အခန်း ၃၈၀
Vol. 38 Ch. 380
အခန်း (၃၈၀)
အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုအပေါ် လျော်ကြေးပေးဖို့ ဆုံးဖြတ်ချက်အရ ပိုင်ဆိုင်မှု သိမ်းဆည်းတဲ့ လုပ်ငန်းစဉ် စတင်တဲ့အခါ အာဏာရပါတီနဲ့ အတိုက်အခံပါတီတွေကြား သဘောထားတွေ သိသိသာသာ ကွဲလွဲလာခဲ့တယ်။
အစိုးရနဲ့ နိုင်ငံရေးသစ်ပါတီက ဒါဟာ တရားဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်တာလို့ ဆုပ်ကိုင်ထားပေမဲ့ လေဘာပါတီကတော့ ဒါဟာ ကိုရီးယား-ဂျပန် ဆက်ဆံရေးကို ပျက်စီးစေလိမ့်မယ်လို့ ဆိုပြီး အတိအလင်း ကန့်ကွက်ခဲ့ကြတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ ပြင်းထန်တဲ့ စကားစစ်ထိုးပွဲကြီး ဖြစ်ပွားခဲ့တယ်။
လေဘာပါတီ ခေါင်းဆောင် ယွန်နာကျောင်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်။
“ဂျပန်အစိုးရနဲ့ ဘာတိုင်ပင်ဆွေးနွေးမှုမှ မလုပ်ဘဲ ဒီလိုမျိုး ပိုင်ဆိုင်မှုတွေကို အလောတကြီး သိမ်းဆည်းနေတာ ဘယ်လို အဓိပ္ပာယ်လဲ။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတာ၊ မရှက်ကြဘူးလား”
“ဒါက ဂျပန်ကိုလိုနီခေတ် မဟုတ်တော့ဘူး။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံက ကိုယ့်ရဲ့ ဥပဒေကို ကျင့်သုံးနေတာပဲ၊ ဘာလို့ တခြားနိုင်ငံနဲ့ တိုင်ပင်ရမှာလဲ”
“ဒါပေမဲ့ ကျွန်မတို့ ကုမ္ပဏီတွေ ထိခိုက်နစ်နာမှုက လက်တွေ့ ဖြစ်လာနေပြီလေ။ စီးပွားရေးလုပ်ငန်းတွေ ဒေဝါလီခံပြီး စီးပွားရေး ပြိုလဲသွားရင်တောင် အဆင်ပြေတယ်လို့ ပြောချင်တာလား”
“လက်တွေ့ကျတဲ့ ပြဿနာတွေ ရှိနေရင်တောင် တရားလွှတ်တော်ချုပ်ရဲ့ စီရင်ချက် ထွက်လာပြီးပြီဆိုမှတော့ ဒါကို အကောင်အထည်ဖော်တာဟာ သဘာဝကျတဲ့ လမ်းစဉ်ပဲ။ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်က တရားစီရင်ရေးရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်ပြီး ညွှန်ကြားနေမယ်ဆိုရင် ရယ်စရာပဲ ဖြစ်လိမ့်မယ်”
ယွန်နာကျောင်းက စိတ်ပျက်လက်ပျက်နဲ့ အော်ဟစ်လိုက်တယ်။
“အစိုးရက ပြည်သူတွေကို ဂျပန်လိုလားသူနဲ့ ဂျပန်ဆန့်ကျင်သူဆိုပြီး ဒီလိုမျိုး သွေးခွဲဖို့ ကြိုးစားနေတာပဲ။ လွတ်လပ်ရေးရပြီးနောက် ဘန်မင်တွတ်ကွီ (အမျိုးသားရေးဆန့်ကျင်သော လုပ်ရပ်များကို စုံစမ်းစစ်ဆေးရေး အထူးကော်မတီ) ကြောင့် နိုင်ငံ ဘယ်လောက်တောင် စိတ်ဝမ်းကွဲခဲ့ရလဲဆိုတာ အားလုံး မှတ်မိကြမှာပါ။ အခုက အားလုံး စည်းလုံးရမယ့် အချိန်ပဲ”
ဂျပန်လိုလားတဲ့ သစ္စာဖောက်တွေကို အပြစ်ပေးဖို့ ဖွဲ့စည်းခဲ့တဲ့ ကော်မတီက နိုင်ငံကို စိတ်ဝမ်းကွဲစေခဲ့တယ်ဆိုတဲ့ ယွန်နာကျောင်းရဲ့ အပြောကြောင့် နိုင်ငံရေးသစ်ပါတီ အမတ်တွေဟာ မခံမရပ်နိုင်ဖြစ်ပြီး တစ်ပြိုင်ထဲ ထရပ်ကာ အော်ဟစ်ကြတော့တယ်။
“ဘန်မင်တွတ်ကွီ ဟုတ်လား။ အခုအချိန်မှာ အဲဒါကို တကယ်ကြီး ပြောနေတာလား”
“ကျွန်တော်တို့က ဘယ်လိုမျိုး စည်းလုံးရမှာလဲ”
“ဂျပန်-ကိုရီးယား ပူးပေါင်းရေး ဒါမှမဟုတ် 'နိုင်ဆန် အစ်တိုင်း' (ဂျပန်နဲ့ ကိုရီးယားဟာ တစ်သားထဲ) ကို လုပ်ဖို့ ပြောနေတာလား”
အငြင်းပွားမှုတွေ ပိုမိုပြင်းထန်လာတာကြောင့် လွှတ်တော်အစည်းအဝေး ခဏရပ်ဆိုင်းသွားခဲ့ရတယ်။
