အခန်း ၆၄၉
Vol. 44 Ch. 649
အခန်း (၆၄၉) ရှေးဟောင်းခေတ် တိုက်ပွဲစိတ်ဝိညာဉ်ဆန္ဒ။
ချင်ယွင်သည် ကောင်းကင်နှင့်မြေကြီးကို ပြင်းထန်စွာ လည်ပတ်သွားမှုကိုသာ ခံစားလိုက်ရပြီးနောက် သူတို့၏ပုံရိပ်များသည် ကမ္ဘာသစ်တစ်ခုတွင် ပေါ်လာသည်။
လူတိုင်း၏အာရုံကို ဖမ်းစားနိုင်သည့်အရာတွေကတော့ ဓားကျိုးတွေ၊ လှံအပိုင်းအစတွေ နှင့် ပြည့်နှက်နေသည့် အဆုံးမရှိသော ဆိတ်သုဉ်းနေသည့် နယ်မြေကြီးတစ်ခုပဲ ဖြစ်ပါသည်။ အဝေးတွင် မြူမှုန်များက လေထဲမှာ ပြည့်လျှံနေပြီး စွမ်းအင်အငွေ့အသက် ကိုပင် မမြင်နိုင်ပါချေ။
မြေပြင်တစ်ခုလုံးသည် ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်ကို ထုတ်လွှတ်နေ ပြီး လူများကို ပြင်းထန်သော သတ်ဖြတ်ချင်သည့် စိတ်ခံစားချက်မျိုးကို ပေးစွမ်းနေပါ သည်။
"ဒါက အင်မော်တယ်နန်းတော် ဒုတိယထပ်နဲ့ ကမ္ဘာငယ်လေးဖြစ်မလား။" ချင်းဝူယန် သည် လူသူဆိတ်သုဉ်းနေသော မြင်ကွင်းကို လှည့်ပတ်ကြည့်ရှုပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ထိုအချိန်တွင် ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ကို ဆန်းစစ်ကြည့်ကာ သူ၏မျက်ခုံးများ က အနည်းငယ် တွန့်သွားခဲ့သည်။
ဤကမ္ဘာငယ်လေးသည် သူ့ကို အလွန်ထူးခြားသည့် ခံစားချက်ကို ပေးနေပါသည်။ ဤနေရာတွင် မြေဆီလွှာသည် အလွန်မာကျောပြီး ၎င်း၏ဆွဲငင်အားသည် ပြင်ပ ကမ္ဘာထက် အဆတစ်ထောင် ဖြစ်ပါသည်။
ပတ်ဝန်းကျင်လေထုသည် ဟိုးရှေးရှေးတုန်းက ချန်ထားခဲ့သည့်အလား ရှေးဟောင်း အငွေ့အသက်များကို ထုတ်လွှတ်နေပါသည်။
အထူးသဖြင့် ဤနေရာတွင် သတ်ဖြတ်ခြင်း၏ ပြင်းထန်သော အငွေ့အသက်များ ရှိနေခဲ့ပါသည်။ ဤသတ်ဖြတ်ခြင်း၏ အငွေ့အသက်သည် ချင်ယွင်ကို ဖိနှိပ်နေခဲ့ပြီး ချင်ယွင်ပင် အသက်ရှူမဝသလို ခံစားခဲ့ရသည်။
မြေပြင်မှာထိုးစိုက်ထားသော လက်နက်များပင်လျှင် အနှိုင်းမဲ့ ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။ ၎င်းတို့အားလုံးသည် အစွမ်းထက် အင်မော်တယ်လက်နက်များဖြစ်ကြောင်း ထင်ရှားပါသည်။
ချင်ယွင်က သူ၏ခြေရင်း မြေကြီးထဲမှာ စိုက်ဝင်နေသည့် ဓားကျိုးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ သို့သော် သူဆွဲထုတ်လိုက်သည်နှင့်ပင် ဓားကျိုးသည် ပြာများအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲသို့ လွင့်စင်သွားပါသည်။
