အခန်း ၆၁၆
Vol. 42 Ch. 616
အဓိပတိအင်မော်တယ်သခင် စာစဉ် (၄၂)
ဘာသာပြန်သူ နေဇင်။
အခန်း(၆၁၆) ငါ မင်းကိုခေါ်သွားရလိမ့်မယ်။
"ဖူး…..!"
ယောင်လင်းခေါင်သည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး နောက်ပြန် လွင့်ထွက် သွားတော့မည်။
ချင်ယွင်သည် တိုက်ခိုက်ရန်အတွက် ယခုလို ကောင်းမွန်သည့် အခွင့်အရေးကို မည်သို့ စွန့်လွှတ်နိုင်မည်နည်း?။ သူ၏ရုပ်အသွင်သည် ချက်ချင်းပင် အနက်ရောင် လျှပ်စီး လက်သလို ဖြစ်သွားပြီး ယောင်လင်းခေါင်၏နောက်သို့ လိုက်ပါလာသည်။
"ဘုန်း…..!"
ချင်ယွင်၏ရုပ်အသွင်သည် ယောင်လင်းခေါင်၏ ဘေးတွင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာသည်။ သူသည် သူ၏လက်ထဲက မဟူရာသတ္တုတုတ်ကို ဝှေ့ယမ်းပြီး ယောင်လင်းခေါင်၏ခါးကို တုတ်ဖြင့် ဖြတ်ရိုက်လိုက်သည်။
ယောင်လင်းခေါင်၏ နောက်ကျောပေါ်ရှိ ကျောရိုးသည် ချက်ခြင်း ကျိုးကြေသွားကာ သူ၏တစ်ကိုယ်လုံးသည် ဆန့်ကျင်ဘက်အရပ်သို့ လွင့်ပျံသွားပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံး သွေးများ ဖျန်းခနဲ ဖျန်းခနဲ လွင့်စင်သွားသည်။
ချင်ယွင်သည် လေဟာနယ်ကို နင်းပြီး နောက်သို့ အနီးကပ် လိုက်ပါလာသည်။
"အစ်မဇီ နဲ့ ရှောင်ဘိုင်တို့အားလုံးကို လွှတ်ပေးပါ၊ ဒါမှမဟုတ်ရင် မင်းကိုယ်တိုင် အော့အန်တဲ့အထိ ငါရိုက်ပစ်မယ်။" ချင်ယွင်၏ အသံသည် ယောင်လင်းခေါင်၏ နားဘေးမှာ ယင်ကောင်များစွာ ပျံသန်းနေသကဲ့သို့ တစီစီထွက်ပေါ်လာသည်။ သူပြောပြီးသည်နှင့် ယောင်လင်းခေါင်၏ ခန္ဓာကိုယ်ကို တုတ်နှင့် အပြင်းအထန် ရိုက်ပစ် လိုက်ပါသည်။
ယောင်လင်းခေါင်သည် တုတ်တစ်ချောင်းတည်းဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အသားခုနစ်မျိုးနှင့် ဟင်းသီးဟင်းရွက် ရှစ်မျိုးအထိ ရိုက်နှက်ခံရပြီး အရှေ့၊ တောင်၊ အနောက်၊မြောက်ကိုပင် မခွဲခြားနိုင်တော့ပေ။
ယောင်လင်းခေါင်၏ အဆုတ်တစ်ခုလုံး ဒေါသကြောင့် ပေါက်ကွဲထွက်တော့မည်။ မျိုး ဆက်သစ် တော်ဝင်နတ်ဆိုးနတ်ဘုရားဖြစ်သည့် သူသည် တစ်စုံတစ်ယောက်၏ တုတ်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံနေရသည်။ အကယ်၍ ဤသတင်းသာ ပြန့်သွားမည်ဆိုလျှင် သူ၏မျက်နှာ ဘယ်နားသွားထားရမည်နည်း?။
