← Chapters

အခန်း ၆၅၂

Vol. 44 Ch. 652

အခန်း ၆၅၂

Vol. 44 Ch. 652

အခန်း (၆၅၂) အရိုးစုတပ်ဖွဲ့

"ချင်ယွင် ငါ မင်းကို ကြောက်စရာကောင်းတဲ့ သေခြင်းမျိုးနဲ့ သေစေချင်တယ်!"

အင်မော်တယ်ကမ္ဘာရှိ အင်မော်တယ်တောင်တန်းတစ်ခု အတွင်း၌ ကြောက်မက်ဖွယ် ကောင်းသော ဟိန်းဟောက်သံတစ်ခုသည် အင်မော်တယ်တောင်တန်း တစ်ခုလုံးကို ပဲ့တင်ထပ်သွားပါသည်။

ဤဟောက်သံ၏ပိုင်ရှင်သည် ချင်ယွင်၏ သတ်ဖြတ်ခြင်းခံခဲ့ရသော ဖန်ကျန်းချီမှလွဲ၍ အခြားသူ မဟုတ်ပေ။

"ဖူး…..!"

ဖန်ကျန်းချီသည် ပါးစပ်မှသွေးတပွက် အန်ထုတ်လိုက်ရသည်။ သူ၏မျက်လုံးတွေက သွေးနီရောင်သမ်းနေ၏။ ယခုအချိန်တွင် သူ၏နှလုံးသားထဲမှာ မုန်းတီးမှုတွေနှင့် ပြည့်နှက်နေ၏။

ချင်ယွင်သည် သူ၏ကိုယ်ပွားကို သတ်ပစ်ခဲ့ပြီးနောက်၊ သူသည် ရတနာများကို ရှာဖွေရန် အတွက် အင်မော်တယ်နန်းတော်သို့ ဝင်ရောက်ရန် အခွင့်အရေး မရှိတော့ရုံတင် မကဘဲ၊ သူ၏ခွန်အားများလည်း အလွန်ပျက်စီးသွားရကာ သူ၏ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။

အကယ်၍ ဤလူကိုမှ သူ ကလဲ့စားမချေနိုင်ဘူးဆိုလျှင် သူ၏စိတ်ထဲမှ အမျက်ဒေါသ တွေကို သူ မည်သို့ ဖြေဖျောက်နိုင်မည်နည်း?။

သူ၏ ခန္ဓာကိုယ်မှ အပြင်ဘက်ကိုယ်ပွားသည် သူ၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် ဆက်စပ် နေသည်။ ၎င်းအပြင်ဘက်ကိုယ်ပွား ဖျက်ဆီးခံရခြင်းကြောင့် ဖန်ကျန်းချီသည် သူ၏ ခွန်အား တစ်စိတ်တစ်ပိုင်း ဆုံးရှုံးသွားမည် ဖြစ်ပါသည်။ ယခုအခါ၊ ဖန်ကျန်းချီ၏ ကျင့်ကြံမူသည် အထွတ်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်မှ နှောင်းပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ကျဆင်းသွားခဲ့သည်။ ယင်းက ဆုံးရှုံးမှုကို ကြီးကြီးမားမား ခံစားခဲ့ရသည်ဟု ဆိုနိုင်ပါသည်။

"ဟမ့်, ချင်ယွင်၊ မင်းကို နာကျင်စေမယ့် အဖိုးအခကို ငါ ပြန်ပေးရမယ်။ မင်းက အင်မော်တယ် ဧကရာဇ်မင်းမြတ်ရဲ့ သုံးစားမရတဲ့ သားတော်တစ်ပါး မဟုတ်ဘူးလား?။ မင်းရဲ့ သွေးသစ္စာကျိန်ဆိုထားတဲ့ ရန်သူတွေသာ မင်းရဲ့ ကျင့်ကြံမှုတွေ ပြန်ကောင်း လာတယ်ဆိုတာ သိသွားခဲ့ရင် မင်း ဆက်ပြီး အသက်ရှင်နိုင်ဦးမလားဆိုတာ ငါ သိချင်မိတယ်။ မင်း အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းလာတာနဲ့ ဒါက မင်းရဲ့ သေဆုံးခြင်း ဖြစ်လိမ့်မယ်။" ဖန်ကျန်းချီသည် သူ၏လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏မျက်လုံးထဲမှာ နာကြည်းမှုတွေက တုနှိုင်းမရအောင် ပြည့်နေခဲ့သည်။