ချင်ယွင်သည် နောက်ထပ် အကြိမ်အနည်းငယ် ကြိုးစားလိုက်သော်လည်း ရလာဒ်မှာ ဓားကျိုးနှင့်အတူတူပင်။ လက်နက်အားလုံးသည် ပြာများအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲသို့ လွင့်စင်သွားသည်။
ပတ်ဝန်းကျင်မှ လူတိုင်းသည် ဤအရာကို သတိပြုမိကြပြီး အံ့အားသင့်နေသည့် အမူအရာတွေ ဖြစ်ပေါ်နေကြသည်။
ချင်ယွင်၏ မျက်နှာမှာလည်း အံ့သြခြင်းများဖြင့် ပြည့်နှက်နေသည်။ ဤလက်နက်များ အားလုံးသည် ရှေးရှေးတုန်းက အစွမ်းထက်သော အင်မော်တယ် လက်နက်များ ဖြစ်ပါသည်။ သို့ရာတွင်၊ ၎င်းတို့၏ သက်တမ်းနှင့် ကျိုးပဲ့နေသည်သည့် အချက်တွေ ကြောင့် ဤအစွမ်းထက်သော အင်မော်တယ်လက်နက်များသည် နှစ်ပေါင်းများစွာက တည်းက ဆွေးမြေ့ပျက်ဆီးနေသည်မှာ ထင်ရှားပါသည်။ ၎င်းတို့သည် တည်ရှိနိုင်စွမ်း မရှိတော့ပါဘူး။
"ဒါက ရှေးဟောင်းခေတ်ရဲ့ စစ်မြေပြင်တစ်ခု ဖြစ်သင့်တယ်။ တစ်ချိန်တုန်းက ဒီနေရာမှာ အင်အားကြီးတပ်ဖွဲ့နှစ်ခုကြား ကောင်းကင်တုန်ခါလောက်တဲ့ တိုက်ပွဲကြီး တစ်ခု ရှိခဲ့လိမ့်မယ်။" ချင်းဝူယန်က လေးနက်သောလေသံဖြင့် ပြောသည်။
'"မှန်တယ်၊ ဒီမြေကြီးက အရမ်းကို ရှေးကျလွန်းတယ်။ ဒီရှေးဟောင်းခေတ်စစ်မြေပြင် ကို ဒီအင်မော်တယ်ဘုရင်ရဲ့ စံအိမ်ကြီးထဲကို ရွှေ့ပြောင်းဖို့အတွက်ဆို အလွန်အစွမ်း ထက်တဲ့ နတ်ဘုရားစွမ်းရည်ကို အသုံးပြုနိုင်တဲ့ အင်မော်တယ်အချို့လောက်ပဲ တတ်နိုင် လိမ့်မယ်။ ပြီးတော့ အဲဒီအစွမ်းထက်တဲ့ အင်မော်တယ်ကလည်း ဒီအင်မော်တယ် စံအိမ်ကြီးရဲ့ပိုင်ရှင် ဖြစ်နိုင်ချေ သိပ်များတယ်။” ဟန်ဖန်းသည် ရှားရှားပါးပါး စကားပြော လိုက်ပြီး သူ၏စူးရှသော မျက်လုံးများကမူ လေးနက်သည့် အရိပ်အယောင် ပေါ်လွင်နေ သည်။
ချင်ယွင်လည်း အတွေးထဲတွင် ပျောက်ဆုံးနေခဲ့ပါသည်။ သေချာသည်မှာ၊ သူသည် လည်း ချင်းဝူယန် နှင့် ဟန်ဖန်းတို့၏စကားကို သဘောတူပါသည်။
"အယ်၊ ဒီလှံက တကယ်ကို မကျိုးဘူးဟ။"
ဤအခိုက်အတန့်တွင် ဖန်ကျန်းချီထံမှ ခပ်တိုးတိုးအသံက ရုတ်တရက် ထွက်ပေါ်လာ သည်။
လူတိုင်းသည် ခေါင်းကို လှည့်ကြည့်လိုက်လျှင် ဖန်ကျန်းချီသည် သူ၏လက်ထဲမှာ ရှေးဟောင်း လှံတစ်ချောင်းကို ကိုင်ထားသည်ကို တွေ့လိုက်ရပါသည်။
ချင်းယွင် ကောက်ယူခဲ့သော လက်နက်ကဲ့သို့ ထိုလှံသည် လုံးလုံး ကွဲကြေခြင်းမျိုး မရှိခဲ့ပေ။ ယင်းအစား သူသည် သူ၏လက်ထဲမှာ ဆုပ်ကိုင်ထားပါသည်။ ထိုရှေးဟောင်း လှံမှ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခုပင် ထုတ်လွှတ်နေသည်။
"ဘုန်း….!"
