အခန်း ၆၀၆
Vol. 41 Ch. 606
အခန်း (၆၀၆) အင်မော်တယ်နန်းတော်၏ လျှို့ဝှက်ချက်။
“မှန်တယ်။ ဒါက စိတ်ဝိညာဉ် အမှတ်သားပဲ။ မင်းလည်း ဒါကို သိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဆံပင်ဖြူအဘိုးကြီးက အံ့ဩဟန်ဖြင့် ပြောလိုက်သည်။
ချင်ယွင်၏ မျက်နှာသည် ရုတ်တရက် တစ်စုံတစ်ခုကို သိမြင်သွားသည့် အရိပ်အယောင် ပေါ်လာသည်။ဤလူများသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အစွမ်းကို အငမ်းမရ အသုံးပြုနေပါလျှက် ကောင်းကင်ကပ်ဘေးဒုက္ခကို အဘယ့်ကြောင့် ဆွဲခေါ်နိုင်ခြင်း မရှိဘဲ အသုံးပြုနိုင်သည်ကို နောက်ဆုံးတွင် သူ နားလည်လာသွားခဲ့ပါပြီ။ ဤအရာ အားလုံးသည် ဤစိတ်ဝိညာဉ်အမှတ်သားများကြောင့် ဖြစ်ပါသည်။
စိတ်ဝိညာဉ်အမှတ်သား အစီအရင်များသည် လူတစ်ဦး၏ ခန္ဓာကိုယ်တွင် တွယ်ကပ် ထားနိုင်သော အစီအရင်ပုံစံများ ဖြစ်ပါသည်။ ဤအစီအရင်ပုံစံမျိုးသည် အထူး အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။
ဥပမာအားဖြင့်၊ အချို့သော စိတ်ဝိညာဉ်တက်တူးများသည် ပျံသန်းမှု အမြန်နှုန်းကို မြှင့်တင်ပေးနိုင်ပြီး အချို့ကတော့ ခုခံကာကွယ်မူကို တိုးမြှင့်ပေးနိုင်ပါသည်။ ဤအရာ အားလုံးသည် စိတ်ဝိညာဉ်တက်တူးများကို စိတ်ဝိညာဉ်အစီအရင်ဝင်္ကပါများတွင် ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်းကြောင့် ဖြစ်ပါသည်။
သို့သော်လည်း၊ အစီအရင်ဝင်္ကပါတစ်ခုအား စိတ်ဝိညာဉ်မှော်သင်္ကေတများအဖြစ် အောင်အောင်မြင်မြင် သိပ်သည်းနိုင်ရန်အတွက်၊ လူတစ်ဦးသည် အဆင့်ကိုး အစီအရင်မှော်ဆရာအဖြစ်သို့ ရောက်ရှိနေရမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ထို အစီအရင်မှော်ဆရာသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေရမည်ဟု ဆိုလိုပါသည်။
ချင်ယွင်၏ လက်ရှိ အဆင့်ရှစ်ဆင့် အထွတ်အထိပ် အစီအရင်ဝင်္ကပါကျင့်ကြံမူဖြင့်ဆို သူသည် ၎င်းစိတ်ဝိညာဉ်မှော်သင်္ကေတများကို အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့် မည်ဟု မဟုတ်ပေ။ ထို့ကြောင့် သူသည် ထိုစိတ်ဝိညာဉ်အစီအရင်ပုံစံကို မြင်လိုက်ရ သည့်အခိုက်တွင် တုန်လှုပ်ခြောက်ခြားသွားရပါသည်။