အဝေးမှာရှိနေကြသည့် ရန်ယုဖန်း နှင့် တခြားလူများသည် သူတို့၏မျက်လုံးထဲမှာ ချင်ယွင်သည် ပြိုင်ဘက်ကင်းစစ်နတ်ဘုရားတစ်ပါးအဖြစ် ရူမြင်ထားသည်မှာ ကြာခဲ့ပါ ပြီ။
တုတ်တစ်ချက်က၊ ဂြိုဟ်တစ်ခုလုံး ပေါက်ကွဲသွားနိုင်ပြီး၊ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကို အမှန်တကယ် ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားဖြစ်ပါသည်။
ဟုတ်ပါသည်။ ယခုအချိန်မှာ ချင်ယွင်ကိုယ်တိုင်လည်း ပိုကောင်းနေခြင်း မရှိပါဘူး။ သူ၏မျက်လုံးတွေက သွေးတွေထွက်နေပြီး သူ၏ခန္ဓာကိုယ်က ပြိုလဲကျလုနီးပါး ဖြစ်နေပါပြီ။
ပုံမှန်အတိုင်းဆို ချင်ယွင်သည် ကြယ်ဖမ်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်သည့်အခါ၊ သွေးအနှစ်သာရလောင်ကျွမ်းခြင်း လျှို့ဝှက်ပညာ၏ ဘေးထွက် ဆိုးကျိုးများသည် သူ့ကို အနည်းငယ်မျှ မထိခိုက်စေနိုင်ခဲ့ပေ။ သို့သော်၊ သူသည် သွေးအနှစ်သာရလောင်ကျွမ်းခြင်း လျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီးနောက်၊ သူသည် ကိုယ်ပွားနှစ်ခုကို ပေါင်းစပ်ကာ ဤအခြေခံဖြင့် မိုးကြိုးအင်မော်တယ်ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်။
သူသည် အချိန်တိုလေးအတွင်းမှာ တုနှိုင်းမရအောင် အစွမ်းထက်သော ခွန်အားကို ရနိုင်သော်လည်း ဤနည်းဖြင့် ချင်ယွင်၏ ခန္ဓာကိုယ်သည်လည်း ယခုလို ကြောက်စရာကောင်းသည့် အစွမ်းထက်သော စွမ်းအားကို ခံနိုင်ရည်မရှိသေးပါဘူး။
ထို့ကြောင့်၊ ချင်ယွင်သည် ယောင်လင်းခေါင်အနေဖြင့် ဇီရှန်နှင့် အခြားလူများ အားလုံးကို ထွေးထုတ်ပေးရန်အထိ သူ၏ကိုယ်ခန္ဓာ ပြိုလဲမကျစေရန် တွန်းအားပေး ထားရသည်။
"ငါ ထပ်ပြောမယ်၊ အစ်မဇီနဲ့ တခြားသူတွေကို ထွေးထုတ်လိုက်စမ်း…"
ချင်ယွင်၏ အသံသည် အလွန် အေးစက်သွားသည်။ သူ၏လက်ထဲမှ မဟူရာသတ္တုတုတ် က ပြင်းထန်သည့် တဝှီးဝှီးမြည်သံကို ထုတ်လွှတ်နေပြီ။
"မင်း အိပ်မက်မက်နေလိုက် !" ယောင်လင်းခေါင်သည် အလွန် စိတ်မကောင်းဖွယ် အခြေအနေမျိုး ဖြစ်နေပြီဖြစ်သော်လည်း သူ၏အရိုးများသည် အတော်လေး မာကျော ကာ အရှုံးပေးရန် ငြင်းဆိုနေခဲ့သည်။
"ဘုန်း…..!"