ထိုစကားကို ပြောပြီးနောက် ဖန်ချန်ကျီသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး ခန်းမထဲမှ ထွက်လာခဲ့သည်။ သူသည် ချင်ယွင်၏ သတင်းနှင့် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးအကြောင်း သတင်းတွေကို ဂိုဏ်းအား အကြောင်းကြားချင်ခဲ့သည်။

ချင်ယွင်သည် မြေပြင်ပေါ်တွင် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားသော ဖန်ကျန်းချီ၏ ကိုယ်ပွားကို ကြည့်လိုက်ရင်း သရောင်လှောင်ပြောင်ဟန်က သူ၏မျက်လုံးထဲတွင် တောက်ပလာသည်။

ဖန်ကျန်းချီကို သတ်လိုက်သည်နှင့် ဖန်ကျန်းချီသည် သူ၏ ရှင်သန်ထမြောက်လာမူ သတင်းကို အင်မော်တယ်ကမ္ဘာ၏ ရန်သူများထံ လွှဲပြောင်းပေးမည်မှာ သေချာပါသည်။ သူ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းပြီးသည်နှင့် သူသည် ရှေ့ကို ခြေတစ်လှမ်းမှ လှမ်းနိုင်မှာ မဟုတ်ပါဘူး။

သို့သော် သူသည် ဖန်ကျန်းချီကို မသတ်ဘဲ အင်မော်တယ်ကမ္ဘာသို့ အသက်ရှင်လျက် ပြန်ခွင့်ပြုလိုက်ရ မည်ဆိုလျှင်ပင်၊ ရလာဒ်က ပိုကောင်းလာမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် အသက်ရှင်လျက် ပြန်လွှတ်မည့်အစား သူ့ကို သတ်ဖြတ်လိုက်ခြင်းက ပိုကောင်းပါသည်။

ချင်ယွင်သည် သူ၏လက်ကိုဖွင့်လိုက်ပြီး ဖန်ကျန်းချီ၏ သိုလှောင်လက်စွပ်နှင့် လှံကို သူ၏လက်ထဲသို့ စုပ်ယူလိုက်သည်။

ဖန်ကျန်းချီ၏ သိုလှောင်လက်စွပ်တွင် ကောင်းမွန်သော ရတနာအချို့ပါရှိသည်။ ၎င်းတို့ကို စွန့်ပစ်လိုက်ခြင်းက အရမ်းကို ဖြုန်းတီးရာကျလိမ့်မယ်။

ဤလှံသည် ရှေးဟောင်းခေတ်တိုက်ပွဲစိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသည်။ ၎င်းသည် တစ်ချိန်က သူမြင်ဖူးသည့် သာမန်ရတနာတစ်ခု ဖြစ်နိုင်ပါ့မလား?။

" ယောင်လင်းခေါင် ၊ ယူလိုက်ပါ။"

ချင်ယွင်သည် လှံကို ယောင်လင်းခေါင်ထံသို့ တိုက်ရိုက် ပစ်ပေးလိုက်သည်။ ယခု သူ့မှာ တိုက်ပွဲစိတ်ဝိညာဉ်လက်နက်တစ်ခု ရှိနေပြီဖြစ်ဖြစ်သည်။ ထို့ကြောင့် သူသည် လှံကို ထပ်ဆောင်ထားရန် မလိုအပ်တော့ပါဘူး။ ထိုလှံကို ယောင်လင်းခေါင်ကို ပေးလိုက်ခြင်း က ပိုကောင်းပါသည်။

ယောင်လင်းခေါင်သည် လှံကိုယူလိုက်ရင်း သူ၏အမူအရာက ဝမ်းသာအားရဖြစ်သည့် အမူအရာ ထုတ်ဖော်လာသည်။

အစောပိုင်းက ဤတိုက်ပွဲစိတ်ဝိညာဉ်လက်နက်ကို အသုံးပြုစဉ်အချိန်မှာ ဖန်ကျန်းချီ သည် မည်မျှ အစွမ်းထက်သည်ကို သူကိုယ်တိုင် တွေ့မြင်ခဲ့ရသည်။ ချင်ယွင်သည် ထိုကဲ့သို့သော ရတနာတစ်ခုကို ပေးလာသောအခါတွင် သူသည် သဘာဝအတိုင်း အလွန်ပျော်ရွှင်နေခဲ့သည်။ ထို့ကြောင့် သူသည် ချင်ယွင်ကို ကျေးဇူးတင်သော အမူအရာကို အလျင်အမြန် ဖော်ပြလိုက်သည်။