ဆံပင်ဖြူ အဘိုးအို၏ လက်ပေါ်က စိတ်ဝိညာဉ်အစီအရင်ပုံစံများသည် ကောင်းကင်ဘုံ ၏ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်နိုင်သည့် အစွမ်းထက် အစီအရင်ပုံစံများ ဖြစ်ပါသည်။ ဤအစီအရင်ပုံစံများကို အဆင့်ဆယ့်နှစ်အစီအရင်မှော်ဆရာကသာ အောင်မြင်အောင် စွမ်းဆောင်နိုင်ပါလိမ့်မည်။
အဆင့်ဆယ့်နှစ် အစီအရင်မှော်ဆရာ။ ဤအဆင့်သည် အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ညီမျှပါသည်။ ၎င်းသည် အင်မော်တယ်ကမ္ဘာမှာပင် ရှားပါးသော တည်ရှိမှုတစ်ခု ဖြစ်ပါသည်။ သူ၏ဆရာသခင် ယစ်ထုတ်အဘိုးကြီးပင်လျှင် အဆင့် တစ်ဆယ် အစီအရင်မှော်ဆရာ ကျင့်ကြံမူအဆင့်တွင်သာ ရှိပါသေးသည်။
"ဒီလိုစိတ်ဝိညာဉ်အစီအရင်ပုံစံမျိုးကို စီနီယာတို့ ဘယ်လို ရခဲ့တာလဲ?။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်ပါသည်။
"အင်မော်တယ်ဘုရင်ရဲ့နန်းတော်အထဲမှာ ကျောက်စာတိုင်တစ်ခု ရှိတယ်ကွ။ အဲဒီ ကျောက်စာတိုင်မှာ အခုလို စိတ်ဝိညာဉ်အစီအရင်ပုံစံမျိုး တစ်ခုရှိသည်။ မင်းလက်ကို အဲဒီအပေါ် တင်ထားလိုက်တာနဲ့ မင်းလည်း စိတ်ဝိညာဉ်အစီအရင်ပုံစံမျိုး ပိုင်ဆိုင်နိုင် လိမ့်မယ်” ဆံပင်ဖြူအဘိုးကြီးက ရှင်းပြသည်။
"စိတ်ဝိညာဉ်ပုံစံ ကျောက်စာတိုင်လား” ချင်ယွင် ရုတ်တရက် နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ဤ အင်မော်တယ်ဘုရင်၏နန်းတော်ထဲမှာ စိတ်ဝိညာဉ်အစီအရင်ပုံစံ ကျောက်စာတိုင် တစ်ခု အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ပုံမှန်အားဖြင့်၊ အင်မော်တယ်ကမ္ဘာရှိ အင်အားစုကြီးအချို့တွင် ဂိုဏ်းဝင်တပည့်များ အသုံးပြုရန် အတွက် စိတ်ဝိညာဉ်အစီအရင်ပုံစံများကို သိမ်းဆည်းရန် စိတ်ဝိညာဉ်အစီအရင်ပုံစံ ကျောက်စာတိုင်များ ရှိကြပါသည်။
"ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ဖို့ ဘာကြောင့် မရွေးချယ်ခဲ့တာလဲ။ စီနီယာရဲ့ လက်ရှိ ခွန်အားနဲ့ဆို၊ စီနီယာက ကောင်းကင်ကပ်ဘေးဒုက္ခကို အလွယ်တကူ ကျော်လွှားနိုင် သင့်တယ် မဟုတ်လား” ချင်ယွင်က မေးလိုက်ပါသည်။
အဘိုးအိုသည် ချင်ယွင်၏စကားကို ကြားသောအခါ သူသည် သက်ပြင်း မချဘဲမနေနိုင် ပါချေ။ "ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီး အင်မော်တယ်ကမ္ဘာကို တက်လှမ်းဖို့က ငါ့အတွက် တကယ်လည်း ဘာပြဿနာမှ မရှိတော့ပါဘူး။ ဒါပေမယ့်ကွာ ငါတို့ အင်မော်တယ်ကမ္ဘာကို တက်သွားမယ်ဆိုရင်တောင် ငါတို့ဟာ အဆင့်နိမ့်ပုဂ္ဂိုလ်တွေ ဖြစ်နေဆဲပါပဲကွာ။ အင်မော်တယ်ကမ္ဘာနဲ့ပတ်သက်ပြီး ငါတို့က ဘာမှသိပ်မသိကြဘူး။ ပြီးတော့ အန္တရာယ်တွေက အမျိုးမျိုးရှိနေနိုင်တယ်။ ဒါကြောင့် ငါတို့ရဲ့ခွန်အား နည်းနည်းလောက် တိုးမြှင့်ပြီးမှ သွားမယ်ဆိုရင်လည်း အချိန်မနှောင်းသေးပါဘူး"။
