အခန်း ၆၄၃
Vol. 43 Ch. 643
အခန်း (၆၄၃) ဝင်ခွင့်အောင်မြင်ခြင်း။
ဝှီး….!
ချင်ယွင်၏ရုပ်အသွင်သည် ထက်ရှသော ဓားတစ်စင်းကဲ့သို့ လေထုကို ချက်ချင်း ထိုးဖောက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လူထွားကြီး၏ ရှေ့သို့ ရောက်ရှိလာ ခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်ချီ၏ ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျ အလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသော လက်ဖဝါးသည် ဧရာမစွမ်းအားကို သယ်လောင်ရင်း လူထွားကြီး၏ ခန္ဓာကိုယ်ဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။
လူထွားကြီးသည် ရှောင်တိမ်းခြင်းမမရှိပေ။ သူ၏မျက်လုံးများသည် လျှပ်စီးလက်သလို စူးရှပြီး သူသည်လည်း လက်ဖဝါးတစ်ချက်ကို မညှာမတာ ရိုက်ထုတ်လိုက်လေသည်။
"ဘုန်း….!"
ချင်ယွင် နှင့် လူထွားကြီးသည် ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက်နှင့်အတူ တစ်ယောက်၏ ရင်ဘတ်ကို တစ်ယောက်က ရိုက်မိသွားလေသည်။
ချင်ယွင် နှင့် လူထွားကြီးသည် ပေရာနှင့်ချီ နောက်သို့ တွန်းကန်သွားကြသော်လည်း သူတို့နှစ်ဦးသည် အနည်းငယ်မျှ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။
သူတို့ နှစ်ယောက်သည် တပြိုင်နက် မြေပြင်ပေါ်ကို ဆောင့်နင်းလိုက်ကြပြီး နောက်သို့ ဆုတ်ခွာနေရာမှ စွမ်းအားများက ပေါက်ကွဲ ထွက်လာခဲ့သည်။
ကြီးမားလှသော ခွန်အား၏ သက်ရောက်မှုအောက်တွင် မြေပြင်သည် ကွဲအက်သွားခဲ့ပြီး ဖုန်မှုန့်များသည် ကောင်းကင်ယံတစ်ခုလုံးမှာ ကခုန်နေပါသည်။
ပုံရိပ်နှစ်ခုသည် ဖုန်မှုန့်များကြားတွင် ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံကြပြန်သည်။
"ဘုန်း…..!"
အဆုံးမရှိသော စွမ်းအင်ထုကြီးက တဟုန်ထိုး ပျံ့နှံ့ထွက်လာခဲ့ပြီး မြေပြင်ပေါ်ရှိ ဖုန်မှုန့်များသည် ကောင်းကင်ယံတိုင်ပင် ဖုံးလွှမ်းသွားခဲ့သည်။
ချင်ယွင် နှင့် လူထွားကြီးတို့ နှစ်ယောက်စလုံးသည် လက်ဗလာဖြင့် တိုက်ခိုက်နေကြ သည်။ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ဆုံမိတိုင်း မြေပြိုကျသလိုမျိုး၊ ဆူနာမီလှိုင်းလုံး အသံတွေလိုမျိုး အဆုံးမရှိတဲ့ မြည်ဟီးသံတွေ ထွက်ပေါ်နေပါသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် နက်ရှိုင်းသော ခရမ်းရောင် စွမ်းအင်များဖြင့် တဝဲလည်လည် နေသည်။ သူ၏လက်သီးတွေက တောင်တွေပြိုကျပြီး