← Chapters

အခန်း ၆၄၇

Vol. 44 Ch. 647

အခန်း ၆၄၇

Vol. 44 Ch. 647

အခန်း (၆၄၇) ဖန်ကျန်းချီနှင့် အလောင်းအစား။

ဆံပင်ဖြူ အဘိုးအို၏ စကားကြောင့် ချင်ယွင် အနည်းငယ် မှင်သက်အံ့ဩသွားရသည်။ အဘိုးအိုသည် နတ်ဆိုးနတ်ဘုရားကြယ်ဖမ်းလက်အကြောင်း ပြောနေမှန်း သူ သိလိုက် သည်။

ဤနတ်ဆိုးနတ်ဘုရားကြယ်ဖမ်းလက်၏ စွမ်းအားသည် အလွန်ကြီးမားပြီး သူသည် ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးကို လှုပ်ခါနိုင်သော်လည်း ကြက်သွေး ရောင် တိမ်တိုက်ခေါင်းလောင်း၏ တုံ့ပြန်မှုကို တွန်းလှန်ရန်အတွက်တော့ လွယ်ကူမည် မဟုတ်ပေ။

"ဟမ့်၊ လက်ဖဝါးတစ်ချက် မပြောနဲ့၊ ငါတို့က သူ့ကို နောက်ထပ် လက်ဖဝါးဆယ်ချက် ပေးရိုက်ခိုင်းရင်တောင် သူက ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ အဘိုးကြီး၊ ခင်ဗျား၊ ကျုပ်တို့ကို ဒုတိယထပ်ကို လွှတ်ပေးလိုက်တာက ပိုကောင်းပါလိမ့်မယ်။ ကျုပ်တို့ရဲ့ အချိန်တွေကို ဖြုန်းတီးမနေပါနဲ့တော့။" ဆံပင်ဖြူ အဘိုးကြီး ပြောသည်ကို ဖန်ကျန်းချီ ကြားသည့်အခါ သူက ချက်ချင်းဆိုသလို လှောင်ပြောင် ပြောလိုက်ပါသည်။ သူ၏ အကြည့်တွေက ချင်ယွင်အပေါ် စူးစူးစိုက်စိုက် ရှိနေပြီး အထင်သေး ရှုံ့ချမှုတွေ ပြည့်နှက်နေ၏။

ဖန်ကျန်းချီ၏ စကားကိုကြားတော့ ချင်ယွင်၏မျက်လုံးများသည် အေးစက်သည့် အရိပ်အယောင်များဖြင့် တောက်ပလာသည်။

ဖန်ကျန်းချီသည် သူ့ကို အကြိမ်ကြိမ် လှောင်ပြောင်ခဲ့သည်။ သူချင်ယွင်သည် ရွှံ့ရုပ်လူသား မဟုတ်သလို သူ့ကို မည်သူမှ ဖိနှိပ်စော်ကားချင်ခြင်းကိုလည်း မလိုချင်ပေ။ သူသည်လည်း သူ့ကိုယ်ပိုင်ဒေါသ ရှိပေသည်။ ထို့ကြောင့် ဖန်ကျန်းချီ၏ စကားတွေက သူ့ကို ဒေါသ ထွက်စေခဲ့ပါသည်။

"ဒီကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးကို မလှုပ်ခါနိုင်ဘူးလို့ မင်း ပြောခဲ့တယ်နော်။ တကယ်လို့ ငါလုပ်နိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ။" ချင်ယွင်က ဖန်ကျန်းချီကို လှည့်ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။

"ဟမ့်….၊ ဒါက မင်းအပြောပဲလေ။ တကယ်လို့ မင်းက ကြက်သွေးရောင် တိမ်တိုက် ခေါင်းလောင်းကြီးကို လှုပ်ခါနိုင်ခဲ့ပြီး တန်ပြန်ရိုက်ခတ်မူကို ခံနိုင်ခဲ့ရင် ဒီ ကောင်းကင် တုန်ခါလျှပ်စီးအလုံးကို ငါပေးမယ်ကွာ။" ဖန်ကျန်းချီက လှောင်ပြောင်ပြီး ပြန်ဖြေသည်။ လူထွားကြီးကို ကိုင်တွယ်ရန် အသုံးပြုခဲ့သော အပြာရောင်အလုံးလေးတစ်လုံးက သူ၏လက်ထဲတွင် ပေါ်လာပါသည်။

