အခန်း ၆၄၅
Vol. 43 Ch. 645
အခန်း (၆၄၅) နှင်းအမျိုးသမီးလှုပ်ရှားခြင်း။
"ချပ်စ်၊ ခေါင်းလောင်းကို အသံမြည်အောင် တီးရုံပဲ မဟုတ်လား”။ ငါ လုပ်မယ်!" ဖန်ကျန်းချီသည် အမှန်တကယ်ပင် အရာအားလုံးကို အရင်ဆုံးလုပ်ရသည်ကို သဘောကျသူ ဖြစ်သည်။ ထို့ကြောင့် မတ်မတ်ရပ်ပြီး ပထမဆုံး စကားပြောလိုက်သူ လည်း ဖြစ်ပါသည်။
အဘိုးအိုသည် မည်သည့်စကားမှ မဆိုဘဲ လမ်းကြောင်းပေါ်မှ ဘေးထွက်ပြီး သူ၏ မျက်လုံးတွေကို မှိတ်ထားလိုက်ပါသည်။
ဖန်ကျန်းချီသည် လူအုပ်ကြီးထဲမှ မောက်မာစွာ ထွက်လာခဲ့ပြီး လွင့်မျောနေသော ခေါင်းလောင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပါသည်။
လူတိုင်း၏ အကြည့်များက ဖန်ကျန်းချီထံ ကျရောက်သွားပါသည်။ ရှင်းပါသည်၊ သူတို့အနေဖြင့် ခေါင်းလောင်းတီးရန် မခက်ခဲသင့်ပါဘူး။ သို့သော်၊ အဖိုးအိုသည် ဤမျှ ကြီးမားသော လက်ဆောင်ကြီးကို ပေးထားခဲ့ပါသည်။ ထို့ကြောင့် သူတို့ထင်ထား သလောက် မရိုးရှင်းသင့်ပေ။
ထို့ကြောင့် သူတို့အားလုံးသည် ဤခေါင်းလောင်းနှင့်ပတ်သက်၍ မည်ကဲ့သို့ လျှို့ဝှက် ဆန်းကြယ်မူမျိုး ရှိနေသည်ကို မြင်ချင်ကြသည်။
ဖန်ကျန်းချီသည် ခေါင်းလောင်းရှေ့သို့ ရောက်ရှိလာပြီး သူ၏အာရုံစိုက်ကို စွန့်လွှတ်လိုက်သည်။
"သောက်အရေးမပါလိုက်တာ…!"
ဖန်ကျန်းချီသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ဖဝါးကို ချက်ချင်းပင် ကြောက်မက်ဖွယ် အင်မော်တယ် စွမ်းအင်အလွှာဖြင့် ဖုံးလွှမ်းသွားပါသည်။
လက်ဖဝါးတစ်ချက်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်ပြီး အင်မော်တယ် အလင်းတန်း တစ်ခုက ချက်ချင်း ပစ်လွှတ်သွားပါသည်။
သို့သော် လူတိုင်းကို ထိတ်လန့်စေမည့် မြင်ကွင်းတစ်ခု ဖြစ်ပျက်သွားခဲ့ပါသည်။ လွင့်မျောနေသော ခေါင်းလောင်းကြီးသည် အမှန်တကယ် လှုပ်ခြားခြင်းမျိုး လုံးဝ မရှိခဲ့ပါဘူး။ ခေါင်းလောင်းထဲသို့ ဝင်ရောက်သွားသော အင်မော်တယ် အနှစ်သာရသည် ပင်လယ်ထံကဲ့သို့ ပျောက်ကွယ်သွားသည့် ရွှံ့ရုပ်နွားတစ်ကောင်အလား သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပါသည်။
"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?"