မြေကြီးကိုပင် အက်ကွဲသွားစေ နိုင်သည်။ သူ၏ခြေထောက်တွေက ကြာပွတ်အရိပ်တွေနှင့် တူသည်။ သူ၏ခြေကန်ချက် များသည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သည်။ သူသည် ပို၍တိုက်ခိုက်လေလေ ပို၍ပင် ရဲရင့်လေ ဖြစ်လာပါသည်။ သူသည် လက်ဗလာဖြင့် ကောင်းကင်ဘုံကို တိုက်ခိုက်နေ သော နတ်ဆိုးတစ်ပါးနှင့်တူသည်။
လူထွားကြီးသည် မည်သည့်စွမ်းအင်မျှ မရှိသော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် ယခင်ကကဲ့သို့ပင် သန်မာခဲ့သည်။ ထို့အပြင် သူသည် မည်သည့်နာကျင်မှု ကိုမျှ မခံစားရပေ။ ထို့ကြောင့်သာ သူသည် ချင်ယွင်ကို သရေကျအောင် တိုက်ရိုက် တိုက်ခိုက်နိုင်ခဲ့သည်။
ခပ်လှမ်းလှမ်းမှ လူတိုင်းသည် လူထွားကြီးကို လက်ဗလာဖြင့် တိုက်ခိုက်နေသော ချင်ယွင်ကိုကြည့်ကာ သူတို့၏ မျက်နှာများသည် အံ့အားသင့်နေကြပါသည်။
သူတို့အားလုံးသည် လူထွားကြီး၏ သန်မာသောခန္ဓာကိုယ်ကို ခံစားဖူးကြသည်။ သူတို့သည် လူထွားကြီးကို အနိုင်ယူခဲ့သည်ဆိုလျှင်ပင် အများစု အစွမ်းထက်သည့် နည်းစနစ် ဒါမှမဟုတ် ထူးခြားသော နည်းလမ်းတွေကို အားကိုးခဲ့ကြသည်။ ချင်ယွင် ကဲ့သို့ ရုပ်ခန္ဓာကိုယ်သက်သက်ဖြင့် လူထွားကြီးကို သူတို့ထဲတွင် မည်သူမျှ မလှုပ်ကိုင် နိုင်ကြပေ။
"ဟမ့်၊ ဒါက မာကြောတဲ့ အရေပြားနဲ့အသားလေးပဲ မဟုတ်လား?။ အရိုက်ခံနိုင်တာက ဘာများ အထင်ကြီးစရာကောင်းလို့လဲ?၊ ဒီအုပ်ထိန်းသူကို အနိုင်ယူနိုင်ရင် လုံလောက် ပြီလေ" သို့သော်လည်း ထိုအခိုက်တန့်တွင် ဖန်ကျန်းချီက အထင်အမြင်သေးစွာဖြင့် ပြောလိုက်ပါသည်။
ကျင့်ကြံသူများသည် ကျင့်ကြံခြင်းအဆင့် နယ်ပယ်သည်သာ ဖြောင့်မတ်သည့် တာအိုလမ်းစဉ် ဖြစ်သည်ဟု အမြဲတမ်း ယုံကြည်ထားကြပါသည်။ တဖက်တွင် ရုပ်ခန္ဓာကိုယ်ကို သန့်စင်ပြီး ကျင့်ကြံခြင်းသည် အကိုင်းအခက်အစွယ်ပွား ဖြစ်နေဆဲပင်။ ရှင်းရှင်းလင်းလင်းပြောရလျှင် ဤဖန်ကျန်းချီသည် ထိုဝါဒကို စွဲကိုင်ထားသူ ဖြစ်ပါသည်။
"ငါ့သခင်လေးက ဒီစမ်းသပ်မူကို အလွယ်တကူ သေချာပေါက် အောင်မြင်လိမ့်မယ်။ စမ်းသပ်မူအောင်မြင်ဖို့အတွက် အချို့လူတွေလို မှော်ရတနာအချို့ကို ငှားရမ်းဖို့ လိုမှာ မဟုတ်ဘူး" ယောင်လင်းခေါင်က ဖန်ကျန်းချီ၏စကားကို ကြားသောအခါတွင် သူသည် ချက်ချင်းပင် ဒေါသထွက်ကာ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိပဲ တိုက်ရိုက်ပင် လှောင်ပြောင် လိုက်သည်။
