အခန်း ၆၂၂
Vol. 42 Ch. 622
အခန်း(၆၂၂) ယစ်ထုတ်အဘိုးကြီးအား လွမ်းဆွတ်ခြင်း။
"အလုပ်ကိစ္စလား….? ဘာအလုပ်ကိစ္စလဲ?" ရှီချန်ဂန်က ချက်ချင်း မေးလိုက်ပါသည်။
တကယ်တော့ ရှီချန်ဂန်သည် ယွန်ဟောင်ယန် သေဆုံးခြင်းအတွက် နာကျင်မှုကို သိပ်ပြီး မခံစားခဲ့ရပေ။ ယွန်ဟောင်ယန်က သူ၏သားစဉ်မြေးဆက်ဖြစ်ပေမယ့် သူသည် သူ့ကို တစ်ကြိမ်တစ်ခါ မှမတွေ့ဖူးပါဘူး။
အရင်တုန်းကတော့ သူသည် သူ့ကို အနည်းငယ် သဘောကျခဲ့သော်လည်း ယွန်ဟောင်ယန်၏ ဉာဏ်တိမ်ပြီး မိုက်မဲသည့် အပြုအမူတွေက ချက်ချင်းပင် သူ၏ အထင်ကြီးမူကို ဆုံးရှုံးသွားစေခဲ့သည်။ ထို့သို့မဟုတ်လျင်၊ သူသည် အစောပိုင်းက ချင်ယွင်ကို ယွန်ဟောင်ယန်ဆီကို ချဉ်းကပ်ခွင့် ပြုလိမ့်မည် မဟုတ်ပေ။
"မြေခွေးအိုကြီး၊ ခင်ဗျားက အရမ်းကို လိမ္မာပါးနပ်ပါတယ်လေ။ ဒီတော့ ကျုပ်လာရတဲ့ အကြောင်းရင်းကိုလည်း ခင်ဗျား ခန့်မှန်းပြီး ဖြစ်ပါလိမ့်မယ်။ အမှန်အတိုင်းပြောရရင် မင်းရဲ့အင်မော်တယ် နန်းတော်သော့အတွက် ကျုပ် ဒီကို လာခဲ့ရတာပဲ" ချင်ယွင် က လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။
ရှီချန်ဂန်သည် ချင်ယွင်၏စကားကို ကြားသောအခါတွင် သူ၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာမျိုး ရှိမနေခဲ့ပေ။ ချင်ယွင် ပြောသလိုပင်၊ ချင်ယွင်သည် အင်မော်တယ်နန်းတော် သော့အတွက် ဤနေရာသို့ ရောက်ရှိလာသည် ကို သူ ခန့်မှန်းပြီးသား ဖြစ်ပါသည်။ သို့သော် ချင်ယွင်က မည်သည့်စကားမှ မပြောဘဲ သူက ဝန်မခံချင်ပေ။
ချင်ယွင်သည် အင်မော်တယ်နန်းတော်သော့အကြောင်းကို ပြောသည်ကိုကြားတော့ သူ၏ မျက်ခုံးတွေက ချက်ချင်း တွန့်သွားပါသည်။ "အင်မော်တယ်နန်းတော်သော့ကို ငါ မပေးနိုင်ဘူး။ တကယ်လို့ မင်း ငါ့ကို သတ်ရင်တောင် မင်းအနေနဲ့ ရနိုင်မှာမဟုတ်ဘူး" ဟု အေးစက်စွာ အော်ပြောလိုက်သည်။
"အိုး….?" ချင်ယွင် က အံ့သြသွားသည့်ဟန်ပန် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