ဂျပန်က သမိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ တင်းမာတဲ့ သဘောထားကိုပဲ အစဉ်တစိုက် ဆုပ်ကိုင်ထားခဲ့တာပါ။ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုအပေါ် လျော်ကြေးပေးဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဘယ်လိုလျော်ကြေးမျိုးမှ လုံးဝပေးမှာ မဟုတ်ဘူးလို့ ထပ်ခါတလဲလဲ ပြောကြားခဲ့တယ်။ သက်ဆိုင်ရာ ကုမ္ပဏီတွေက လျော်ကြေးပေးချင်ရင်တောင် မပေးဖို့အထိ ညွှန်ကြားခဲ့တယ်။
ဒါပေမဲ့ တောင်ကိုရီးယားက ပိုင်ဆိုင်မှု သိမ်းဆည်းခြင်းကို ဆက်လက်လုပ်ဆောင်တဲ့အခါမှာတော့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ထွက်ပေါ်လာပြီး ဂျပန်နိုင်ငံတွင်းက ပြည်သူလူထုရဲ့ သဘောထားတွေ အကြီးအကျယ် လှုပ်ခတ်သွားခဲ့တယ်။ OTK ကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီတွေနဲ့ ကိုရီးယား ထုတ်ကုန်တွေကို သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေ အရှိန်အဟုန် မြင့်တက်လာခဲ့တယ်။
-ဂျပန်ဆီကနေ ပိုက်ဆံ ဘယ်လောက်တောင် ထပ်ပြီး ညှစ်ချင်နေကြသေးတာလဲ။
-သူတို့ကို ပိုက်ဆံ ဆက်ပေးနေရင် အကျင့်ပျက်သွားလိမ့်မယ်။ အခုတစ်ခါ ညှစ်ပြီးရင် နောက်ကျရင်လည်း Comfort Women သဘောတူညီချက်ကို ပယ်ဖျက်ခဲ့သလိုမျိုး စကားပြောင်းပြီး ပိုက်ဆံ ထပ်တောင်းကြဦးမှာ။
-ကိုရီးယားလူမျိုးတွေ အားလုံးက သူခိုးတွေပဲ။
-ကိုရီးယား ထုတ်ကုန်တွေကို မသုံးနဲ့၊ ကိုရီးယားကိုလည်း မသွားနဲ့။
တောင်ကိုရီးယားကတော့ ဂျပန်ရဲ့ သပိတ်မှောက်မှုကို သိပ်ပြီး ဂရုစိုက်ပုံမရပါဘူး။
-အတည်ပြောရရင် သူတို့က သပိတ်မှောက်ဖို့ ကိုရီးယား ထုတ်ကုန်တွေထဲက ဘာတွေများ ဝယ်လို့လဲ။
-မင်းတို့က ကိုရီးယားဖုန်း သုံးလို့လား၊ ကိုရီးယားတီဗီ ကြည့်လို့လား၊ ကိုရီးယားကား မောင်းလို့လား။
-သူတို့ သပိတ်မှောက်စရာရော ရှိလို့လား။ ကင်ချီ မစားရေး လှုပ်ရှားမှု လုပ်ကြမလို့လား။
-ဒါပေမဲ့လည်း OTK ကုမ္ပဏီတော့ ထိခိုက်မှာ မဟုတ်ဘူးလား။
-ပွင့်ပွင့်လင်းလင်း ပြောရရင် ဂျပန်က ဒီလိုလုပ်နေပေမဲ့ ဒီက လူဘယ်နှယောက်က ဂျပန် AV ကြည့်တာ ရပ်မှာမလို့လဲ။ အတူတူပါပဲ။ ကန်ဂျင်ဟူကို ဘယ်လောက်ပဲ မုန်းမုန်း FaceIt ကို ဖြတ်နိုင်မယ် ထင်လို့လား။
-ဟေ့။ တကယ်ပဲ အပြာကားကြည့်တာ ရပ်တော့မလို့လား။ြ
-ဟားဟား လူဆိုတာ အပြာကားလေးကြည့်၊ ဂိမ်းလေးကစားလိုက် လုပ်မှ အသက်ရှင်နိုင်မှာပေါ့။
ဒီကိစ္စအပေါ် တုံ့ပြန်တဲ့အနေနဲ့ ကိုရီးယား စားသုံးသူတွေကလည်း ကိုယ်ပိုင် သပိတ်မှောက်မှုတွေကို စတင်ခဲ့ကြတယ်။ ဒါပေမဲ့ ပြည်တွင်းစျေးကွက်ထဲ ဝင်ရောက်လာတဲ့ ဂျပန်အမှတ်တံဆိပ် အများစုဟာ ကိုရီးယား ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ငန်း တည်ထောင်ထားတာပါ။ ဒါ့အပြင် ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ အားလုံးကလည်း ကိုရီးယားလူမျိုးတွေ ဖြစ်ပြီး တချို့သော ထုတ်ကုန်တွေကို ဂျပန်မဟုတ်တဲ့ တခြားနိုင်ငံတွေမှာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးရဲ့ ရှုပ်ထွေးပတ်သက်မှုတွေကြောင့် သပိတ်မှောက်မှုတွေရဲ့ သက်ရောက်မှုက အကန့်အသတ်ပဲ ရှိခဲ့တယ်။
