အခန်း ၆၃၈
Vol. 43 Ch. 638
အခန်း (၆၃၈) ငါးမျှားနေသောအဘိုးအို။
ဖန်ချန်းကျီ၏ အော်သံကို ကြားလိုက်ပြီးနောက် လူတိုင်းသည် နံရံပေါ်ရှိ အပေါက်ကိုးခု ဆီသို့ သူတို့၏အကြည့်တွေကို ပြောင်းလိုက်ကြပြီး အင်မော်တယ်နန်းတော် ကျောက်စိမ်းဆွဲသီးတွေကို သူတို့၏လက်ထဲသို့ ကိုယ်စီ ထုတ်ယူလိုက်ကြပါသည်။
ဖန်ချန်းကျီသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ၏လက်ထဲတွင်ရှိသော ကျောက်စိမ်း ဆွဲသီးကို အပေါက်တိုင်း အံဝင်ခွင်ကျဖြစ်အောင် ပထမဆုံး ထည့်လိုက်ပါသည်။
ကျောက်စိမ်းဆွဲသီးကို ထည့်လိုက်သည်နှင့် နံရံပေါ်ရှိ ဧရာမနဂါးကြီး၏ မျက်လုံးများ သည် ချက်ခြင်း လင်းလက်တောက်ပနေသော အလင်းရောင်များ ထွက်ပေါ်လာပါ သည်။
ဟန်ဖန်သည်လည်း နောက်မှ အနီးကပ်လိုက်ပါလာသည်။ အင်မော်တယ်နန်းတော် ကျောက်စိမ်းဆွဲသီးကို အပေါက်နှင့် အံဝင်ခွင်ကျဖြစ်အောင် ထည့်သွင်းပြီးနောက်၊ ဧရာမနဂါးကြီး၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာပါသည်။
လူအားလုံးသည် နောက်မှလိုက်ကာ လုပ်ဆောင်လိုက်ကြပြီး အားလုံး၏မြင်ကွင်းက ဖန်ချန်းကျီ နှင့် အတူတူပင် ဖြစ်ပါသည်။
ချင်ယွင်သည် နောက်ဆုံးမှ ခြေလှမ်းလှမ်းသူ ဖြစ်ပါသည်။ သူ၏လက်ထဲရှိ အင်မော်တယ်နန်းတော်ကျောက်စိမ်းဆွဲသီးကို နောက်ဆုံးအပေါက်ထဲသို့ ထည့်သွင်း လိုက်စဉ်မှာ ထူးဆန်းသည့် မြင်ကွင်းတစ်ခု ပေါ်လာပါသည်။
နဂါးကိုးကောင်သည် အသက်ဝင်လာဟန်ရပြီး နံရံပေါ်မှခုန်ထွက်ကာ ခန်းမဝန်းအတွင်း ပတ်ပတ်လည်မှာ ပျံ့နှံ့သွားကာ နဂါးကိုးကောင်ပုံရိပ်များအသွင် ဖြစ်ပေါ်လာပါသည်။
နဂါးကိုးကောင်သည် အရောင်အမျိုးမျိုး ရှိပါသည်။ ၎င်းတို့သည် အနက်ရောင်နဂါး၊ မီးနဂါး၊ ရေနဂါး၊ မိုးပြာရောင်နဂါးစသည်ဖြင့် နဂါးကိုးကောင်သည် အရောင်အမျိုးမျိုး ရှိကြပါသည်။
ထိုမြင်ကွင်းကို လူတိုင်းမြင်လိုက်ရသည့်အခါ အားလုံးသည် အံ့အားသင့်နေသည့် အမူအရာတွေကို ထုတ်ဖော်လာကြပါသည်။
"အောင်း…..!"
