အခန်း ၆၀၃
Vol. 41 Ch. 603
အခန်း (၆၀၃) ကော့ရှုံးကို ချေမွခြင်း။
"ခွန်အားလား…!"
ချင်ယွင်သည် အရပ်မြင့်မြင့် အမျိုးသား၏လက်တွင် တဟုန်ထိုး ထွက်ပေါ်လာသော စွမ်းအားသည် အစွမ်းထက်သော စွမ်းအင်တစ်ခုဖြစ်ကြောင်း ချက်ချင်းပင် သတိပြုမိပါ သည်။ သူ၏ရှေ့တွင်ရှိနေသော ဤအရပ်မြင့်မြင့် အမျိုးသားသည် ရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းပညာရပ်များကို လေ့ကျင့်ထားသည်မှာ ထင်ရှားပါသည်။
ထို့အပြင်၊ သူ၏ခွန်အားကို ကြည့်ခြင်းအားဖြင့်၊ ဤရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်း ပညာရပ်၏ အဆင့်သည် နိမ့်ကျလိမ့်မည် မဟုတ်ပေ။ ၎င်းပညာရပ်သည် အနည်းဆုံး အင်မော်အဆင့် ရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်တစ်ခု ဖြစ်ပေလိမ့်မည်။
နတ်ဆိုးကျင့်ကြံသူများ၏ ရုပ်ခန္ဓာကိုယ်သည် မူလကတည်း အလွန်အားကောင်းခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ယခုအခါတွင် သူသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းပညာရပ် ကိုပါ လေ့ကျင့်ထားထား၏။ ထို့ကြောင့် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလာလိမ့်မည်။
" ဘုန်း….!"
မျှော်လင့်ထားသည့်အတိုင်း အရပ်မြင့်မြင့် အမျိုးသား၏ခန္ဓာကိုယ်မှ မိုးခြိမ်းသံတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပါသည်။ သူ၏အဝတ်အစားများသည် တိုက်ရိုက်ကွဲထွက်သွား ပြီး သူ၏ကြွက်သားများသည် ပင်လယ်ရေနှင့် ထိတွေ့ခဲ့ရသည်။
ဤလူ၏ ခန္ဓာကိုယ်သည် အရပ်ရှည်ပြီး ကြီးမားသည်။ ဤအခြေအနေမျိုးမှာ ကြွက်သားတွေက သံမဏိနှင့် လုပ်ထားသည့်အလားပင်။ ယင်းက လူတွေကို သံမဏိ မျှော်စင်တစ်ခုလို ခံစားချက်မျိုးပေးသည်။ ထိုမျှတင်မကဘဲ ခရမ်းရောင် လျှပ်စီးကြောင်းက သူ၏ကြေးဝါရောင် အရေပြားမှ အမှန်တကယ် ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြင်းထန်သည့် စွမ်းအားတွေနှင့် ပြည့်နှက်နေပါသည်။
အရပ်မြင့်မြင့် အမျိုးသားသည် ရုတ်တရက် ခေါင်းမော့ကာ ချင်ယွင်ကို ကြည့်လိုက်ပြီး၊ သူ၏ ထူထပ်သော နှုတ်ခမ်းတစ်စုံက အေးစက်စက်အပြုံးအဖြစ် တွန့်ကွေးသွားပါ သည်။