မဟူရာသတ္တုတုတ်က ယောင်လင်းခေါင်၏ ဝမ်းဗိုက်ကို အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ထိမှန်သွားသည်။
ယောင်လင်းခေါင်သည် ချက်ချင်းပင် ချောင်းဆိုးကာ သွေးများထွက်ပြီး ကြီးမားသော ဂြိုဟ်ကြီးတစ်ခုပေါ်သို့ ထပ်မံပြုတ်ကျကာ ဂြိုဟ်ကမ္ဘာပေါ်တွင် ကြီးမားသော မီးတောင် တွင်းနက်ပေါက်တစ်ခု ဖန်တီးလိုက်ပြန်သည်။
ချင်ယွင်က အနီးကပ် လိုက်ပါလာသည်။ ယခုအချိန်တွင် သူ၏မျက်လုံးများသည် နီမြန်းနေပြီး သွေးစီးကြောင်းနှစ်ခုက မျက်ရည်စီးကြောင်းများအလား သူ၏ ပါးပြင်ပေါ် သို့ စီးကျနေပြီ ဖြစ်သည်။
အများဆုံး၊ သူ့မှာ လက်ဖက်ရည်တစ်ခွက်သောက် အချိန်လောက်သာ ကျန်တော့ သည်။ ထိုအချိန်ရောက်လျှင် ချင်ယွင်၏ ခန္ဓာကိုယ်သည် လုံး၀ ထိန်းနိုင်တော့မည် မဟုတ်ပေ။ ထိုအချိန်တွင် ချင်ယွင် လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ယောင်လင်းခေါင်ကို သတ်ရန် ဖြစ်သည်။
"ဘုန်း…..!"
ချင်ယွင်၏ ခန္ဓာကိုယ်သည် လေထဲမှ နက်ရှိုင်းသော တွင်းနက်ကြီးထဲသို့ ဆင်းသက် လာပြီး သူ၏လက်ထဲရှိ မဟူရာသတ္တုတုတ်က ယောင်လင်းခေါင်၏ မျက်ခုံးနှစ်ခုကြား ကို ဖိထားလေသည်။
"ငါ ထပ်ပြောလိုက်မယ်။ အစ်မဇီ နဲ့ တခြားလူတွေကို သွားခွင့်ပြုလိုက်ပါ" ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။ အနက်ရောင်ဆံပင်များက သူ၏နောက်ကျောတွင် တဟုန်းဟုန်း ထောင်မတ်နေသည်။ သူမျက်နှာပေါ်ရှိ သွေးမျက်ရည်များပါ ပေါင်းစပ်လိုက်ခြင်းဖြင့် သူသည် နတ်ဆိုးတစ်ဦးနှင့် မခြားနားတော့ပေ။
"ဟား…..။ ဟား…..။ မင်း အရည်အချင်းရှိရင် ငါ့ကို သတ်လိုက်ပါ။ တကယ်လို့ မင်း ငါ့ကို သတ်လိုက်မယ်ဆိုရင် သူတို့လည်း ငါနဲ့အတူ သေသွားလိမ့်မယ်။ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်က အကြာကြီးခံနိုင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်။ မင်း အခု ငါ့ကို မသတ်ရင် နောက်ပိုင်း သေမယ့်လူက မင်း ဖြစ်သွားလိမ့်မယ်။" ယောင်လင်းခေါင်သည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေပါသည်။ သူ၏ခန္ဓာကိုယ်က လုံးဝကို အက်ကွဲ စုတ်ပြတ်နေခဲ့ပြီး အရိုးတွေလည်း နေရာတော်တော်များများမှာ ကျိုးပဲ့နေ၏။ သူသည် လှုပ်ရှားချင်သော်လည်း ချင်ယွင်၏ မဟူရာသတ္တုတုတ်က တင်းကျပ်စွာ ဖိနှိပ်ထား သည်။
"မင်းက တကယ်ကို သေချင်နေတာဘဲ!"
