အခန်း ၆၁၃
Vol. 41 Ch. 613
အခန်း(၆၁၃) နတ်ဆိုးနတ်ဘုရား၏စွမ်းအား။
"ဘုန်း…..!"
ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပါသည်။ သူ၏ခန္ဓာကိုယ်သည် မြေပြင်မှ ပေရာပေါင်းများ စွာအကွာအထိ ချောတိုက်ထွက်သွားပြီး မရေမတွက်နိုင်သော ကျောက်တုံးများသည် ကွဲအက်သွားသည့် ရှည်လျားသော လမ်းကြောင်းနောက်တွင် ကျန်ရစ်ခဲ့သည်။
ချင်ယွင်သည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေပြီး သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျနေကာ အံ့အားသင့်ဟန် အရိပ်အယောင် ပေါ်နေပါသည်။
ယခုအချိန်တွင်၊ သူ၏ရုပ်ခန္ဓာကိုယ်သည် ကြယ်ဖမ်းခြင်းနယ်ပယ်၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ သူ၏ခွန်အားသည် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသည်ဆိုခြင်းထက် ပို၍ပင် ကြောက်စရာကောင်းနေပါပြီ။ သို့သော် သူသည် ယခုလေးတင် ယောင်လင်းခေါင်၏ လက်သီးချက်အား အမှန်တကယ်ပင် မခုခံနိုင်ခဲ့ပေ။ ယောင်လင်းခေါင်၏ လက်သီးချက်သည် မည်မျှ ကြောက်စရာကောင်းသည်ကို တွေးကြည့်နိုင်သည်။
ယောင်လင်းခေါင်၏ လက်သီးချက်ကြောင့် ချင်ယွင်သည် တုန်လှုပ်သွားခဲ့ရသည်။ သို့သော်လည်း ယောင်လင်းခေါင်သည် သူ၏နောက်ကို လိုက်ပါလာခြင်း မရှိခဲ့ပေ။ သူ၏ခန္ဓာကိုယ်သည် လေထဲတွင် လွင့်မျောနေပြီး သူ၏မျက်လုံးတွေက ပတ်ဝန်းကျင် တစ်ခုလုံးကို လင်းလက်တောက်ပစေသည့် ညပုလဲနှစ်လုံးကဲ့သို့ လင်းထိန်နေပြီး သူ၏ အငွေ့အသက်က ဆက်လက် မြင့်တက်နေဆဲပင်။
"ငါ့ရဲ့ခွန်အားက မင်းစိတ်ကူးနိုင်တဲ့ အရာမဟုတ်ဘူးလို့ ငါ ပြောခဲ့သားပဲ။ ဟမ့်၊ မင်းကများ ငါ့ကို အနိုင်ချင်ယူပြီး အချည်းနှီး သေခြင်းတရားကို ရှာချင်နေသေးတယ်။" ယောင်လင်းခေါင်၏ အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း ကမ္ဘာတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားသည့် အသံကို ဖြစ်စေနိုင်ပါသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်ခြင်းဖြင့်၊ လေဟာနယ်တစ်ခုလုံး ကွဲအက်သွားသည့် အရိပ်အယောင်များ ပေါ်လာဟန်ရပြီး အင်ပါယာမြို့တော်အတွင်းရှိ ကမ္ဘာမြေကြီးသည် အဆက်မပြတ် တုန်လှုပ်သွားခဲ့သည်။
အဝေးမှ ရန်ယုဖန်း၏ မျက်နှာသည် နှိုင်းစာ၍မရသည့် ကြောက်ရွံ့ထိတ်လန့်သော အမူအရာ ပေါ်လာပါသည်။ ဤအခိုက်အတန့်တွင်၊ ယောင်လင်းခေါင်၏ ခွန်အားသည် သူ၏ စိတ်ကူးစိတ်သန်းကိုပင် လုံးဝ ကျော်လွန်သွားခဲ့ပါပြီ။
"မင်း ဘယ်လောက် သန်မာတယ်ဆိုတာ ငါ ဂရုမစိုက်ဘူး။ အစ်မဇီ နဲ့ ရှောင်ဘိုင်တို့ နှစ်ယောက်ကို မလွှတ်ပေးဘူးဆိုရင် မင်း အော့အန်တဲ့အထိ ငါ မင်းကို ရိုက်နှက်ရ မယ်။.." ချင်ယွင်၏ မျက်လုံးများတွင် မောက်မာသည့် အရိပ်အယောင် ပေါ်လာသည်။
'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်၏ စွမ်းအင်က ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှာ အရူးအမူး ပျံ့နှံ့သွားခဲ့ပြီး ကြောက်စရာကောင်းသည့် စွမ်းအားတွေက ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းပင် ပျံ့နှံ့သွားခဲ့ပါသည်။
"ဘုန်း….!"