ဖန်ကျန်းချီသည် ယုံကြည်ရခက်နေမှန်း သိသာထင်ရှားပါသည်။ သူသည် ဤလက်ဖဝါး ရိုက်ချက်တွင် သူ၏ခွန်အား ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးကို အသုံးပြုထားခဲ့သည်။ သာမန် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်ပညာရှင်တစ်ဦး ပင်လျှင် လက်ဖဝါးတစ်ချက် ရိုက်ရုံဖြင့် ဒဏ်ရာအပြင်းအထန် ရသွားနိုင်သော်လည်း ဤခေါင်းလောင်းကြီးကို ထိမှန်သွားသောအခါ မည်သည့်တုံ့ပြန်မှုမှ ရှိမနေခဲ့ပေ။
ဘန်း….။
ထိုအချိန်တွင် မလှုပ်မယှက် ဖြစ်နေသော ခေါင်းလောင်းကြီးအထံမှ လက်ဖဝါးပုံရိပ် တစ်ခု ရုတ်တရက် ထွက်ပေါ်လာပါသည်။ ၎င်း၏ စွမ်းအားနှင့် အရှိန်အဟုန်သည် ယခင် ဖန်ကျန်းချီ၏ တိုက်ခိုက်မှုထက် နှစ်ဆ ပိုမြန်ပါသည်။ ၎င်းလက်ဖဝါးပုံရိပ်သည် ထိတ်လန့်သော အကြည့်ဖြင့် ရပ်ကြည့်နေမိသည့် ဖန်ကျန်းချီ၏ရင်ဘတ်ဆီသို့ တိုက်ရိုက် ထိမှန်သွားပါသည်။
ဖန်ကျန်းချီ၏ ပါးစပ်မှ သွေးများ ဖျန်းခနဲ အန်ထုတ်လိုက်ရပြီး သူသည် မြေပြင်ပေါ်တွင် ရပ်နေရာမှ ပုံရိပ်တစ်ခုအသွင် ပြောင်းသွားသကဲ့သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပင်မခန်းမထဲမှ လွင့်ပျံထွက်သွားပါသည်။
ထိုမြင်ကွင်းကို လူတိုင်းမြင်လိုက်ရသည့်အခါ အံ့သြတကြီးဖြစ်သွားသည့် အမူအရာများ ချက်ခြင်း ဖော်ပြလိုက်ကြပါသည်။
ဤအခိုက်အတန့်တွင် ဆံပင်ဖြူအဖိုးအိုသည် ခေါင်းလောင်းသံက အလွယ်တကူ မမြည်နိုင်ဟု အဘယ်ကြောင့် ပြောဆိုခဲ့သည်ကို သူတို့သည် နောက်ဆုံးတွင် နားလည်သွားကြပါသည်။
ဤခေါင်းလောင်းကြီးကို လှုပ်ရှားအောင်လုပ်ဖို့ပင် လွယ်ကူသည့်အလုပ် မဟုတ်ပေ။ အကယ်၍ လှုပ်နိုင်သည်ဆိုလျှင်ပင် ခေါင်းလောင်းကြီးထံမှ တန်ပြန်ရိုက်ခတ်ခြင်း၏ စွမ်းအားကို လူတိုင်း ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဆံပင်ဖြူ အဘိုးကြီးသည် သူ၏မုတ်ဆိတ်တွေကို ပွတ်သပ်ရင်း သူ၏မျက်နှာပေါ်တွင် နားလည်ရသည့် အပြုံးဖြင့် ရပ်နေပါသည်။
"အယုတ်တမာအဘိုးကြီး၊ ခင်ဗျားက ကျုပ်ကို စော်ကားနေတာလား?" ဖန်ချန်ကျီသည် ခန်းမအပြင်ဘက်မှ ပြန်လည်ပြေးဝင်လာခဲ့သည်။ ခန်းမထဲကို ဝင်လိုက်သည်နှင့် သူသည် မထိန်းနိုင်ဘဲ ဒေါသတကြီး အော်ဆဲလိုက်ပါသည်။
"ငါ မင်းကို ဘယ်တုန်းက လိမ်ညာခဲ့လို့လဲ?။ ဒီခေါင်းလောင်းကြီးက အသံမြည်ဖို့ မလွယ်ဘူးလို့ မင်းကို ငါသတိပေးခဲ့သားပဲ။ ဒါပေမယ့် မင်းကမှ ငါ့ကို မယုံတာ။ ဒီတော့ မင်း ငါ့ကို အပြစ်ပြောလို့ မရဘူးလေ။" ဆံပင်ဖြူ အဘိုးကြီးက ပြုံးပြုံးလေး ပြောလိုက် သည်။
ဖန်ကျန်းချီသည် ဒေါသတကြီး အံတင်းတင်းကြိတ်လိုက်မိပါသည်။ သို့သော်လည်း သူသည် ဘာမှ မတတ်နိုင်ပါဘူး။ ဟုတ်ပါသည်၊ အဘိုးအိုသည် ယခုလေးတင် ထိုစကားကို အမှန်တကယ် ပြောခဲ့ဖူးပါသည်။
အဘိုးအိုက အထင်သေးဟန်ဖြင့် ရယ်မောလိုက်သည်။
"ဟမ့်၊ ဒီနေ့ ဒီခေါင်းလောင်းကို အသံမြည်အောင် မတီးနိုင်ဘူးလို့ ငါ မယုံဘူး" ဖန်ကျန်းချီသည် ချက်ချင်းပင် မကျေမနပ်ဖြစ်ကာ သူ၏လက်ထဲတွင် လှံတစ်ချောင်း ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ်စွမ်းအင် ထုကြီးသည် လှံထဲသို့ စိမ့်ဝင် သွားခဲ့ပြီး လှံသည် နှလုံးခုန်ရင်တုန်စေသည့် စွမ်းအင်အတက်အကျ လှိုင်းများကို ထုတ်လွှတ်လာသည်။
"ငရဲဘုရင်၊ သူ့အသက်ကို ယူဆောင်လိုက်စမ်း…!"