ပိုပြီး တိုက်ရိုက် ထိခိုက်မှုရှိခဲ့တာကတော့ ခရီးသွားလုပ်ငန်းပါပဲ။ နိုင်ငံရေး ကိစ္စရပ်တွေကို ဖယ်ထားရင် ကိုရီးယား ခရီးသွား အရေအတွက်ဟာ တဖြည်းဖြည်း တိုးပွားလာနေခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ မတူညီပါဘူး။ ဂျပန်အစိုးရက ကိုရီးယားဆန့်ကျင်ရေး စိတ်ဓာတ်တွေကို ဆက်တိုက် လှုံ့ဆော်ပေးနေတာကြောင့် မြို့လယ်ခေါင် အသီးသီးမှာ ကိုရီးယားဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကျင်းပလာခဲ့ပြီး ကိုရီးယား ခရီးသွားတွေဟာ ခြိမ်းခြောက်ခံရသလို ခံစားရတာကြောင့် လာရောက်လည်ပတ်တာကို တဖြည်းဖြည်း ရပ်တန့်သွားခဲ့ကြတယ်။
ပိုပြီးကြီးမားတဲ့ ပြဿနာက တရုတ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံပိုင် မီဒီယာတွေက တရုတ်-ဂျပန်စစ်ပွဲအတွင်း ဂျပန်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုတွေကို ထောက်ပြထားတဲ့ ကန်ဂျင်ဟူရဲ့ စကားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြတယ်။ တချို့သော မီဒီယာတွေဆိုရင် ထိုစဉ်က တရုတ်နိုင်ငံ ခံစားခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဒါမှမဟုတ် နန်ကျင်း လူသတ်ပွဲကြီးအကြောင်း အထူးအစီအစဉ်တွေ ထုတ်လွှင့်ခဲ့ကြတယ်။ ရလဒ်အနေနဲ့ တရုတ်နိုင်ငံတွင်းမှာ ဂျပန်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ပေါက်ကွဲထွက်လာခဲ့တယ်။ တရုတ် ခရီးသွားအေဂျင်စီ ဝဘ်ဆိုက်တွေကနေ ဂျပန်ခရီးစဉ်တွေ ပျောက်ကွယ်သွားခဲ့ပြီး ဝန်ထမ်း ရာပေါင်းများစွာ ပါဝင်မယ့် ဂျပန်နိုင်ငံဆီသွားမယ့် အုပ်စုလိုက် ခရီးစဉ်ကြီးတွေ စီစဉ်ထားတဲ့ တရုတ်ကုမ္ပဏီတွေကလည်း အကြောင်းပြချက် မဖော်ပြဘဲ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ကြတာ ဒါမှမဟုတ် သွားမယ့်နေရာကို တောင်ကိုရီးယားကို ပြောင်းလဲလိုက်တာမျိုး လုပ်လာကြတယ်။
အုပ်စုလိုက် ခရီးသွားအဖွဲ့ကြီးတွေကို ကြိုဆိုဖို့ စိတ်လှုပ်ရှားနေခဲ့တဲ့ ဂျပန်ဒေသန္တရ အစိုးရတွေဟာ လုံးဝကို ယောင်ချာချာ ဖြစ်သွားခဲ့ရတယ်။
ဒါ့အပြင် ရုရှားကလည်း ကူရီကျွန်းနဲ့ပတ်သတ်တဲ့ အစောပိုင်းက မှတ်ချက်ကို ဆက်လက် အရေးစိုက်ပြီး ဝန်ကြီးချုပ်ထံကနေ တိုက်ရိုက် တောင်းပန်မှုကို တောင်းဆိုခဲ့တယ်။ တရုတ်ရော၊ ရုရှားပါ ကန်ဂျင်ဟူဘက်ကနေ သွယ်ဝိုက်ပြီး ရပ်တည်ပေးနေပုံရတာပါ။
ဂျပန်အစိုးရက တုံ့ပြန်မယ့် နည်းလမ်းတွေအတွက် စိတ်ခြောက်ခြားနေခဲ့တယ်။ တောင်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ စတင်ခဲ့တာဟာ အဆင်ခြင်မဲ့ မလုပ်ဆောင်ဖို့ သတိပေးတဲ့ သဘောသက်သက်ပါပဲ။ ဒါပေမဲ့ တောင်ကိုရီးယားက ဒါကို လျစ်လျူရှုပြီး ပိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်လာခဲ့တယ်။ ဒါတောင်မှ ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ လက်တုံ့ပြန်ဖို့ ဆိုတာကလည်း ဂျပန်ကိုပဲ ပိုပြီး ထိခိုက်စေမယ့်ပုံ ဖြစ်နေတာပါ။