ချင်ယွင်သည် မြေပြင်ကို တစ်ချက်ဆောင့်ကန်လိုက်ပြီး ယောင်လင်းခေါင်ဆီသို့ မိုးကြိုးပစ်သလို ပစ်လွှတ်သွားလေသည်။
"မင်း သေခြင်းတရားကို တောင်းဆိုနေတာပဲ!" ယောင်လင်းခေါင်သည် သူဆီသို့ ပစ်လွှတ်ဝင်လာသော ချင်ယွင်ကို ကြည့်ရင်း ပြင်းထန်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်များက သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။
ဝှီး….!
အကန့်အသတ်မရှိသော စွမ်းအားတစ်ခုက ချက်ချင်းဆိုသလို ထွက်ပေါ်လာပြီး ယောင်လင်းခေါင်၏ ရုပ်အသွင်သည် ချင်ယွင်၏ရှေ့တွင် တယ်လီပို့စနစ်တစ်ခုကဲ့သို့ ပေါ်လာပါသည်။
"အရမ်းမြန်လွန်းတယ်!" ချင်ယွင်၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။
"ဘုန်း….."
ယောင်လင်းခေါင်၏ လက်သီးသည် အစစ်အမှန် နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက် ထွက်ပေါ်လာသည်။ လက်သီး၏လေအဟုန်သည် အလွန်ကြောက်စရာကောင်းပြီး ဦးရေပြားကို ထုံကျဉ်သွားစေသည်။ ထိုလက်သီးချက်သည် ချင်ယွင်၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် ထိမှန်သွားသည်။
"ဖူး…..!"
ချင်ယွင်သည် ချက်ချင်းပင် ပါးစပ်မှ သွေးများအန်ထုတ်လိုက်ရပြီး သူ၏ရင်ဘတ်သည် ချိုင့်ဝင်သွားကာ နောက်ပြန် လွင့်ပျံတော့မည် ဖြစ်သည်။
သို့သော် ထိုအခိုက်တန့်တွင်၊ ယောင်လင်းခေါင်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ်သို့ တွန့်ကွေးသွားပြီး သူ၏နောက်သို့ လိုက်ပါလာရန် သူ၏ ခြေချောင်းထိပ်ဖြင့် လေဟာနယ်ကို ချက်ခြင်း ပုတ်လိုက်လေသည်။
"ပုရွက်ဆိတ်တစ်ကောင်လို ကောင်ကများ ငါ့ကို အနိုင်ယူဖို့ ကြိုးစားနေတယ်ပေါ့။ သူက သေချင်နေတာတာပဲ။" ယောင်လင်းခေါင်၏ အသံသည် အေးစက်မူနှင့် မောက်မာမူများဖြင့် ပြည့်နှက်နေခဲ့ပြီး သူ၏ပုံရိပ်သည် အရိပ်ကဲ့သို့ နောက်သို့ လွင့်ပျံသွားနေသော ချင်ယွင်၏ နောက်သို့ လိုက်ပါသွားခဲ့သည်။
"ငရဲကိုသွားလိုက်တော့….!"
ယောင်လင်းခေါင်က အေးစက်စွာ အော်လိုက်ပြီး သူ၏လက်ဖဝါးမှ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခုက တစ်ဖန် ထွက်ပေါ်လာသည်။ ထို့နောက် ချင်ယွင်၏ မျက်နှာကို ရိုက်ချတော့မည်။
အကယ်၍ ဤလက်ဖဝါးရိုက်ချက်သာ ထိသွားမည်ဆိုလျှင် ချင်ယွင်၏ ခေါင်းတစ်ခုလုံး ပျောက်ကွယ်သွားပေလိမ့်မည်။
"ငါ့ကို သတ်ဖို့က အဲလောက် မလွယ်ဘူး"
ချင်ယွင်လည်း ပြင်းထန်သော အေးစက်မူနှင့်အတူ ပေါက်ကွဲထွက်သွားသည်။ ထို့နောက်မှာတော့ သူ၏နောက်ကျောမှ နဂါးတောင်ပံတစ်စုံ၏ အရှိန်အဟုန်က ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ယောင်လင်းခေါင်၏ လက်ဖဝါးရိုက်ချက်ကို ရှောင်လိုက်လေသည်။
"အယ်…။ မီးနဂါးရဲ့ သွေးမျိုးဆက်လား….?"