ထိုအချိန်တွင် နဂါးကိုးကောင်က ပြင်းထန်သော ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက် ပြီးနောက် နဂါးကိုးကောင်သည် နံရံပေါ်သို့ ပျံတက်သွားပါသည်။
နဂါးကိုးကောင်သည် နံရံပေါ်သို့ ပျံသန်းလာစဉ်မှာ မူလက မှောင်းမည်းနေသော အနက်ရောင် တံတိုင်းကြီးသည် အနှိုင်းမဲ့ စူးရှသော တောက်ပမှုနှင့်အတူ ထွန်းလင်း တောက်ပနေပါသည်။
ထွန်းလင်းတောက်ပသည့် တံခါးတစ်ချပ်သည် ဖြည်းညှင်းစွာ ပွင့်လာပါသည်။ အတွင်းပိုင်းမှ အလင်းရောင်သည် အလွန်အမင်း စူးရှတောက်ပလွန်းသဖြင့် တခဏ အတွင်း မျက်စိပင် ကွယ်သွားရပြီး အတွင်း၌ ဖြစ်ပျက်နေသည့် အရာများကို အတိအကျ မမြင်နိုင်ပေ။
နှိုင်းယှဉ်ဖော်ပြ၍မရအောင်ပင် သိပ်သည်းလှသည့် အင်မော်တယ်စွမ်းအင်သည် အတွင်းမှ တဟုန်ထိုး ပြေးဝင်လာခဲ့ပြီး လူတွေကို အနှိုင်းမဲ့ သက်တောင့်သက်သာ ဖြစ်မူကို ခံစားရစေပါသည်။
ဤမြင်ကွင်းကို လူတိုင်းမြင်သောအခါတွင် သူတို့၏မျက်နှာများသည် ဖော်ပြ၍ မရအောင်ပင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပါသည်။
အင်မော်တယ်ဘုန်ရင်စံအိမ်ကြီး၏ အတွင်းတံခါးသည် နောက်ဆုံးတွင် ပွင့်သွားခဲ့ပါပြီ။ ဤသည်မှာ အင်မော်တယ်ကမ္ဘာမှ ဒဏ္ဍာရီလာပုဂ္ဂိုလ်၏ စံအိမ်ကြီး ဖြစ်ပါသည်။
သူသည် သေမျိုးကမ္ဘာသို့ ကျရောက်သွားစဉ်မှာ သူသည် သေလုဆဲဆဲ အခြေအနေတွင် ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏လက်ထဲတွင်ရှိသော အကြီးမြတ်ဆုံး ရတနာနှစ်ပါး သည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲတွင် ရှိနေရမည် ဖြစ်ပါသည်။
ထိုအကြောင်းကိုတွေးပြီး ဖန်ချန်းကျီ၏ မျက်လုံးတွေက ဝင်းလက်တောက်ပသည့် အလင်းရောင်တစ်ခု ချက်ချင်း ထွက်ပေါ်လာပါသည်။ သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ တံခါးပေါက်ဆီ တည့်တည့် ပြေးသွားခဲ့ပါသည်။ ဟန်ဖန်းသည် သဘာဝအတိုင်း သူ၏နောက်သို့ အနီးကပ် လိုက်ပါသွားပါသည်။
ချင်းဝူယန်က သတိကြီးစွာထားနေပါသည်။ ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့သည် တံခါးဝကို ဘေးကင်းစွာဖြင့် ဖြတ်သန်းသွားသည်ကို မြင်သောအခါမှသာ သူက တွန့်ဆိုင်းနေခြင်း မရှိတော့ဘဲ လင်းယွန်ယန်နှင့်အတူ တံခါးပေါက်ဆီသို့ တိုက်ရိုက် ပြေးသွားပါသည်။
"ဟွမ်ထန်းလုံရဲ့ ပင်ကိုယ်စရိုက်က ဆန်းကြယ်တယ်။ သူက အမြဲတမ်း ရက်စက် ကြမ်းကြုတ်ပြီး ပြတ်ပြတ်သားသား လုပ်ဆောင်တတ်တယ်။ သူ့ရဲ့စံအိမ်ကြီးကလည်း အန္တရာယ်တွေနဲ့ ပြည့်နှက်နေမယ်လို့ ငါ ယုံကြည်တယ်။ သတိမပေါ့စမိစေနဲ့။" နှင်းအမျိုးသမီး က ချင်ယွင်ဘက်သို့လှည့်ပြီး ပြောသည် ။