သူတို့ရဲ့ မူလခန့်မှန်းချက်အရ ဆိုရင် အခုအချိန်မှာ တောင်ကိုရီးယား ကုမ္ပဏီတွေဆီက ညည်းတွားသံတွေနဲ့အတူ တောင်ကိုရီးယား အစိုးရအပေါ် ရှုတ်ချသံတွေ ထွက်ပေါ်နေရမှာ ဖြစ်ပါတယ်။ အဲလိုဖြစ်နေရမယ့်အစား ညည်းတွားသံတွေနဲ့ ရှုတ်ချသံတွေက ဂျပန်ကုမ္ပဏီတွေဆီကနေ ထွက်ပေါ်လာနေခဲ့တယ်။ ဂျပန်စီးပွားရေး ခေါင်းဆောင်တွေက ကိုယ့်ဘာသာ အေးအေးဆေးဆေး နေနေတဲ့ ကန်ဂျင်ဟူကို ဘာလို့ သွားပြီး ဆွမိလို့ ဒီလိုအခြေအနေမျိုး ဖြစ်လာရတာလဲဆိုပြီး ညည်းတွားခဲ့ကြတယ်။ သူတို့က တောင်ကိုရီးယားကို ပစ်မှတ်ထားပြီး အစိုးရရဲ့ ထောက်ခံမှုနှုန်းကို မြှင့်တင်ဖို့ ကြိုးစားခဲ့ကြပေမဲ့ ဒီလုပ်ရပ်က ပြောင်းပြန်ဖြစ်သွားပြီး သူတို့ရဲ့ ထောက်ခံမှုနှုန်းကိုပဲ ကျဆင်းသွားစေခဲ့တယ်။
လေဘာပါတီက "လွှတ်တော်ပြင်ပ တိုက်ပွဲ" (လူထု ဆန္ဒပြပွဲများနှင့် ကန့်ကွက်ပွဲများ) ကို ကြေညာခဲ့ပြီး စီးပွားရေး ခေါင်းဆောင်တွေနဲ့ အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပခဲ့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ကိုရီးယား-ဂျပန် ဆက်ဆံရေး ဆိုးရွားလာမှုကြောင့် ထိခိုက်နစ်နာနေရတဲ့ စီးပွားရေးလုပ်ငန်းတွေကို မီးမောင်းထိုးပြပြီး အစိုးရရဲ့ မူဝါဒ ပျက်ကွက်မှုအပေါ် ပြည်သူတွေရဲ့ ဝေဖန်မှုကို လှုံ့ဆော်ဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ အစည်းအဝေးကို ရောက်လာတဲ့ စီးပွားရေး ခေါင်းဆောင်က မရှိသလောက်ပဲ ဖြစ်နေပါတယ်။ အကြောင်းရင်းက ကန်ဂျင်ဟူက စီးပွားရေးခေါင်းဆောင်တွေကို အဆင်သင့် စုစည်းပြီး လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းထားပြီးသား ဖြစ်လို့ပါပဲ။ ဖြေရှင်းချက်တွေကို ဖော်ထုတ်ပြီး အကောင်အထည်ဖော်နေပြီ ဖြစ်တာကြောင့် ဘယ်စီးပွားရေး ခေါင်းဆောင်ကမှ လေဘာပါတီဘက်က ရပ်တည်ပြီး ကန်ဂျင်ဟူကို ဝေဖန်ဖို့ အလိုမရှိခဲ့ကြပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ယွန်နာကျောင်းက နောက်ထပ်တစ်ကြိမ် ထူးဆန်းတဲ့ အဆိုပြုချက်တစ်ခုကို ပြုလုပ်ခဲ့ပြန်တယ်။
“စီးပွားရေး ခေါင်းဆောင်တွေက အစိုးရရဲ့ စစ်ဆေးမှုကို သိပ်ကြောက်လို့ ဒီအစည်းအဝေးကိုတောင် မတက်ရဲကြဘူး။ ဒီအခြေအနေကပဲ ဒီအစိုးရဟာ အကြမ်းဖက်ပြီး ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာရှင်အစိုးရ ဖြစ်တယ်ဆိုတာ သက်သေမပြနေဘူးလား”
ပြီးတော့ သူက ပတ်ဆီဟျွန်းကို လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ကွန်ဆာဗေးတစ်အုပ်စုရဲ့ ဆန္ဒပြပွဲကို သွားပြီး မိုက်ကရိုဖုန်းကို ကိုင်ကာ အော်ဟစ်လိုက်တယ်။
“ဟိုချန်မင်း အစိုးရက ဂျပန်ကို မလိုအပ်ဘဲ ရန်စနေပါတယ်။ ကျွန်မတို့အနေနဲ့ ဂျပန်ကို အကြပ်အတည်းဖြစ်အောင် လုပ်တာမျိုး ရှောင်ကြဉ်ရပါမယ်။ တက်ကြွလှုပ်ရှားသူကနေ နိုင်ငံရေးသမား ဖြစ်လာသူတွေက ကျွန်မတို့ရဲ့ သံတမန်ရေးကို ဂျပန်ဆန့်ကျင်ရေး လမ်းကြောင်းတစ်ခုထဲဆီ ဆွဲခေါ်သွားမှာကို ကျွန်မ စိုးရိမ်မိပါတယ်။ ကျွန်မတို့ရဲ့ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးနေတာနဲ့ မြောက်ကိုရီးယားဆီက အမြဲတမ်း ရှိနေတဲ့ ခြိမ်းခြောက်မှုတွေကို ထည့်တွက်ရင် အခုအချိန်က ဂျပန်နဲ့ ရန်ဖြစ်နေရမယ့် အချိန်မဟုတ်ပါဘူး။ အိမ်နီးနားချင်း နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းတာက ကျွန်မတို့ရဲ့ အမျိုးသား အကျိုးစီးပွားကို အကျိုးပြုပါတယ်။ ကျွန်မရဲ့ စကားတွေက ပြည်သူတွေရဲ့ အသံကို ထင်ဟပ်နေတာ ဖြစ်လို့ ရင်နာစရာ အမှန်တရား ဖြစ်နေနိုင်ပေမဲ့ ရှင်တို့အနေနဲ့ နားထောင်သင့်ပါတယ်”
