အခန်း ၆၀၉
Vol. 41 Ch. 609
အခန်း (၆၀၉) အထွက်အထိပ်အဆင့် ကြယ်ဖမ်းခြင်းနယ်ပယ်။
ချင်ယွင်သည် နှောင်းပိုင်းအဆင့် ကြယ်ဖမ်းခြင်းနယ်ပယ်သို့ ဖြတ်ကျော်ပြီး အဖြူရောင် လူပုကြယ်၏ မျက်နှာပြင်ပေါ်တွင် ရပ်တည်နိုင်ရန်အတွက် ဆယ်ရက်သာ အချိန် ယူခဲ့ရပါသည်။ ဤသည်မှာ ချင်ယွင်အတွက် ကြီးမားသည့် တိုးတက်မှုကြီး တစ်ခုဖြစ်ပါ သည်။
ဟုတ်ပါသည်။ ချင်ယွင်လည်း ယင်းအတွက် နာကျင်ဖွယ်ရာ အဖိုးအခများကို ပေးဆပ်ခဲ့ရပါသည်။ အထူးသဖြင့် ဒသမမြောက်နေ့တွင် အဖြူရောင် လူပုကြယ်၏ အထက် အမြင့်မီတာတစ်ထောင်မှ ပြုတ်ကျခြင်း ဖြစ်ပါသည်။ ထိုကြောက်မက်ဖွယ် ကောင်းသော ပြုတ်ကျမူအင်အားသည် အဖြူရောင် လူပုကြယ်၏ မျက်နှာပြင်တွင် သုံးမီတာနက်သော လူပုံစံတွင်းနက်တစ်ခုအား တိုက်ရိုက် ဖြိုခွင်းသွားခဲ့ပါသည်။
ချင်ယွင်သည် ဒဏ်ရာများမှ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်မလာမီ တွင်းနက်ကြီး ထဲတွင် ရှစ်နာရီကြာအောင် အိပ်နေခဲ့ရပါသည်။ သူသည် တွင်းနက်ကြီးထဲမှ တွားသွား တက်လာနိုင်ရန် ရက်ဝက်ခန့် အချိန်ယူခဲ့ရသည်။
ယခုအချိန်တွင် သူသည် မတ်တပ်ရပ်ရုံသာ စွမ်းနိုင်သေးပြီး လမ်းလျှောက်ရန်မှာ အလွန် ခက်ခဲနေပါသေးသည်။
သို့သော်လည်း ရှေးဟောင်းတာအိုဆရာသခင်က ချင်ယွင်ကို အသက်ရှုရန် အခွင့်အရေးပင် မပေးခဲ့ပါဘူး။ ချင်ယွင် မတ်တပ်ထရပ်နိုင်သည်နှင့် တပြိုင်နက် သူသည် ချင်ယွင်အတွက် သူ၏ခန္ဓာကိုယ်ကို ထိန်းကျောင်းပေးနိုင်ရန် ဒုတိယပိုင်း ကျင့်ကြံခြင်း အစီအစဉ်ကို ရေးဆွဲထားပြီး ဖြစ်နေပါသည်။
ခန္ဓာကိုယ်ကို ထိန်းကျောင်းပေးခြင်း လေ့ကျင့်မှုသည် ယခင်က အမြင့်မှ ပြုတ်ကျခြင်း လေ့ကျင့်ခန်းလောက် ရက်စက်ပြင်းထန်မှု မရှိသော်လည်း ယခင် အမြင့်မှပြုတ်ကျ ခြင်းလေ့ကျင့်ခန်းထက် ပိုမိုနာကျင်ရပါသည်။
ရှေးဟောင်းတာအိုဆရာသခင်သည် သူ ယခင်ကတည်းက ကြိုတင်သန့်စင်ထားသည့် ဂျင်တစ်ထောင် အလေးချိန်ရှိသည့် ချပ်ဝတ်တန်ဆာကို ချင်ယွင်ကို ဝတ်ဆင်ခိုင်းပါ သည်။ ဂျင်တစ်ထောင်ချပ်ဝတ်တန်ဆာသည် ပုံမှန်အချိန် အသုံးပြုပါက ချင်ယွင် အတွက် ဘာမှမဟုတ်သော်လည်း ဤအဖြူရောင် လူပုကြယ်ဂြိုဟ်ပေါ်တွင် မတူကွဲပြား ပါသည်။