"ကောင်းပြီ!" ချင်ယွင်က ပြတ်ပြတ်သားသား သဘောတူလိုက်သည်။ ဤ ကောင်းကင် တုန်ခါလျှပ်စီးအလုံးသည် အလွန်အစွမ်းထက်ပြီး အရေးကြီးသော အချိန်များတွင် အလွန် အသုံးဝင်ပါသည်။

"ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးကို မလှုပ်ခါနိုင်ဘူးဆိုရင် မင်းကရော ဘယ်လိုလုပ်ပေးမလဲ?။" ဖန်ကျန်းချီက ထပ်ပြောသည်။ သူသည် တုံးအမိုက်မဲသူ တစ်ယောက် မဟုတ်ပေ။ သူသည် သူ့အတွက် အကျိုးမရှိသော မည်သည့်အရာကိုမျှ ပြုလုပ်မည် မဟုတ်ပေ။

"မင်း ဘာလိုချင်လဲ?" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးသည်။

"မင်းက ဒူးထောက်ပြီး ငါ့ကို သုံးကြီမ်သုံးခါ ဂါရဝပြုကာ အဘိုးလို့ ခေါ်စေချင်တယ်" ဖန်ကျန်းချီက မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။

ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။ သို့သော်၊ ၎င်းသည် လျင်မြန်စွာပင် မထီမဲ့မြင်ပြုဟန် လှောင်ပြောင်မှုအဖြစ်သို့ ပြောင်းလဲသွားကာ ဖန်ကျန်းချီကို ကြည့်လိုက်သည်။ "ကောင်းပြီလေ၊ မင်းရဲ့ ဒီအခြေအနေကို ငါသဘောတူတယ်။ တကယ်လို့ ငါ ဒီကြက်သွေးရောင်တိမ်တိုက် ခေါင်းလောင်းကြီးကို မလှုပ်ခါနိုင်ဘူးဆိုရင်၊ မင်းကို ဒူးထောက်ပြီး သုံးကြိမ်သုံးခါ ဂါရဝ ပြုကာ မင်းကို အဘိုးလို့ခေါ်မယ်။ ဒါပေမယ့် ငါ ဒီကြက်သွေးရောင် တိမ်တိုက် ခေါင်းလောင်းကြီးကို လှုပ်ခါနိုင်ခဲ့ပြီး တန်ပြန်ရိုက်ခတ်မူကို ပိတ်ဆို့နိုင်ခဲ့ရင် မင်းလက်ထဲမှာရှိတဲ့ ကောင်းကင်တုန်ခါလျှပ်စီးအလုံးကို ပေးရမှာနော်"

"ကောင်းပြီ၊ ဒါက သဘောတူညီချက် တစ်ခုပဲလေ။" ဖန်ကျန်းချီက လှောင်ရယ်လိုက်ပြီး သူ၏မျက်နှာမှာ ယုံကြည်မှုအပြည့် ရှိနေပါသည်။

သူ၏ထင်မြင်ချက်အရဆို၊ ချင်ယွင်သည် ကြက်သွေးရောင်တိမ်တိုက်ခေါင်းလောင်းကြီး ကို မည်သို့ လှုပ်ခါနိုင်မည်နည်း?။ ခေါင်းလောင်းကြီးကို မတော်တဆ လှုပ်ခါနိုင်ခဲ့လျှင် ပင် ကြောက်စရာကောင်းသည့် တုန့်ပြန်မူရိုက်ချက်သည် ချင်ယွင် ခံနိုင်ရည်ရှိမည့် အရာ မဟုတ်ပါဘူး။

ဖန်ကျန်းချီက သဘောတူလိုက်သည်ကို မြင်တော့ ချင်ယွင်က နားလည်ရခက်တဲ့ လှောင်ရယ်သံကို ထုတ်ဖော်လိုက်သည်။

လက်ရှိတွင် လူပေါင်းများစွာရှိနေမူနှင့်အတူ၊ ဖန်ကျန်းချီက သူ၏စကားကို ပြန်ရုတ်သိမ်းသွားမှာကို သူ မစိုးရိမ်ပါဘူး။

ထို့နောက် ချင်ယွင်သည် လူတိုင်း၏ အကြည့်အောက်တွင် ကြက်သွေးရောင်တိမ်တိုက် ခေါင်းလောင်းကြီးဆီသို့ တစ်ဖန် လျှောက်သွားခဲ့သည်။

