အခန်း ၆၁၅
Vol. 41 Ch. 615
အခန်း(၆၁၅) ကောင်းကင်တုန်ခါသည့်တိုက်ပွဲ။
ယောင်လင်းခေါင်၏ ခြေထောက်ကြီး နင်းချလိုက်မူက ကောင်းကင်နှင့်မြေကြီးသည် ပြိုဆင်းသွားကာ တောင်များနှင့်မြစ်များပင် လုံးဝ ပျက်စီးသွားနိုင်ပါသည်။
ချင်ယွင်၏ အမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားပါသည်။ သူသည် တုနှိုင်းမရသော ကြီးကျယ်ခမ်းနားသည့် အငွေ့အသက်နှင့်အတူ ခမ်းနားထည်ဝါသည့် တောင်တန်းကြီးတစ်ခု သူ့အပေါ်ကို ဖိနှိပ်လာကိုသာ သူ ခံစားနိုင်ပါသည်။
ဝှီး…..!
ချင်ယွင်၏ နောက်ကျောမှ နဂါးအတောင်ပံများ လျင်မြန်စွာ ပြန့်ကားသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး လင်းထိန်သွားကာ ယောင်လင်းခေါင်၏ ကန်ချက်ကို ရှောင်လိုက်လေသည်။
ယောင်လင်းခေါင်၏ ခြေဖဝါးသည် လေဟာနယ်ပေါ်တွင် နင်းမိသွားပြီး လေဟာနယ်ထဲ တွင် အော်ဟစ်သံတစ်ခု ပြင်းထန်စွာ ထွက်ပေါ်လာပါသည်။
သူ၏ခြေဖဝါးအောက်မှ ပျက်စီးပြီးသား ဧကရာဇ်နန်းတော်သည် ချက်ချင်းဆိုသလို ပေါက်ကွဲသွားပြန်ပါ။ မြေပြင်သည် တစ်လက်မခြင်း အနေအားဖြင့် အက်ကွဲသွားကာ လျှိုမြောင်များ နေရာအနှံ့ ဖြစ်ပေါ်လာသည်။
အကယ်၍ ဤခြေဖဝါးကြီးသာ မြေပြင်ပေါ်သို့ တိုက်ရိုက်နင်းချလိုက်မည်ဆိုလျှင် အင်ပါယာမြို့တော်ကြီး တစ်ခုလုံး တည်ရှိနေမှာ မဟုတ်တော့မှာ ဖြစ်သွားကောင်း ဖြစ်သွားနိုင်သည်။
ဤအဆင့်၏ တိုက်ပွဲသည် ဤနေရာခံနိုင်ရည်၏ အတိုင်းအတာထက် ကျော်လွန်လု နီးပါး ဖြစ်ခဲ့နေသည်။ အကယ်၍ ချင်ယွင် နှင့် ယောင်လင်းခေါင်တို့သည် အစွမ်းကုန် ဆက်လက် တိုက်ပွဲဝင်နေမည်ဆိုလျှင် ဤကမ္ဘာမြေကြီးတစ်ခုလုံး ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။
"ဘုန်း…. !"
