အခန်း ၆၃၁
Vol. 43 Ch. 631
အဓိပတိအင်မော်တယ်သခင် စာစဉ် (၄၃)
ဘာသာပြန်သူ နေဇင်။
အခန်း (၆၃၁) လျှို့ဝှက်ဆန်းကြယ်သော နှင်းမိန်းကလေး
ဝှီး…..!
မျက်နှာဖုံးကာဝတ်ထားသည့် အမျိုးသမီးက စကားပြောပြီးသည်နှင့် ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။ သူမ၏ရုပ်အသွင်သည် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ရှီချန်ဂန်ဆီသို့ ဦးတည်သွားသည်။
အားလုံးက အေးစက်စက် လေပြင်းများ တိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး သနားစဖွယ် အော်သံတစ်ခု ထွက်ပေါ်လာသည်။
မျက်နှာဖုံးကာဝတ်ထားသည့် အမျိုးသမီးသည် ရေခဲမှ သိပ်သည်းထားသော ရေခဲဓား တစ်ချောင်းကို ကိုင်ထားပါသည်။ ထိုအချိန်တွင်၊ နှင်းကဲ့သို့ ကြည်လင်သော ရေခဲဓား သည် ရှီချန်ဂန်၏ နှလုံးသားကိုဖြတ်တောက်၍ ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်သည်။
ရှီချန်ဂန်၏မျက်နှာသည် အလွန်ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာ ပေါ်လွင်နေပြီး သူ၏မျက်လုံးများသည် မယုံနိုင်ကြည်နိုင်သည့် အမူအရာများဖြင့် ပြည့်နှက်နေသည်။
သူမပြောပြီးသည်နှင့် ဤအမျိုးသမီးသည် အမှန်တကယ်ပင် လှုပ်ရှား လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။ သူမသည် ရက်စက်ကြမ်းကြုတ်ပြီး တိုက်ရိုက်ပင် လှုပ်ရှားခဲ့သည်။
"မင်း" ရှီချန်ဂန်က တစ်ခုခုကို ပြောချင်နေပုံရသော်လည်း သူ၏ဒဏ်ရာမှ ရေခဲလှိုင်းတွေ ပြန့်ကျဲသွားပြီးနောက် သူ့ကို ရေခဲရုပ်တုအဖြစ် ပြောင်းလဲပစ်လိုက် ပါသည်။
"ဖြန်း..…..!"
မျက်နှာဖုံးအုပ်ထားသော အမျိုးသမီးသည် ရှီချန်ဂန်ကို ညင်သာစွာ တွန်းထုတ်လိုက်ပြီး သူ့ကို မြေပြင်ပေါ်သို့ လဲကျသွားကာ အပိုင်းပိုင်း ကွဲအက်သွားစေသည်။
လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး အံ့သြသွားကြပါသည်။
ချင်ယွင်သည် နှင်းမိန်းကလေး ဟုခေါ်သော လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို အံ့သြတကြီးဖြင့် ကြည့်နေခဲ့ပြီး သူ၏နှလုံးသားထဲတွင် သတိအပြည့် ရှိနေပါသည်။
အစောပိုင်းလေးက တိုက်ခိုက်မှုနှစ်ခုကို သုံးသပ်ကြည့်လျှင် နှင်းမိန်းကလေးဟု ခေါ်သော လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် အလွန်အစွမ်း ထက်သည်ဟု ကောက်ချက်ချနိုင်ပါသည်။ ချင်ယွင်တောင်မှ သူသည် သူမ၏ ပြိုင်ဘက်ဖြစ်သည်ဟု မပြောဝံ့ချေ။ အထူးသဖြင့် ယခုလေးတင် တိုက်ခိုက်ခဲ့သော သူမ၏ တိုက်ခိုက်မှု အမြန်နှုန်း ဖြစ်သည်။ ချင်ယွင်တောင်မှ ပုံရိပ်ယောင်တစ်ခုအဖြစ်သာ ဖမ်းဆုပ် နိုင်ပါသည်။
အကယ်၍ သူသာ သူမနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင်၊ ချင်ယွင် သည် သူမ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်ဟု မပြောဝံ့ပေ။ ထို့အပြင် သူမသည် သူမ၏ ခွန်အားကို အကုန်အစင် အသုံးမချခဲ့ပုံရသည်။