ချင်ယွင်၏ မျက်လုံးများသည် ရန်လိုမူအမျက်ဒေါသနှင့်အတူ ပေါက်ကွဲထွက်လာပြီး သူ၏လက်ထဲရှိ မဟူရာသတ္တုတုတ်ကို အလွန်အမင်း ကြောက်စရာစွာ ဝှေ့ယမ်းလိုက် သည်။
ချင်ယွင်သည် ယောင်လင်းခေါင်၏ ဝမ်းဗိုက်ထဲကို သူ၏တုတ်ဖြင့် ရိုက်နှက်လိုက်သည့် အစွမ်းကပင် ဂြိုဟ်ငယ်လေးတစ်ခုကို ဖြိုခွဲပစ်ဖို့ လုံလောက်ပါသည်။
"ဘုန်း….!"
ဂြိုလ်တစ်ခုလုံးသည် ချက်ချင်းပင် ပြင်းထန်စွာ တုန်လှုပ်သွားပါသည်။ ကြီးမားသော အက်ကွဲကြောင်းကြီးများသည် မြေပြင်အနှံ့ ချက်ချင်း ပွင့်ထွက်ကာ အက်သွားပြီး ယောင်လင်းခေါင်၏ခန္ဓာကိုယ်တစ်ခုလုံး မြေအောက်သို့ တိုက်ရိုက် ကျရောက်သွားခဲ့ သည်။
"မင်း လွှဲပြောင်းပေးမှာလား?၊ မပေးဘူးလား"
ချင်ယွင်၏ပုံရိပ်က ယောင်လင်းခေါင်၏နောက်သို့ လိုက်ပါသွားပြန်သည်။ သူသည် သူ၏လက်ထဲမှ မဟူရာသတ္တုတုတ်ကို အဆက်မပြတ် ဝှေ့ယမ်းပြီး ယောင်လင်းခေါင်၏ ဝမ်းဗိုက်ကို တုတ်ဖြင့် တစ်လုံးပြီး တစ်လုံး ပြင်းပြင်းထန်ထန် ရိုက်နှက်လေသည်။
ယောင်လင်းခေါင်၏ပုံရိပ်သည်သည် ဆက်လက် အောက်သို့ကျဆင်းနေပြီး မြေလွှာများ ကို ဖောက်ထွင်းဝင်ရောက်ကာ နောက်ဆုံးတွင် ဂြိုလ်၏ဗဟိုချက်သို့ပင် ပြင်းပြင်း ထန်ထန် ထိမှန်သွားလေသည်။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ခွန်အားသည် အစစ်အမှန် အင်မော်တယ်တစ်ပါးနှင့် နီးကပ်လုနီးပါး ဖြစ်နေပြီး မြေကမ္ဘာအင်မော်တယ်နယ်ပယ်ရှိ ယောင်လင်းခေါင်သည် လက်တုံ့ပြန်ရန်ပင် စွမ်းအားမရှိခဲ့ပါချေ။
"ဖူး….!"
ယောင်လင်းခေါင်သည် လုံးဝ မလှုပ်ရှားနိုင်လောက်အောင် အရိုက်ခံရပြီး ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က အရိုးတွေ အကုန်ကျိုးသွားပါပြီ။ သို့သော် သူ၏ပါးစပ်ထောင့်တွင် ရူးသွပ်သော အပြုံးတစ်ခုက ခိုတွဲနေဆဲ ရှိနေပါသေးသည်။
ချင်ယွင်၏ မျက်လုံးများတွင် အမုန်းတရားများ ထပ်ထပ်ခါခါ ဖြစ်ပေါ်နေပြီး သူသည် အမုန်းတရားများ ရှိနေရုံမှလွဲ၍ သူလုပ်နိုင်သောအရာ ဘာမှမရှိခဲ့ပေ။
အကယ်၍ ယောင်လင်းခေါင်သာ ဇီရှန် နှင့် တခြားလူတွေကို ထွေးထုတ်မပေးဘူးဆိုရင် ချင်ယွင်သည် သူ့အပေါ် ဘာမှ မလုပ်နိုင်တော့ပါဘူး။ အကယ်၍ သူ၏ဗိုက်ကို ဖွင့်ပြီး ရှာမည်ဆိုလျှင်ပင် သူသည် ဇီရှန် နှင့် တခြားလူတွေကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ထိုသို့မဟုတ်လျှင် ချင်ယွင်ကရော အဘယ့်ကြောင့် ဤမျှလောက် ကြိုးစား အားထုတ် နေလိမ့်မည်နည်း?။