ဆံပင်ဖြူ အဘိုးကြီးသည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းထားပြီး မုတ်ဆိတ်မွေးကို ညာလက်ဖြင့် ပွတ်သပ်လိုက်သည်။ ချင်ယွင်ကို လေးလေးနက်နက် ကြည့်ရင်း သူ၏ ပါးစပ်ထောင့်မှဦ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာပါသည်။

ယခင်က ပင်မခန်းမအပြင်ဘက်တွင် ချင်ယွင်ချန်ထားရစ်ခဲ့သော လက်ဖဝါးပုံရိပ်ကြီးကို သတိပြုမိသောအခါ၊ ချင်ယွင်၏ လက်ဖဝါးရိုက်ချက်၏ ထူးခြားသော အသွင်အပြင်ကို သတိပြုမိသည်။ ထို့အပြင်၊ ထိုအချိန်တုန်းက ချင်ယွင်သည် ဤလက်ဖဝါးရိုက်ချက်ကို အသုံးပြုသောအခါတွင် သူသည် သူ၏ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့ကြောင်း သူ သေချာပေါက် ပြောနိုင်သည်။

အကယ်၍ သူသာ ခွန်အားရှိသမျှကို အသုံးချခဲ့မည်ဆိုလျှင် ပို၍ပင် ပြင်းထန်လာ ပေလိမ့်မည်။

ယခုလေးတင်၊ သူသည် ထိုကောင်းကင်ဘုံကို စိန်ခေါ်နိုင်သည့် ချင်ယွင်၏ ထို လက်ဖဝါးချက်ကို မြင်ချင်မိသည့်အတွက် အကြံပေးခဲ့သည်။ ယခု ချင်ယွင်က လှုပ်ရှားတော့မည်ကို သူမြင်လိုက်ရချိန်မှာ သူသည် သဘာဝအတိုင်း လုံးလုံးလျားလျား အာရုံစိုက်ထားသည်။

ချင်ယွင်သည် ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးရှေ့သို့ လျှောက်သွားပြီး သူ၏မျက်လုံးများက ချက်ချင်းပင် စူးရှလာသည်။

အကန့်အသတ်မဲ့ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်က သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ၏လက်ဖဝါးကို ချက်ချင်း ဖုံးလွှမ်းသွားပါသည်။

ချင်ယွင်၏ လက်ဖဝါးသည် နက်မှောင်နေသော ခရမ်းရောင် အလင်းနှင့်အတူ ချက်ချင်း ပေါက်ကွဲထွက်လာသည်။ ချင်ယွင်၏ မျက်လုံးများသည်လည်း ပြင်းထန်သော ခရမ်းရောင်စိတ်ဆန္ဒဖြင့် စတင်ပေါက်ကွဲလာသည်။

ချင်ယွင်သည် သူ၏ခွန်အားကို နည်းနည်းလေးမှ ထိန်းချုပ်မထားတော့ပေ။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်တွေ က သူ၏လက်ဖဝါးကို လွှမ်းခြုံနေလေပြီ။

သူ၏လက်ဖဝါးတွင် ပါရှိသော ကြောက်မက်ဖွယ် စွမ်းအားသည် အလွန် ပြင်းထန်လှပြီး မြင်ရသူများကို နှလုံးခုန်ရင်တုန်သွားစေသည်။

နည်းနည်းမှ တုန့်ဆိုင်းမနေတော့ဘဲ၊ ချင်ယွင်သည် လွင့်မျောနေသော ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးကို သူ၏လက်ဖဝါးဖြင့် တိုက်ရိုက်ပင် ရိုက်ချလိုက်ပါသည်။

ဒေါင်!

လူတိုင်း၏ နားထဲတွင် မြေကြီးအက်ကွဲလောက်သည့် အသံတစ်ချက်က ထွက်ပေါ်လာ ပါသည်။ လွင့်မျောနေသော ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးသည် ၎င်း၏ မူလအနေအထားမှ လွင့်ထွက်သွားပြီး ခြောက်လက်မအပြည့်အထိ နောက်သို့ ရွေ့လျားသွားသည်။