"ဟမ့်၊ မင်းလိုတိရိစ္ဆာန်တစ်ကောင် စကားပြောရမယ့် အလှည့်က ဘယ်တုန်းက ရောက်လာတာလဲ?။ မင်းရဲ့သခင်လေးက ဒီစမ်းသပ်မူ လွယ်လွယ်ကူကူနဲ့ ဘယ်လို ကျော်ဖြတ်မလဲဆိုတာ ငါကြည့်ချင်မိတယ်။" ဖန်ကျန်းချီသည် ယောင်လင်းခေါင်ကို အပြင်းအထန် စိုက်ကြည့်လိုက်သည်။
ဤယောင်လင်းခေါင်သည် လမ်းတစ်လျှောက်တွင်လည်း သူ့ကို မထီမဲ့မြင်ပြုဟန်ဖြင့် အကြိမ်ဖန်များစွာ ကြည့်ရူခဲ့ဖူးသည်။ ဖန်ကျန်းချီက သူ့အပေါ် မကျေမနပ် ဖြစ်နေသည် မှာ ကြာလှပါပြီ။ အမှန်တကယ်ဆို၊ သူသည် အခြေအနေအားလုံးကို ခြုံငုံသုံးသပ်နေ ခြင်းကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ သူသည် ဤအမည်မသိ နတ်ဆိုးသားရဲကို သင်ခန်းစာတစ်ခု သင်ပေးရန်အတွက် လှုပ်ရှားမိပြီး ဖြစ်နေလိမ့်မည်။
ယခု၊ ဤနတ်ဆိုးသားရဲသည် သူ၏မျက်နှာရှေ့တွင် အမှန်တကယ်ပင် သူ့ကို လှောင်ပြောင်ဝံ့နေပြီ။ ယင်းက သူ၏စိတ်နှလုံးကို သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာ စေသည်။
သို့သော် ယခုအချိန်သည် လှုပ်ရှားရမည့် အချိန်မဟုတ်သေးပေ။ ဤတိရိစ္ဆာန်ကောင်နှင့် ဆက်ဆံရန် အခွင့်အလမ်းများစွာ ရှိပါဦးမည်။ သေချာသည်မှာ၊ သူသည် တိုက်ပွဲအတွင်း မှာ ချင်ယွင်ကို သတ်ပစ်ချင်နေခဲ့သည်။ သူတို့အားလုံးကို ရှင်းပစ်နိုင်ရန် အခွင့်အရေး ကောင်းကို သူ စောင့်နေခဲ့သည်။
"ဟမ့်၊ မင်း ဒီစမ်းသပ်မူကို ဘယ်လိုကျော်ဖြတ်နိုင်လဲဆိုတာ ငါကြည့်ချင်မိတယ်" ဖန်ကျန်းချီ၏ မျက်လုံးများတွင် အေးစက်သော အပြုံးတစ်ခုအဖြစ် တောက်ပလာသည်။
ဤစမ်းသပ်မှုကို အောင်မြင်ရန်အတွက်ပင် သူသည် ကောင်းကင်တုန်ခါလျှပ်စီးအလုံး အား ထုတ်ယူသုံးပြုရန်ပင် ဆန္ဒရှိခဲ့သည်။ ထို့ကြောင့် သူ၏လက်ထဲတွင် အခြားသော အစွမ်းထက်ရတနာများ ရှိနေဆဲဖြစ်ပြီး၊ ယင်းက အင်မော်တယ်ဧကရာဇ်မင်းမြတ်၏ အမှိုက်သားတော်တစ်ပါးကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်ထက်ပင် ပိုနေပါ သည်။
အခြားသူများသည်လည်း ကွင်းပြင်အတွင်းမှတိုက်ပွဲကို အနီးကပ် စောင့်ကြည့်နေကြ သည်။ ထင်ရှားသည်မှာ၊ အင်မော်တယ်ဧကရာဇ်မင်းမြတ်၏ သားတော်သည် သေမျိုး ကမ္ဘာသို့ ရာထူးချခံရပြီးနောက် သူ၏ ယခင်အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိရန် ကောလာဟလသတင်းများ ထွက်ပေါ်နေသောကြောင့် သူတို့လည်း အလွန် သိချင်နေကြပါသည်။
ဘန်း….။
အားလုံးက အာရုံစိုက်နေကြသည့်အချိန်မှာ ကွင်းပြင်ထဲမှ တိုက်ပွဲသည် လုံးဝ ပေါက်ကွဲသည့် အခြေအနေသို့ ရောက်ရှိသွားပါသည်။
ဝှီး…..!