"ကျေးဇူးတင်ပါတယ် စီနီယာ...!" ချင်ယွင်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြ လိုက်သည်။
ချင်ယွင် ခေါင်းညိတ်ပြသည်ကို မြင်လျှင်၊ နှင်းအမျိုးသမီးက တခြားမည်သည့်စကားမှ မပြောတော့ဘဲ တံခါးဆီသို့ လျှောက်သွားပါသည်။
"ဝင်ကြရအောင်။" ချင်ယွင်က ပြောသည်။
ယောင်လင်းခေါင် နှင့် ရန်ယုဖန်းတို့ နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ မျက်လုံးများသည်လည်း ဝင်းလက်တောက်ပနေ၏။ ထင်ရှားသည်မှာ၊ သူတို့သည် လည်း အင်မော်တယ် နန်းတော်အတွင်းရှိ အရာတွေကို သိချင်နေကြပါသည်။
ထို့ကြောင့် သူတို့ သုံးယောက်သည် မီတာတစ်သောင်းတိုင်တိုင် အလင်းရောင် ဖြာထွက်နေသော တံခါးကြီးဆီသို့ လျှောက်သွားကြပါသည်။
တံခါးဝကို လှမ်းဝင်လိုက်သည်နှင့် သူ့တို၏ရှေ့မှ မြင်ကွင်းသည် ပြောင်းလဲသွားပါသည်။ မူလက စိတ်ကူးထားသည့် ခမ်းနားကြီးကျယ်သော ခန်းမကြီးတစ်ခု ပေါ်လာခြင်းမျိုး မဟုတ်ပါဘူး။
သူတို့၏ရှေ့မှာ ပေါ်လာသည့်အရာက ကောင်းကင်နှင့် မြေပြင်ကျယ်ကျယ်ကြီး ဖြစ်ပါ သည်။ သူတို့၏ ဦးခေါင်းထက်မှာ ကောင်းကင်ပြာပြာကြီး ရှိနေပြီး၊ သူတို့၏ ခြေဖဝါး အောက်မှာ မြက်ခင်းစိမ်းစိမ်းတွေ ရှိနေပါသည်။ အတော်လေးဝေးသည့် နေရာတွင် စိမ်းလန်းသော ကျောက်စိမ်းအိုင်ကြီး ရှိနေပြီး အဝေးတွင် တိမ်စိုင်များထဲသို့ ရောက်နေ သော မြင့်မားသော တောင်ထွတ်များ ရှိနေပါသည်။
တောင်ထိပ်များသည် ရေထဲတွင် ရောင်ပြန်ဟပ်ကာ စိမ်းလန်းသော တောင်တန်းများ နှင့်အတူ ရေပြင်ကျယ်ကြီးသည် လှပနေပါသည်။
"ဒါက ဘယ်လိုနေရာလဲ?။ ငါတို့က အင်မော်တယ်နန်းတော်ထဲ ဝင်ရောက်လာတာ မဟုတ်ဘူးလား?။ ဘာလို့ ဒီနေရာကို ရောက်လာရတာလဲ" ရန်ယုဖန်း အံ့အားသင့်စွာ မေးလိုက်သည်။
ဖန်ချန်းကျီ နှင့် စံအိမ်ကြီးထဲသို့ အရင်ဝင်ရောက်သွားကြသော အခြားသူများလည်း ကြောင်တက်တက် အမူအရာဖြင့် ထိုနေရာမှာပင် ရပ်နေကြလေသည်။ သူတို့သည် သံသယစိတ်ဖြင့် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေကြပါသည်။ ဤနေရာ၌ မြင်ကွင်းသည် သူတို့ စိတ်ကူးနှင့် လုံးဝ မတူသည်မှာ ထင်ရှားပါသည်။
"တကယ်လို့ ငါ ခန့်မှန်းသာ မမှားရင် ဒါက အင်မော်တယ်နန်းတော်ရဲ့ အတွင်းပိုင်းပဲ ဖြစ်လိမ့်မယ်။ ဒါက အင်မော်တယ်နန်းတော်ထဲမှာရှိတဲ့ ကမ္ဘာငယ်လေး ဖြစ်သင့်တယ်" ချင်ယွင်က သူ၏ပတ်ဝန်းကျင်ကို ခြုံငုံကြည့်ရင်း ပြောလိုက်သည်။