ထိုကြောက်မက်ဖွယ်တုန်ခါအသံတွင် ဖော်မပြနိုင်အောင် ကြောက်စရာကောင်းသည့် စွမ်းအားတွေ ပါရှိနေပါသည်။ ခန်းမနံရံမှာတောင် အက်ကွဲကြောင်းလေးတစ်ခု ပေါ်လာ ပါသည်။ အက်ကွဲကြောင်းက ဆက်လက် ပြန့်နှံ့သွားခဲ့ပြီး ခန်းမတစ်ခုလုံးတိုင် ချက်ချင်း ပျံ့နှံ့သွားသည်။

လူတိုင်းသည် နားရွက်ကိုယ်စီ ဖုံးအုပ်ကာ ဤအရာအားလုံးကို အံ့သြတကြီး မျက်လုံးများဖြင့် ကြည့်နေကြပါသည်။

ချင်ယွင်သည် ကြက်သွေးရောင်တိမ်တိုက်ခေါင်းလောင်းကိုကြီး အမှန်တကယ် လှုပ်ခါ နိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။ ထိုတုန်ခါမှုသည် နှင်းအမျိုးသမီး ယခင်က ရိုက်နှက်ဖူးသည့်အချိန်ကထက် များစွာ ကြီးမားပါသည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဖန်ကျန်းချီသည် အံသြသွားသည်။

ထင်ရှားသည်မှာ၊ ချင်ယွင်သည် ကြက်သွေးရောင်တိမ်တိုက်ခေါင်းလောင်းကြီးကို အမှန်တကယ် လှုပ်ခါနိုင်မည်ဟု သူ မမျှော်လင့်ထားမိသည်မှာ ထင်ရှားသည်။

ဟန်ဖန်း၊ ချင်းဝူယန်၊ လင်းယွန်ယန် နှင့် အခြားသူများသည်လည်း အံ့အားသင့်သည့် အမူအရာများ ဖြစ်ပေါ်နေကြပါသည်။ ထူထပ်သော မျက်နှာဖုံးကာအောက်ရှိ နှင်းအမျိုးသမီး၏ မျက်နှာပင်လျှင် အနည်းငယ် အံ့အားသင့်သည့် အမူအရာများ ပေါ်လွင်နေသည်။

ဆံပင်ဖြူ အဘိုးကြီး၏ နှုတ်ခမ်းတစ်စုံသည် ပြုံးရင်း တွန့်ကွေးသွားကာ မှေးကျဉ်းထား သော သူ၏မျက်လုံးများမှတဆင့် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာပါသည်။

သို့သော် ချင်ယွင်သည် ယခုအချိန်တွင် မသက်သာလှပေ။ ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးကို သူ၏လက်ဖဝါးတွင် ခွန်အားအပြည့်ဖြင့် ရိုက်နှက်ရာမှ ဖြစ်ပေါ်လာမည့် တန်ပြန်ရိုက်ခတ်မူသည် အလွန်ကြောက်စရာကောင်းလာမည်ကို သူ သိပါသည်။

"ဟား….။ ဟား…..။ သူက တကယ်ကို သေခြင်းတရားကို တောင်းဆိုနေတာပဲ။ သူက ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးကို တိုက်ခိုက်ဖို့ အဲဒီစွမ်းအားကို တကယ် သုံးခဲ့တယ်။ ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးရဲ့ တန်ပြန်စွမ်းအားကို ဘယ်လို ခံယူမလဲဆိုတာ ငါ ကြည့်ချင်မိတယ်" ဖန်ကျန်းချီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ယခုအချိန်တွင် ချင်ယွင်သည် သူ၏မျက်လုံးထဲတွင် သေလူဖြစ်နေပြီ ဖြစ်ပါသည်။ ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လေ၊ ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီး၏ တုံ့ပြန်မှုသည် ပို၍ ကြောက်စရာ ကောင်းလေလေ ဖြစ်ပါသည်။

ချင်ယွင်၏ လက်ဖဝါးရိုက်ချက်၏ စွမ်းအားသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦး၏ အင်အားအပြည့် ထိုးနှက်ချက်နှင့် နှိုင်းယှဥ်နိုင်သည်။ ထို့ကြောင့် ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးမှ ထုတ်လုပ်သော တန်ပြန်သက်ရောက်မူသည် မည်မျှ ကြောက်စရာကောင်းမည်နည်း?။

ဘန်း…!

ဤအခိုက်အတန့်တွင်၊ ကြက်သွေးရောင်တိမ်တိုက် ခေါင်းလောင်းကြီးသည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ကြက်သွေးရောင် တိမ်တိုက် ခေါင်းလောင်းကြီးသည် ပြင်းထန်စွာ တုန်လှုပ်လာသည်။

ချွင်….!