ပြည်သူအများစုကတော့ မယုံနိုင်လောက်အောင် ဖြစ်ပြီး တုံ့ပြန်ခဲ့ကြတယ်။
-သူ့စကားတွေက ပြည်သူ့အသံကို ထင်ဟပ်တဲ့ ရင်နာစရာ အမှန်တရား မဟုတ်ဘဲ သူကပဲ ပြည်သူတွေရဲ့ အနာပေါ် တုတ်ကျအောင် လုပ်ပြီး ပိုနာကျင်အောင် လုပ်နေသလို ခံစားရတယ်။
-ဂျပန်က ငါတို့ကို နှိပ်စက်တုန်းကတော့ ငြိမ်နေပြီး အခုမှ ငါတို့က ပြန်တိုက်ခိုက်တော့ အဆင်ပြေအောင် နေသင့်တယ် ဟုတ်လား။ ဘာလျှောက်ပြောနေတာလဲ။
-ဟားဟား။ ကိုရီးယားဘက်က အရိုက်ခံနေရတုန်းကတော့ သူတို့ကို ဆွမယ့်အလုပ်တွေ မလုပ်သင့်ဘူးလို့လည်း ပြောခဲ့သေးတယ်မလား။
-ပါးစပ်ပိတ်ထားစမ်း။ ဂျပန်နဲ့ ပူးပေါင်းဆောင်ရွက်တာ ဘာမှားလို့လဲ။
-လွှတ်တော်အမတ် ယွန်နာကျောင်းက တကယ့် မျိုးချစ်စစ်စစ်ပဲ။
-အဲဒါတော့ ဟုတ်တယ်။ သူက ကိုယ့်ကိုကိုယ် ဂျပန်လူမျိုးလို့ သတ်မှတ်ထားရင်တော့ မျိုးချစ်လို့ ခေါ်တာ မှန်တာပေါ့။
-တိုချပ်ဝေဂူ (ပြည်တွင်းဖြစ် ဂျပန်လိုလားသူ) တွေ ဒီနေ့လည်း ထကြွနေပြန်ပြီ။
-သူနဲ့ ကူရူရှီးမား ပင်လယ်ဓားပြတွေနဲ့ ဘာပတ်သက်မှု ရှိလဲမသိဘူး။
-သူက ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခဲ့တာကို အခုထိ ငြင်းနေတုန်းပဲလား။
-ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ဟုတ်လား။ ယွန်ကာဇာကီ (ယွန်နာကျောင်း + အိုကာဇာကီ) ရဲ့ အမြင်အရဆိုရင်တော့ ဂျပန်စစ်တပ်က ကိုရီးယားကျွန်းဆွယ်ကို ကျူးကျော်ခဲ့တဲ့ ဂုဏ်ယူစရာ အမျိုးသား တပ်မတော် ဖြစ်နေမှာပေါ့။
ကွန်ဆာဗေးတစ် မီဒီယာတွေကတောင် ယွန်နာကျောင်းကို ဝေဖန်မှုတွေ စုပြုံလုပ်ခဲ့ကြတယ်။ ပြည်သူလူထုရဲ့ သဘောထားက ပိုပြီး ဆိုးရွားလာခဲ့ပြီး သူ့ရဲ့ ပါတီတွင်းကတောင် စိုးရိမ်ပူပန်သံတွေ ထွက်ပေါ်လာခဲ့တယ်။
ဒီအပေါ် ယွန်နာကျောင်းက ခံပြင်းစိတ်ပျက်စွာနဲ့ ရှင်းလင်းချက် ပေးခဲ့တယ်။
“မီဒီယာတွေက ကျွန်မကို တိုက်ခိုက်ဖို့ ဒီလိုမျိုး ဆွပေးတဲ့ စကားလုံးတွေကို ရွေးထုတ်ပြီး ဖော်ပြနေတာဟာ ဦးဆောင် အတိုက်အခံပါတီကို လုပ်ကြံဖို့ ကြိုးစားနေတာပါပဲ။ လေဘာပါတီကို အစွန်းရောက်၊ ဆင်ခြင်မဲ့ စကားတွေ ပြောတတ်သူတွေအဖြစ် ပုံဖော်နေတာက လွန်လွန်းပါတယ်။ နိုင်ငံရေးသစ်ပါတီ ဒါမှမဟုတ် စီအီးအို ကန်ဂျင်ဟူ ပြောတဲ့ ပြင်းထန်တဲ့ စကားတွေကိုကျတော့ မီဒီယာတွေက မဖော်ပြသလောက်ပဲ လုပ်ကြပြီး ကျွန်မတို့ ပါတီဝင်တွေရဲ့ မှတ်ချက်တွေကိုကျတော့ ပင်မစာမျက်နှာတွေပေါ်မှာ ရက်ပေါင်းများစွာ တကူးတက ဖော်ပြနေကြတယ်။ ဒါက တမင်သက်သက် လုပ်တာလို့ပဲ မြင်လို့ရပါတယ်။ ကျွန်မက မလျော်ကန်တဲ့ စကားတွေ ပြောခဲ့မိရင်တော့ နောက်နောင် ပိုပြီး သတိထားပါ့မယ်။ ဒါပေမဲ့ သတင်းအရေအတွက်ကို ကြည့်ရင် သိသာပါတယ်။ ကျွန်မ တစ်ခုခု ပြောလိုက်တာနဲ့ သူတို့က ဘက်လိုက်ပြီး သတင်းတင်ကြတယ်။ ကျွန်မကို 'တိုချပ်ဝေဂူ' ဒါမှမဟုတ် 'ယွန်ကာဇာကီ' လို့တောင် ခေါ်ကြတယ်။ ပြီးတော့ ဝဘ်ဆိုက်တွေကလည်း ဒီသတင်းတွေကို ပိုပြီး ချဲ့ကား ထုတ်လွှင့်ကြတယ်။ အစွန်းရောက် ဆင်ခြင်မဲ့ မှတ်ချက်တွေနဲ့ ဒီလို ဘက်လိုက် ပုံဖော်နေတာဟာ နိုင်ငံရေးသစ်ပါတီနဲ့ သမ္မတအိမ်တော်က ထိန်းချုပ်ထားတဲ့ မီဒီယာတွေ၊ ပြီးတော့ စီအီးအို ကန်ဂျင်ဟူကို ဖားနေကြတဲ့ ဝဘ်ဆိုက်တွေရဲ့ ပူးပေါင်းကြံစည်မှုလို့ ကျွန်မ ယုံကြည်ပါတယ်”