“ဒီလက်သီးချက်ကြောင့် မင်းရဲ့အစွမ်းက ကြီးမြတ်တဲ့ နန်းတော်သခင်လို့ ခေါ်နေကြတဲ့ လူသုံးယောက်ထက်တောင် သာလွန်နေတယ်လို့ ငါပြောနိုင်တယ်။ နောက်ပြီး မင်းရဲ့ ရုပ်ခန္ဓာကိုယ်ကလည်း အလွန် အစွမ်းထက်ပုံရတယ်။ ဒီပင်လယ်ပြင်မှာ မင်းလို ပုန်းအောင်းနေတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့် ထားဘူး။ စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ။” သံမဏိမျှော်စင်နှင့် တူသောလူက ထိုစကားကို ပြောဆိုရင်း လှောင်ပြောင်လိုက်သည်။ ပြင်းထန်သော တိုက်ခိုက်လိုသည့် ဆန္ဒ အရိပ်အယောင်က သူ၏မျက်လုံးများတွင် ဝင်းလက်တောက်ပလာသည်။
သူနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော သူများသည် ဤသံမဏိမျှော်စင်နှင့်တူသော လူသည် အလွန်ထူးခြားသော ဝါသနာတစ်ခုရှိပြီး၊ ယင်းက တိုက်ခိုက်ရခြင်းကို နှစ်သက်ခြင်းဆိုသည်ကို သိကောင်းမှ သိပါလိမ့်မည်။
အင်အားကြီးပြိုင်ဘက်ကို ကြုံတွေ့ရသည်နှင့် သူသည် ၎င်းတို့နှင့် အသေခံတိုက်ခိုက်မှာ သေချာပါသည်။
ယခုလေးတင်၊ ချင်ယွင်က သူ၏လက်သီးချက်များကို တားဆီးနိုင်ခဲ့ပြီး ယင်းက သူ၏တိုက်ခိုက်လိုစိတ်ကို ပြင်းပြလာစေခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်၏မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် တောက်ပလာသည်။ 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်ကို လေ့ကျင့်ပြီးကတည်းက သူ့အား ရုပ်ပိုင်းဆိုင်ရာအရ ဆန့်ကျင်တိုက်ခိုက်နိုင်သည့် ကျွမ်းကျင်ပညာရှင်က မရှိသလောက်ပင်။
ယခုအချိန်တွင်၊ သူသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံမူတွင် အလားတူ အစွမ်းထက်သော အပေါင်းအသင်းတစ်ဦးနှင့် ရှားရှားပါးပါး တွေ့ကြုံရသည်။ ချင်ယွင်၏ ခန္ဓာကိုယ် အတွင်းမှ သွေးပူများသည်ပင် ပြင်းထန်စွာ ဆူပွက်လာခဲ့သည်။
"ဘုန်း….!"
ချင်ယွင်နှင့် အရပ်မြင့်မြင့် အမျိုးသားတို့သည် တစ်ချိန်တည်းဆိုသလို ပစ်ဝင်လိုက်ကြ ပါသည်။ သူတို့နှစ်ယောက်သည် အပြင်းအထန် ထိပ်တိုက် တိုက်ခိုက်တော့သည်။
"ဘုန်း….!"
ကြောက်မက်ဖွယ် အင်အားနှစ်ခုသည် အပြင်းအထန် ထိပ်တိုက်ဆုံမိသည်။ ၎င်းတို့သည် အစစ်အမှန် အနှစ်သာရအချင်းချင်း ထိပ်တိုက်ဆုံမိခြင်းကဲ့သို့ လှပခြင်း မရှိသော်လည်း၊ ထိပ်တိုက်ဆုံမိခြင်းမှ ဖန်တီးဖြစ်ပေါ်လာသော အရှိန်အဟုန်သည် အစစ်အမှန် အနှစ်သာရအချင်းချင်း ထိပ်တိုက်ဆုံမိခြင်းမှ ဖန်တီးဖြစ်ပေါ်လာသော အရှိန်ထက် အားနည်းသည် မဟုတ်ပေ။