ပြင်းထန်သော စွမ်းအားများပါဝင်နေသော အလင်းတန်းတစ်ခုက ထင်ရှားပြတ်သား သည့် ကျယ်လောင်သော အသံတစ်ချက် ထုတ်ဖောက်လိုက်ရင်း ချင်ယွင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

၎င်း၏အရှိန်ဟုန်သည် လျှပ်စီးကြောင်းကဲ့သို့ပင် မြန်ဆန်လွန်နေပြီး ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ခန်းမတစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ် သွားစေနိုင်သည်။

ပတ်ဝန်းကျင်မှ လူများသည် ဤကြောက်မက်ဖွယ် ရောင်ခြည်စွမ်းအင်အလင်းတန်းကို တွေ့လိုက်ရသည့်အခါ သူတို့၏မျက်နှာပေါ်က ထိတ်လန့်သည့် အမူအရာတွေ ပေါ်လာပါသည်။ ချင်ယွင်ကိုကြည့်နေကြသည့် သူတို့၏ အကြည့်တွေကလည်း သနားသည့်အမူအရာ ဖြစ်ပေါ်နေသည်။

"ဟား….။ ဟား…..။ သေဖို့ စောင့်နေလိုက်တော့!"

ဖန်ကျန်းချီ၏ မျက်လုံးများသည် ပြင်ထန်းလှသည့် စွမ်းအင်ရောင်ခြည်အလင်းတန်းကို မြင်သောအခါတွင် ကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။

"မင်းက ငါ့ကို ခက်ခဲအောင်လုပ်နိုင်မယ်လို့ မင်း တကယ်ထင်နေတာလား?"

ဤတိုက်ခိုက်မှုကို ချင်ယွင်သည် ခံနိုင်ရည်ရှိမည်မဟုတ်ဟု လူတိုင်းက ဆုံးဖြတ်ထားပြီး ဖြစ်နေစဉ်မှာ ချင်ယွင်၏ အေးစက်စက် အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

ချင်ယွင်သည် သူ၏လက်ထဲတွင် ကြိုတင်ပြင်ဆင်ထားသော လေဟာနယ် သလင်းကျောက် အပိုင်းအစကို ကိုင်ဆောင်ပြီး လေဟာနယ်ဆီသို့ ညင်သာစွာ ခုတ်ပိုင်း လိုက်ပါသည်။ ချင်ယွင်၏ရှေ့တွင် လေဟာနယ်အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ရောင်ခြည် အလင်းတန်းသည် ဤအခိုက် အတန့် ထိုလေဟာနယ်အက်ကြောင်းထဲသို့ ကျရောက်သွားပါသည်။

လူတိုင်းသည် အံ့အားသင့်နေသော အမူအရာတွေကို ထုတ်ဖော်လာကြသည်။ သို့သော် ဤအရာအားလုံးသည် အဆုံးသတ် မဟုတ်ခဲ့ပါပေ။ လေဟာနယ်အက်ကြောင်းထဲသို့ ပစ်လွှတ်လိုက်သော စွမ်းအင်ရောင်ခြည် အလင်းတန်းသည် ပျောက်ကွယ်မသွားခဲ့ပေ။ ယင်းအစား၊ ဖန်ကျန်းချီ၏ရှေ့မှာ ထူးထူးခြားခြား ပေါ်လာပါသည်။

ဖန်ကျန်းချီ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။ ထိုအချိန်တွင်၊ သူသည် ချင်ယွင်၏ဘိုးဘေးများ၏ သင်္ချိုင်းဆယ့်ရှစ်ခုကိုပင် တူးဖော်ပစ်လိုသည့် စိတ်နှလုံးရှိနေပြီ ဖြစ်ပါသည်။ သို့သော် ယခုအချိန်တွင် သူ့ကို ကျိန်ဆဲရန် အချိန်များစွာ မရှိပါ။

အဘယ်ကြောင့်ဆိုသော် ထိုစွမ်းအင်အလင်းတန်းသည် အလွန်လျင်မြန်ပြီး ဖန်ကျန်းချီ ၏ ရှေ့သို့ ချက်ချင်းဆိုသလို ရောက်ရှိလာသောကြောင့် ဖြစ်ပါသည်။

All Chapters