ဤဂျင်တစ်ထောင် ချပ်ဝတ်တန်ဆာသည် ဤအဖြူရောင် လူပုဂြိုလ်ပေါ်တွင် ဧရာမ တောင်ကြီးတစ်ခုထက်ပင် အဆပေါင်းများစွာ ပိုလေးနေပါတယ်။ ချင်ယွင်၏ ခန္ဓာကိုယ် ကို ၀တ်ဆင်ပြီးသည်နှင့် မတ်တပ်ရပ်နေပြီဖြစ်သော ချင်ယွင်သည် မတ်တပ်ပင် လုံးဝ မရပ်နိုင် ဖြစ်သွားရကာ သူ၏တစ်ကိုယ်လုံး ပြိုကျလုနီးပါး ဖြစ်နေပါသည်။
သို့သော်လည်း ရှေးဟောင်းတာအိုဆရာသခင်က သူ့ကို ချမ်းသာမပေးခဲ့ပါဘူး။ ယင်းအစား၊ သူ့ကို လှဲအိပ်ခိုင်းပြီးနောက် မတ်တပ်ထရပ်ခိုင်းပါသည်။ ထို့အပြင် သူသည် မြင်းထိုင်ပုံစံ ကိုယ်နေဟန်ကို လေ့ကျင့်ရပေမည်။
ချင်ယွင်သည် အဆုံးအထိ လုံးလုံး ခံနိုင်ရည်မရှိတော့ဘဲ သူ၏ခြေထောက်တစ်ခုလုံး လုံးဝ ထုံကျင်ပြီး ပြိုလဲသွားပါသည်။
ယင်းက ရှေးဟောင်းတာအိုဆရာသခင်သည် ကျင့်ကြံရန်အတွက် ကြီးမားလေးလံသော ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်စေခဲ့သည့် ယခင်နေရာဟောင်းကို ပြန်ရောက်သွားသည့် ခံစားချက်မျိုးကို သူ့အား ပေးနေခဲ့ပါသည်။ ထိုအချိန်တုန်းက သူသည် သိုင်းသခင် အဆင့်တွင်သာ ရှိပါသေးသည်။ သူ ပျင်းရိပြီး အပါးခိုနေသည့်အခါတိုင်း၊ သူ၏ ရှေးဟောင်းတာအိုဆရာသခင်က မြူနှင်းချောက်နက်ဓားကို အသုံးပြုပြီး သူ့ကို လွင့်ထွက်အောင် ရိုက်ထုတ်ပစ်တတ်သည်။
ယခုလည်း ခြွင်းချက် မရှိပါဘူး။ ချင်ယွင်၏ လှုပ်ရှားမှုများသည် သူ၏စံနှုန်းနှင့် မတူညီသည့် အခါတိုင်း၊ သူသည် သ်၏ဓားကို အသုံးပြုပြီး ရိုက်နှက်လေ့ရှိသည်။ သူက ချင်ယွင်ကို ကြာပွတ်သဖွယ် ရိုက်နှက်သည့်အခါတိုင်း အရိုးဒါဇင်ပေါင်းများစွာ ကျိုးသွား ခဲ့သည်။
ထိုကဲ့သို့ပင် ချင်ယွင်သည် မြင်းထိုင်ကိုယ်နေဟန်ကို ငါးရက်တင်းတင်းပြည့်အောင် လေ့ကျင့်ပြီးနောက် ယခုအချိန်တွင် ချင်ယွင်သည် အဖြူရောင် လူပုကြယ်၏ မျက်နှာပြင်ပေါ်တွင် ပုံမှန်အတိုင်း လျှောက်လှမ်းနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
ယခုအချိန်မှာတော့ ရှေးဟောင်းတာအိုဆရာသခင်သည် ချင်ယွင်ကို တိုက်ရိုက် ပြေးခိုင်းပါသည်။ သူက သူ၏နောက်မှ ပြေးလိုက်ပါသည်။ ချင်ယွင် အရှိန်လျှော့သွား သည်နှင့် သူ၏ဓားသည် ချင်ယွင်၏ တင်ပါးကို ချက်ချင်းပင် ရိုက်နှက်လိုက်ပြီး သူ့ကို မီတာရာပေါင်းများစွာအကွာအဝေးထိ လွင့်ပျံသွားစေခဲ့သည်။ ချင်ယွင်၏ ပြုတ်ကျခြင်း ကို အသားခုနစ်မျိုး၊ ဟင်းသီးဟင်းရွက် ရှစ်မျိုးဟုခေါ်သည်။ (ဤသည်မှာ ပြုတ်ကျခြင်း ကို နာမည်ပေးထားခြင်း ဖြစ်ဟန်တူပါသည်)။