ကြည့်ရသည်မှာ ဤမြေခွေးအိုကြီးသည် နောက်ဆုံးမှာတော့ မြေခွေးအိုကြီးဖြစ်ဆဲဟု ထင်ရပါသည်။ သူ့ရှောင်ယန်ဂိုဏ်း၏ အင်အားသည် အင်မော်တယ်နန်းတော်သော့ကို ကာကွယ်နိုင်မည် မဟုတ်ကြောင်း ကာလအတန်ကြာကတည်းက သူသည် ခန့်မှန်းမိပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် ၎င်းကို သူနှင့်အတူ မထားရန် ဆုံးဖြတ်ထားလိမ့်မည်။ ဤနည်းအားဖြင့် အင်မော်တယ်နန်းတော်သော့ကို မရမချင်း အခြားမည်သူကမျှ သူ့အား မည်သည့်အရာမှ လုပ်ဝံ့ကြမည် မဟုတ်ပေ။
ချင်ယွင်က ရယ်လိုက်ပြီး ရှီချန်ဂန်ကို ကြည့်လိုက်သည်။ "စိတ်မပူပါနဲ့ မြေခွေးအို၊ အခုတစ်ကြိမ်က ခင်ဗျားရဲ့ အင်မော်တယ်နန်းတော်သော့ကို လုယူဖို့ ကျုပ်တို့ ရောက်လာတာ မဟုတ်ပါဘူး။"
"အယ်..?...။ အဲဒါဆို မင်းတို့ ဘာလိုချင်လို့လဲ?..." ရှီချန်ဂန်က အံ့အားသင့်သည့် အမူအရာကို ထုတ်ဖော်လိုက်သည်။
ချင်ယွင်သည် သူ၏ အင်မော်တယ်နန်းတော်သော့ကို လုယူရန်အတွက် ဤနေရာသို့ ရောက်လာခြင်း မဟုတ်ဘူးဆိုလျှင်၊ ချင်ယွင်သည် အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိလာသည်ကို သူ နားမလည်နိုင်ပေ။
"ခင်ဗျားရဲ့ အင်မော်တယ်နန်းတော်သော့ကို ငှားရမ်းမလို့ ကျုပ်တို့ ရောက်လာခဲ့တာ။ ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်ပါသည် ။
"ငှားရမ်းဖို့လား….?" ရှီချန်ဂန်က အထင်သေးဟန်ဖြင့် ရယ်မောလိုက်သည်။ အသံကောင်းဟစ်နေသေး၏။ ငှားရမ်းခြင်းနှင့် လုယက်ခြင်းအကြား ဘာများ ကွာခြားတော့မည်နည်း?။
ဟုတ်ပါသည်၊ ချင်ယွင်က သူ မည်သည့်အကြောင်း တွေးနေသနည်းဆိုသည်ကို သိပါသည် ထို့ကြောင့် သူက ဆက်ပြောလိုက်သည် "ခင်ဗျားအနေနဲ့ ကျုပ်တို့ကို အင်မော်တယ်နန်းတော်သော့ ပေးစရာမလိုဘူး။ ကျုပ်တို့ လိုအပ်တဲ့အခါ ထုတ်ယူပေး ဖို့ပဲ လိုတာပ။ ဒီကြားထဲမှာ ကျုပ်က ခင်ဗျားရဲ့ အင်မော်တယ်နန်းတော်သော့ကို ထိတောင် ထိမှာမဟုတ်ဘူး။"
ရှီချန်ဂန် တိတ်ဆိတ်သွားသည်။ ထို့နောက် ခေါင်းကို မြှောက်ကာ “ တကယ်လို့ ငါ သဘောမတူဘူးဆိုရင်ရော ဘယ်လိုလုပ်မလဲ?”