ချင်ယွင်လည်း ခေါင်းညိတ်လိုက်ပါသည်။ အမှန်တကယ်မှာလည်း၊ အင်မော်တယ်ကမ္ဘာ သည် သေမျိုးကမ္ဘာထက် အန္တရာယ်မနည်းပါးလှပေ။ ပြောရမည်ဆိုလျှင် သေမျိုးကမ္ဘာ ထက်တောင် ပိုအန္တရာယ်များပါသည်။ ခွန်အားနှင့် အာဏာမရှိဘူးဆိုလျှင် ထိုနေရာသို့ သွားရောက်ခြင်းသည် သေခြင်းတရားကို သွား၍တောင်းခံခြင်းနှင့် အတူတူဖြစ်ပါလိမ့် မည်။
အင်မော်တယ်ကမ္ဘာတွင် အစစ်အမှန် အင်မော်တယ်အဆင့်အောက် ကျင့်ကြံသူများ ရှိကြသော်လည်း အများစုမှာ ကလေးသူငယ်များ ဖြစ်ကြပါသည်။ သိပ်သည်းလှသော အင်မော်တယ်စွမ်းအင်ကြောင့်၊ အင်မော်တယ်ကမ္ဘာတွင် လူတစ်ဦး၏ ပါရမီ အရည်အချင်းသည် အထူးဆိုးရွားခြင်း မရှိသရွေ့၊ သူတို့သည် အခြေခံအားဖြင့် အသက် သုံးဆယ်တွင် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားနိုင်ပါသည်။
ထိုအချိန်တုန်းက ချင်ယွင်သည် အသက်ဆယ်နှစ် အရွယ်မှာ အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ ရောက်ရှိနိုင်ခဲ့ပါသည်။ အကယ်၍ သူသည် ဖရိုဖရဲအင်မော်တယ်အရိုးကို ပိုင်ဆိုင်ခြင်း မရှိခဲ့ဖူးဆိုလျှင် ဆယ်နှစ်အရွယ်ဖြင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် သို့ ရောက်ရှိဖို့က မဖြစ်နိုင်သေးပါဘူး။
"အဲ့ဒါက တစ်ခုတည်းသော အကြောင်းပြချက်မဟုတ်မှာ ကျွန်တော် ကြောက်မိတယ်၊ ဟုတ်တယ် မဟုတ်လား" ချင်ယွင်က ဆက်မေးလိုက်ပါသည်။
အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းရမည်ကို ကြောက်သည်ဆိုလျှင်ပင် သူတို့အားလုံး ကြောက်ဝံ့နေကြခြင်းမျိုးက လုံးဝ မဖြစ်နိုင်ပေ။ သေမျိုးကမ္ဘာတွင် သူတို့ကို ဆက်နေရန်အတွက် ဆွဲဆောင်ထားသည့် အခြားအကြောင်းရင်းများ ရှိရလိမ့်မည်။
"ကျန်းထန်က မင်းက အရမ်းဉာဏ်ကောင်းတယ်လို့ ပြောခဲ့တယ်။ မျှော်လင့်ထား သလိုပဲ မင်းဆီကနေ ဘာမှ ဖုံးကွယ်ထားလို့ မရပါလား?။ မှန်ပါတယ်၊ ငါတို့အားလုံးဟာ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီး အင်မော်တယ်ကမ္ဘာကို မတက်လှမ်းချင်ကြသေးဘူး။ အဓိက အကြောင်းရင်းကလည်း အဲဒီအင်မော်တယ်နန်းတော်ကြောင့်ပဲ။" ရန်ယုဖန်းက ပြုံးပြုံးလေး ပြောလိုက်ပါသည် ။