ပင်လယ်ရေသည် ပြင်းထန်စွာ လိမ့်ဆင်းမြင့်တက်လာသည်၊ ပင်လယ်ကြမ်းပြင်ပေါ်ရှိ သန္တာကျောက်တန်းများသည် တစ်လက်မချင်းအနေအားဖြင့် ကွဲအက်သွားကာ မြေပြင်သည် ပြင်းထန်စွာ တုန်ခါနေပြီး ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများက နက်ရှိုင်းသော လျှိုများကဲ့သို့ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
“ဟား…..။ ဟား……။ နောက်တကြိမ်၊ တည့်တည့်ဝင်လာခဲ့စမ်း”။
အရပ်ရှည်ရှည် အမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ မျက်လုံးတွေက ပို၍ပင် စိတ်အားထက်သန်လာသည်။ ခရမ်းရောင်စွမ်းအင်က သူ၏ခန္ဓာကိုယ်မှ တဟုန်ထိုး ပျံ့နှံ့ထွက်လာခဲ့ပြီး သူ၏လက်မောင်းပေါ်တွင် စုစည်းလာ သည်။ သူ၏လက်မောင်းသည် ချက်ချင်း ကျယ်ပြန့်လာခဲ့ပြီး ချင်ယွင်ကို တုနှိုင်းမရသည့် အံ့သြဖွယ် အငွေ့အသက်နှင့်အတူ ထပ်မံ တိုက်ခိုက်သည်။
ချင်ယွင်၏အကြည့်တွေက လျှပ်စီးလက်နေသလိုပင်။ သူ၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်သည် အစစ်အမှန် နဂါးကြီးတစ်ကောင်လို ဟိန်းဟောက်နေပြီး၊ သူ၏လက်သီးသည် ပင်လယ်ထဲမှ ပျံသန်းထွက်ပေါ်လာသော ဧရာမနဂါးကြီးကဲ့သို့ ဖြစ်သွားပြီး အရပ်မြင့်မြင့် အမျိုးသားဆီသို့ အပြင်းအထန် ထိုးလိုက်လေသည်။
ချင်ယွင်နှင့် အရပ်ရှည်ရှည် အမျိုးသားသည် ဆက်လက် တိုက်ခိုက်ခဲ့ကြသည်။ သူ၏လက်သီးချက်တွေက လျှပ်စီးလက်သလို မြန်ဆန်သည်။ သူ၏ခြေထောက်ကန် ချက်တွေက ကောင်းကင်ကိုပင် ဖုံးလွှမ်းထားသည်။ သူ၏ရုပ်အသွင်က သရဲတစ္ဆေနှင့် ပိုပိုတူလာသည်။ သူသည် ရံဖန်ရံခါ ဤနေရာတွင် ပေါ်လာပြီး တစ်ခါတစ်ရံ အခြားတစ်နေရာတွင် ပေါ်လာကာ နေရာမျိုးတွင် ပေါ်ပေါ်လာတတ်သည်။
လက်သီးချက်က ပြိုင်ဘက်၏ ခန္ဓာကိုယ်ကို ခပ်အုပ်အုပ်မြည်သံတွေနှင့်အတူ တချက်ပြီး တစ်ချက် တရစပ် တိုက်ခိုက်နေသည်။ ပတ်ဝန်းကျင် ပင်လယ်ရေပြင်သည် ဧရာမနဂါးကြီးကဲ့သို့ လှိုင်းထန်ကာ တုန်ခါနေပြီး ကြီးမားလှသော လှိုင်းလုံးကြီးများ သည် မြင့်တက်လာခဲ့သည်။ ပတ်ဝန်းကျင်မှ ဆိတ်သုဉ်းခြင်း သားရဲများအားလုံး အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးသွားကြသည်။
ချင်ယွင်နှင့် အရပ်ရှည်ရှည် အမျိုးသားတို့သည် ပင်လယ်ရေပြင်အောက်ခြေမှ ပင်လယ်ရေပြင် မျက်နှာပြင်အထိ ဆက်လက် တိုက်ပွဲဝင်ခဲ့သည်။ သူတို့ခန္ဓာကိုယ် အချင်းချင်း ထိပ်တိုက်တိုက်မိသည့် အသံတွေက မိုးခြိမ်းသံလို ကမ္ဘာအနှံ့ ပဲ့တင်ထပ် နေပါသည်။
"ဘုန်း….!"