နောက်ထပ် ကောင်းကင်ကြီး တုန်ခါလောက်သည့် အသံတစ်ခုက ပဲ့တင်ထပ် ထွက်ပေါ်လာပြန်ပါသည်။
ယောင်လင်းခေါင်၏ ကြီးမားသော ခြေထောက်များသည် ချင်ယွင်ဆီသို့ ဆက်လက် နင်းချလိုက်သည်။ သူနင်းချလိုက်သည့်အကြိမ်တိုင်း ထိုနေရာပတ်ကျင်းသည် ပြာတွေ အဖြစ် ပြောင်းလဲသွားရလိမ့်မည်။
ချင်ယွင်သည် လုံးဝပျက်စီးသွားသော နန်းတော်ကြီးတွေကို ကြည့်လိုက်ပါသည်။ သူ၏ မျက်လုံးများတွင် လေးနက်မှု အရိပ်အယောင်များ ပေါ်လာသည်။ ဤအတိုင်းသာ ဆက်သွားပါက အင်ပါယာမြို့တော်ကြီး တစ်ခုလုံး အဆုံးသတ်ကောင်း အဆုံးသတ်သွား နိုင်ပြီး အပြစ်မဲ့ ပြည်သူ အများအပြား သေဆုံး ဒဏ်ရာရရှိမည်မှာ သေချာပါသည်။
"ယောင်လင်းခေါင်၊ မင်း ငါနဲ့ အခြားပိုင်နက်နယ်မြေတစ်ခုမှာ တိုက်ခိုက်ဝံ့သလား"
ချင်ယွင်သည် ကောင်းကင်ယံမှ ယောင်လင်းခေါင်ကို အော်ပြောလိုက်ရင်း သူ၏ အသံက သိမ်မွေ့လေးနက်သော မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။
သူသည် ယောင်လင်းခေါင်၏ အဖြေကို မစောင့်တော့ဘဲ သူ၏နောက်ကျောက နဂါးအတောင်ပံများ လျင်မြန်စွာ ဆန့်တန်းလိုက်ပြီး သူ၏ရုပ်အသွင်က ထက်ရှသော ဓားတစ်စင်းကဲ့သို့ ကောင်းကင်သို့ တည့်တည့် ပစ်ဝင်သွားလေသည်။
"ဟမ့်၊ မင်းနဲ့ ဘာလို့ မတိုက်ဝံ့ရမှာလဲ?..!"
ယောင်လင်းခေါင်၏ မျက်လုံးများတွင် လွှမ်းမိုးကြီးစိုးမှု အရိပ်အယောင် ပေါ်လာသည်။ သူ၏ရုပ်အသွင်သည် ချင်ယွင်၏ အရွယ်အစားအတိုင်း ချက်ချင်း ကျဆင်းသွားသည်။ သူ၏ခြေဖဝါးအောက်မှ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူ၏ပုံရိပ်လည်း ချင်ယွင်၏ နောက်သို့ လိုက်ပါသွားသည်။ သူ၏အမြန်နှုန်းက ချင်ယွင်ထက်တော့ မပိုပေ။
ချင်ယွင်သည် လေဟာနယ်ကို ထိုးဖောက်ဝင်ရောက်ပြီး သူ၏ခန္ဓာကိုယ်ကို ရပ်တန့်ခြင်း မပြုခင်အထိ အခြားဂြိုဟ်တစ်ခု၏ လေထုထဲရောက်အထိ ပျံသန်းသွားခဲ့သည်။
ဝှီး….!
ယောင်လင်းခေါင်၏ ရုပ်အသွင်သည် အနီးကပ်လိုက်ပါ၍ ချင်ယွင်၏ ဆန့်ကျင်ဘက် တွင် ပေါ်လာသည်။
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်ဘက်အနေဖြင့် မတ်တပ် ရပ်ပြီး မျက်လုံးလေးလုံးက မျက်နှာချင်းဆိုင် ကြည့်နေကြပါသည်။ ကြီးကျယ်ခမ်းနား သော အငွေ့အသက်နှစ်ခုသည် အချင်းချင်း အပြင်းထန် တိုက်မိသွားပြီး လေဟာနယ်ကို ပင် တုန်လှုပ်သွားစေခဲ့သည်။
အဝေးတွင်၊ ရန်ယုဖန်း၊ ရန်ကျန်းထျန် နှင့် တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်တို့သည် တိတ်တဆိတ် လိုက်ပါလာကြသည်။ သူတို့ ယခုလိုထိတ်လန့်စရာကောင်းသည့် တိုက်ပွဲကြီးကို ကြည့်ချင်ကြသည်။ အကယ်၍ သူတို့ လွဲချော်သွားခဲ့မည်ဆိုလျှင် သူတို့၏ ဘဝတစ်သက်တာမှာ ယခုလို အံ့သြစရာကောင်းသော တိုက်ပွဲကြီးမျိုးကို ဘယ်တော့မှ ပြန်မြင်နိုင်မှာ မဟုတ်တော့ပါဘူး။
"ဘုန်း….!"