ဒါပေမဲ့ ဒီရှင်းလင်းချက်က ဝေဖန်မှုတွေကို ငြိမ်သက်သွားစေဖို့နေနေသာသာ ပိုပြီးတော့တောင် ပြင်းထန်လာစေခဲ့ပြီး လေဘာပါတီရဲ့ ထောက်ခံမှုနှုန်းဟာ ထိုးဆင်းသွားခဲ့ရတယ်။
-ဂျပန်အာဏာရပါတီရဲ့ ထောက်ခံမှုနှုန်းနဲ့ လေဘာပါတီရဲ့ ထောက်ခံမှုနှုန်းက ဘယ်လိုဖြစ်ပြီး ကွင်းဆက်မိနေရတာလဲ။
-ဂျပန်အာဏာရပါတီရဲ့ ထောက်ခံမှုနှုန်း တစ်ခုထဲ ကျမသွားအောင် လုပ်ပေးတဲ့ ယွန်ကာဇာကီရဲ့ မဟာဗျူဟာကြီးပါပဲ။
-ရုရှားရော၊ တရုတ်ပါ ကျောခိုင်းသွားတဲ့ အချိန်မှာ လွှတ်တော်အမတ် ယွန်နာကျောင်း တစ်ယောက်ပဲ ဂျပန်အတွက် ဒီလောက်အထိ ငဲ့ညှာပေးနေတာကွ။
-ဂျပန်အင်ပါယာရဲ့ လက်အောက်ခံ နိုင်ငံသားတစ်ယောက်ရဲ့ အံ့ဩစရာကောင်းတဲ့ မျိုးချစ်စိတ်ပါပဲ။
-OTK ကုမ္ပဏီဆီကို ဘန်ဇိုင်း အော်ပြီး စစ်ကြောင်းချီကြစို့။
ဒုတိယဥက္ကဌ တက်ဂယူက ကုမ္ပဏီမှာ ကျန်ခဲ့ပြီး ကျွန်တော်ကတော့ ဥရောပကို ထွက်လာခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ အယ်လီလည်း အတူတူ လိုက်လာနိုင်ခဲ့တယ်။
အယ်လီက ပြုံးရင်းနဲ့ ပြောတယ်။
“ဒါ ဥရောပကို ငါတို့ အတူတူ ပထမဆုံးအကြိမ် သွားတာ မဟုတ်လား”
“စဉ်းစားကြည့်တော့လည်း ဟုတ်သားပဲ”
ဒါပေမဲ့ အပန်းဖြေခရီး မဟုတ်ဘဲ စီးပွားရေးခရီးတော့ ဖြစ်နေတာပါ။
“အလုပ်ကိစ္စ ဖြစ်သွားလို့ အားနာပါတယ်။ နောက်တစ်ခါကျရင်တော့ တကယ့် ခရီးစဉ်အဖြစ် သေချာပေါက် သွားကြတာပေါ့”
“နင် ကတိပေးတာနော်”
ကိုယ်ပိုင် ဂျက်လေယာဉ်ပေါ်မှာ ကျွန်တော် Golden Gate ရဲ့ အစီရင်ခံစာကို ပြန်လည် စစ်ဆေးနေခဲ့တယ်။ အဲဒီထဲမှာ တောင်ကိုရီးယားရဲ့ ကုန်သွယ်ဖက် နိုင်ငံတွေရဲ့ သွင်းကုန်/ပို့ကုန် ပမာဏနဲ့ ကုန်ပစ္စည်း အမျိုးအမည်တွေကို အသေးစိတ် ဖော်ပြထားပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း အမေရိကန်၊ တရုတ်နဲ့ ဂျပန်တို့က ဝေစု အများဆုံးကို သိမ်းပိုက်ထားကြတာပါ။ ဂျပန်က သွင်းကုန် အများဆုံး နေရာမှာ ရှိနေပြီး တရုတ်က ပို့ကုန် အများဆုံး တင်ပို့ရာ နေရာမှာ ရှိပါတယ်။ ဒါကြောင့်လည်း လူတွေက တရုတ်ကို အလွယ်တကူ မကောင်းမပြောရဲကြဘဲ ဂျပန်ကိုကျတော့ စိတ်ထဲရှိသမျှ ပြောရဲကြတာပါ။ အကြောင်းကတော့ ရောင်းသူက ဝယ်သူထက် ပိုပြီး လောဘဇော ပြင်းပြတတ်လို့ပါပဲ။
“အာဆီယံ နိုင်ငံတွေနဲ့ ကုန်သွယ်မှု ပမာဏကလည်း ဆက်တိုက် မြင့်တက်နေတာပဲ”
အာဆီယံဆိုတာ အရှေ့တောင်အာရှ နိုင်ငံများ အသင်း ဖြစ်ပါတယ်။
အာဆီယံ နိုင်ငံတွေမှာ လူဦးရေ စုစုပေါင်းအားဖြင့် သန်း ၆၅၀ ခန့် ရှိပြီး GDP က ဒေါ်လာ သိန်းပေါင်း ၂.၈ ကုဋေ ရှိပါတယ်။ အာဆီယံနိုင်ငံအများစုဟာ နှစ်စဉ် ၁၀ ရာခိုင်နှုန်းနီးပါး လျင်မြန်စွာ တိုးတက်မှုကို ကြုံတွေ့နေရပြီး လူငယ်ဦးရေ အချိုးအစား များပြားတဲ့အတွက် တည်ငြိမ်တဲ့ အနာဂတ် တိုးတက်မှုကို ရဖို့မျှော်လင့်ထားကြပါတယ်။
နောက်တစ်ခုအနေနဲ့ ကျွန်တော် ဥရောပဆိုင်ရာ အချက်အလက်တွေကို ကြည့်လိုက်တယ်။