အရပ်မြင့်မြင့် အမျိုးသားသည် ချင်ယွင်၏ခန္ဓာကိုယ်ရှိ ဟာကွက်တစ်ခုကို ဖမ်းဆုပ်ပြီး သူ၏ရင်ဘတ်ကို လက်သီးဖြင့်ထိုးလိုက်သည်။ ချင်ယွင်သည် ပေထောင်ချီအကွာထိ လွင့်ပျံသွားသည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် အလွန်ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ဖန်တီးဖြစ်ပေါ်ပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ဟား…။ ဟား…။ အရမ်းကောင်းတယ်။ ကောင်လေး၊ မင်းက ဘယ်သူလဲ၊ ငါကော့ရှုံးက နာမည်မရှိတဲ့လူတွေကို ဘယ်တော့မှ မတိုက်ခိုက်ဘူးကွ။" ကော့ရှုံးဟုခေါ်သော အရပ်မြင့်မြင့် အမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူစကားပြောနေ စဉ်မှာ သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာသော ဥက္ကာပျံကဲ့သို့ ချင်ယွင်ဆီသို့ ဦးတည် သွားလေသည်။
ချင်ယွင်၏ ရုပ်အသွင်သည် ပင်လယ်ပြင်မှ ပျံတက်လာပြီး သူ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။
"ငါ့နာမည် ချင်ယွင်ပဲ!"
ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ သိမ်မွေ့ လေးနက်သော အဝါရောင်စွမ်းအင်များက တဖန် မြင့်တက်လာပြန်ကာ သူ၏ ၀တ်ရုံများသည် မိုးခြိမ်းသံကဲ့သို့ တဖျတ်ဖျတ် တုန်ခါနေသည် ။
"ဘုန်း….!"
ချင်ယွင်၏ လက်သီးသည် အရပ်ရှည်ရှည် အမျိုးသား၏လက်သီးနှင့် ထပ်မံ တွေ့ဆုံမိပြီး ပင်လယ်တစ်ခုလုံး ချက်ချင်း ပေါက်ကွဲသွားသည်။
ကြီးမားသော လှိုင်းလုံးကြီးများသည် ကောင်းကင်ယံသို့ တည့်တည့် ထိုးတက်သွားပြီး ရေတံခွန်ကဲ့သို့ ဇောက်ထိုးမိုးမျှော်လှိမ့်ဆင်းလာသည်။
ချင်ယွင်နှင့် အရပ်မြင့်မြင့် အမျိုးသားနှစ်ယောက်စလုံး နောက်ပြန် ဆုတ်သွားခဲ့ပြီး သူတို့၏ ခွန်အားသည် မြင့်တက်သွားခြင်းမရှိသလို ကျဆင်းသွားခြင်းလည်း မရှိခဲ့ပေ။
"ချင်ယွင်၊ ဟုတ်လား?။ မင်းရဲ့ ခွန်အားက မဆိုးပါဘူး၊ ဒါပေမယ့် အရာအားလုံး အဆုံးသတ်ဖို့ အချိန်တန်ပြီ!" သံမဏိမျှော်စင်နှင့်တူသော အမျိုးသားက ကျယ်လောင် စွာ အော်ပြောလိုက်ပြီး သူ၏ လက်သီးမှ ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ် လာသည်။ ခရမ်းရောင် လျှပ်စီးကြောင်းက သူ၏လက်သီးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သူ၏လက်သီးတွေက နှိုင်းယှဉ်ပြ၍ပင်မရသည့် ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
"သေလိုက်တော့။ ကောင်းကင်ပေါက်ခွဲ လက်သီးချက်!" သံမဏိမျှော်စင်နှင့်တူသော အမျိုးသားက အော်ဟစ်လိုက်ပြီး လေဟာနယ်ကို လက်သီးဖြင့် ထိုးလိုက်လေသည်။