မျက်နှာဖုံးကာဝတ်ထားသော အမျိုးသမီးသည် လူတိုင်း၏ နိုးကြားသတိထားနေသော အကြည့်ကို လျစ်လျူရှုကာ လှပပြီး သွယ်လျသော လက်ဖဝါးကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။ သူမသည် အသက်ရူချိန် အနည်းငယ်အတွင်းမှာ ရှီချန်ဂန်၏ လက်ထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့သော သိုလှောင်လက်စွပ်ကို စုပ်ယူလိုက်သည်။
ထို့နောက် သူသည် ရှီချန်ဂန်ပိုင်သော အင်မော်တယ်နန်းတော်သော့ကို ထုတ်ယူပြီး သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ပါသည်။
ဤအရာအားလုံး ပြုလုပ်ပြီးနောက် သူမသည် လူတိုင်းကို မျက်နှာလွှဲလိုက်သည်။
လူတိုင်းသည် သူတို့၏မျက်နှာပေါ်တွင် နိုးနိုးကြားကြား သတိထားသည့် အမူအရာများ ရှိနေကြပြီး ဤအမျိုးသမီးက ၎င်းတို့ကို ထပ်မံတိုက်ခိုက်မည်ကို လေးလေးနက်နက် ကြောက်ရွံ့နေကြသည်။
"စိတ်မပူပါနဲ့၊ ငါက အင်မော်တယ်နန်းတော်သော့နှစ်ချောင်းပဲ လိုတယ်။ ကျန်တဲ့ သော့တွေက ငါနဲ့ ဘာမှမဆိုင်ဘူး။" မျက်နှာဖုံးကာဝတ်ထားသော အမျိုးသမီး၏ အေးစက်စက် အသံကို ထပ်မံကြားရပြန်သည်။ သို့သော်လည်း သူမသည် လူအုပ်ကြီးကို တိုက်ရိုက်ကျော်ဖြတ်ကာ ပင်မခန်းမ၏ မြင့်မားသော ထိုင်ခုံဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
အစမှအဆုံးအထိ သူမသည် အေးစက်ပြီး မွန်မြတ်သော ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားပြီး သူမ၏ လှပသော ခန္ဓာကိုယ်သည် သူမ၏ နှလုံးသားထဲသို့ စိမ့်ဝင်သွားသော အေးစက်မှုကို ထုတ်လွှတ်လိုက်သည်။
ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော နှင်းမိန်းကလေးကို ဂရုတစိုက် ကြည့်ရူပြီး သူမ၏ နောက်ခံသမိုင်းကြောင်းကို ကြည့်ချင်မိသော်လည်း အချိန်အတော်ကြာအောင် စေ့စေ့စပ်စပ် စောင့်ကြည့်ပြီးနောက် သူသည် ဘာမှ မတွေ့ခဲ့ရပါ။
ဤလျှို့ဝှက်ဆန်းကြယ်သောအမျိုးသမီးသည် ထူထပ်သော အေးစိမ့်နေသည့် လေထုအလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေပုံရပြီး ထွင်းဖောက်မမြင်နိုင်သော ခံစားချက်ကို ပေးစွမ်းသည်။
သို့သော် ဤအမျိုးသမီးသည် အလွန်အမင်း အန္တရာယ်များသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ချင်ယွင် ပြောနိုင်ပါသည်။ သူမ၏အန္တရာယ်က ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့ထက် အများကြီး ပိုပါသည်။
"ကောင်းပြီလေ၊ ငါလည်း လိုချင်တာကို ရပြီးသွားပြီဆိုတော့ မင်းတို့လည်း ပြန်သွားလို့ ရပြီ။ အင်မော်တယ်ဘုရင်ရဲ့ စံအိမ်ကြီးထဲကို ဝင်ဖို့အချိန်က နောက်ဆယ်ရက်ကြာ လောက်ဆို ဖြစ်လိမ့်မယ်။ နောက်ဆယ်ရက်ကြာပြီးနောက် အခုလိုအချိန်မှာပဲ အဆုံးမဲ့ တွင်းနက်ကြီးထဲမှာ ပြန်ဆုံကြမယ်။" မြင့်မားသော ထိုင်ခုံပေါ်မှ အမျိုးသမီးက သူမ၏ အေးစက်စက်လေသံဖြင့် ပြတ်သားစွာ ပြောလိုက်ပါသည်။ မည်သူမှ ငြင်းဆိုရန် နေရာမရှိပေ။
"ဒီအတိုင်းကြီး ပြန်သွားရမှာလား?"