လက်ရှိမှာ ဥရောပဟာ လူမှုစီးပွား ကွာဟမှု၊ ဒုက္ခသည် ပြဿနာ၊ အကြမ်းဖက်မှုနဲ့ Brexit အပါအဝင် ရှုပ်ထွေးပတ်သက်နေတဲ့ ပြဿနာတွေထဲမှာ ပိတ်မိနေခဲ့တယ်။ ဒါ့အပြင် စီးပွားရေး တိုးတက်မှုနှုန်းတွေကလည်း ကျဆင်းနေခဲ့တာပါ။ အီးယူ ရဲ့ အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ ဂျာမနီနဲ့ ပြင်သစ်တို့ရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၁ ရာခိုင်နှုန်းကျော်ရုံလောက်ပဲ ရှိနေခဲ့တာပါ။ အကြောင်းရင်းကတော့ သူတို့ဟာ ကြီးထွားနိုင်သမျှ အဆုံးအစွန်အထိ ကြီးထွားပြီးသား ဖြစ်နေလို့ပါပဲ။ ဒါ့အပြင် အိုမင်းသူလူဦးရေ မြင့်တက်လာမှုကလည်း ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်နေပါတယ်။ ကုန်ထုတ်လုပ်နိုင်စွမ်းရှိတဲ့ လူဦးရေ နည်းပါးလာတာဟာ စီးပွားရေးရဲ့ တက်ကြွလှုပ်ရှားမှုကို မလွှဲမရှောင်သာ လျော့ကျစေမှာပါ။
အယ်လီက ပြုံးရင်းနဲ့ ပြောတယ်။
“ဒါပေမဲ့လည်း ဥရောပက ဥရောပပါပဲ”
ဥရောပဆိုတာက အနောက်တိုင်း ယဉ်ကျေးမှုရဲ့ မွေးရပ်မြေဖြစ်ပြီး စက်မှုတော်လှန်ရေးရဲ့ ပုခက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာစစ်ကြီး နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့တဲ့ နေရာလည်း ဖြစ်တာပါ။
ဗြိတိန် နှုတ်ထွက်သွားခဲ့ရင်တောင် ဥရောပဟာ အမေရိကန်၊ တရုတ်တို့နဲ့အတူ ကမ္ဘာ့အကြီးမားဆုံး စျေးကွက်ကြီးတွေထဲက တစ်ခုအဖြစ် တည်ရှိနေဆဲပါ။
အယ်လီနဲ့ ကျွန်တော် စကားပြောရင်း ခန္ဓာကိုယ်ချင်းက သဘာဝအတိုင်း ပိုပြီး နီးကပ်လာခဲ့တယ်။ ကျွန်တော် အယ်လီရဲ့ မျက်နှာကို ကြည့်လိုက်မိတယ်။ မိတ်ကပ် သိပ်မလိမ်းထားရင်တောင် အယ်လီရဲ့ မျက်နှာသွင်ပြင်က ထင်ရှားပြီး လှပနေဆဲပါပဲ။
ကျွန်တော်တို့က ကိုယ်ပိုင် ဂျက်လေယာဉ်ထဲမှာ ရှိနေတာပါ။ လေယာဉ်အဖွဲ့သားတွေရဲ့ အခန်းက သီးသန့် ခွဲထားတာမလို့ ဒီအခန်းအထဲမှာ ကျွန်တော်တို့ နှစ်ယောက်ထဲပဲ ရှိတာပါ။
ကျွန်တော်က အယ်လီရဲ့ ပုခုံးပေါ်ကို လက်အသာတင်ပြီး နမ်းဖို့ ပြင်လိုက်တဲ့အချိန်မှာ အယ်လီက ပါးစပ်ကို လက်နဲ့အုပ်ပြီး သမ်းဝေလိုက်တယ်။
“ပင်ပန်းနေလို့လား”
အယ်လီက သမ်းဝေရင်းထွက်လာတဲ့ မျက်ရည်စကို လက်ချောင်းလေးနဲ့ သုတ်ရင်း ပြောတယ်။
“အလုပ်တွေ အပြီးသတ်နေရတာနဲ့ အလုပ်လွှဲပြောင်းတာတွေ လုပ်နေရလို့ အိပ်ရေး သိပ်မဝဘူး ဖြစ်သွားတာ”
“စဉ်းစားကြည့်တော့ မနေ့ကလည်း အလုပ်ဆင်းတာ တော်တော် နောက်ကျတယ် မဟုတ်လား”
ရင်းနှီးမြှုပ်နှံမှုဘဏ် လုပ်ငန်းရဲ့ သဘာဝအရ အလုပ်တွေ ပုံနေတဲ့အချိန်ရှိသလို မရှိတဲ့အချိန်လည်း ရှိပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံး အလုပ်ရှုပ်နေတဲ့အခါ date ဖို့ အချိန်တောင် မရှိသလောက်ပါပဲ။ အနည်းဆုံးတော့ အိမ်တစ်အိမ်ထဲမှာ အတူတူ နေကြတာမလို့ နေ့တိုင်းတော့ တွေ့ဖြစ်ကြတာပေါ့။
“ဟိုကိုရောက်ဖို့ ၁၀ နာရီလောက် ကြာဦးမှာ။ သွားလှဲပြီး ခဏလောက် အိပ်လိုက်ပါလား”
“ဟွန်း... အိပ်ရမှာလား”
ကိုယ်ပိုင် ဂျက်လေယာဉ်မှာ အိပ်ခန်းလည်း ပါရှိပါတယ်။ ကျွန်တော်လည်း အဲဒီအိပ်ခန်းထဲမှာ အကြိမ်အနည်းငယ် လှဲဖူးပါတယ်၊ အိစက်ညက်ညောပြီး သက်တောင့်သက်သာ ရှိလှတာမလို့ အိပ်လို့ ကောင်းပါတယ်။ အတွင်းထဲမှာ ရေချိုးခန်းတောင် ပါပါသေးတယ်။
အယ်လီက ထရပ်ပြီး အနောက်ဘက်က အိပ်ခန်းဆီကို လျှောက်သွားခဲ့တယ်။ ပြီးတော့ တံခါးကိုဖွင့်ကာ ခေါင်းလေးလှည့်ပြီး ကျွန်တော့်ကို ကြည့်လိုက်တယ်။
“ဘာဖြစ်လို့လဲ”
“အဲဒီမှာပဲ ဒီအတိုင်း ထိုင်နေတော့မလို့လား”
“ဟမ်...”