ရုတ်တရက်ပင် လေဟာနယ်ထဲမှ ကြီးမားသော လက်သီးကြီးတစ်ခု ထွက်ပေါ်လာပါ သည်။ ကောင်းကင်နှင့် မြေကြီးကိုပင် ခွဲထုတ်ပစ်နိုင်သကဲ့သို့ လက်သီးတွင် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ပါရှိနေသည်။
အရပ်ရှည်ရှည် အမျိုးသားက ရယ်မောလိုက်သည်။ ဤကောင်းကင်ပေါက်ခွဲလက်သီး သည် သူကျင့်ကြံထားသော ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းပညာရပ်တွင် ပါ၀င်သည့် အစွမ်းထက် သိုင်းပညာရပ်တစ်ခု ဖြစ်ပါသည်။ ၎င်းလက်သီးချက်သည် တောင်များနှင့် မြစ်များကိုပင် ဖြိုချနိုင်ပြီး ကောင်းကင်ကို ဖြိုဖျက်ကာ ကမ္ဘာမြေကြီးကို ပိုင်းခြားစေ နိုင်သည်။ သူ၏ရှေ့မှ ဤကောင်လေးသည် ဤလက်ချက်တွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ သူ ယုံကြည်ပါသည်။
ချင်ယွင်သည် အရပ်မြင့်မြင့် အမျိုးသား၏ မျက်နှာပေါ်ရှိ အေးစက်သော အပြုံးကို ကြည့်လိုက်သည်။ ထို့နောက်တွင် ကြီးမားသော စွမ်းအားကို သယ်ဆောင်လာသော လက်သီးဟန်ကို ထုတ်ဖော်ရင်း သူ၏မျက်လုံးများတွင် မထီမဲ့မြင်ပြုဟန် အရိပ်အယောင်များ ပေါ်လာပါသည်။
"မင်းမှာပဲ သိုင်းပညာရပ်ရှိတယ်လို့ မင်းထင်နေတာလား?။ ငါ့မှာရော မရှိဘူးလား?" ချင်ယွင်က တဟားဟားရယ်ပြီး သူ၏လက်ဖဝါးကို လှန်လိုက်ရာ သူ၏လက်ဖဝါးထဲမှ ကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျလှိုင်းများ ထွက်ပေါ်လာပါသည်။
"နတ်ဆိုးနတ်ဘုရား ကြယ်ဖမ်းလက်!" ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လေဟာနယ်ဆီသို့ သူ၏လက်ဖဝါးကို တိုက်ရိုက်ပင် ရိုက်ချလိုက်လေသည်။
ဧရာမ လက်ဖဝါးကြီးသည် လေဟာနယ်ထဲမှ ချက်ချင်း ဆန့်ထွက်လာကာ ကောင်းကင်ဘုံကိုပင် ဖျက်စီးနိုင်သော အငွေ့အသက်ဖြင့် ကျဆင်းလာသော လက်သီးကြီးဆီ တူညီစွာ ရိုက်ချလိုက်လေသည်။
"ဘုန်း…..!"
လက်သီးချက်သည် ကြီးမားလှသော လက်ဖဝါးကြီးနှင့် ထိပ်တိုက်တွေ့ဆုံပြီး တစ်ခဏမျှသာ ကြာပြီးနောက် တိုက်ရိုက် အက်ကွဲသွားလေသည်။
ကြီးမားလှသော လက်ဖဝါးကြီးသည် ရပ်တန့်သွားခြင်းမရှိသေးဘဲ အရှိန်အဟုန်ဖြင့် ကော့ရှုံဆီသို့ ဆက်လက် တိုးဝင်သွားသည်။
ကော့ရှုံ၏အမူအရာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူသည် ကမန်းကတန်း ရှောင်တိမ်းချင်ပါသော်လည်း လက်ဖဝါးကြီးက မြန်ဆန်လွန်းသည်။
ဧရာမလက်ဖဝါးကြီးသည် လေထဲတွင် ဖမ်းဆုပ်ကိုင်လိုက်ပြီး ကော့ရှုံ၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"ဘုန်း….!"