ချင်ယွင်၏ ပါးစပ်ထောင့်စွန့်များသည် အနည်းငယ် တုန်ခါသွားပြီး သူ ဘာမှ ပြန်မပြောပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ကာလရှည်ကြာကတည်းက စိတ်မရှည် ဖြစ်နေသော လူတစ်ယောက်က ရှီချန်ဂန်၏ဘေးတွင် ရှိနေခဲ့ပါသည်။ သူ၏ နတ်ဆိုး မျက်လုံးတစ်စုံသည် အေးစက်စက် အလင်းရောင် အငွေ့အသက်များ ထွက်ပေါ်လာ သည်။ မလိုအပ်သည့် စကားတခွန်းမှ မပြောဘဲ သူသည် ရှီချန်ဂန်၏ဝမ်းဗိုက်ကို တိုက်ရိုက် ထိုးချလိုက်လေသည်။
ရှီချန်ဂန်၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။ သူ ချောင်းတဟွတ်ဟွတ် ဆိုးပြီးနောက် သွေးတွေ ထွက်ကျလာသည်။ သူ၏ဝမ်းဗိုက်မှ ဖြစ်ပေါ်လာသည့် နာကျင်မှုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလို ခံစားလိုက် ရ၏။ သူ၏နောက်မှ နံရံတံတိုင်းကြီးပင် ပေါက်ကွဲသွားပါသည်။ အကယ်၍ ယောင်လင်းခေါင်သာ ရှီချန်ဂန်၏ လည်ပင်းကို မဆုပ်ကိုင်ထားဘူးဆိုပါလျှင်၊ သူသည် နောက်ပြန် လွင့်ထွက်သွားပေလိမ့်မည်။
"အယုတ်တမာအိုကြီး၊ ခင်ဗျား အခုလို အဓိပ္ပာယ်မရှိတဲ့ စကားမျိုး ထပ်ပြောရဲတယ်ဆို ရင် ကျုပ် မင်းကို အခုပဲ သတ်ပစ်မယ်ဆိုတာ ခင်ဗျား ယုံလား?" ယောင်လင်းခေါင်၏ မျက်လုံးများတွင် ခက်ထန်သော အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်လိုစိတ်က ပြင်းထန်စွာ တောက်လောင်နေသည်။
ရှီချန်ဂန်၏ မျက်နှာသည် သေဆုံးသွားသည့်အလား ဖြူဖျော့နေပြီး သူ၏နှလုံးသားသည် ထိတ်လန့်မှုဖြင့် ပြည့်နှက်နေ၏။
သူ၏လက်ထဲတွင် ဝှက်ဖဲတစ်ချပ်ရှိသော်လည်း ယောင်လင်းခေါင်က သူ့ကို မသတ်ဟု အာမမခံနိုင်ပေ။ ထို့အပြင် သူ၏ဘေးတွင် အမည်မသိ ချင်ယွင်ဆိုသည့် လူတစ်ယောက် လည်း ရှိနေသည်။ သူသည် သူ၏ ဝှက်ဖဲကို တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ ထို့ကြောင့် သူသည် နောက်ဆုံး သေခြင်းရှင်းခြင်း အခိုက်တန့်မရောက်မချင်း အလွယ်တကူ ထုတ်မသုံးချင်ပေ။
"ကောင်းပြီလေ၊ ငါ မင်းကို ကတိပေးတယ်၊ ဒါပေမယ့် မင်းတို့က အင်မော်တယ် နန်းတော်သော့ကို ဘာအတွက် လိုချင်လဲဆိုတာ ငါ သိချင်တယ်" ရှီချန်ဂန်က မေးသည်။
ရှီချန်ဂန်က သဘောတူလက်ခံကြောင်း ချင်ယွင်က ကြားလိုက်သောအခါတွင် သူ၏ ပါးစပ်ထောင့်စွန်းက အေးစက်စက် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား၏။
"ခင်ဗျားကို ပြောပြရမယ်ဆိုရင်လည်း ဘာအန္တရာယ်မှ မရှိပါဘူး။ ကျုပ်တို့က ကိုးခုမြောက် အင်မော်တယ်နန်းတော်သော့ကို ရှာတွေ့ဖို့ နည်းလမ်းရှာထားပြီးသား ဖြစ်တယ်။ တကယ်တော့ အဲဒီနည်းလမ်းက အရမ်းကို ရိုးရှင်းပါတယ်။ တခြားသော့ရှစ်ချောင်းကို စုဆည်းလိုက်တာနဲ့ နောက်ဆုံးသော့ တစ်ချောင်းရဲ့ တည်နေရာကို ရှာတွေ့နိုင်လိမ့်မယ်။ “ချင်ယွင်က အပြုံးနှင့်အတူ ပြောလိုက်သည်။
"အဲဒါကြောင့်!" ရှီချန်ဂန်သည် ရုတ်တရက် နားလည်သွားသော်လည်း နောက်ပိုင်းတွင် သူသည် အံ့အားသင့်သွားပြီး ပြောလိုက်ပါသည် " ဒါပေမယ့် သော့က ခုနစ်ချောင်းပဲ ရှိသေးတာ မဟုတ်ဘူးလား။ ရှစ်ခုမြောက်သော့က ဘယ်က ရလာတာလဲ?"