ဤကဲ့သို့ပင် ချင်ယွင်သည် နောက်ထပ်ငါးရက်တိုင်တိုင် အပြေးလေ့ကျင့်မှုကို ကြံ့ကြံ့ခံခဲ့ရသည်။
ထို့နောက် အခြေခံလေ့ကျင့်ခြင်း အမျိုးမျိုးကို ပို့ချပေးခဲ့သည်။ လမ်းတစ်ဝက် အရောက်မှာ ရှေးဟောင်းတာအိုဆရာသခင်က ချင်ယွင်၏ ကိုယ်အလေးချိန်ကို အနည်းငယ်တိုးအောင် အထူးကူညီပေးခဲ့ပြီး သူ၏အလေးချိန် ဂျင်တစ်သောင်းအထိပင် တိုက်ရိုက် ရောက်ရှိစေခဲ့ပါသည်။ သို့သော် သူသည် ယခင်လေ့ကျင့်ခန်းများကို ထပ်ခါတလဲလဲ ပြုလုပ်ခိုင်းပါသည်။
ရိုးရှင်းသော လေ့ကျင့်ခန်းများကို ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ရသော်လည်း အံ့အားသင့်ဖွယ် ထိရောက်မှုရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။
ချင်ယွင်သည် သူ၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် နေ့စဉ်နှင့်အမျှ လျင်မြန်စွာ တိုးတက်လာနေကြောင်းကို တွေ့ရှိခဲ့ရသည်။ ဤအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ် သည် အကန့်အသတ်မဲ့ စွမ်းအားများဖြင့် ပြည့်နှက်နေသည်ဟု သူ ခံစားမိသည်။
တလမပြည့်ခင် ၂၅ရက် အစောပိုင်းမှာပင် ချင်ယွင်သည် ကြယ်ဖမ်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်ပါသည်။
သို့သော် ချင်ယွင်သည် လေ့ကျင့်ခြင်းကို ရပ်တန့်ခြင်းမရှိခဲ့ဘဲ လေ့ကျင့်မှုကို တိုးမြှင့်ခဲ့ သည်။ သူသည် ဂျင်အလေးချိန် နှစ်သောင်းကို တိုက်ရိုက်သယ်ဆောင်ပြီး နောက်ထပ် ငါးရက်ကြာအောင် လေ့ကျင့်ခဲ့ပါသည်။
ရက်သုံးဆယ်မြောက်နေ့တွင် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အလေးချိန်အားလုံး ကို ဖယ်ရှားလိုက်ကာ စွမ်းအားရှိသမျှ အစွမ်းကုန်အသုံးပြုကာ အဖြူရောင် လူပုကြယ်ပေါ်သို့ ပြေးသွားခဲ့ပါသည်။
ထိုအမြန်နှုန်းသည် လှည့်ပတ်ပျံသန်းနေသည့် အလားပင်။ သူသည် အဖြူရောင် လူပုကြယ် တစ်ခုလုံးကို လှည့်ပတ်ပြေးနိုင်အတွက် အချိန်သုံးနာရီမျှသာ ကြာခဲ့ပါသည်။
အဖြူရောင်လူပုကြယ်သည် သိပ်ပြီး ကြီးမားခြင်း မရှိသော်လည်း အဖြူရောင် လူပုကြယ်တစ်ခုလုံးကို သုံးနာရီအတွင်း လည်ပတ်ပြေးသွားနိုင်ခြင်းမှာ လူတိုင်းအတွက် မယုံနိုင်စရာပင် ဖြစ်နေပါလိမ့်မည်။
"ဘုန်း….!"