ကြီးမားသော လက်ဖဝါးကြီးသည် ချက်ချင်းပင် ၎င်း၏စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ၎င်းအပေါ်ရှိ ကြောက်မက်ဖွယ် စွမ်းအားများက ကော့ရှုံ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လုံးလုံးလျားလျား ချေမွသွားကာ လေထဲတွင် လွင့်မျောနေသည့် သွေးစွန်းနေသော မြူအိုင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
မြေကမ္ဘာအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်သည် ရုန်းကန်လှုပ်ရှားရန်ပင် အချိန်မရှိဘဲ ယခုလိုမျိုး သေဆုံးသွားရလေသည်။
ချင်ယွင်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သက်ပြင်းတစ်ချက် ချလိုက်ပါ သည်။ ဤကြယ်ဖမ်းလက်သည် 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ' ရပ်၏ တတိယအဆင့် ကြယ်ခမ်းခြင်းနယ်ပယ်သို့ ကျော်ဖြတ်ပြီးနောက် သူ လေ့ကျင့်ခဲ့ သည့် သိုင်းပညာတစ်ခု ဖြစ်ပါသည်။ တတိယအဆင့်တွင် ယခုလို သိုင်းပညာရပ်တစ်ခု သာ ရှိသေးသည်။
သူ၏လက်ဖြင့် ကြယ်တစ်ပွင့်ကို ဆွတ်ခူးနိုင်၏။ ယင်းစကားသည် ချဲ့ကားပြောခြင်း မဟုတ်ဘဲ၊ ထိုကဲ့သို့ ကြီးမားသည့်စွမ်းအားမျိုး အမှန်တကယ် ရှိနေပါသည်။
ကြယ်ဖမ်းလက်သည် ကြယ်တစ်လုံးကို လက်တစ်ဖက်တည်းဖြင့် ချေမှုန်းနိုင်သည်။
ယခုအချိန်တွင်၊ ချင်ယွင်သည် ကြယ်ဖမ်းလက်၏ ဆယ်ပုံတစ်ပုံမျှသော စွမ်းအားကို ထုတ်လွှတ်နိုင်သော်လည်း ၎င်းသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အစောပိုင်း အဆင့် ကျွမ်းကျင်သူတစ်ဦးကို ကိုင်တွယ်ရန် လုံလောက်ပါသည်။
ချင်ယွင်က အသက်ရှူသွင်းလိုက်ပြီးနောက် အားနည်းမူက ပေါက်ကွဲထွက်လာသည်ကို သူ ခံစားလိုက်ရပါသည်.
ဤ ကြယ်ဖမ်းလက်သည် အလွန်အစွမ်းထက်သော်လည်း ၎င်းသည် အလွန်အမင်း များပြားသည့် စွမ်းအင်ကိုလည်း သုံးစွဲခဲ့ရသည်။
ဝှီး….!
ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ ဦးရေပြားကို ထုံကျင်သွားစေပြီး လေဟာနယ်ကို စုတ်ဖြဲပစ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းတန်းက လျှပ်စီးလစ်သလို အမြန်နှုန်းဖြင့် သ်၏ရင်ဘတ်ဆီသို့ ကျရောက်လာလေသည်။
ချင်ယွင်သည် အလျင်အမြန် နောက်ပြန်ဆုတ်လိုက်ရင်း သူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပါသည်။
သို့သော်၊ ထိုဆေဘာတိုက်ခိုက်မှုသည် မြန်ဆန်လွန်းပြီး ၎င်း၏စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းသည်။
ချင်ယွင်၏ ရင်ဘတ်သည် ဤဆေဘာအလင်းကြောင့် ပွင့်ထွက်သွားရသည်။ သူ၏ ရင်ဘတ်ပေါ်ရှိ အရိုးဖြူဖြူများပင် ဖျတ်ခနဲ မြင်တွေ့ရပြီး သွေးများဖြင့် ရွှဲနစ်နေကာ ဝမ်းနည်းဖွယ်ကောင်းလှသည်။
အနီရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး နှင်းဖြူရောင် ဆေဘာတစ်ချောင်းကို ကိုင်ဆောင်ထားသည့် လှပသော အမျိုးသမီးတစ်ဦးသည် လေဟာနယ်ထဲမှ ထွက်ပေါ် လာခဲ့သည်။ သူမ၏ မျက်လုံးများသည် ကြောက်မက်ဖွယ် အေးစက်စက် အလင်းရောင်များဖြင့် ဝင်းလက်နေပါသည်။ (အရပ်မြင့်မြင့်ရော၊ ရှည်ရှည်ရော နှစ်မျိုးလုံး ပြန်ဆိုလိုက်ပါသည်)။