ချင်ယွင်က ပြုံးပြီး ဘာမှ ပြန်မပြောချေ။
ရှီချန်ဂန်သည် ထက်မြက်သူ ဖြစ်ပါသည်။ ရှစ်ခုမြောက်သော့ကို သူ၏ရှေ့မှ ဤလူငယ်က ရထားပြီဆိုသည်ကို သူသိလိုက်ပြီး အံ့သြသွားပါသည်။
"အခု ခင်ဗျား ကျုပ်တို့နဲ့ ပူးပေါင်းဖို့ သဘောတူလိုက်ပြီ။ ခင်ဗျား ကျုပ်တို့နဲ့ ပူးပေါင်းနေ သမျှ ကျုပ်က အင်မော်တယ်နန်းတော်သော့ကို ခင်ဗျားကို ဆက်လက် ကိုင်ထားခွင့် ပြုမယ်။ သော့ကိုးချောင်းလုံးကို စုဆောင်းပြီးနောက်မှ အင်မော်တယ်နန်းတော်ရဲ့ အတွင်းပိုင်းကို ဖွင့်လို့ရမယ်၊ အင်မော်တယ်နန်းတော်ထဲကို ဝင်ဖို့အတွက် ခင်ဗျား လက်ထဲမှာရှိတဲ့ သော့ကို အသုံးပြုလို့ရတယ်။" ချင်ယွင်က တချက်ပြုံးရင်း ပြောလိုက် ပါသည် ။
"မြစ်ကိုဖြတ်ကျော်ပြီးနောက် တံတားကို ဖြိုချဖျက်ဆီးပစ်ခြင်း ရှိမရှိ ငါက ဘယ်လိုလုပ် သိနိုင်မှာလဲ" ရှီချန်ဂန် က လေးနက်စွာပြောသည်။
တစ်ဖက်တွင်ရှိနေသည့် ယောင်လင်းခေါင်၏ မျက်နှာသည် ဒေါသအရိပ်အယောင်များ တစ်ဖန်ပြန်တက်လာပြီး ဆက်လက်တိုက်ခိုက်ရန် ကြံရွယ်နေသည်။
ရှီချန်ဂန်၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ပေါ်လာသည်။
ချင်ယွင်သည် ရှီချန်ဂန်ကို လွှတ်ပေးလိုက်ရန် သူ၏လက်ကို ဝှေ့ယမ်းပြီး ယောင်လင်းခေါင်အား အချက်ပြလိုက်သည်။ သူက ရှီချန်ဂန်ကို ပြုံးပြီး ပြောသည် "ကျုပ်လိုချင်တာက အင်မော်တယ်နန်းတော်တံခါးကို ဖွင့်ဖို့ ကိုးခုမြောက်သော့ကို ရှာဖွေဖို့ပဲ။ ဘာကြောင့် ကျုပ်က သော့တွေ အများကြီး လိုရမှာလဲ။ တကယ်လို့ ခင်ဗျား ကျုပ်ကို မယုံသေးဘူးဆိုရင် ခင်ဗျား ကျုပ်ကို ကြိုဆိုဖို့ ခင်ဗျားရဲ့ဝှက်ဖဲကို အသုံးပြုလို့ ရပြီ။"
ရှီချန်ဂန်သည် သူ၏နှလုံးသားထဲတွင် အေးစက်မှုကို မခံစားရဘဲ မနေနိုင်ပါချေ။ သူ၏မျက်လုံးမှတဆင့် ဤလူငယ်သည် သူ၏လက်ထဲတွင် ဝှက်ဖဲတစ်ချပ် ရှိနေသည်ကို ခန့်မှန်းနိုင်ပြီး ယခုလိုစကားမျိုး ပြောနိုင်ကတည်းက၊ သူ၏အမြင်အရဆို ဤလူငယ် သည် သူ၏ ဝှက်ဖဲဟု ခေါ်သည့်အရာကို လုံးဝ မကြောက်ဘူးဆိုသည်ကို ပြသနိုင်နေ ပါပြီ။
ဟုတ်ပါသည်၊ ရှီချန်ဂန်ကို အမှန်တကယ် ထိတ်လန့်သွားစေသည်မှာ သူ၏ရှေ့ရှိ ဤလူငယ်လေး၏ လျင်မြန်ထက်မြက်သည့်ဇဝနဉာဏ်နှင့် စိတ်နေသဘောထားပင် ဖြစ်ပါသည်။