ဖန်ကျန်းချီက ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ အင်မော်တယ် စွမ်းအင်အားလုံးက ချက်ချင်း ပျံ့နှံ့ထွက်ပေါ်လာသည်။ သူသည် သူ၏ အပြင်းထန်ဆုံး သိုင်းကွက်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
သူ၏လက်ထဲက လှံက ချက်ချင်း ပျံထွက်သွားပြီး စူးရှတောက်ပသည့် အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။ ၎င်းအလင်းတန်းသည် ကြွေကျနေသော ဥက္ကာပျံကဲ့သို့ပင် ဧရာမ ခေါင်းလောင်းကြီးကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်လေသည်။
ထို့အပြင် ကြောက်မက်ဖွယ်ကောင်းသော လှံချက်သည် သံတံတိုင်းကြီးကို ထိမှန်သွား သကဲ့သို့ ဧရာမ ခေါင်းလောင်းကြီးကို ထိမှန်သွားပါသည်။ သို့သော် လှံထိပ်ဖျားသည် ကြောက်စရာကောင်းလောက်အောင် ကွေးညွှတ်နေသော်လည်း ဧရာမခေါင်းလောင်း ကြီးကို အနည်းငယ်မျှ မလှုပ်နိုင်သေးပေ။
"ဘာလဲဟ?" ဖန်ကျန်းချီ၏ မျက်နှာသည် ဖော်ပြ၍မရနိုင်အောင်ပင် ထိတ်လန့် ခြောက်ခြားသွားသည့် အမူအရာ ထုတ်ဖော်လာပါသည်။
သူ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မူက ဤခေါင်းလောင်းကြီးကို လှုပ်အောင်တောင် မလုပ်နိုင်ဘူးလား?
အားလုံးသည် မျက်လုံးမျက်ဆန်ပြူးကာ ငေးကြည့်နေရုံသာ တတ်နိုင်ပါသည်။ ဤလှံ၏ အစွမ်းသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ တကယ်လက်တွေ့မှာ တော့ ခေါင်းလောင်းကြီးကို လှုပ်ခါရုံပင် မစွမ်းနိုင်ခဲ့ပါချေ။ ဤအရာက မည်သို့ ဖြစ်နိုင် ပါမည်နည်း?။
အဘိုးအိုသည် သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း သူ၏ခပ်ရေးရေး အပြုံးကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
ဝှီး…!