ဖန်ကျန်းချီသည် သူ၏လှံကို ရှောင်တခင် ဝှေ့ယမ်းလိုက်ပြီး အနှိုင်းမဲ့ ပြင်းထန်သော စွမ်းအားက လှံမှ ပစ်လွှတ်လိုက်သည် ။
အဝေးတနေရာတွင် ကျန်း(ပေ)တစ်ရာ့ရှည်လျား၍ ကျန်းသုံးဆယ်ခန့် နက်ရှိုင်းသော တွင်းနက်ကြီးသည် မြေပြင်ပေါ်တွင် ချက်ချင်း ပေါ်လာသည်။
"ဒါ" ထိုမြင်ကွင်းကို လူတိုင်းမြင်လိုက်ရသ်ည့အခါ သူတို့အားလုံးသည် အံ့အားသင့်နေ သည့် အမူအရာတွေကို ထုတ်ဖော်လာကြပါသည်.
နှစ်ပေါင်းများစွာ စွန့်ပစ်ထားရောက်ပြီးနောက် ဤလှံသည် အမှန်တကယ် အသုံးပြုလို့ ရပြီး ဤမျှ အစွမ်းထက်သော စွမ်းအားကိုပင် ထုတ်ဖော်ပြသနိုင်မည်ဟု မည်သူက ထင်ထားမည်နည်း?။
"ဟား…၊ ဟား…..၊ လက်နက်ကောင်းတစ်ခုပဲ။ ဒီလက်နက်မှာ လက်နက်ဝိညာဉ် မပါပေမယ့်၊ သူ့မှာပါတဲ့ စွမ်းအားက အဆင့်နိမ့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ် လက်နက်ထက်တော့ မနိမ့်ကျဘူး။" ဖန်ကျန်းချီသည် သူ၏လက်ထဲမှလှံကို အံ့သြတကြီး ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ချင်ယွင်နှင့် အခြားသူများသည် အလွန် အံ့သြသွားကြသည်။ ဤဖန်ကျန်းချီသည် ဤမျှလောက် အစွမ်းထက်သော အင်မော်တယ် လက်နက်တစ်ခုကို ရှာတွေ့နိုင်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ဖန်ကျန်းချီသည် မူလကတည်းက လှံကို အသုံးပြုသူတစ်ဦး ဖြစ်ပြီး ယခုအချိန်တွင် သူသည် ဤအစွမ်းထက်လှံကို ကိုင်ဆောင်ထားသောကြောင့် သူ၏ခွန်အားသည် သံသယဝင်စရာပင်မလို များစွာ တိုးလာခဲ့သည်။
သို့သော် အဖြစ်ပျက်က ဤနေရာတွင် အဆုံးမသတ်ခဲ့ပါ။
ဘန်း…!
ထိုအချိန်တွင် ဖန်ကျန်းချီ၏လက်ရှိ လှံမှ အကန့်အသတ်မဲ့ စွမ်းအားတစ်ခု ထုတ်လွှတ် လိုက်သည် ။
မူလက နက်မှောင်ပြီး ရိုးရှင်းသော လှံသည် အနှိုင်းမဲ့ တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်ပြီး လှံမှ စွမ်းအင်အတက်အကျလှိုင်းများက ပျံ့နှံ့သွားခဲ့သည်။
ဖန်ကျန်းချီ၏ အနီးတစ်ဝိုက်တွင် လေပြင်းများ ရစ်ဝဲတိုက်ခတ်လာပြီး ပတ်ဝန်းကျင်ရှိ သဲများက လေနှင့်အတူ လွင့်ထွက်သွားသည်။ ဖန်ကျန်းချီ၏ အငွေ့အသက်သည် ဆယ်ဆနီးပါး တိုးလာခဲ့သည်။
"အယ်.....ဘာဖြစ်နေတာလဲ?"