ကျယ်လောင်သော အသံနှင့်အတူ ချင်ယွင်နှင့် ယောင်လင်းခေါင်တို့သည် တစ်ချိန်တည်းဆိုသလို ပစ်ဝင်လိုက်ကြသည်။
သူတို့၏ အမြန်နှုန်းသည် အလင်း စီးဆင်းနေသကဲ့သို့ မြန်လွန်းသည်။ ရန်ကျန်းထျန် နှင့် အခြားသူများသည် အနီရောင်နှင့် ခရမ်းရောင်အလင်းတန်းတစ်ခု ပြင်းပြင်းထန်ထန် တိုက်မိနေသည်ကိုသာ မြင်လိုက်ရ၏။ ၎င်းသည် ကြယ်တံခွန်နှစ်စင်းက တစ်ခုနှင့် တစ်ခု အပြင်းအထန် တိုက်မိနေသလိုပင်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အတက်အကျလှိုင်းများကို ထုတ်လွှတ်ပြီး စကြာဝဠာတစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့ သည်။
"သေလိုက်တော့..!"
ယောင်လင်းခေါင်၏ လက်နှင့်ခြေများကို သွေးနီရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်း ထားသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းများသည် သူ၏လက်များ နှင့် ခြေများမှ အဆက်မပြတ် ပျံ့နှံ့သွားပြီး ချင်ယွင်ကို အဆက်မပြတ် တိုက်ခိုက်နေ သည်။ သူ၏ လက်သီးနှင့် ခြေထောက်များသည် လေဟာနယ်ထဲတွင် မရေမတွက် နိုင်သော ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲနေသည်။
ချင်ယွင်၏ လှုပ်ရှားမှုများသည်လည်း လျှပ်စီးလက်သလိုပင် လျင်မြန်လွန်းသဖြင့် သူ၏ လက်သီးများက ယောင်လင်းခေါင်၏ တိုက်ခိုက်မှုများကို တိုက်ထုတ်နေသည်။
သူတို့နှစ်ဦးသည် ချက်ချင်းဆိုသလို အကြိမ်ပေါင်း ရာနှင့်ချီ ထိပ်တိုက်ဆုံတွေ့နေကြပြီး အော်ဟစ်မာန်သွင်းသံ ဟိန်းဟောက်သံများကို အဆက်မပြတ် ကြားနေရသည်။
"ဘုန်း….!"
ချင်ယွင် နှင့် ယောင်လင်းခေါင်၏ လက်များသည် ပြင်းထန်စွာ ထိပ်တိုက်တွေ့ သွားသည်။ သူတို့နှစ်ယောက် အချင်းချင်း တိုက်ခိုက်ရင်း တစ်ဖက်နှင့်တစ်ဖက် ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေကြသည်။
ဝှီး…!
ထိုအခိုက်တွင်၊ ယောင်လင်းခေါင်၏ မျက်လုံးများသည် တောက်ပသော ရွှေရောင် အလင်းတန်းနှစ်ခုနှင့်အတူ ရုတ်တရက် ပေါက်ထွက်ပေါ်လာသည်။ တုနှိုင်းမရအောင် ကြောက်စရာကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသော ရွှေလှံနှစ်ချောင်းက ချင်ယွင်၏ နှလုံးတည့်တည့်ဆီကို ပစ်ဝင်သွားသည်
ချင်ယွင်၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် အလျင်အမြန် နောက်ပြန် ဆုတ်သွားပြီး ကြောက်စရာကောင်းသည့် ရွှေလှံနှစ်ချောင်းကို တားဆီးရန် သူ၏လက်ဖဝါးကို ဖြန့်လိုက်လေသည်။
ချွင်….!