ချင်ယွင်၏ လက်သီးချက်သည် မြေပြင်ပေါ်သို့ ကျရောက်သွားပြီး အဖြူရောင် လူပုကြယ်တစ်ခုလုံး တသိမ့်သိမ့် တုန်လှုပ်သွားပါသည်။ မြေပြင်ပေါ်တွင် ကြီးမားသော အက်ကြောင်းကြီးတစ်ခု ပေါ်လာပါသည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်နှာသည် တောက်လောင်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာပါသည်။
ဝှီး…..!
ချင်ယွင်က သူ၏ခြေထောက်ကို ဆောင့်နင့်လိုက်သည်နှင့် သူ၏တစ်ကိုယ်လုံးသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး စကြဝဠာထဲကို တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။
အဝေးမှာရှိနေသည့် ကြယ်သေတစ်ခုကို လှမ်းကြည့်လိုက်ရင်း ချင်ယွင်၏ မျက်လုံး တွေက တောက်လောင်နေသည့် အလင်းရောင်တွေဖြင့် ဝင်းလက် တောက်ပနေပါ သည်။ သူ၏ခန္ဓာကိုယ်ရှိ သိမ်မွေ့နက်နဲသော အဝါရောင် စွမ်းအင်အားလုံးသည် တဟုန်ထိုး မြင့်တက်လာခဲ့ပြီး သူ၏လက်ဖဝါးပေါ်တွင် စုစည်းသွားသည်။
"နတ်ဆိုးနတ်ဘုရား ကြယ်ဖမ်းလက်…!"
ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး လေဟာနယ်ဆီသို့ သူ၏လက်ဖဝါးကို ဖြန့်လိုက်လေသည်။
ရုတ်တရက် ဧရာမ လက်ဖဝါးကြီးတစ်ဖက်သည် စကြဝဠာ၏ လေဟာနယ်ထဲတွင် ပေါ်လာပါသည်။ လက်ဖဝါးကြီးသည် အရုပ်ဘောလုံးကဲ့သို့ ထိုကြယ်သေကို လက်ထဲတွင် ဆုပ်ကိုင်လိုက်ပါသည်။
"ဘုန်း….!"
သူ၏လက်ဖဝါးကို ညှစ်လိုက်သည်နှင့် ထိုကြယ်သေတစ်ခုလုံး ပေါက်ကွဲသွားပါသည်။
ထိုကဲ့သို့ပင်၊ ချင်ယွင်သည် ဂြိုဟ်သိမ်တစ်ခုအား ချေမွပစ်လိုက်ပါသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်လုံးများသည် ဖော်ပြ၍မရသည့် စိတ်လှုပ်ရှားမှုများဖြင့် ဝင်းလက်တောက်ပလာသည်။
ချင်ယွင်သည် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဟု ယုံကြည်ပါသည်။ ဤကြယ်ဖမ်းလက်ဖြင့် ဆို သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင် ပညာရှင်များကိုပင် သတ်ဖြတ်နိုင်ပါသည်။
မြူနှင်းချောက်နက်ဓားသည် ချင်ယွင်၏ အနားတွင် လွင့်မျောနေရင်း ရှေးဟောင်း တာအိုဆရာသခင်၏ရုပ်အသွင်က ဓားပေါ်တွင် ပေါ်လာပါသည်။ ရှေးဟောင်းတာအို ဆရာသခင် အဝေးမှာ ပေါက်ကွဲနေသော ကြယ်သေကြီးကို ကြည့်ပြီး သူ၏မျက်နှာက ကျေနပ်သည့် အမူအရာ ပေါ်လာပါသည်။