ထိုအချိန်တွင်၊ ချင်ယွင်၏ခန္ဓာကိုယ်သည် ပြိုကျလုနီးပါး ဖြစ်နေပြီဖြစ်ပြီး မကြာမီတွင် သူသည် ယောင်လင်းခေါင်ကဲ့သို့ မလှုပ်မရှားနိုင် ဖြစ်သွားလိမ့်မည်။
"ဟား….။ ဟား….။ မင်းရဲ့ခန္ဓာကိုယ်က ပြိုလဲကျတော့မယ်။ လာ..၊ လာ….။ ငါ့ကို လာသတ်စမ်းပါဦး…!" ယောင်လင်းခေါင်က ရူးကြောင်ကြောင် ရယ်မောလိုက်သည်။
ချင်ယွင်၏မျက်လုံးများသည် အလွန်အေးစက်နေခဲ့သည်။ အကယ်၍ သူသည် ယောင်လင်းခေါင်ကို သတ်လိုက်မည်ဆိုလျှင် ရှောင်ဘိုင် နှင့် အခြားသူများလည်း သေသွားပေလိမ့်မည်။ ဤသည်မှာ ချင်ယွင် မမြင်ချင်သော မြင်ကွင်းဖြစ်ပါသည်။
သို့သော် အကယ်၍ သူသာ သူ့ကို မသတ်ဘူးဆိုလျှင်လည်း ယင်းက သေချာပေါက် လျှို့ဝှက်အန္တရာယ်တစ်ခု ဖြစ်လာလိမ့်မည်။
"ကောင်စုတ်လေး၊ မင်းက တော်တော်လေးကို တုံးအမိုက်တာပဲ၊ မင်းမှာ အစိမ်းရောင် ကြာပန်းစည်းတံဆိပ် မရှိဘူးလား။ ဒီယောင်လင်းခေါင်က မွေးရာပါ နတ်ဘုရားစွမ်းရည် ကို ပိုင်ဆိုင်ထားတယ်။ သူ့မှာ အဆင့်မြင့်အဆင့် နတ်ဘုရားသားရဲရဲ့ သွေးမျိုးဆက် ရှိနေမှာပဲ။ မင်းက သူ့ကို သေချာပေါက် ကျွန်တံဆိပ် ခတ်နှိပ်နိုင်လိမ့်မယ်။" ချင်ယွင် အကျပ်ရိုက်နေစဉ်မှာဘဲ ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ချင်ယွင်၏ နားထဲမှာ ထွက်ပေါ်လာပါသည်။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ဝင်းလက်တောက်ပလာပြီး "မှန်တယ်၊ ငါ ဘာလို့ ဒီအချက်ကို မေ့သွားတာပါလိမ့်။ ငါ မင်းကို ကျွန်ခံခိုင်းမယ်။ အဲဒီအချိန်ရောက် ရင် မင်းက အစ်မဇီ နဲ့ တခြားသူတွေကို လွှတ်ပေးဖို့ ငြင်းဆန်ရဲသေးလား ငါ ကြည့်ဦး မယ်"
ထိုနောက် ချင်ယွင်သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို အလျင်အမြန် အသက် သွင်းလိုက်လေသည်။ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် တုနှိုင်းမရအောင် လင်းတောက်ပသည့် အလင်းရောင်ကို ထုတ်လွှတ်သည်။
ချင်ယွင်သည် တာအိုအငွေ့ရည်ဖွဲ့ခြင်းနယ်ပယ်သို့ ဝင်ရောက်လာကတည်းက သူသည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ စွမ်းအားကို ထိန်းချုပ်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် ကနဦးစကြဝဠာကို လုံးလုံးလျားလျား ထိန်းချုပ်ပြီးနောက် ချင်ယွင်သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို အပြည့်အဝ အသုံးချနိုင်ခဲ့သည်။