လူတိုင်းသည် ရုတ်တရက် အငွေ့အသက်များ တဟုန်ထိုး မြင့်တက်သွားသော ဖန်ကျန်းချီကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။
အရာရာတိုင်းကို အမြဲတမ်း ဂရုမစိုက်သလို နေခဲ့သော နှင်းအမျိုးသမီးပင်လျှင် အငွေ့အသက်များ တဟုန်ထိုး မြင့်တက်လာနေသော ဖန်ကျန်းချီကို ကြည့်လိုက်သည်။ သူမ၏ လှပသော မျက်လုံးများလည်း အံ့သြတကြီးဖြစ်သွားသည့် အမူအရာ ပေါ်လွင်စေ သည်။
"ဒါက ရှေးဟောင်းခေတ် တိုက်ပွဲစိတ်ဝိညာဉ်များ ဖြစ်နေမလား။" နှင်းအမျိုးသမီးက အံ့သြစွာ ပြောသည်။
"ရှေးဟော်းခေတ်ရဲ့ တိုက်ပွဲစိတ်ဝိညာဉ်လား?" လူတိုင်းက တိုးတိုးလေး ပြောလိုက်ကြ ပြီး စိတ်ရှုပ်ထွေးမှု အပြည့်ရှိနေ၏။ ထင်ရှားသည်မှာ ဤစကားလေးလုံးကို သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်ပါသည်။
“ဒဏ္ဍာရီတွေအရတော့ ရှေးဟောင်းခေတ် ဘိုးဘေးတွေမှာ ထူးဆန်းတဲ့ ကျင့်ကြံခြင်း နည်းပညာရပ်တစ်ခု ရှိတယ်လို့ ဆိုကြတယ်။ ၎င်းပညာရပ်က သူတို့မသေခင်မှာ သူတို့ရဲ့ လက်နက်တွေထဲကို သူတို့ရဲ့စိတ်ဆန္ဒကို ထည့်သွင်းနိုင်ပြီး သူတို့ရဲ့စိတ်ဆန္ဒက လည်း နှစ်သန်းပေါင်းရာနဲ့ချီပြီး မပျက်မစီး တည်ရှိနေလိမ့်မယ်။ အဲဒီလက်နက်တွေကို ရရှိတဲ့ နောက်ပိုင်းမျိုးဆက်တွေဟာ သူ့စိတ်ဆန္ဒကို အမွေဆက်ခံနိုင်တယ်။ တကယ်လို့ ငါ ခန့်မှန်းသားမမှားရင်၊ ဖန်ကျန်းချီ ရရှိသွားတဲ့ လက်နက်မှဦ ရှေးဟောင်းခေတ် ဘိုးဘေးတွေရဲ့ စိတ်ဆန္ဒ ပါ၀င်နေတယ်။” နှင်းအမျိုးသမီးက ရှင်းပြသည်။
"ရှေးဟောင်းခေတ် ဘိုးဘေးတွေရဲ့ စိတ်ဆန္ဒလား?" လူတိုင်း တုန်လှုပ်သွားကြသည်။
ချင်ယွင်လည်း အံ့သြသွားသည်။ ရှေးဟောင်းခေတ် ဘိုးဘေးများဟု ခေါ်တွင်ကြသူများ သည် ရှေးဦးခေတ်နတ်ဘုရားများနှင့် နတ်ဆိုးများ ပျောက်ကွယ်သွားပြီးနောက် မွေးဖွားလာသူများအုပ်စုကို ရည်ညွှန်းပါသည်။
ရှေးဟောင်းခေတ် ဘိုးဘေးများ၏ ကျင့်ကြံခြင်းနည်းပညာရပ်အချို့မှာ ပျောက်ဆုံးနေပြီ ဖြစ်သည်။ နှင်းအမျိုးသမီး ရှင်းပြခြင်းကြောင့်သာ၊ ထိုသို့မဟုတ်လျှင်၊ ချင်ယွင်တောင်မှ ရှေးဟောင်းခေတ် စစ်ပွဲဝိညာဉ်က မည်သည့်အရာဆိုသည်ကို နားမလည်နိုင်ပါဘူး။
"အား…..!"