ချင်ယွင်၏ နောက်ကျောမှ နဂါးအတောင်ပံတစ်စုံက ရုတ်တရက် ဖြန်းကားလာခဲ့ပြီး၊ သူ၏အမြန်နှုန်းကက ချက်ချင်းဆိုသလို တိုးမြင့်လာပါသည်။ သူ၏ရုပ်အသွင်သည် ပုံရိပ်ယောင်အဖြစ် ပြောင်းလဲကာ လူထွားကြီး၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပါသည်။
"ဘုန်း…..!"
ချင်ယွင်၏ လက်သီးသည် လူထွားကြီး၏ရင်ဘတ်ပေါ်သို့ အညှာတာမဲ့စွာ ကျရောက် သွားပြီး ကျယ်လောင်သော မိုးခြိမ်းသံတစ်ခုကဲ့သို့ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ် လာသည်။
ဤသည်မှာ အဆုံးသတ် မဟုတ်သေးပါဘူး။ သူ၏ရုပ်အသွင်က အနီးကပ် နောက်မှ လိုက်ပါလာပါသည်။ သူ့လက်သီး၏လေတိုးသံသည် ကျားတစ်ကောင်၏ ဟိန်းဟောက် သံကဲ့သို့ ထွက်ပေါ်လာပါသည်။ လက်သီးချက်အားလုံးသည် ထွားလူထွားကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
လူထွားကြီး၏ ခန္ဓာကိုယ်သည် ဆက်လက် နောက်ဆုတ်သွားကာ မိုးခြိမ်းသံလို ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေပါသည်။
"ဘုန်း…..!"
နောက်ဆုံးတွင်၊ ချင်ယွင်၏ တရစပ်တိုက်ခိုက်မူတွေက လူထွားကြီး၏ ရင်ဘတ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားပြီး လူထွားကြီးသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်လဲကျသွားသည်။
မြေပြင်က ပေါက်ကွဲပြီး ဖုန်မှုန့်တွေက ပျံ့နှံ့ထွက်ပေါ်လာသည်။
သို့သော်လည်း လူထွားကြီးသည် အနည်းငယ်မျှ ဒဏ်ရာအနာတရ မခံစားရသေ။ နောက်ဆုံးမှာတော့ သူသည် ရုပ်သေးတစ်ရုပ်ဖြစ်ပြီး ပြင်းထန်စွာ ဒဏ်ရာရသည့် အကြောင်း လုံးဝ ပြောစရာမလိုချေ။
"ဘုန်း…..!"
လူထွားကြီးသည် တွင်းနက်ကြီးထဲမှ ချက်ချင်း ပြေးထွက်လာခဲ့ပြီး ချင်ယွင်ကို ထပ်မံ တိုက်ခိုက်သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူ၏မျက်နှာပေါ်တွင် လေးနက်မှု အရိပ်အယောင်များ ပေါ်လာသည်။
မူလက သူသည် နတ်ဆိုးနတ်ဘုရားကြယ်ဖမ်းလက်ကို အသုံးမပြုရန် စီစဉ်ထား သော်လည်း ယခုအခါ သူသည် ထိုတိုက်ကွက်ကို မလွှဲမရှောင်သာ အသုံးပြုရ တော့မည့်ပုံ ပေါ်သည်။ အကယ်၍ သူသည် ဤတိုက်ကွက်ကို အသုံးမပြုခဲ့ဘူးဆိုလျှင် သူသည် လူထွားကြီးကို အလွယ်တကူ သတ်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။
ဘန်း….!
ချင်ယွင်၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင်အလင်းတန်း များ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏လက်ဖဝါးမှ နှလုံးခုန်ရင်တုန်လောက်သည့် စွမ်းအင်အတက်အကျလှိုင်းများ ထွက်ပေါ်လာပြီး ချင်ယွင်၏ ညာဖက်လက်သည် နှိုင်းစား၍မရအောင် လင်းလက်တောက်ပသော အလင်းရောင်ကို ချက်ချင်း ထုတ်လွှတ် လိုက်သည် ။
"ပြီးသွားပြီ၊ နတ်ဆိုးနတ်ဘုရားကြယ်ဖမ်းလက်…!"
ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏လက်ဖဝါးကို ဆန့်တန်းကာ အောက်မှ လူထွားကြီးဆီသို့ တိုက်ရိုက် ရိုက်ချလိုက်လေသည်။
ကြီးမားနက်မှောင်သော ဧရာမခရမ်းရောင် လက်ဖဝါးပုံရိပ်ကြီးသည် ကောင်းကင်ယံ တွင် ပေါ်လာပြီး ဧရာမတောင်ကြီးကဲ့သို့ လူထွားကြီးအပေါ်ကို ပြင်းပြင်းထန်ထန် ဖိနှိပ် လိုက်လေသည်။ ၎င်းလက်ဖဝါးကြီးသည် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြိုဆင်းကျသွားပါသည်။
အဝေးမှလူအားလုံးသည် ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အရမ်းကို အံ့သြသွားကြပါ သည်။
အထူးသဖြင့် နှင်းအမျိုးသမီးဟုခေါ်သော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် သူမ၏ နဂိုက တည်ငြိမ်နေသော မျက်လုံးများသည် အမှန်တကယ်ပင် အံ့အားသင့်စရာ အရိပ်အယောင်ကို ပေါ်လွင်စေသည်။
"ဒါက ဘယ်လို သိုင်းပညာမျိုးလဲ။ မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ် စွမ်းအားနဲ့ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးက ငါ ဘာလို့ တခါမှ မမြင်ဖူးတာပါလိမ့်။" နှင်းအမျိုးသမီးသည် ကောင်းကင်ယံမှ ဖိနှိပ်လိုက်သည့် ဧရာမ လက်ဖဝါးပုံရိပ်ကြီးကို အံ့သြတကြီး မျက်နှာအမူအရာဖြင့် ကြည့်နေပါသည်။
"ဘုန်း….!"
မြေကြီး၏ ကွဲအက်သံသည် ကောင်းကင်နှင့်မြေကြီးတစ်လျှောက် ပဲ့တင်ထပ်ကာ ဖုန်မှုန့်များက ကောင်းကင်ယံတိုင် ဖုံးလွှမ်းသွားသည်။
ဖုန်မှုန့်များ လွင့်စင်သွားသည်နှင့်အမျှ လူတိုင်း၏ မြင်ကွင်းထဲမှာ ကြီးမားသော လက်ငါးချောင်းအရာ အပေါက်တစ်ခု ပေါ်လာပါသည်။ လူတိုင်းသည် သူတို့၏ စိတ်နှလုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လွင်နေသည်။
ဟန်ဖန်းသည် မျက်မှောင်ကြုတ်လိုက်နေသည်။ ဤအခိုက်အတန့်တွင် သူသည် ချင်ယွင်ကို လျှော့တွက်ထားကြောင်း သူ သဘောပေါက်လိုက်သည်။ ဤလက်ဖဝါး ရိုက်ချက်၏ စွမ်းအားကို သူပင် လျှော့မတွက်ဝံ့ပေ။ အကယ်၍ သူသည် အနည်းငယ် သတိမထားမိပါက ပြင်းထန်စွာ ဒဏ်ရာရသွားဖွယ် ရှိသည်။
ချင်ယွင်သည် လေထဲတွင် မတ်တပ်ရပ်ကာ မြေပြင်ပေါ်ရှိ လက်ဗွေရာကြီးငါးခုကို ကြည့်လိုက်သော်လည်း သူ၏မျက်ခုံးများကို တင်းကျပ်စွာ တွန့်ထားသေးသည်။
ဤတိုက်ပွဲက သူ့ကို ကြီးမားသည့် ပြဿနာတစ်ရပ်ကို သတိထားမိသွားစေသည်။ သူ၏တိုက်စစ်နည်းလမ်းများသည် အလွန်တူညီလွန်းနေသေးသည်။ အကယ်၍ သူ့မှာသာ အခြားသော သိုင်းပညာရပ်များ ရှိနေပါက၊ သူသည် နတ်ဆိုးနတ်ဘုရား ကြယ်ဖမ်းလက်ကို အသုံးပြုရန် မလိုအပ်ပေ။
ဘန်း…..!