ယခုအချိန်တွင် ချင်ယွင်သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို အသုံးပြုလိုက် သည်။ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် ချက်ချင်းပင် လင်းလက်တောက်ပ နေပြီး မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားတစ်ခု ထုတ်လွှတ်လိုက်ကာ နတ်ဆိုး နတ်ဘုရားကို လေထဲတွင် ရစ်ပတ်လိုက်လေသည်။
"မင်း...ဘာလုပ်ချင်လို့လဲ" ယောင်လင်းခေါင်၏ မျက်နှာသည် နောက်ဆုံးတွင် ထိတ်လန့်သော အမူအရာတစ်ခုကို ထုတ်ဖော်လာခဲ့ပြီး သူ၏ နီဝမ်နန်းတော်ရှိ စိတ်ဝိညာဉ်အလင်းလုံးဆီသို့ မထင်မှတ်ထားသော စိတ်ဝိညာဉ်စွမ်းအားတစ်ခုက တိုက်ခိုက်သွားသည်ကို မကြုံစဖူး ခံစားလိုက်ရလေသည်။
“အား…… မဟုတ်ဘူး…”
ယောင်လင်းခေါင်က အရူးအမူး အော်ဟစ်ပါသည်။ သူသည် နတ်ဆိုးဘုရားတစ်ပါး ဖြစ်ရန် အမှန်တကယ် ထိုက်တန်သူ ဖြစ်ပါသည်။ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ စွမ်းအားသည်ပင် သူ့ကို မထိန်းချုပ်နိုင်လုနီးပါးပင် ဖြစ်ခဲ့ရသည်။
အချိန်အတော်ကြာအောင် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေမျိုးဖြစ်ပေါ် ပြီးနောက်၊ ယောင်လင်းခေါင်သည် နောက်ဆုံးတွင် လုံးဝ ရှုံးနိမ့်သွားခဲ့ရပါသည်။
ဝှီး….!
ယောင်လင်းခေါင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချင်ယွင်၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင် ကြာပြန်းစည်းတံဆိပ်သို့ တိုက်ရိုက် ထည့်သွင်းခံလိုက်ရပြီး ချင်ယွင်၏ စိတ်ထဲတွင် စိတ်ဝိညာဉ် ပဋိညာဉ်စာချုပ်တစ်ခု ချက်ချင်း ပေါ်လာပါသည်။
ဤနည်းဖြင့် ယောင်လင်းခေါင်သည် ချင်ယွင်၏ ကျွန်အဖြစ် လုံးလုံးလျားလျား ဖြစ်သွားခဲ့ပါသည်။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် ချင်ယွင်၏ နှုတ်ခမ်းများသည် တောက်ပသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပြိုဆင်းပြီး ဂြိုလ်၏အလယ်မှာ လဲကျသွားပါသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သုံးခုသည် သုံးပိုင်းကွဲသွားပါသည်။ သူတို့အားလုံးသည် ခွေးသေကောင်များကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေကြ၏။ သူတို့၏ အရိုးများနှင့် သွေးကြောများ အားလုံး ကျိုးပဲ့ပေါက်ကွဲကုန်ပြီး သူတို့သည် လက်ချောင်းလေး တစ်ချောင်းကိုပင် မလှုပ်နိုင်ကြတော့ပေ။
ယခုအချိန်ဆို သုံးနှစ်အရွယ်ကလေးတောင်မှ သူတို့ကို ဓားနှင့် ထိုးသတ်နိုင်ပါသည်။
ဟုတ်ပါသည်။ အကြောင်းအရင်းကလည်း ချင်ယွင်၏အနားမှာ စောင့်ကြပ်နေသော ရှေးဟောင်းတာအိုဆရာသခင်က သေချာပေါက် မလှုပ်ရှားမှ ဖြစ်ပါလိမ့်မည်။