ဤအခိုက်အတန့်တွင် လှံကိုကိုင်ဆောင်နေသော ဖန်ကျန်းချီသည် ကောင်းကင်ယံကို မော့ကာ တုန်လှုပ်ခြောက်ချားဖွယ်အော်ဟစ်သံ ထုတ်လွှတ်လိုက်သည်။
ထိုအသံသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေပြီး အငွေ့အသက်သည် မုန်တိုင်း ကဲ့သို့ ပတ်ဝန်းကျင်ကို ဖြတ်သန်းသွားသည်။
ဖန်ကျန်းချီ၏နောက်တွင် ကြီးမားသော ခရမ်းရောင်အရိပ်ကြီးတစ်ခု ပေါ်လာသည်။ ဤသည်မှာ သံချပ်ကာနှင့် လှံကိုကိုင်ဆောင်ထားသော ဧရာမစစ်သည်တော်ကြီး တစ်ဦး ဖြစ်သည်။ သူက ဆယ်ကျန်း မြင့်မားပြီး သူ၏မျက်လုံးတွေက မီးလျှံလိုပင်။
"ဒါက ရှေးဟောင်းခေတ်ရဲ့ တိုက်ပွဲဝိဉာဉ်ပဲလား။" ချင်းဝူယန် နှင့် အခြားသူများသည် အံ့အားသင့်ဟန်ဖြင့် ထုတ်ပြောလိုက်ကြသည်။
"ဘုန်း…!"
ဖန်ကျန်းချီသည် မြေပြင်ပေါ်တွင် တစ်ချက်နင်းလိုက်သည်နှင့် သူ၏ခြေဖဝါးအောက်ရှိ မြေပြင်သည် ချက်ချင်းပြိုကျကာ ပင့်ကူမျှင်ကဲ့သို့ အက်ကြောင်းများ ပျံ့နှံ့သွားခဲ့သည်။
လူတိုင်း၏ နှလုံးသားတွေ တုန်လှုပ်သွားကြသည်။
ဤအခိုက်အတန့်တွင် ဖန်ကျန်းချီသည် သူတို့အား အနှိုင်းမဲ့ အစွမ်းထက်သော ခံစားချက်ကို ပေးစွမ်းနေသည်။ ရှေးဟောင်းခေတ်၏ တိုက်ပွဲဝိဉာဉ်၏ ကောင်းချီးပေး မှုကို ခံရပြီးနောက်၊ ဖန်ကျန်းချီ၏ စွမ်းအားသည် အစောပိုင်း အစစ်အမှန် အင်မော်တယ် တစ်ပါးထက် ဖြတ်ကျော်သွားကာ အလယ်လတ်အဆင့် အစစ်အမှန် အင်မော်တယ် နယ်ပယ်နှင့်ပင် အကန့်အသတ်မရှိ နီးကပ်သွားခဲ့သည်။
"ဟား! ဟား….။ ကောင်းလိုက်တာ..!" ဖန်ကျန်းချီသည် လှံကိုကိုင်လျက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ် အရွယ်စားသည် ကြီးမားသွားခဲ့ပြီး ယင်းက သူ့ကို ဖော်မပြနိုင်လောက်အောင် ပျော်ရွှင်စေသည်။
ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤဖန်ကျန်းချီ ရုတ်တရက် သန်မာလာ ခြင်းက ၊ သူ့အတွက် ကောင်းမွန်သော အရာမဟုတ်ပေ။
ဟုတ်ပါသည်။ ထိုအချိန်မှာ ဖန်ကျန်းချီ၏ အကြည့်တွေက ချင်ယွင်အပေါ် ကျရောက် နေခဲ့ပြီး သူ၏မျက်လုံးတွေက လှောင်ပြောင်သရော်ဟန်နှင့်အတူ သတ်ဖြတ်ချင်စိတ် တွေ ပြည့်နှက်နေသည်။
"ချင်ယွင်၊ မင်း အရင်တုန်းက ငါ့ကို အရှက်ခွဲခဲ့တယ်။ အခု မင်းပြန်ပေးဆပ်ရမယ့် အချိန်ရောက်ပြီ" ဖန်ကျန်းချီက လှောင်ရယ်ရယ်လိုက်ပြီး သူ၏အမူအရာက ပို၍ပင် ရက်စက်လာခဲ့ပါသည်။
သူ၏နောက်ကွယ်က ဧရာမပုံရိပ်ကြီးကလည်း ချင်ယွင်ကို စိုက်ကြည့်နေသည်။ ၎င်းပုံရိပ်ကြီးသည် သူ၏ပါးစပ်ကို ဖွင့်ပြီး အော်ဟစ်လိုက်သည်။ အော်ဟစ်သံသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော ကြီးမားသော လှိုင်းလုံးကြီး တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
ချင်ယွင်၏ အမူအရာသည် ချက်ချင်းပင် အလွန်လေးနက်လာခဲ့သည်။ ဤတိုက်ပွဲက ရှောင်လွှဲလို့ မရနိုင်တော့ပါဘူး။