ကြယ်ဖမ်းလက်သည် ကြယ်များကိုပင် ရိတ်သိမ်းနိုင်ပါသည်။ ယခုလေးတင် ချင်ယွင်၏ ခန္ဓာကိုယ်သည် ကြယ်ဖမ်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ဖြတ်ကျော် သွားသည့်အခါ၊ သူ၏ နတ်ဆိုးနတ်ဘုရား ကြယ်ဖမ်းလက်သည်လည်း မဟာယာန နယ်ပယ်သို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ပြီး ၎င်းတို့၏ စွမ်းအားသည်လည်း အလွန်ကြီးမား လာခဲ့သည်။ (မဟာယာနနယ်ပယ်နှင့်ပတ်သက်ပြီး သီးခြားထုတ်ပြခြင်း မျိုးမတွေ့ရသည့်အတွက် ပါရှိသည့်အတိုင် ပြန်ဆိုလိုက်ရပါသည်။ ရှေ့မှာလည်း တွေ့ခဲ့ဖူးပါသည်။)
"ဇီရှန်နဲ့ ရှောင်ဘိုင်တို့နှစ်ယောက်ကို ကယ်တင်ဖို့အတွက် နတ်ဆိုးနတ်ဘုရားနန်းတော် ကို သွားရမယ့် အချိန်ရောက်ပြီ" ချင်ယွင်က သူ၏လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူ၏မျက်လုံးတွေက ခိုင်မာသည့် ယုံကြည်မှုတွေနှင့် ပြည့်နေပါသည်။ ထို့နောက် သူသည် လေဟာနယ် သလင်းကျောက် အပိုင်းအစကို ထုတ်ယူကာ ရှေးဟောင်းတာအိုဆရာသခင်၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး သူတို့ရှိနေသည့် သေမျိုးဂြိုလ်ကမ္ဘာဆီသို့ တဟုန်ထိုး ပြေးသွားလေသည်။
ချင်ယွင်သည် သေမျိုးဂြိုဟ်ကမ္ဘာသို့ အပြေးအလွှား ပြေးသွားတော့မည့် တစ်ချိန်တည်း မှာပင်……။
ဖိတ်ခေါ်မထားသော ဧည့်သည်နှစ်ဦးသည် ထျန်းယွန်တိုက်ကြီးနှင့် တွင်းနက်မဲ့ ပင်လယ်ကြီးတို့ ထိစပ်နေသည့် ဝမ်ယွီကမ်းရိုးတမ်းမြို့သို့ ရောက်ရှိလာခဲ့ပါသည်။
ခေါင်းဆောင်သည် အလွန်နတ်ဆိုးဆန်လွန်းသည့် နတ်ဆိုးလူငယ်တစ်ဦး ဖြစ်ပါသည်။ ပထမအကြည့်တစ်ချက်ဖြင့်ပင် သူက ယောက်ျားလား၊ မိန်းမလားဆိုသည်ကို မပြောနိုင်ပါဘူး။ သူသည် အဖြူရောင် ပန်းထိုး၀တ်စုံကို ၀တ်ဆင်ထားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ နတ်ဆိုးအငွေ့အသက်များ ထွက်ပေါ်နေပါသည်။
သူ၏မျက်လုံးတွေက အရမ်းကို ထူးခြားလွန်းပါသည်။ ၎င်းမျက်လုံးများသည် သာမန် လူများ၏ အနက်ရောင် သားငယ်အိမ်များနှင့် မတူချေ။ ယင်းအစား၊ ၎င်းတို့သည် ညကောင်းကင်ယံတွင် အတောက်ပဆုံး ခုနှစ်စင်ကြယ် အပြာရောင်အလင်းစက် ခုနှစ်နှင့် တူနေပါသည်။