ကြောက်မက်ဖွယ်ကောင်းသော ရွှေလှံများသည် ချင်ယွင်၏ လက်ဖဝါးနှင့် ထိမိသွားကာ သံမဏိကဲ့သို့ ထက်ရှသော အသံတစ်ခု ထွက်လာသည်။ ၎င်းသည် ချင်ယွင်၏ လက်ဖဝါးကို ထိုးဖောက်နိုင်ခြင်း မရှိဘဲ အမှန်တကယ် ကျရှုံးသွားခဲ့သည်။
သို့သော် ရွှေလှံပေါ်ရှိ ခွန်အားသည် အလွန်ကြောက်စရာကောင်း၏။ ထို့ကြောင့် ချင်ယွင် ပါးစပ်မှ သွေးချောင်းဆိုးကာ သွေးအန်ထုတ်လိုက်ရသည်။ ချင်ယွင်သည် အဝေးရောက် သည်အထိ အနောက်သို့ လွင့်ပျံသွားသည် ။
"သောက်အရေးမပါတာ…!"
ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ နောက်ပြန် လွင့်ပျံသွားစဉ် တစ်ချိန်တည်းဆိုသလို သူသည် ထို ကီလိုနှစ်ရာလေးလံသော ရွှေလှံနှစ်ချောင်းကို ၎င်းတို့၏ မူလလမ်းကြောင်းများမှ အခြားတဖက်သို့ ဆွဲထုတ်ခဲ့သည်။
ရွှေလှံနှစ်ချောင်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ကိုဖြတ်ကျော် ပျံသန်းသွားပြီး သူ၏ နောက်တွင် လူသူမဲ့နေသော ဂြိုဟ်တစ်လုံးနှင့် တိုက်မိသွားသည်။
"ဘုန်း!"
ဂြိုလ်တစ်ခုလုံး တုန်ခါသွားသည် ။
အမှန်တကယ်ဆို ဤဂြိုဟ်ကြီးကို ရွှေလှံနှစ်ချောင်းက ထိုးဖောက်သွားခြင်း ဖြစ်သည်။ ဤရွှေလှံပေါ်ရှိ စွမ်းအားသည် မည်မျှထိတ်လန့်စရာကောင်းသည်ကို တွေးကြည့်နိုင်ပါ သည်။
ချင်ယွင်သည် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီးနောက် သူ၏စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဤသည်မှာ ရှောင်ကျင်း၏ မွေးရာပါ နတ်ဘုရားစွမ်းရည် ဖြစ်သည်။ ရှောင်ကျင်းကို သူ ပထမဆုံးအကြိမ် တွေ့စဉ်တုန်းက သူသည် ဤလှုပ်ရှားမှုကြောင့် အကြီးအကျယ် ဆုံးရှုံးခဲ့ရသေးသည်။ ဤယောင်လင်းခေါင်၏ တိုက်ခိုက်မှု၏ စွမ်းအားသည် ဤမျှထိ ကြောက်စရာကောင်းမည်ဟု သူ မမျှော်လင့်ထားပေ။
ဘုန်း….
ထိုအချိန်တွင် ချင်ယွင်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ခေါင်းကို အမြန် လှည့်လိုက်သည်။ သို့သော် သူ၏မျက်လုံးထဲတွင် အေးစက်သော အပြုံးနှင့် ခက်ထန်သော မျက်နှာအမူအရာ ရှိနေပါသည်။
"ဟမ့်၊ သေလိုက်တော့..!"
မည်သည့်အချိန်ကမှန်းမသိလိုက်လေ၊ ယောင်လင်းခေါင်သည် သူ၏လက်ထဲတွင် မဟူရာသတ္တုတုတ်တစ်ခုကို ကိုင်ဆောင်ထားနေပြီ. မဟူရာသတ္တုတုတ်၏ စွမ်းအား သည် အလွန်ကြောက်စရာကောင်းပြီး သေးငယ်သော ကြယ်တစ်လုံးကိုပင် အပိုင်းပိုင်း ခွဲပစ်လိုက်နိုင်လောက်သည်။
ချင်ယွင်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် အလျင်စလို ခုခံတွန်းလှန် ချင်သော်လည်း အချိန်နှောင်းသွားသေးသည်။
"ဘုန်း….!"
ယောင်လင်းခေါင်၏ မဟူရာသတ္တုတုတ်သည် ချင်ယွင်၏ ဝမ်းဗိုက်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
“ဖူး… !"