ယောင်လင်းခေါင်၏ လက်ဖဝါးသည် လေထုကိုသာ ရိုက်မိသွားပြီး ညင်သာသည့် ဝှီးခနဲမြည်သံ ထွက်ပေါ်လာသည်။ သူသည် အဝေးသို့ ပျံသန်းသွားသော ချင်ယွင်ကို ကြည့်လိုက်ရင်း ပြင်းထန်သော အလိုလောဘစိတ် အရိပ်အယောင်က သူ၏မျက်လုံးထဲ တွင် ပေါ်လာပါသည်။
"မင်းက လူသားတစ်ယောက် ဖြစ်ပါလျှက်နဲ့ အဆင့်မြင့်အဆင့် နတ်ဘုရားသားရဲရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဟား…၊ ဟား….။ ကောင်းကင်ဘုံက ငါ့ကို တကယ်ပဲ ကူညီနေတာပဲ။" ယောင်လင်းခေါင်က ကျယ်လောင် စွာ ရယ်မောလိုက်သည်။ သူ၏မျက်လုံးထဲတွင် တောက်ပနေသော အလင်းရောင်သည် ပို၍ပင် ပူလောင်လာပုံရပါသည်။ သူသည် အရသာရှိသော အစာကို မြင်လိုက်ရသကဲ့သို့ သူ၏နှုတ်ခမ်းတွေကို လျှာဖြင့် သပ်လိုက်ပါသေးသည်။
ချင်ယွင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိပါသည်။ ယောင်လင်းခေါင်သည် သူ နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်ကို အသုံးပြုနိုင်ကြောင်း တွေ့ရှိပြီးနောက် အဘယ်ကြောင့် ထိုကဲ့သို့သော အမူအရာမျိုးကို ထုတ်ဖော်ပြသလာရသနည်း?။ ဖြစ်နိုင်တာက သူက သူ့ကို စားချင်နေတာများလား?။
ရှောင်ဘိုင်၊ အစ်မဇီနှင့် အခြားလူများလည်း သူတို့၏ နတ်ဘုရားသားရဲများ၏ သွေးမျိူးဆက်ကြောင့် မျိုချခံရခြင်းများ ဖြစ်နိုင်မလား?။
ချင်ယွင်၏ နှလုံးသားသည် အကြိမ်တစ်ရာ လှည့်ပတ်သွားသည့်အလား ယောင်လင်းခေါင်၏ ပုံစံအစစ်အမှန်ကို လွန်စွာ သိချင်လာခဲ့သည်။
"ကောင်လေး၊ မင်းရဲ့အစ်မဇီ နဲ့ တခြားလူတွေကို မင်းက အမြဲတွေ့ချင်နေတာ မဟုတ်လား။ အခု ငါ မင်းကို ရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခု ငါ ပေးလိုက်မယ်။ မင်းက အင်မော်တယ်နန်းတော်ရဲ့သော့တွေကို ငါ့လက်ထဲအပ်ပြီးနောက် ငါ့ဗိုက်ထဲကို နာခံမှု ရှိရှိနဲ့ ဝင်လာလိုက်ပါ။ ငါက မင်းကို သူတို့နဲ့တွေ့ရဖို့ ပို့ပေးလိုက်မယ်။ ဒါကို မင်း ဘယ်လို ထင်လဲ?။" ယောင်လင်းခေါင်က အေးစက်သော အပြုံးဖြင့် ပြောလေသည်။ သူ၏ မျက်နှာပေါ်ရှိ အပြုံးက သရော်ဟန်များဖြင့် ပြည့်နှက်နေသည်။
"အိပ်မက်မက်နေလိုက်ပါ!" ချင်ယွင်၏ အသံက အေးစက်သွားသည် ။
"အခြေအနေက ဒီလိုဆိုမှတော့ ငါကိုယ်တိုင် လှုပ်ရှားရတော့မှာပေါ့" ယောင်လင်းခေါင် ၏ မျက်လုံးများသည် လျှပ်စီးလက်သလို ဝင်းလက်သွားခဲ့ပြီး သူ၏ပုံရိပ်က ချက်ချင်းပင် ပစ်လွှတ်သွားပြန်သည်။ သူသည် ချင်ယွင်၏ရှေ့တွင် တစ္ဆေသရဲကဲ့သို့ တစ်ဖန်ပေါ်လာ ပြီးနောက် ချင်ယွင်၏ ရင်ဘတ်ဆီသို့ သူ၏လက်ဖဝါးဖြင့် ရိုက်လိုက်သည်။