အင်မော်တယ်နန်းတော်တွင် ကမ္ဘာငယ်လေးတစ်ခု ရှိခြင်းသည် အလွန်ပုံမှန်ပင် ဖြစ်ပါ သည်။ အင်မော်တယ်ကမ္ဘာတွင်၊ သူတို့၏ အင်မော်တယ်နန်းတော်များတွင် ကိုယ်ပိုင် ကမ္ဘာငယ်လေး တစ်ခုကို ဖန်တီးလိုသော ကျွမ်းကျင်သူများစွာ ရှိပါသည်။ ထို့ကြောင့် ချင်ယွင်သည် သူတို့၏ လက်ရှိတည်နေရာသည် ဤ အင်မော်တယ်နန်းတော်၏ ကမ္ဘာငယ်လေးထဲတွင်ဖြစ်ကြောင်း ခန့်မှန်းလိုက်ပါသည်။
"ကမ္ဘာငယ်လေးလား…?" ယောင်လင်းခေါင် နှင့် ရန်ယုဖန်းတို့ နှစ်ယောက်စလုံးသည် အံ့သြသွားသည့် အမူအရာများ ဖြစ်ပေါ်လာကြသည်။ သူတို့သည် ဤကဲ့သို့သော အင်မော်တယ်စံအိမ်ကြီးတစ်ခုနှင့် ပထမဆုံးအကြိမ် ထိတွေ့ခွင့်ရသောကြောင့် အလွန် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
"ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ?" ယောင်လင်းခေါင်က မေးသည်။ သူ၏ နတ်ဆိုးမျက်လုံးများက ချင်ယွင်ကို ကြည့်နေ၏။ ချင်ယွင်သည် အင်မော်တယ်ကမ္ဘာရှိ အင်မော်တယ်ဧကရာဇ်မင်းမြတ်၏ သားတော်ဖြစ်ကြောင်း သူသိပြီးကတည်းက ယောင်လင်းခေါင်၏ စိတ်နှလုံးသည် ချင်ယွင်အပေါ် လုံးဝ ရိုသေလေးစားလာခဲ့သည်။
"အလျင်စလို လုပ်စရာမလိုပါဘူး။ ဒီကမ္ဘာငယ်လေးထဲမှာ အန္တရာယ်ရှိ၊ မရှိ ငါတို့ မသိသေးဘူး။ ငါတို့အတွက် လမ်းကြောင်းကို အရင်စူးစမ်းရအောင်။" ချင်ယွင်သည် မနီးမဝေးရှိ ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့ကို လက်ညှိုးထိုးပြလိုက်သည်။
ယောင်လင်းခေါင်က ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာသည်။
ဖန်ချန်းကျီသည် စိတ်မရှည်တတ်သူ ဖြစ်သည်။ ထို့ကြောင့် သူသည် ပထမဆုံး လှုပ်ရှားမည်မှာ သေချာပါသည်။
ဟုတ်ပါသည်၊ ဖန်ချန်းကျီ နှင့် ဟန်ဖန်း တို့သည် အဝေးမှ တောင်ထိပ်ကြီးကို မတက်ခင် တခဏလောက် ဆွေးနွေးနေကြသေးသည်။
ချင်ယွင်၊ နှင်းအမျိုးသမီးနှင့် အခြားသူများသည် သဘာဝအတိုင်း နောက်မှ အနီးကပ် လိုက်နေခဲ့ကြသော်လည်း သူတို့သည် ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့နှင့် မီတာတစ်ရာ အကွာတွင် အမြဲရှိနေသောကြောင့် အန္တရာယ်ကြုံတွေ့လာပါက အချိန်မီ ဆုတ်ခွာနိုင် မည် ဖြစ်ပါသည်။
သို့သော်လည်း လူတိုင်းသည် စိမ်းလန်းသော ရေကန်ငယ်လေးအနီးသို့ ချဉ်းကပ်လာစဉ်မှာ ရန်ယုဖန်းက ရုတ်တရက် အော်ပြောလိုက်ပါသည် "ကြည့်…၊ ကြည့်..။ ဟိုမှာ တစ်ယောက်ယောက် ရှိနေပြီ!"