လူတိုင်း၏ မျက်နှာပေါ်တွင် မကျေနပ်မှု အရိပ်အယောင် ပေါ်လာပါသည်။ သူတို့သည် မြောက်ဘက်စွန်းရေခဲလွင်ပြင်၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရန် မျာစွာ ကြိုးစား အားထုတ်ခဲ့သည်။ နဝမမြောက် အင်မော်တယ်နန်းတော် ကျောက်စိမ်းဆွဲသီးကို မရရှိခဲ့ ရုံသာမက တစ်ခုသည်ပင် လုယက်ခံရမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။ ဤအရာက လူတိုင်းကို ကစားနေသလို ခံစားရစေသည်။
"ဘာလဲ….? ငါ့ဆုံးဖြတ်ချက်ကို မင်းတို့က မကျေနပ်ဘူးလား?" ထိုင်ခုံမြင့်မြင့်ပေါ်မှ အမျိုးသမီးက အေးစက်စွာ ပြောလိုက်ပါသည်။ ကြောက်စရာကောင်းသည့် အအေးဓာတ်က သူမ၏ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။ ခန်းမဆောင်၏ နံရံပေါ် တွင် ထူထဲသော နှင်းခဲအလွှာတစ်ခု ချက်ချင်း သိပ်သည်းကာ ဖြစ်ပေါ်လာသည်။
လူတိုင်း၏ မျက်လုံးများသည် ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လွင်နေသည်။ သူတို့အားလုံးသည် ဤကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်မှတဆင့် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒကို ခံစားမိကြသည်။
ချင်းဝူယန် နှင့် ဟန်ဖန်းတို့ နှစ်ယောက်စလုံးကပင် ထိုကဲ့သို့ ခံစားရပြီး ဤအမျိုးသမီး က သူတို့ကို အရမ်းကို ကြီးမားသည့် ခြိမ်းခြောက်မူ ခံစားချက်မျိုးကို ပေးနေခဲ့ပါသည်။
သူတို့သည် သူတို့၏ဝှက်ဖဲတွေကို အသုံးပြုကာ ဤအမျိုးသမီးကို သတ်ဖြတ်ကောင်း သတ်ဖြတ်နိုင်သော်လည်း အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲသို့ မဝင်ခင်မှာ သူတို့၏ ဝှက်ဖဲတွေကို ဘယ်သူ့ကိုမှ ထုတ်ပြမှာ မဟုတ်ပါဘူး။
"ကောင်းပြီလေ၊ ဒီနေ့ကစပြီး ဆယ်ရက်မြောက်နေ့မှာ ငါတို့လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း က အဆုံးမဲ့တွင်းနက်ကြီးထဲ နှင်းအမျိုးသမီးကို စောင့်နေမယ်။" ချင်းဝူယန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ ထိုစကားကိုပြောပြီးနောက် လင်းယွန်ယန်ကို ခေါ်ကာ ခန်းမဆောင်ထဲမှ ထွက်ခွာသွားခဲ့သည်။
ချင်းဝူယန် နှင့် လင်းယွန်ယန်တို့အတွက်မူ အဆုံးတွင် အင်မော်တယ်ဘုရင် စံအိမ်ကြီး၏ အတွင်းပိုင်းသို့ ဝင်ရောက်နိုင်သရွေ့ နဝမမြောက် အင်မော်တယ်နန်းတော်သော့ကို လုယူနိုင်လျှင်ပင် အရေးမကြီးတော့ချေ။
ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့သည် ဤအခြေအနေကို လက်မခံလိုကြသော်လည်း ယခုအခိုက်အတန့်တွင် လှုပ်ရှားရန် မသင့်တော်ကြောင်း သူတို့ သိကြသည်။ ထို့ကြောင့် မြင့်မားသောထိုင်ခုံပေါ်မှ အမျိုးသမီးကို စိုက်ကြည့်ပြီးနောက် ဒေါသတကြီး ထွက်သွား ကြပါသည်။
ချင်ယွင်သည် သူ၏လက်နှစ်ဖက်ကို အနည်းငယ် ဆုပ်ကာ နှုတ်ဆက်လိုက်ပြီးနောက် ယောင်လင်းခေါင် နှင့် ရန်ယုဖန်းတို့ကို သူနှင့်အတူ ခေါ်ဆောင်သွားရန် စီစဉ်လိုက် သည်။
ချင်ယွင်၏ အတွေးများသည်လည်း ချင်းဝူယန်နှင့် အတူတူပင် ဖြစ်ပါသည်။ အင်မော်တယ်ဘုရင် စံအိမ်ကြီး၏ အတွင်းပိုင်းသို့ ဝင်ရောက်နိုင်သရွေ့၊ သူ့တွင် အင်မော်တယ်နန်းတော်သော့ အနည်းငယ် ပိုရှိနေခြင်းက အရေးမကြီးတော့ပေ။
ထို့အပြင်၊ ယောင်လင်းခေါင် နှင့် ရန်ယုဖန်းတို့ကို ချင်ယွင်၏ လူများအဖြစ် ထည့်တွက်နိုင်သည်။ ချင်ယွင်၏ဘက်မှာ အင်မော်တယ်နန်းတော်သော့ သုံးချောင်း ရှိပြီးသား ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း၊ ကောင်းကင်ဘုံဂိုဏ်းနှင့် နှိုင်းယှဉ်ပါက သူ့မှာ နောက်ထပ် အပိုတစ်ခုပင် ရှိနေသေးသည်။ ချင်ယွင်သည် ဘယ်လိုလုပ် မကျေနပ်နိုင်ဘဲ နေမည်နည်း?။
ချင်ယွင်ကို စိတ်မချမ်းမသာဖြစ်စေသည့် တစ်ခုတည်းသော အချက်မှာ ဤလျှို့ဝှက် ဆန်းကြယ်သော နှင်းအမျိုးသမီးသည် ဆယ်ရက်အကြာတွင် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲသို့ ဝင်ရောက်ရန် ရက်သတ်မှတ်ထားခြင်း ဖြစ်သည်။ ယင်းကြောင့် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲသို့ အမြန်ဆုံး ဝင်ရောက်လိုသော ချင်ယွင်သည် အနည်းငယ် စိတ်မကောင်း ဖြစ်ခဲ့ရသည်။
သို့သော်လည်း နှင်းအမျိုးသမီးက သူမစိတ်ကို ဆုံးဖြတ်ပြီးသားကိစ္စဖြစ်သည်မို့ ချင်ယွင် သည် ကောင်းကင်နဂါးတိုက်ကြီးသို့ ပြန်သွားပြီးနောက် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲသို့ မသွားခင် ဆယ်ရက်စောင့်ရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။
သို့သော် ချင်ယွင် လှည့်ထွက်ခါနီးတွင် ထိုအေးစက်သော အသံသည် ချင်ယွင်နောက်မှ အမှန်တကယ် ထွက်ပေါ်လာသည်။
"မင်း နာမည်က ချင်ယွင်လား" ထိုင်ခုံမြင့်မြင့်ပေါ်မှ အမျိုးသမီးက ရုတ်တရက် ပြောလိုက်သည်။
ချင်ယွင်လည်း အံ့ဩသွားပြီး ထိုင်ခုံမြင့်မြင့်ပေါ်ရှိ အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။