"ဟမ့်၊ ဒီတစ်ခါ မင်း ငါ့ကို ထပ်ပြီး နာကျင်အောင် လုပ်နိုင်မယ် မထင်နဲ့တော့။ သွေးအနှစ်သာရလောင်ကျွမ်းခြင်း လျှို့ဝှက်ပညာရပ် ဖွင့်လိုက်စမ်း..!" ချင်ယွင်က နှာခေါင်းရှုံ့ကာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးများက ချက်ချင်းပင် ပွက်ပွက်ဆူလာသည်။ သူ၏ခန္ဓာကိုယ်သည် အသွေးအသားပင်လယ်ကြီး တစ်စင်းကဲ့သို့ သွေးများက တဟုန်ထိုး ပျံ့နှံ့သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင် မီးလျှံအလွှာ သည်ပင် လောင်ကျွမ်းသွားပုံရသည်။
ချင်ယွင်၏ နက်ရှိုင်းသောအရပ်ရှိ အသွေးအသားများထဲမှ အကန့်အသတ်မဲ့ စွမ်းအား တစ်ခု ထွက်ပေါ်လာပါသည်။ ဤစွမ်းအား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ချင်ယွင်၏ အရိုးများသည် ပဲကြော်ကဲ့သို့ တဖျစ်ဖျစ်မြည်သံများ ရှင်းလင်းပြတ်သားစွာ ထုတ်လွှတ်နေသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် နှစ်ဆကြီးထွားလာသည်။
ချင်ယွင်၏ ရုပ်အသွင်အပြင်သည် အရပ်သုံးမီတာကျော်သည်အထိ တိုက်ရိုက် ပြောင်းလဲသွားပြီး သူ၏အရပ်သည် ယောင်လင်းခေါင်ထက် နှစ်ဆနီးပါး မြင့်သွားလေ သည်။
ဦးခေါင်းအရွယ် လက်သီးကြီးက ယောင်လင်းခေါင်ဆီသို့ ပြင်းထန်စွာ ပစ်ဝင်သွားလေ သည်။
ချင်ယွင်၏ ပြင်းထန်သောလက်သီးကို ခုခံတွန်းလှန်ရန်အတွက် သူ၏လက်ဖဝါးကို လျင်မြန်စွာ အသုံးပြုလိုက်ရင်း ယောင်လင်းခေါင်၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားပါသည်။
"ဘုန်း….!"
အနှိုင်းမဲ့ ကြောက်မက်ဖွယ်ရာ အင်အားတစ်ခုက ချက်ခြင်း ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်၏ ခြေထောက်အောက်မှ မြေကြီးသည် ဤကြောက်စရာကောင်း သည့် နောက်ဆက်တွဲ ရိုက်ခတ်မူကြောင့် တိုက်ရိုက် အက်ကွဲသွားပါသည်။ ၎င်းအက်ကြောင်းသည် ကီလိုမီတာဆယ်ဂဏန်းအထိ ရှည်လျားပြီး နန်းတော်တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။
"ဘုန်း….!"
ယောင်လင်းခေါင်သည် ချက်ချင်းပင် ရှုံးနိမ့်သွားခဲ့ပြီး၊ သူ၏ခန္ဓာကိုယ် တစ်ခုလုံသည် ချင်ယွင်၏ထိုးနှက်ချက်ကြောင့် မြေကြီးပေါ်သို့ ပစ်ကျသွားကာ နောက်ထပ် မြေကြီးပြီး ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
အဝေးမှာရှိနေကြသည့် ရန်ကျန်းထျန်သည် တုန်တုန်ယင်ယင် ဖြစ်နေပြီဖြစ်ကာ သူ၏ ခန္ဓာကိုယ်သည် ဆက်လက် ဆုတ်ခွာသွားရသည်။ ဤအခိုက်အတန့်မှာ သူတို့သည် ထပ်တိုးရန် ရည်ရွယ်ခြင်းမရှိဘဲ တုန်လှုပ်ခြောက်ခြားနေကြပြီ။
"ဒီတိုက်ပွဲက ဘယ်အဆင့်တိုက်ပွဲမျိုးလဲ?။" တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်၏ မျက်လုံးများက ကြောက်ရွံ့မူအပြည့် ရှိနေပါသည်။
အမှန်တကယ်တော့ ထိတ်လန့်တုန်လှုပ်နေကြသူများသည် သူတို့တင် မဟုတ်ပါဘူး၊ ရန်ယုဖန်းတောင်မှ သူ၏စိတ်ထဲမှာ အလွန်အမင်း တုန်လှုပ်သွားသလို ခံစားရပါသည်။ ဤအဆင့်တိုက်ပွဲမျိုးမှာ သူတောင်မှ မပါဝင်နိုင်ခဲ့ပါဘူး။
"ဘုန်း….!"