ဤအခိုက်အတန့်တွင် ဧရာမခေါင်းလောင်းကြီးမှ တုန်လှုပ်ချောက်ချားဖွယ် စွမ်းအင် အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
ဖန်ကျန်းချီ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင် ချပ်ဝတ်တန်ဆာတစ်ခု ပေါ်လာသည်။ အင်မော်တယ အနှစ်သာရသည် ချပ်ဝတ်တန်ဆာထဲသို့ စိမ့်ဝင်သွားပြီး ဖန်ကျန်းကျီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည့် တောက်ပသော အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်ပါသည်။
"အဆင့်နိမ့်အဆင့် အင်မော်တယ် ချပ်ဝတ်တန်ဆာလား?" ချင်ယွင်သည် သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်မိသည်။
ဟုတ်ပါသည်။ ဤဖန်ကျန်းချီမှာ အဆင့်နိမ့်အဆင့် အင်မော်တယ် ချပ်ဝတ်တန်ဆာ တစ်ခု ရှိနေပါသည်။ ဖန်ကျန်းချီသည် ဤယခုတစ်ကြိမ်တွင် သေမျိုးကမ္ဘာသို့ ဆင်းသက်လာရာမှာ လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ထားပုံရပါသည်။
ဖန်ကျန်းချီသည် အဆင့်နိမ့်အဆင့် အင်မော်တယ်ချပ်ဝတ်တန်ဆာကို ဆင့်ခေါ်လိုက် ချိန်မှာ၊ ကြက်သွေးရောင်တိမ်တိုက်ခေါင်းလောင်းကြီးမှ လှိုင်းလုံးကြီးကလည်း ဖန်ကျန်းချီ၏ ရင်ဘတ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားပါသည်။
"ဘုန်း…!"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဖန်ကျန်းချီ၏ ခန္ဓာကိုယ်ပေါ်ရှိ မိုးပြာရောင် အလင်းတန်းများသည် ထိုစွမ်းအင်လှိုင်းနှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်းပင် ကွဲအက်သွားပါသည်။
လှိုင်းလုံးများသည် ဖန်ကျန်းချီ၏ ချပ်ဝတ်တန်ဆာကို အတားအဆီးမရှိဘဲ ရိုက်ခတ် သွားသည်။
ချက်ချင်းပင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး ဖန်ကျန်းချီသည် နောက်သို့ လွင့်ပျံသွားသည်။
သူ၏ရင်ဘတ်ရှိ ချပ်ဝတ်တန်ဆာပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး စွမ်းအင်အတက်အကျလှိုင်းမှ ဖြစ်ပေါ်လာသော ကြောက်စရာကောင်းသော စွမ်းအား သည် ဖန်ကျန်းချီ၏ အစိတ်ပိုင်းငါးခုနှင့် အတွင်းအင်္ဂါခြောက်ခုတို့ကို ထိခိုက်စေခဲ့ပါ သည်။
ဟန်ဖန်း၏ရုပ်အသွင်သည် ချက်ချင်းပင် ပျံထွက်သွားပြီး နောက်ပြန် လွင့်ထွက်တော့ မည့် ဖန်ကျန်းချီ၏ ခန္ဓာကိုယ်ကို ရပ်တန့်လိုက်သည်။
ဟန်ဖန်းပင်လျှင် ဖန်ကျန်းချီ၏ခန္ဓာကိုယ်မှ စွမ်းအင်များကို လုံးလုံးလျားလျား မဖယ်ထုတ်နိုင်မီ ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ခြေသုံးလှမ်း ဆုတ်လိုက်ရပါသည်။
လူတိုင်းသည် အနှိုင်းမဲ့ ထိတ်လန့်သွားကြပါသည်။ ဤကြက်သွေးရောင်တိမ်တိုက် ခေါင်းလောင်းသည် မည်မျှ ကြောက်စရာကောင်းလိုက်သနည်း?။ အဆင့်နိမ့်အဆင့် အင်မော်တယ် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသူ ဖန်ကျန်းချီပင်လျှင် သူ၏ ဒဏ်ရာများကို ကုစားရန်အတွက် သူ၏စွမ်းအားကို အားကိုးရုံသာ တတ်နိုင်တော့ သည်။
ဖန်ကျန်းချီသည် သူ၏ရင်ဘတ်ပေါ်ရှိ ကွဲအက်နေသော ချပ်ဝတ်တန်ဆာကို ကြည့်ကာ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အရိပ်အယောင်ကို ထုတ်ဖော်လိုက်သည်။
နောက်ဆုံးတွင် သူသည် နာကျင်နေသော ရင်ဘတ်ကို ဖုံးအုပ်ကာ ခေါင်းလောင်းကြီးကို ကြည့်လိုက်ပါသည်။ ထို့နောက် သူသည် အလွန်အမင်း မလိုလာဟန်ဖြင့် ဘေးတစ်ဖက် သို့ လျှောက်သွားတော့သည်။