"အယ်? စီနီယာတို့က အင်မော်တယ်နန်းတော်ထဲ ဝင်ပြီးကြပြီ မဟုတ်ဘူးလား။" ချင်ယွင်က မေးလိုက်ပါသည်။
"မှန်တယ်။ ငါတို့ဟာ အင်မော်တယ်နန်းတော်ထဲကို ဝင်ပြီးသွားပြီ။ ပြီးတော့ အဲဒီအထဲ မှာ အနှစ် ၆၀ လောက်နေခဲ့ကြတယ်။ ဒါပေမယ့် အဲဒါက အင်မော်တယ်နန်းတော်ရဲ့ အပြင်ဘက် ပတ်၀န်းကျင်ထဲကိုပဲ ဝင်လို့ရသေးတယ်။ တကယ့် အခွင့်အရေးကြီးက တော့ အင်မော်တယ်နန်းတော်ရဲ့ နက်ရှိုင်းတဲ့ အတွင်းပိုင်းအရပ်ထဲမှာ ရှိနေဆဲပဲ။" ဆံပင်ဖြူ အဘိုးကြီးက လေးနက်စွာ ပြောလိုက်ပါသည်။ အင်မော်တယ်နန်းတော်၏ "အတွင်းပိုင်း နက်ရှိုင်းသည့်အရပ်ဆိုသည့်” စကားသို့ ရောက်သောအခါ သူ၏ မျက်လုံးများသည် ပူလောင်သောအပူရှိန်ဖြင့် ဝင်းလက် တောက်ပနေပါသည်။
ချင်ယွင်သည် ခဏတာ အံ့အားသင့်သွားပါသည်။ သူတို့သည် အင်မော်တယ်ဘုရင်၏ နန်းတော်တွင် အနှစ်ခြောက်ဆယ်ကြာ နေထိုင်ခဲ့ကြသော်လည်း ၎င်းတို့သည် အင်မော်တယ်နန်းတော်၏ အစွန်အဖျားတွင်သာ ရှိနေကြရသည်။ အင်မော်တယ် နန်းတော်ထဲကို မဝင်ကြရသေးပေ။ ဤသည်မှာ မယုံနိုင်လောက်အောင်ပင် ဖြစ်ရပါ သည်။
သို့သော် ဤအကြောင်းကို စဉ်းစားကြည့်လျှင် သာမန်သာ ဖြစ်ပါသည်။ ဤ အင်မော်တယ်နန်းတော်သည် အင်မော်တယ်ဘုရင်တစ်ပါး၏ နေအိမ်ဖြစ်ပါသည်။ အကယ်၍ ဝင်ရလွယ်ကူနေသည်ဆိုလျှင် ထိုအင်မော်တယ်ဘုရင်ကို အင်မော်တယ် ဘုရင်လို့ မည်သို့ ခေါ်ဆိုနိုင်တော့မည်နည်း?။
"ဒါဆို စီနီယာတို့က အနှစ်ခြောက်ဆယ်ကြာအောင် နေခဲ့ပြီးပြီဆိုတော့ အင်မော်တယ် နန်းတော်ကို ဝင်ဖို့ နည်းလမ်းရှာတွေ့ပြီလား။" ချင်ယွင်က မေးသည်။
အနှေးနှင့်အမြန်ဆိုသလို သူသည် အင်မော်တယ်ဘုရင်၏ နန်းတော်သို့ သွားရမည် ဖြစ်ပါသည်။ ထို့ကြောင့် ရန်ယုဖန်းထံမှ အချက်အလက်များ ပိုမိုရရှိနိုင်မည်ဆိုလျှင် အနာဂတ်တွင် သူ့အတွက် များစွာအထောက်အကူ ဖြစ်ပါလိမ့်မည်။
"တွေ့ပြီပေါ့။ ဒီတစ်ခါ ဒီကိစ္စအတွက် ထွက်လာခဲ့ကြတာပဲ။" ရန်ယုဖန်းက ပြောသည်။
"အိုး? ဘာနည်းလမ်းများလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