ချင်ယွင်သည် ချက်ချင်းပင် ပါးစပ်မှ သွေးများ ထွက်လာသည်။ သူ၏ပုံရိပ်သည် ကြယ်တံခွန်တစ်ခုကဲ့သို့ လွင့်ထွက်သွားပြီး၊ အဝေးရှိ လူနေထိုင်ခြင်းမရှိသော ဂြိုလ်တစ်ခုထဲသို့ အပြင်းအထန် ထိုးဖောက် ဝင်ရောက်သွားသည်။
"ဘုန်း…..!"
လူသူမရှိသည့် သေးငယ်သော ဂြိုလ်လေးသည် ချက်ချင်းပင် အစိပ်စိပ်အမွှာမွှာ ပေါက်ကွဲသွားသည်။ ဂြိုလ်၏တစ်ဝက်လောက်က ချိုင့်ဝင်သွားပြီး အပျက်အစီးတွေက အဝေးကို လွှင့်ထွက်သွားသည်။ နောက်ဆုံးမှာတော့ ၎င်းအပျက်ဆီးများသည် ဥက္ကာပျံကဲ့သို့ အဝေးမှ အခြားဂြိုလ်တွေပေါ် ကျဆင်းသွားကြသည်။
"ဟမ့် ၊ ငါ့ကို လာတိုက်စမ်းပါဦး။ မင်းကများ သေခြင်းတရားကို လာတောင်းနေသေး တယ်"
ယောင်လင်းခေါင်သည် သူ၏လက်ထဲတွင် မဟူရာသတ္တုတုတ်ကို ကိုင်ထားပြီး သူ၏မျက်လုံးများတွင် လှောင်ပြောင်သော အမူအရာ ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် တစ်ဖန် မြင့်တက်လာပြီး ယောင်လင်းခေါင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် သူသည် သူ၏လက်ထဲတွင် မဟူရာသတ္တုတုတ်ကိုကိုင်ကာ ထက်ရှသောဓားတစ်ချောင်းကဲ့သို့ ပြေးထွက်သွားပြီး ချင်ယွင်ကို တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်သည်။
ချင်ယွင်သည် လူနေထိုင်ခြင်းမရှိသော ဂြိုဟ်တစ်ဝက်ပေါ်တွင် လှဲလျောင်းနေပြီး မဟူရာသတ္တုတုတ်ကို ကိုင်ဆောင်ကာ ပြေးဝင်လာသည့် ယောင်လင်းခေါင်ကို ကြည့်ရင်း သူ၏ပါးစပ်ထောင့်မှ အေးစက်သောအပြုံးဖြင့် တွန့်ကွေးသွားသည်။
"မင်းက တိုက်ခိုက်ချင်တယ်ဆိုမှတော့ ငါ မင်းနဲ့အတူ အဆုံးထိ လိုက်ပါပေးမယ်။ ကိုယ်ပွားသုံးခု ပေါင်းစည်းလိုက်စမ်း….!"
ချင်ယွင်က အေးစက်စွာ အော်လိုက်သည်။ သစ်သားစွမ်းရည်ကိုယ်ပွားနှင့် လျှပ်စီး စွမ်းရည်ကိုယ်ပွားတို့သည် လေဟာနယ်ထဲမှ လမ်းလျှောက်ထွက်လာကာ လျှပ်စီးများ အဖြစ်သို့ ပြောင်းလဲပြီး ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။
ကိုယ်ပွားနှစ်ခု ပေါင်းစပ်လိုက်ပြီးနောက် ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ တစ်ဖန် ပြန်လည် ဝင်ရောက်လာသည်။
ချင်ယွင်သည် လူသူကင်းမဲ့သည့် ဂြိုဟ်ပေါ်တွင်ရပ်ကာ မဟူရာသတ္တုတုတ်ကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။
"ဘုန်း….!"