အားလုံးလည်း တိတ်ဆိတ်သွားကြသည်။ ဤအခိုက်အတန့်မှာ သူတို့သည် ဤခေါင်းလောင်းကြီးသည် မည်မျှထူးခြားကြောင်း သဘောပေါက်သွားကြပါသည်။
ခေါင်းလောင်းကြီးကို လှုပ်နိုင် မလှုပ်နိုင် မပြောတတ်သေးသော်လည်း ဤ ခေါင်းလောင်းကြီးထံမှ တန်ပြန်ရိုက်ခတ်မူကို ခုခံဖို့ကပင် လွယ်ကူသည့်အလုပ် တစ်ခု မဟုတ်ပါဘူး။
ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်းက လေးလေးနက်နက် တွေးတော မိသွားကြသည်။
"ဘယ်သူမှ ထပ်ပြီး ကြိုးစားချင်ကြတော့ဘူးလား?" အဘိုးအိုက အပြုံးနှင့်အတူ ပြောလိုက်ပါသည်။
ချင်းဝူယန် နှင့် အခြားသူများသည် အဖိုးအို၏ စကားကို ကြားသောအခါတွင် သူတို့၏ မျက်နှာများသည် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည့် အမူအရာ ပေါ်လာပါသည်။ သို့သော်လည်း သူတို့သည် ဖန်ကျန်းချီ၏ နောက်ဆုံး စိတ်ဆင်းရဲစရာ မြင်ကွင်းနှင့် နှိုင်းယှဉ်ကြည့်ပြီး မည်သည့်စွန့်စားမူကိုမှ မလုပ်ရဲတော့ချေ။
ဟန်ဖန်းသည်လည်း ထိုခက်ခဲသော စမ်းသပ်မူကို လှုပ်ရှားသင့် မလှုပ်ခြားသင့် တွေးနေမိပါသည်။ သို့သော် နောက်ဆုံးတွင် သူသည် လက်လျှော့ရန် ရွေးချယ်ခဲ့သည်။ ဤတန်ပြန်တွန်းအားက ကြောက်စရာကောင်းလွန်းပါသည်။
ချင်ယွင်သည် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထားပါသည်။ သူသည် ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီး မည်မျှ အစွမ်းထက်သည်ကို စမ်းကြည့် ချင်မိသည်။
သို့သော်လည်း ချင်ယွင် ထွက်ခွာခါနီးတွင် ချောမောလှပသော အသွင်အပြင်သည် အမှန်တကယ်ပင် ဦးဆောင်ကာ ထွက်ခွာသွားခဲ့ပါသည်။
နှင်းအမျိုးသမီးသည် ဧရာမ ခေါင်းလောင်းကြီးဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
"သူမ လှုပ်ရှားတော့မှာလား?" အားလုံးက နှင်းအမျိုးသမီးကို အံ့သြစွာ ကြည့်ကြသည်။
ဤနှင်းအမျိုးသမီးနှင့် ပတ်သက်၍ သူတို့သည် သူမအား အလွန်လျှို့ဝှက်ဆန်းကြယ် သည်ဟု အမြဲလိုလို ခံစားနေခဲ့ကြရပြီး သူမ၏စွမ်းအားကိုလည်း အလားတူ နားမလည်နိုင်ကြပေ။
အဘိုးအို၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း လျော့ပါးလာသည်။
နှင်းအမျိုးသမီးသည် ဧရာမခေါင်းလောင်းကြီး၏ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့ သည်။ လှပပြီး သွယ်လျသောလက်က လက်အိတ်ထဲမှ ဆန့်ထုတ်လာပါသည်။ ထို့နောက် သူမ၏လက်ဖဝါးသည် မရေတွက်နိုင်သော ပုံရိပ်ယောင်များစွာအဖြစ်သို့ ပြောင်းလဲသွားသည်ကိုသာ မြင်လိုက်ရပါသည်။ ကြောက်မက်ဖွယ်ကောင်းသော မည့်သည့် စွမ်းအင်အတက်အကျလှိုင်းမှ ထွက်ပေါ်လာခြင်းမရှိဘဲ သူမသည် ဧရာမ ခေါင်းလောင်းကြီးကို လက်ဖဝါးဖြင့် တိုက်ရိုက် ရိုက်လိုက်ပါသည်။
ဒေါင်…!
ဧရာမ ခေါင်းလောင်းကြီးသည် ချက်ချင်းပင် တုန်ခါသွားပြီး ကြည်လင်ပြတ်သားသော တုန်ခါအသံက ထွက်ပေါ်လာသည်။
၎င်းခေါင်းလောင်းကြီးမှ တုန်ခါသံကို ထုတ်လွှတ်လိုက်သောအခါ၊ ဤကြောက်စရာ ကောင်းသော အသံလှိုင်းကြောင့် မူလက အနှိုင်းမဲ့ မာကျောသော မြေပြင်သည် ချက်ချင်း ကွဲအက်သွား သည်။
လူတိုင်းသည် နားရွက်ကို ဖုံးအုပ်ကာ နာကျင်မှုများဖြင့် ပြည့်နှက်နေသော်လည်း သူတို့သည် နှင်းအမျိုးသမီးကို ငေးကြည့်ရင်း တုန်လှုပ်ခြောက်ခြားသွားကြပါသည်။
စာစဉ် (၄၃) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။