ယခုလေးတင် စကားစမြည် ပြောဆိုတာပဲ ဖြစ်ဖြစ်၊ ယောင်လင်းခေါင်ကို သူ၏ ရှေ့မှောက်သို့ လျောက်သွားခိုင်းပြီး တမင်တကာ လှုပ်ရှားခိုင်းတာပဲ ဖြစ်ဖြစ်၊ ဤအရာ အားလုံးသည် အမှန်တကယ်တော့ သူ့အတွက် စမ်းသပ်မှုတစ်ခု ဖြစ်ပါသည်။ သူသည် လူတွေ၏စိတ်နှလုံးအပေါ် ယုံကြည်မှုနှင့်ပတ်သက်လျှင် မီးကဲ့သို့ သန့်စင်သည့် အဆင့်မျိုးထိ ရောက်ရှိသွားပြီလို့ ဆိုနိုင်ပါသည်။ သူလိုမြေခွေးအိုကြီးသည်ပင် ဆိုးရွားသည့် အနေအထားသို့ ကျဆင်းသွားရသည့် လက္ခဏာများ ပြသနေပါပြီ။
အကယ်၍ သူ့ကို မြေခွေးလေးဟု ခေါ်မည်ဆိုလျှင် အလွန် ချဲ့ကားရာရောက်မှာ မဟုတ်ပါဘူး။
သန်မာသော ကျင့်ကြံခြင်းစွမ်းအားသည် ကြောက်စရာအကောင်းဆုံး မဟုတ်ပါ။ ကြောက်စရာအကောင်းဆုံးကတော့ ထိုလူ၏ကျင့်ကြံမူအဆင့်သည် သန်မာနေရုံ သာမက သောက်ရမ်းဉာဏ်ကောင်းသည့် ဦးနှောက်တစ်ခုလည်း ရှိနေခြင်း ဖြစ်ပါသည်။ ရှေးတစ်မျိုးသည် အလွန်တွေ့ရများသော်လည်း နောက်ပိုင်းတစ်မျိုးကတော့ ရှားပါး လွန်းပါသည်။ ရှင်းရှင်းပြောရလျှင်၊ သူ၏ရှေ့မှ ဤလူငယ်သည် နောက်ပိုင်းလူမျိုး ဖြစ်ပေသည်။
"ကောင်းပြီလေ၊ မင်းနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ငါ ကတိပေးတယ်။" ရှီချန်ဂန်က ပြောလိုက်သည်။
ဤအခိုက်အတန့်တွင်၊ သူ၏ချင်ယွင်အပေါ် ကြောက်ရွံ့ခြင်းသည် ယောင်လင်းခေါင်ကို လုံးဝ ကျော်လွန်သွားပါပြီ။ အခြားရွေးချယ်စရာရှိလျှင်၊ သူသည် ဤလူငယ်နှင့် လုံးဝ ရန်သူဖြစ်ခံမည် မဟုတ်ကြောင်း မိမိကိုယ်ကို သတိပေးလိုက်ပါသည်။
ရှီချန်ဂန်က ပူးပေါင်းဆောင်ရွက်ရန် သဘောတူသည်ကို မြင်လျှင် ချင်ယွင်၏ နှုတ်ခမ်းတစ်စုံက ပြုံးပြုံးရွှင်ရွှင် ဖြစ်သွားပါသည်။
ယင်းက ယစ်ထုတ်အဘိုးကြီး တစ်ချိန်က ပြောခဲ့ဖူးသည်ကို သူ့ကို အမှတ်ရစေသည်။ “ဉာဏ်ကောင်းသူများအတွက် စကားပြောခြင်းသည် ကြိုးစားအားထုတ်မှုကို ဖြုန်းတီး ခြင်း ဖြစ်၏။ အရူးတွေနှင့် စကားပြောရမည်ဆိုလျှင် မင်းဘာပဲပြောပြော ကြက်တွေ၊ ဘဲတွေနှင့် စကားပြောနေသလိုပင် ဖြစ်နေလိမ့်မည်။ လက်သီးကို တိုက်ရိုက် အသုံးပြုခြင်းသည် အကောင်းဆုံး ဖြေရှင်းချက် ဖြစ်သည်”ဟူ၏။