အင်မော်တယ်နန်းတော်ထဲကို ဝင်ဖို့အတွက်ဆို မင်းအနေနဲ့ အင်မော်တယ်နန်းတော်ရဲ့ သော့တစ်ချောင်း လိုအပ်တယ်။ အင်မော်တယ်နန်းတော်ရဲ့ သော့တစ်ချောင်း ရှိနေတာနဲ့ မင်းဟာ အင်မော်တယ်နန်းတော်ထဲကို ဝင်လို့ရတယ်။ အင်မော်တယ် နန်းတော်ရဲ့ သော့က စုစုပေါင်း ကိုးချောင်းရှိတယ်။ အင်မော်တယ်နန်းတော်ရဲ့ အတွင်းပိုင်းကို ဝင်ရောက်ဖို့အတွက်ဆို၊ မင်းမှာ သော့ကိုးချောင်း ရှိရမယ်။" ရန်ယုဖန်းက ပြောသည်။
"သော့ကိုးချောင်းလုံးကို လိုအပ်တာလား?” ချင်ယွင်က ချက်ချင်းပင် မျက်မှောင် ကြုတ်လိုက်ပါသည်။
အနှစ်ငါးထောင်ကျော်သွားခဲ့ပြီးဖြစ်ကာ သော့ကိုးချောင်းသည်လည်း ကမ္ဘာအနှံ့ ပြန့်ကျဲ သွားခဲ့ပြီ။ သော့ကိုးချောင်း မည်သည့်နေရာမှာ ရှိနေသနည်းဆိုသည်ကို မည်သူကရော သိနိုင်မည်နည်း?။
“အဲဒီအချိန်တုန်းက အင်မော်တယ်နန်းတော်ထဲကို ဝင်တဲ့သူ စုစုပေါင်း ခုနစ်ယောက် ရှိတယ်ကွ။ နှစ်ယောက်က သေသွားပြီး ငါတို့ငါးယောက်ပဲ ထွက်လာနိုင်တယ်။ ဒါကြောင့် အခု ငါတို့မှာ သော့ခုနစ်ချောင်း ရှိနေပြီ။ နောက်ထပ် သော့နှစ်ချောင်းကို ရှာတွေ့တာနဲ့ အင်မော်တယ်နန်းတော်ရဲ့ အတွင်းပိုင်းတံခါးကို ဖွင့်လိုက်ရုံပဲ" ရန်ယုဖန်း က ပြောသည်။
ချင်ယွင် မှင်သက် အံ့ဩသွားပါသည်။ သူတို့မှာ သော့ခုနစ်ချောင်း ရှိပြီးသား ဖြစ်နေပါပြီ။ သူ၏လက်ထဲက သော့တစ်ချောင်းနှင့်ပါဆိုလျှင်၊ စုစုပေါင်း သော့ရှစ်ချောင်း ရှိလာမှာ မဟုတ်ဘူးလား?၊ နောက်ဆုံးတစ်ချောင်းပဲ ပျောက်ဆုံးနေခြင်း မဟုတ်ပါလား?။
သို့သော် ဤသည်မှာ နောက်ဆုံးသော့ဖြစ်ပြီး ၎င်းကိုရှာဖွေရန်မှာလည်း မလွယ်ကူလှ ပေ။
"သော့တစ်ချောင်းက လူတစ်ယောက်ပဲ ဝင်နိုင်တယ်။ ငါကလည်း အဲဒီလူနည်းစုထဲမှာ စွမ်းအား အနည်းဆုံးပဲ။ တကယ်လို့ ငါက အင်မော်တယ်ဘုရင်ရဲ့နန်းတော်ထဲ ဝင်ခဲ့မယ် ဆိုရင်တောင်မှ သူတို့က ငါ့ကို ဖယ်ထုတ်ပစ်မှာ သေချာပါတယ်။ ဒါကြောင့် မင်းကို ငါနဲ့အတူတူ အင်မော်တယ်နန်းတော်ရဲ့သော့ကို ရှာပြီး၊ အင်မော်တယ်ကမ္ဘာထဲကို အတူတူဝင်စေချင်တယ်။ ဒီနည်းနဲ့ အင်မော်တယ်နန်းတော်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်လို့ရတာပေါ့။" ဆံပင်ဖြူ အဘိုးကြီးက ပြောသည်။