ရန်ယုဖန်း၏ လက်ချောင်းညွှန်ရာဆီသို့ လှမ်းကြည့်လိုက်ရင်း လူတိုင်းသည် အံ့အား သင့်သွားကြပါသည်။
ငါးမျှားတံရှည် တစ်ချောင်းကိုကိုင်ကာ ရေကန်ဘေးမှာ ထိုင်နေသည့် မီးခိုးရောင်ဝတ် အဘိုးကြီးတစ်ဦးကို တွေ့လိုက်ရပါသည်။
ဤအဘိုးအိုကို လူတိုင်းတွေ့သောအခါတွင်၊ သူတို့အားလုံးသည် လေးနက်သော အမူအရာများကို ထုတ်ဖော်လာကြပါသည်။
တကယ်တော့ သူတို့သည် ဤအဘိုးကြီး၏ တည်ရှိနေမှုကို အစောပိုင်းက ရှာမတွေ့ သေးပါဘူး။ ရန်ယုဖန်း၏ အသံကြောင့်သာ ထိုသို့မဟုတ်လျှင်၊ သူတို့သည် အဘိုးကြီး ငါးဖမ်းနေသည်ကို သတိထားမိမှာတောင် မဟုတ်ပါဘူး။ အဘိုးအိုသည် ပတ်ဝန်းကျင် နေရာနှင့် ပေါင်းစပ်ထားသကဲ့သို့ အငွေ့အသက် နည်းနည်းလေးမှ ထွက်ပေါ်နေခြင်း မရှိပေ။
"ဒီလူကြီးက မလွယ်ပါဘူး။ အားလုံး သတိထားကြပါ" ချင်ယွင်က သူ၏နောက်မှာရှိနေ သည့် ယောင်လင်းခေါင် နှင့် ရန်ယုဖန်းကို သတိပေးလိုက်ပါသည်။
ယောင်လင်းခေါင် နှင့် ရန်ယုဖန်းတို့လည်း ခေါင်းညိတ်လိုက်ပါသည်။ ဤအဘိုးကြီး၏ ထူးဆန်းမူကို သူတို့လည်း သတိထားမိကြပါသည်။
ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့သည် အဖိုးအို၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်၊ သူတို့သည် အဘိုးအိုနှင့် မီတာတစ်ရာအကွာတွင် ရပ်လိုက်ပါသည်။
အဖိုးအိုသည် ချင်ယွင်နှင့် အခြားသူများ ရောက်လာသည်ကို သတိထားမိပုံ မပေါ်ချေ။ သူသည် ထိုနေရာတွင် မလှုပ်မယှက် ထိုင်နေပြီး သူ၏မျက်လုံးတွေက ငါးမျှားတံကို စိုက်ကြည့်နေ၏။
ဖန်ချန်းကျီသည် ဘေးတွင်ရပ်ကာ ဆယ်မိနစ်ပြည့်အောင် စောင့်ကြည့်နေခဲ့သည်။ ဆန့်ကျင်ဘက်တွင် အဘိုးအိုသည်လည်း မလှုပ်မယှက် ငြိမ်သက်နေ၏။ ကန်ရေပြင် သည် ငြိမ်သက်လွန်းသဖြင့် လှိုင်းပုတ်နေရန်အသာထား၊ လှုပ်ခါခြင်းပင် မရှိပါချေ။
ဖန်ချန်းကျီသည် အနည်းငယ် စိတ်မရှည်တော့ဘဲ ပါးစပ်ကိုဖွင့်ကာ အော်ပြောလိုက်ပါ သည် "ဟေး အဘိုးကြီး၊ ဒီနေရာက အတိအကျ ဘာလဲ?၊ ခင်ဗျားကရော ဘာအတွက် ငါးဖမ်းနေတာလဲ?"
ထိုအော်သံကြောင့် တစ်ခုခုဖြစ်လာမည်ဟု မည်သူကရော ထင်ထားမည်နည်း?။
ရေကန်ထဲမှ တစ်ခုခုသည် ထိတ်လန့်သွားပုံရပြီး 'တဗွမ်းဗွမ်း' အသံနှင့်အတူ ရေကန်ထဲသို့ ပျောက်ကွယ်သွားပါသည်။
တစ်ချိန်တည်းမှာပင် အဘိုးအို၏ မျက်နှာသည်လည်း အလွန် ဒေါသထွက်လာပါသည်။ သူ၏မျက်လုံးတစ်စုံသည် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့ပြီး ဖန်ချန်းကျီကို စိုက်ကြည့်နေသည်။ ဖန်ချန်းကျီကြောင့် သူဖမ်းချင်သည့်အရာ ထိတ်လန့် သွားသည်မှာ ထင်ရှားသည်။
"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ!" ငါးဖမ်းနေသည့် အဘိုးအိုက သတ်ဖြတ်လိုစိတ်ဖြင့် ပြောလိုက်ပြီး၊ ဖန်ချန်းကျီကိုကြည်သည့် သူ၏အကြည့်တွေက အေးစက်မူအပြည့် ရှိနေပါသည်။