ချင်ယွင်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် လွင့်ထွက်သွားခြင်းကို အခွင့်ကောင်း ယူကာ ယောင်လင်းခေါင် ဆင်းသက်မည့်နေရာကို တိုက်ရိုက် ထိုးသတ်လိုက် သော်လည်း ယောင်လင်းခေါင်သည် နောက်ပြန်လှည့်ကာ ရှောင်ထွက်သွားခဲ့သည်။
ချင်ယွင်၏ လက်သီးသည် မြေပြင်ပေါ်သို့ ကျရောက်သွားပြီး အင်ပါယာမြို့တော် တစ်ခုလုံး တုန်လှုပ်သွားစေသည်။ မီတာထောင်ပေါင်းများစွာ ရှည်လျားသော ဧရာမ အက်ကြောင်းကြီးသည် မြေပြင်ပေါ်တွင် ပေါ်လာပြီး အောက်ခြေပင် အကန့်သတ်မဲ့ နေသည်။
"ဘုန်း….!"
ချင်ယွင်သည် သူ၏လက်သီးတစ်ချက်က လွဲချော်သွားသည်နှင့် သူ၏ခန္ဓာကိုယ်က နောက်တစ်ကြိမ် ပစ်လွှတ်သွားပြန်သည်။ သူ၏ခန္ဓာကိုယ်က ပို၍ကြီးလာသော်လည်း သူ၏ အမြန်နှုန်းက လုံးဝ လျော့ကျသွားခြင်း မရှိပါဘူး။ အထူးသဖြင့် နဂါး၏ အတောင်များနှင့်အတူ ချင်ယွင်၏ အမြန်နှုန်းသည် များစွာ တိုးလာခဲ့ပါသည်။
ယောင်လင်းခေါင်သည် လျင်မြန်စွာ ဆုတ်ခွာသွားနေရပြီး ချင်ယွင်က သူ့နောက်ကို လိုက်လာခဲ့သည်။
သူတို့သည် မြေပြင်မှ ကောင်းကင်အထိ အချင်းချင်း ပြေးလွှားလိုက်ပါကာ တိုက်ခိုက် နေကြရင်း သူတို့၏ပုံရိပ်များက ကောင်းကင်နှင့် မြေကြီးကြားတွင် အဆက်မပြတ် ပြောင်းလဲနေပါသည်။
သူတို့နှစ်ဦးကြားက တိုက်ပွဲက မှေးမှိန်သွားသည်ဟု ဆိုနိုင်ပြီး ယောင်လင်းခေါင်သည် ချင်ယွင်၏ တိုက်ရိုက် ဖိနှိပ်ခြင်းခံနေရသည်။ ဤအရာက ယောင်လင်းခေါင်၏နှလုံးကို လုံး၀ အသက်ရှူကျပ်သွားစေခဲ့သည်။
"လုံလောက်ပြီ….!"
နောက်ဆုံးတွင်၊ ယောင်လင်းခေါင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ၏ မျက်ခုံးကြားတွင် ဒေါင်လိုက်မျက်လုံးတစ်ခု ပေါ်လာသည်။
ဒေါင်လိုက်မျက်လုံး ပွင့်လာပြီးနောက် ယောင်လင်းခေါင်၏ ထိုတတိယမျက်လုံးမှ ထူးဆန်းသော ပုံစံတစ်ခု ချက်ချင်း ပျံ့နှံ့သွားသည်။ ထူးဆန်းသောပုံစံ ပျံ့နှံ့လာသည်နှင့် အမျှ ယောင်လင်းခေါင်၏ အငွေ့အသက်သည် နှစ်ဆ တိုးလာပြန်သည်။
"မင်းက ငါ့ကို အတင်းကြပ် တွန်းအားပေးနိုင်ခဲ့တယ်။" ယောင်လင်းခေါင်၏ ရုပ်အသွင်အပြင်သည် နတ်ဆိုးနတ်ဘုရားကဲ့သို့ လေထဲတွင် ရပ်နေပြီး ကြောက်မက် ဖွယ် စွမ်းအင်အတက်အကျလှိုင်းများက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ အမူအရာက လေးနက်လာပြန်ပါသည်။