ရန်ယုဖန်းသည် သူ့အား လာရှာရသည့်အကြောင်းအရင်းကို ချင်ယွင်သည် ရုတ်တရက် သဘောပေါက်သွားပါသည်။ သူ့ကိုရှာဖို့အတွက် သူသည် ကောင်းကင်နဂါးတိုက်ကြီးကို ရောက်ဖူးပြီးသား ဖြစ်ရလိမ့်မည်။ ထို့နောက် သူထွက်သွားသည့် သတင်းကို ကြားသည်နှင့် သူသည် ချင်ယွင်၏ နောက်သို့ တလမ်းလုံး လိုက်နေခဲ့ခြင်း ဖြစ်ပါလိမ့် မည်။ ချင်ယွင်၏ နောက်ကို လိုက်ပါလာစဉ်မှဦ သူသည် အမြီးကိုးချောင်း မီးလျှံ မြေခွေးမ၏ ရင်ဆိုင်ကြုံတွေ့ရသည့်မြင်ကွင်းကို သူ တွေ့ရခြင်း ဖြစ်ပါလိမ့်မည်။
ထိုသို့ဆိုလျှင် အရာအားလုံးက အဓိပ္ပါယ်ရှိသွားပါပြီ။
ရန်ယုဖန်းပြောသလို အင်မော်တယ်နန်းတော်သို့ အတူတကွဝင်ရောက်ခြင်းနှင့် ပတ်သက်၍မူ ချင်ယွင်သည်လည်း အားနည်းချက်များစွာ မရှိသဖြင့် ကောင်းသော အရာ ဖြစ်သည်ကို ခံစားခဲ့ရသည်။
အင်မော်တယ်နန်းတော်၏ အတွင်းပိုင်းကို ဖွင့်ရန်အတွက် သော့ကိုးချောင်း လိုအပ်နေ ကတည်းက လူအနည်းငယ်သာ ဝင်ရောက်နိုင်မှာဖြစ်ပြီး သော့လည်း သေချာပေါက် အနည်းငယ်သာ ရှိနေပါလိမ့်မည်။ သို့မှသာ သူတို့လက်ထဲတွင် အပိုသော့များကို အသုံးမပြုနိုင်ခြင်း မရှိနိုင်တော့ပေ။
ရန်ယုဖန်း နှင့် ချင်ယွင်တို့ နှစ်ယောက်စလုံးသည် ထျန်းယွန်တိုက်ကြီးမှ ဖြစ်ပါသည်။ ရန်ကလန်အပေါ် ချင်ယွင်၏ ကြင်နာမှုကိုပါ ထည့်တွက်လျှင် ရန်ယုဖန်းသည် ချင်ယွင်၏ အကောင်းမွန်ဆုံး မဟာမိတ်ဟု ဆိုနိုင်ပါသည်။ ပြောရမည်ဆိုလျှင် ချင်ယွင် သည်လည်း ရန်ယုဖန်းနှင့် မဟာမိတ်ဖွဲ့ဖို့ သေချာပေါက် ရွေးချယ်မှာ ဖြစ်ပါသည်။
သို့သော် ချင်ယွင်သည် ယခုအချိန်တွင် အင်မော်တယ်နန်းတော်သော့ကို သူပိုင်ဆိုင် ထားကြောင်း ရန်ယုဖန်းအား ပြောပြရန် ရည်ရွယ်ချက်မရှိသေးပေ။ ကိုးခုမြောက်သော့ ထွက်ပေါ်လာပြီးနောက်မှ ပြောပြဖို့ စီစဉ်ထားပါသည်။
ဟုတ်ပါသည်။ ဒီမတိုင်ခင်မှာ ချင်ယွင်သည် သူ၏ခွန်အားကို မြှင့်တင်ရန် ကြိုးစား အားထုတ်ခဲ့ရပါလိမ့်မည်။
အကယ်၍ သူသည် လုံလောက်အောင် သန်မာခြင်းမရှိပါက၊ အင်မော်တယ်နန်းတော်သို့ ဝင်ရောက်နိုင်မည်ဆိုလျှင်ပင် သူသည် ရတနာတွေကို တွေ့ရသည့်အခါ သူ့ကိုယ်သူ ကာကွယ်နိုင်မည် မဟုတ်ပေ။
အင်မော်တယ်နန်းတော်ထဲသို့ မဝင်မီတွင် သူ့မှာ ပို၍အရေးကြီးသည့် ကိစ္စတစ်ခု ရှိနေခဲ့ပြီး ယင်းမှာ ဇီရှန်နှင့် ရှောင်ဘိုင်တို့ကို ကယ်တင်ရန်ဖြစ်ပါသည်။ ထို့သို့ မဟုတ်ပါက ချင်ယွင်သည် စိတ်အေးလက်အေး ရှိလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ချင်ယွင်က ဆက်မေးလိုက်ပါသည် "စီနီယာရန်၊ ကျွန်တော့်ကို နတ်ဆိုးဘုရားအကြောင်း ပြောပြပေးနိုင်မလား?"