၊ အိမ်နီးနားချင်းနိုင်ငံတွေက ခေါင်းဆောင်တွေကလည်း ဂျာမနီကို လာဖို့ စဉ်းစားလာကြတယ်။ တောင်ကိုရီးယားနဲ့ ဥရောပကြားက ပိုမိုခိုင်မာတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုက မလွဲမသွေ ဖြစ်လာတော့မယ့်သဘောပါပဲ။ တောင်ကိုရီးယားက ဥရောပရဲ့ ပစ္စည်းတွေနဲ့ အစိတ်အပိုင်းတွေ တင်သွင်းမှုကို တိုးမြှင့်မှာဖြစ်ပြီး ဥရောပကလည်း တောင်ကိုရီးယားရဲ့ အချောထည်ပစ္စည်းတွေ တင်သွင်းမှုကို တိုးချဲ့မှာ ဖြစ်ပါတယ်။

ထောက်ပံ့ရေးလမ်းကြောင်းတွေကို တစ်ကြိမ် ပြောင်းလဲလိုက်ပြီးရင် နောက်ပိုင်းမှာ အရေးယူပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းရင်တောင် မူလအတိုင်း ပြန်ဖြစ်ဖို့ ခက်ခဲတတ်ပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားနဲ့ ဂျပန်ဟာ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေနဲ့ မော်တော်ယာဉ်တွေလိုမျိုး ပို့ကုန်ကဏ္ဍတွေမှာ အများကြီး ထပ်တူကျနေတာ ရှိပါတယ်။ တကယ်လို့ တောင်ကိုရီးယားက အီးယူဆီ ပို့ကုန် တိုးမြှင့်လိုက်ရင် ဘယ်သူက အထိနာဆုံး ဖြစ်မလဲ။

အခြေအနေတွေ ပေါ်ပေါက်လာတာနဲ့အမျှ ဂျပန်စီးပွားရေး လုပ်ငန်းတွေဆီကနေ မကျေနပ်သံတွေ ထွက်ပေါ်လာခဲ့တယ်။

"ဝန်ကြီးချုပ် အိုကာဇာကီ တစ်ယောက် ဘာတွေ တွေးနေတာလဲ။ တကယ်ကော စဉ်းစားတာမျိုးလုပ်ရဲ့လား"

"အမေရိကန်က တရုတ်ကို အရေးယူတာက ဒေါ်လာ သန်းပေါင်း ၄သိန်းကျော် ကုန်သွယ်ရေးလိုငွေပြနေလို့လေ။ ဒါပေမဲ့ ဂျပန်က တောင်ကိုရီးယားနဲ့ ကုန်သွယ်မှုမှာ ယန်း သိန်းပေါင်း ၃ ကုဋေ အသာစီးရနေတာလေ။ ကုန်သွယ်ရေး အသာစီးရနေတဲ့ နိုင်ငံက လိုငွေပြနေတဲ့ နိုင်ငံကို အရေးယူပိတ်ဆို့တာမျိုး ဘယ်မှာ မြင်ဖူးလို့လဲ။ ဒါဟာ မိုက်မဲတာပဲ"

"ဒီအတိုင်းဆိုရင် ဂျပန်ကားတွေက ကမ္ဘာ့စျေးကွက်မှာ လုံးဝ အထီးကျန်ဖြစ်သွားလိမ့်မယ်"

"တကယ်လို့ တောင်ကိုရီးယားကုမ္ပဏီတွေက သူတို့ရဲ့ အစိတ်အပိုင်း ထောက်ပံ့ရေးလမ်းကြောင်းကို ဥရောပဘက် ပြောင်းလိုက်ရင် နောက်မှ အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းလည်း ဘာထူးမှာလဲ"

"စီးပွားရေးကိစ္စတွေထဲကို နိုင်ငံရေးပြဿနာတွေကို ဘာလို့ ဆွဲသွင်းရတာလဲ"

"ဂျပန်အစိုးရက ယန်း သိန်းပေါင်း ၂ ကုဋေကျော် ဆုံးရှုံးခဲ့ရတာတောင် ဘာသင်ခန်းစာမှ မရသေးဘူးလား"

ဂျပန်ရဲ့ စီးပွားရေးထိခိုက်မှုတွေက လက်တွေ့ဖြစ်လာတာနဲ့အမျှ တန်ပြန်အစီအစဉ်တွေကို အရေးတကြီး လိုအပ်လာခဲ့တယ်။ ဂျပန်ဆန်းသစ်တီထွင်မှုပါတီ က နောက်ထပ် ပိတ်ဆို့မှုတွေ လုပ်ဖို့ အပြင်းအထန် ပြောဆိုနေပေမဲ့ LDP ပါတီတွင်းမှာတောင် ပိတ်ဆို့မှုတွေကို ချက်ချင်းရုပ်သိမ်းပြီး တောင်ကိုရီးယားနဲ့ ညှိနှိုင်းမှုတွေ လုပ်သင့်တယ်ဆိုတဲ့ အသံတွေ ထွက်လာခဲ့တယ်။

ဒါပေမဲ့ ဂျပန်က အခုအချိန်မှာ နောက်ဆုတ်လိုက်ရင် ကမ္ဘာ့လှောင်ပြောင်စရာ ဖြစ်သွားမှာပါ။ သူတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲဖို့အတွက် ဆင်ခြေတစ်ခုခု လိုအပ်နေပါပြီ။ ကန်ဂျင်ဟူ ဘက်ကတော့ အခုအချိန်မှာ နောက်ဆုတ်ဖို့ အကြောင်းမရှိပါဘူး။ ကျန်ရှိနေတာက တောင်ကိုရီးယားအစိုးရရဲ့ တုံ့ပြန်မှုပါပဲ။ တကယ်လို့ တစ်ဖက်ကနေ အရင်ဆုံး စေ့စပ်ညှိနှိုင်းဖို့ ကမ်းလှမ်းလာမယ်ဆိုရင် ဂျပန်က ဒါကို အခွင့်အရေးအနေနဲ့ သုံးပြီး သဘာဝကျကျ ဆွေးနွေးပွဲထဲ ဝင်ရောက်သွားနိုင်မှာပါ။

ဒါပေမဲ့...

တောင်ကိုရီးယားအစိုးရကတော့ အရင်က ကြေညာထားခဲ့တဲ့ အတိုင်းပဲ၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုအပေါ် လျော်ကြေးပေးဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံတွင်းမှာရှိတဲ့ Nippon Steel ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ ဆက်လက်လုပ်ဆောင်ခဲ့တယ်။

All Chapters