ယခုအချိန်တွင် ချင်ယွင်၏ အသားငါးပိဖြစ်သည်အထိ ရိုက်နှက်ခံထားရသော လူထွားကြီးသည် သူ၏ခန္ဓာကိုယ်ကို တစ်ဖန်ပြန်လည် သိပ်သည်းလိုက်သည်။ သူက လူတိုင်းကို အေးစက်စွာ ကြည့်ကာ ပြောသည် "စိန်ခေါ်ချင်တဲ့တွေ ပြီးသွားပြီဆိုတော့ စမ်းသပ်မူအောင်မြင်တဲ့သူတွေက ငါ့နောက်ကို လိုက်ခဲ့ကြ။ စမ်းသပ်မူကို လက်လျော့ လိုက်တဲ့လူတွေကတော့ မင်းတို့ကို ငါက အင်မော်တယ်နန်းတော်အပြင်ဘက်ကို ပြန်ပို့ပေးမယ်။"
ဝှီး….!
လူထွားကြီးသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ရန်ယုဖန်းသည် လေဟာနယ် ဝဲဂယက်ထဲ စုပ်ယူခံရပြီး ပျောက်ကွယ်သွားလေသည်။
ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျိုးမှ ဖြစ်ပေါ်နေခြင်း မရှိဘဲ ပျောက်ကွယ်သွားသော ရန်ယုဖန်းကို ကြည့်နေမိသည်။ သူ၏အမြင်အရဆို အင်မော်တယ် နန်းတော်ထဲမှာ အန္တရာယ်တွေ အများပြားရှိနေသည်။ ရန်ယုဖန်းသည် လုံလောက်အောင် ကြံ့ခိုင်မှု မရှိချေ။ ထို့ကြောင့် သူသည် ယခုအချိန် ထွက်သွားခြင်း သည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
“သွားကြစို့။ စမ်းသပ်မူအောင်မြင်တဲ့လူတွေက ပင်မခန်းမထဲကို လိုက်ခဲ့ကြ။” ပင်မခန်းမဆီသို့ ဦးတည်သွားနေရင်း အုပ်ထိန်းသူက ပြောသည်။
ချင်ယွင် အပါအဝင် လူတိုင်းသည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ လိုက်ပါသွားကြ သည်။
ဤတစ်ကြိမ်တွင် သူတို့သည် ကြောက်မက်ဖွယ်စွမ်းအားဖြင့် တားဆီးခံရခြင်း မရှိတော့ဘဲ ခန်းမဆောင်အတွင်းသို့ ချောမွေ့စွာ ဝင်ရောက်လာခဲ့သည်။
ဝှီး….!
ချင်ယွင် နှင့် အခြားသူများ ခန်းမထဲသို့ ဝင်သွားပြီးနောက် ချင်ယွင်နှင့် အခြားသူများ ထွက်ခွာသွားသည့် နေရာတွင် ရုပ်အသွင်ပြင်တစ်ခုသည် ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုလူသည် ရေကန်ဘေးမှာ ငါးမျှားနေသော အဘိုးအိုမှလွဲ၍ တခြားလူ မဟုတ်ပေ။
အဖိုးအိုသည် မြေပြင်ပေါ်ရှိ ကြီးမားလှသော လက်ဖဝါးပုံရိပ်ကြီးကို ကြည့်သည်။ ထို့နောက် သူ၏ပါးစပ်ထောင့်စွန်းမှာ အပြုံးရိပ်ပေါ်လာပြီး သူ့ကိုယ်သူ တီးတိုးရေရွတ် လိုက်သည် "စိတ်ဝင်စားဖို့ကောင်းတယ်၊ စိတ်ဝင်စားစရာကောင်းတယ်၊ ဒဏ္ဍာရီလာ ဖင်ဂေါ့သိုင်းပညာရပ်တောင် ပေါ်လာပါလား။ ကောင်ငယ်လေး၊ မင်း ဆရာသခင်ကို စိတ်မပျက်စေဖို့ ငါမျှော်လင့်တယ်။"။