"စီနီယာ,,၊ စီနီယာက ကျွန်တော့်ကို သိလို့လား?" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။ ခန်းမထဲကို ဝင်ကတည်းက သူသည် သူ၏နာမည်ကို မပြောမိခဲ့ပါဘူး။ နှင်းအမျိုးသမီးက သူ၏နာမည်ကို လှမ်းခေါ်သည်ဆိုကတည်းက သူမသည် ချင်ယွင်၏ အကြောင်းကို ကြိုတင်ကြားဖူးသည်မှာ သိသာ ထင်ရှားပါသည်။
သို့သော်လည်း နှင်းအမျိုးသမီးက သူမသည် မြောက်ဘက်စွန်း ရေခဲလွင်ပြင်မှ တစ်ခါမှ မထွက်ခွာဖူးဘူးဟု မပြောခဲ့ဘူးလား?။ ဒါဆို သူမက သူ၏နာမည်ကို ဘယ်လိုလုပ် သိနိုင်မည်နည်း?။ ယင်းက ချင်ယွင်ကို အလွန်အံ့အားသင့်စေခဲ့သည်။
"မှန်ပါတယ်။ အသိမိတ်ဆွေတစ်ယောက်ဆီက မင်းအကြောင်းကို ငါ တကယ် ကြားခဲ့ ဖူးတယ်။ တကယ်လို့ သေမျိုးကမ္ဘာမှာ မင်းနဲ့တွေ့ဖြစ်ရင် မင်းကို ဂရုစိုက်ပေးမယ်လို့ အဲဒီအသိမိတ်ဆွေကို ကတိပေးခဲ့ဖူးတယ်။ မင်းမှာ ဘာအခက်အခဲတွေရှိရှိ ငါ့ကို ပြောပြနိုင်တယ်။ ဒါပေမယ့် ငါ မင်းကို တစ်ကြိမ်ပဲ ကူညီပေးနိုင်မယ်။ မင်းမှာ အခွင့်ရေး တစ်ကြိမ်ပဲ ရှိတယ်ဆိုတာ သတိရပါ။" ထိုင်ခုံမြင့်မြင့်ပေါ်မှ အမျိုးသမီးက ပြောသည်။
"စီနီယာ၊ စီနီယာရဲ့မိတ်ဆွေက ဘယ်သူလဲဆိုတာ ကျွန်တော် သိနိုင်မလား?။ သူ့အမည်ကို ကျွန်တော် သိလို့ရမလား" ချင်ယွင်သည် ပို၍ပင် စိတ်ရှုပ်ထွေးသွားရ သည်။
"ငါ့မိတ်ဆွေကို မင်းလည်း သိပါတယ်။ သူ့နာမည်ကိုတော့ နောင်အနာဂတ်မှာ မင်း သူ့ကိုမြင်ရင် အလိုလို သိလာပါလိမ့်မယ်။ ကောင်းပြီ၊ မင်း အခုထွက်သွားလို့ရပြီ။ ငါ့မှာ အရေးကြီးကိစ္စတွေ လုပ်စရာရှိသေးတယ်။" မြင့်မားသော ထိုင်ခုံပေါ်တွင်ရှိနေသည့် နှင်းအမျိုးသမီးက ပြောသည်။
ထို့နောက် လူတစ်ကိုယ်လုံး နှင်းပွင့်လေးတွေအဖြစ်ပြောင်းလဲသွားပြီး ခန်းမထဲရှိ ထိုင်ခုံပေါ်မှ ပျောက်ကွယ်သွားပါသည်။
ချင်ယွင်သည် လွတ်နေသော ထိုင်ခုံကို ကြည့်လိုက်ရင်း သူ၏စိတ်ထဲတွင် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေခဲ့သည်။
ဤလျှို့ဝှက်ဆန်းကြယ်သော နှင်းအမျိုးသမီး၏ မိတ်ဆွေနှင့် ကိုယ်ရေးအချက်လက် ချင်း ကိုက်ညီနိုင်မည့်ကို သေမျိုးကမ္ဘာထဲတွင် သူ၏အသိတွေထဲ အခြားမည်သူမည်ဝါ ဖြစ်မလဲဆိုသည်ကို သူ အမှန်တကယ်ပင် မသိနိုင်ခဲ့ပေ။
"သူမက အင်မော်တယ်ကမ္ဘာက ရောက်လာတာ ဖြစ်တယ်!"
သို့သော် ချင်ယွင် စိတ်ရှုပ်ထွေးနေချိန်တွင် ရှေးဟောင်းတာအိုဆရာသခင်၏ စကားများက သူ၏နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာပါသည်။