ချင်ယွင်၏ လက်သီးသည် မဟူရာသတ္တုတုတ်ကို ထိမှန်သွားပြီး မဟူရာသတ္တု တုတ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
ချင်ယွင်၏ ခြေဖဝါးအောက်ရှိ လူသူမဲ့သည့် ဂြိုဟ်ကမ္ဘာကြီးသည် လုံးဝ ကွဲအက်သွားပြီး ယောင်လင်းခေါင်၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း တုန်ခါသွားကာ သူ၏လက်ထဲတွင် မဟူရာသတ္တုတုတ်ကို ကိုင်လျက် လေထဲတွင် ရပ်လိုက်လေသည်။
ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် တဟုန်ထို့း ပျံ့နှံ့ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် လျှပ်စီးများက ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်ကျော် ဝင်ရောက်လာသည်။
" မိုးကြိုးအင်မော်တယ်ခန္ဓာကိုယ် ၊ ဖွင့်….!"
ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် လျှပ်စီးများသည် မုန်တိုင်းတစ်ခုလို ပေါက်ကွဲထွက်သွားပြီး ချင်ယွင်၏ အားကောင်းနေ ပြီဖြစ်သော ခန္ဓာကိုယ်ရှိ ခွန်အားများသည် ရုတ်တရက် အလွန်အမင်း အားကောင်း လာပါသည်။
မူလက သုံးမီတာမြင့်သည့် ချင်ယွင်၏ ခန္ဓာကိုယ်သည် တစ်ဖန် ကျုံ့သွားပြန်သည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ အရေပြားများသည် နက်မှောင်သော ရွှေရောင်တောက်တောက် ဝင်းလက်တောက်ပနေပါသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပြိုင်ဘက်ကင်း နတ်ဆိုးနတ်ဘုရား ဖြစ်လာပါသည်။ အနက်ရောင်လျှပ်စီးကြောင်းများသည် သူ၏ မျက်လုံးများတွင် အဆက်မပြတ် တောက်လောင်နေပြီး အဆုံးမဲ့ဒေါသများဖြင့် ပြည့်နှက်နေသည်။
ယောင်လင်းခေါင်သည် ဤမြင်ကွင်းကို မြင်သောအခါ အလွန်အံ့အားသင့်သော အမူအရာတစ်ခုကို ထုတ်ဖော်လာသည်။
ချင်ယွင်သည် တိုက်ပွဲအတွင်းမှာ ယခုလိုအစွမ်းထက်သော ဝှက်ဖဲတစ်ခု ရှိနေလိမ့်မည် ဟု သူ မမျှော်လင့်ထားပေ။
ဘုန်း….!
ယောင်လင်းခေါင်သည် မှင်သေသေဖြစ်ပြီး ကြောင်အသွားသလို ဖြစ်နေစဉ်မှာ အနက်ရောင် ရုပ်အသွင်တစ်ခုက သူ၏ရှေ့မှာ ပေါ်လာသည်။
ယောင်လင်းခေါင်သည် သူ၏လက်ထဲရှိ မဟူရာသတ္တုတုတ်ကို အလျင်အမြန် ဝှေ့ယမ်းကာ ချင်ယွင်ဘက်သို့ ရိုက်နှက်လိုက်သော်လည်း ထိုအချိန်တွင် ယောင်လင်းခေါင်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပါသည်။
ချွင်….!
သို့သော် ယောင်လင်းခေါင် ရိုက်ထုတ်လိုက်သော မဟူရာသတ္တုတုတ်ကို ချင်ယွင်က လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားသည်။ ချက်ချင်းဆိုသလိုပဲ မဟူရာသတ္တုတုတ် တစ်ခုလုံးသည် မလှုပ်ရှားနိုင်တော့ပေ။
"အဆုံးသတ်ဖို့ အချိန်တန်ပြီ!"
ချင်ယွင်၏ အသံသည် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးလာပြီး ယောင်လင်းခေါင်၏ မဟူရာ သတ္တုတုတ်ကို သိမ်းပိုက်ရန် သူ၏လက်ဖဝါးကို အသုံးပြုလိုက်သည်။
နောက်တစက္ကန့်တွင် ချင်ယွင်သည် သူ၏မဟူရာသတ္တုတုတ်ကို ဝှေ့ယမ်းကာ ယောင်လင်းခေါင်၏ ဝမ်းဗိုက်ပေါ်သို့ ပြင်းထန်စွာ ရိုက်နှက်လိုက်လေသည်။
စာစဉ် (၄၁) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။