သူ၏နောက်တွင် အနီရောင်ဝတ်ရုံရှည်ကို ၀တ်ဆင်ထားသည့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ရှိနေပါသည်။ ထိုဆွဲဆောင်မှုရှိသော အမျိုးသမီး၏ အသွင်အပြင်က အလွန်လှပပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဆွဲဆောင်မှုရှိသည့် အငွေ့အသက်တွေကို ထုတ်လွှတ်နေပါသည်။
ပတ်ဝန်းကျင်မှ လူများသည် သူမကို ကြည့်လိုက်သည်နှင့် သူမကို လုံးလုံးလျားလျား စွဲလမ်းသွားကာ ရူးသွပ်သွားနိုင်လောက်သည်။
"မင်းပြောခဲ့တဲ့ ချင်ယွင်ဆိုသူကို ရန်ယုဖန်းက တကယ်ပဲ ကယ်တင်သွားတာလား?" နတ်ဆိုးဆန်ဆန်လူငယ်သည် သူ၏နောက်မှ အမျိုးသမီးဆီသို့ ခေါင်းအနည်းငယ် လှည့်ကာ သူ၏မျက်နှာပေါ်တွင် အပြုံးမပျက် ပြောလိုက်ပါသည်။
"သခင် နတ်ဆိုးဘုရား၊ သခင်ပြောတာ မှန်ပါတယ်။ သခင်ရှာနေတဲ့ ချင်ယွင်ကို ရန်ယုဖန်းက ကယ်တင်သွားခဲ့တယ်။ သူ့ရဲ့ရုပ်ရည်အသွင်အပြင်က သခင်ပေးခဲ့တဲ့ပုံနဲ့ အတူတူပါပဲ။" ချစ်စဖွယ်ကောင်းသော အမျိုးသမီးက ပြောသည်။
"အိုး? ဇီရှန်ရဲ့ မှတ်ဉာဏ်တွေကို ဖတ်ဖို့ သုံးလလောက် အချိန်ယူခဲ့ရတယ်။ ဒီချင်ယွင်က အဆုံးမဲ့ချောက်နက်ကြီးထဲက လှိုဏ်ဂူတစ်ခုထဲမှာ အဋ္ဌမမြောက် အင်မော်တယ် နန်းတော်ရဲ့ သော့ကို ရရှိသွားခဲ့တယ်။ ရန်ယုဖန်းက သူ့ကို အမှန်တကယ် ကယ်တယ် သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ပါဘူး။." နတ်ဆိုးလူသား၏ နှုတ်ခမ်းထောင့်စွန်း က အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
"ဒါဆို သခင် နတ်ဆိုးနတ်ဘုရားက ဘာလုပ်ဖို့ စီစဉ်ထားပါလဲ။" ဆွဲဆောင်မှုရှိသော အမျိုးသမီးက မေးလိုက်ပါသည်။
"ဟမ့်၊ စွမ်းအားမရှိတဲ့လူနဲ့ လုံလောက်အောင် ခွန်အားမပြည့်ဝတဲ့ လူတစ်ယောက်က အင်မော်တယ်နန်းတော်ရဲ့ သော့နှစ်ချောင်းကို ပိုင်ဆိုင်ချင်နေတယ်။ ဒီအစားချင်စိတ်က ကြီးမားလွန်းတယ်။ အခုလိုဖြစ်လာမှတော့ အဋ္ဌမသော့ကို လုယူရုံတင်မကတော့ဘူး၊ သူ့ဆီက သော့ကိုလည်း လုယူရလိမ့်မယ်" နတ်ဆိုးလူငယ်၏ နှုတ်ခမ်းထောင့်စွန်းများ သည် ယုတ်မာသော အပြုံးတစ်ခုအဖြစ်သို့ တွန့်ကွေးသွားပြီး သူ၏လက်သီးများကို သူ၏ရင်ဘတ်ရှေ့တွင် တင်းတင်း ဆုပ်ထားလေသည်။
ထိုမြင်ကွင်းကို လှပသောအမျိုးသမီးသည် မြင်လိုက်ရလျှင် သူမ၏မျက်နှာက ချစ်စရာကောင်းပြီး တက်မက်ဖွယ် အပြုံးတွေ ဝေဆာသွားပါသည်။