ချင်ယွင်သည် ယခင်က ဤ ရိုင်းစိုင်းကြမ်းကြုတ်သော စကားများအတွက် ခံစားချက် များစွာ မရှိခဲ့ဖူးသော်လည်း ယခုအခါတွင် ယစ်ထုတ်အဘိုးကြီး၏စကားများသည် အလွန် ကျိုးကြောင်းဆီလျော်သည်ဟု သူ ခံစားမိသည်။
ဟုတ်ပါသည်၊ ယစ်ထုတ်အဘိုးကြီးသည် ယခုလိုပညာရှင်ဆန်ဆန် စကားမျိုးတွေ အများကြီး ပြောခဲ့ဖူးပါသည်။ ဥပမာအနေဖြင့် ' မျက်နှာကိုပါးရိုက်ပြီး ပေါင်ခွကြားကို ခြေထောက်ဖြင့် ကန်ခြင်း'စသည့် စကားမျိုးတွေ ဖြစ်နေပါသည်။ ထိုအချိန်တုန်းကဆို ချင်ယွင်သည် ထိုစကားများကို ကြားရစဉ်မှာ ပြုံးလုမတတ်ပင် ဖြစ်သွားရသည်။ ထိုစကားတွေအားလုံးက ပေါက်လွှတ်ပဲစားဆန်ဆန် ဖြစ်နေပါသည်။ ချင်ယွင် ရံဖန်ရံခါ ထုတ်ဖော်ပြသဖူးသည့် 'ပေါက်လွှတ်ပဲစားဆန်ဆန်' အပြုမူများသည် ယစ်ထုတ် အဘိုးကြီး၏ ပြုစုပျိုးထောင်ပေးခြင်း ခံရမူကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။
ယစ်ထုတ်အဘိုးကြီး၏ မူလအစက အလွန်ထူးဆန်းလွန်းသည်။ သူသည် သေမျိုးကမ္ဘာမှ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းလာသူဟု ဆိုကြသည်။ ချင်ယွင်သည် သူ့ကို မည်သည့်ကမ္ဘာမှ တက်လှမ်းလာသနည်းဟု အမြဲတမ်း မေးခဲ့သော်လည်း ယစ်ထုတ်အဘိုးကြီးက သူ့ကို မပြောပြခဲ့ပါဘူး။
တစ်ခါတုန်းက ယစ်ထုတ်အဘိုးကြီး မူးလွန်နေသည့်အခါ၊ ချင်ယွင်သည် နောက်ဆုံး တွင် ယစ်ထုတ်အဘိုးကြီး၏ ပါးစပ်မှ “မြေကမ္ဘာ”ဟူသည့် စကားလုံးနှစ်လုံးကို နှိုက်ယူနိုင်ခဲ့ပါသည်။
ချင်ယွင်သည် ရှေးဟောင်းခေတ်၏ အင်မော်တယ်ကမ္ဘာတစ်ခုလုံးနှင့် မည်သို့မျှ လိုက်ဖက်မှုမရှိသော ယစ်ထုတ်အဘိုးကြီးလို လူတစ်ယောက်၏ ပါးစပ်မှ ကယောင်ကတန်းပုံစံဖြင့် ထွက်ပေါ်လာသည့် “မြေကမ္ဘာ”ဟူသည့်နေရာသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာမျိုးဖြစ်သည်ကို အလွန် သိချင်နေခဲ့မိပါသည်။
"ယစ်ထုတ်အဘိုးကြီး၊ ခင်ဗျား အသက်ရှင်နေသေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်။" ချင်ယွင်က သူ့ကိုယ်သူ တီးတိုးရေရွတ်ရင်း သူ၏နှလုံးသားထဲမှာ မြစ်တွေလို ပြည့်လျှံနေသည့် လွှမ်းမောတောင့်တမူ ခံစားချက်တွေက အတော်မတတ်နိုင်အောင် ဖြစ်ပေါ်နေပါသည်။