အယ်လီက နှုတ်ခမ်းလေး နည်းနည်း ဆူထားတဲ့ ပုံစံ ဖြစ်နေပါတယ်။
ခဏကြာမှ အယ်လီ ဘာကို ဆိုလိုတယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားခဲ့တယ်။
“အာ…”
“ဟွန့်… နောက်ကျသွားပြီ”
အယ်လီက လျှာလေးထုတ်ပြပြီး တံခါးပိတ်ကာ ဝင်သွားခဲ့တယ်။ ကျွန်တော်လည်း ထိုင်ခုံကနေ အမြန် ထလိုက်မိတယ်။
“ခဏစောင့်ဦးလေ”
ကိုယ်ပိုင် ဂျက်လေယာဉ်က ဘာလင်မြို့ကို ရောက်ရှိလာခဲ့တယ်။
လေဆိပ်မှာ ကားတွေက အဆင်သင့် စောင့်ဆိုင်းနေကြပြီး အားလုံးက ကြိုတင်ဘွတ်ကင် လုပ်ထားတဲ့ ဟိုတယ်တွေဆီကို စုဝေးရောက်ရှိသွားကြတယ်။ တရားဝင် အစီအစဉ်တွေကတော့ အဲ့ဒီနေ့ညနေမှာပဲ စတင်ခဲ့တယ်။
မူလကတော့ စီးပွားရေး ခေါင်းဆောင်တွေကြား တွေ့ဆုံပွဲ ဖြစ်ရမှာ ဖြစ်ပေမဲ့ အံ့ဩစရာကောင်းတာက ဝန်ကြီးချုပ် မိန်းစနာ ရဲ့ ရုံးခန်းကနေ အရင်ဆုံး တွေ့ဆုံဖို့ ကမ်းလှမ်းလာခဲ့တာပါ။
ဧည့်ခံပွဲ ခန်းမထဲကို ရောက်လာတဲ့ ဝန်ကြီးချုပ် မိန်းစနာက ကျွန်တော့်ကို နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့တယ်။
“ဂျာမနီနိုင်ငံမှ ကြိုဆိုပါတယ်။ စီအီးအို ကန်ဂျင်ဟူ။ ကျွန်မက တောင်ကိုရီးယားကို မကြာခင် လာရောက်လည်ပတ်ဖို့ စီစဉ်ထားတာပါ၊ ဒါပေမဲ့ မစ္စတာက ကျွန်မတို့ဆီ အရင် ရောက်လာခဲ့တာပဲ”
အယ်လီယိုနိုရာ ရေဂျီနာ မိန်းစနာ။
အပြင်ပန်းကြည့်ရင်တော့ မိန်းစနာက သာမန် လူလတ်ပိုင်း လူဖြူအမျိုးသမီးတစ်ယောက်လိုပါပဲ။ ဒါပေမဲ့ မိန်းစနာဟာ ဂျာမနီ ပြန်လည်ပေါင်းစည်းပြီးနောက်ပိုင်း အရှေ့ဂျာမနီ (ဂျာမန် ဒီမိုကရက်တစ် သမ္မတနိုင်ငံ) ကနေ ပထမဆုံး ဖြစ်လာတဲ့ ဝန်ကြီးချုပ်ပါ။ သက်တမ်း ဆက်တိုက်နဲ့ ၁၅ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပေမဲ့ အဲဒီလို ရာထူး သက်တမ်း ရှည်ကြာမှုဟာ အာဏာရှင်ဆန်မှုနဲ့ လုံးဝ မသက်ဆိုင်ခဲ့ပါဘူး။ အစွန်းရောက် လက်ယာသမားတွေ သောင်းကျန်းနေတဲ့ ဥရောပမှာ မိန်းစနာဟာ မျှတပြီး အားလုံးပါဝင်နိုင်တဲ့ မူဝါဒတွေကို ကျင့်သုံးခဲ့တယ်။ တကယ်လို့ မိန်းစနာသာ မရှိခဲ့ရင် အီးယူဟာ ဟိုးအရင်ကတည်းက ပြိုကွဲသွားလောက်ပြီလို့ ပြောကြပြီး ဒါဟာ ဂျာမနီမှာတင်မကဘဲ ဥရောပတစ်ခွင်မှာ ရှိတဲ့ မိန်းစနာရဲ့ လွှမ်းမိုးမှုကို ပြသနေတာပါ။
ကျွန်တော်က မိန်းစနာ ကမ်းပေးတဲ့လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်တယ်။
“နွေးထွေးစွာ ကြိုဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝန်ကြီးချုပ်။ ကျွန်တော်လည်း ဝန်ကြီးချုပ်နဲ့ အရမ်းကို တွေ့ဆုံချင်နေတာပါ”