သို့သော် ဟန်ဖန်း၏ အမူအရာသည် လွန်စွာ မှုန်မှိုင်းနေသည်။ ဤရတနာကို သူ၏ စီနီယာအလုပ်သင်အစ်ကို ဖန်ကျန်းချီမှ ရှာဖွေတွေ့ရှိခဲ့သည်။ ယုတ္တိဗေဒအရ ပြောရလျှင် ၎င်းသည် သူ၏ ကောင်းကင်ဘုံဂိုဏ်းမှ ပိုင်ဆိုင်သည့်အရာ ဖြစ်သည်၊ သို့သော် ချင်ယွင်သည် အမှန်တကယ်ပင် ၎င်းကို အခြားတစ်ယောက်အား အလိုအလျောက် စွန့်လွှတ်ခဲ့သည်။ ဤအရာက သူ့ကို အလွန်အမင်း မကျေမနပ် ဖြစ်စေခဲ့သည်။

သို့သော် ယခုအချိန်တွင် ချင်ယွင်သည် တိုက်ပွဲဝိညာဉ်လက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်။ ထို့ကြောင့် သူသည် အံတင်တးင်းကြိတ်ပြီး သူ၏ ဒေါသကို မျိုသိပ်ထားရန်မှတပါး ရွေးချယ်စရာ မရှိပေ။

သူသည် သူ၏စီနီယာအစ်ကိုကဲ့သို့ ပေါ့ပေါ့တန်တန်ဖြင့် မဆင်မခြင် လုပ်တတ်သူ တစ်ယောက် မဟုတ်ပေ။ သူ၏စိတ်က မာနကြီးသော်လည်း မည်သူကိုမျှ လျှော့မတွက်ထားပေ။ ထို့ကြောင့် သူသည် ချင်ယွင်ကို သတ်ရန် အခွင့်အရေး ရသည်အထိ သည်းခံစောင့်နိုင်လေသည်။

"ဟမ့်၊ ငါ မင်းကို အချိန်နည်းနည်းပိုကြာအောင် အသက်ရှင်လျက် ထားလိုက်ဦးမယ်။ အဲဒီအချိန်ရောက်ရင် ဒီလှံတင်မကဘူး၊ မင်းလက်ထဲက ဓားကလည်း ငါ့အပိုင် ဖြစ်လာ လိမ့်မယ်။" ဟန်ဖန်သည် သူ၏စိတ်နှလုံးထဲတွင် အေးစက်စွာ အော်ဟစ်လိုက်သည်။ သူသတ်မည့်လူစာရင်းထဲတွင် ချင်ယွင်ကို စာရင်းသွင်းထားပြီး ဖြစ်သည်။

ဟန်ဖန်သည် အမှန်တကယ် သည်းခံနိုင်မှန်း ချင်ယွင် မြင်လိုက်ရသောအခါတွင် သူသည် စိတ်ပျက်လက်ပျက်ဖြစ်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

မူလက သူသည် ဤအခွင့်အရေးကို အရယူပြီး ဟန်ဖန်းကို အတူတူ ရင်ဆိုင်ချင်ပေမယ့်၊ ဟန်ဖန်းက ဤမျှလောက်ငြိမ်သက်နေမည်ဟု သူ မမျှော်လင့်ထားဘူး။

ဟန်ဖန်းသည် မလှုပ်မယှက်ဖြစ်နေသောကြောင့် ချင်ယွင်သည် သူ့ကိုသတ်ရန် အကြောင်းပြစရာ မရှိပေ။ သူသည် နောက်တစ်ကြိမ် လှုပ်ရှားရန် အခွင့်အရေးကိုသာ စောင့်နိုင်တော့သည်။

ဝှီး….!

ချင်ယွင်သည် သူ၏လက်ထဲရှိ တိုက်ပွဲစိတ်ဝိညာဉ်ဓားကို ဖယ်ရှားလိုက်ပြီး လူတိုင်း၏ရှေ့သို့ ပျံသန်းသွားသည်။

ချင်းဝူယန် နှင့် လင်းယွန်ယန်တို့သည် ချင်ယွင်ကို ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်တွင် ချင်ယွင်၏ခွန်အားသည် သူ့ကို အမှန်တကယ် တန်ဖိုးထားရန် လုံလောက်ပါသည်။

ထို့ကြောင့်၊ သူတို့သည် ချင်ယွင်နှင့် ရန်သူဖြစ်မည့်အစား ချင်ယွင်နှင့် မိတ်ဆွေဖွဲ့လိုစိတ် ရှိကြသည်။

သို့သော်လည်း ယခုအချိန်တွင်၊ နူးညံ့သိမ်မွေ့သည့် နှင်းအမျိုးသမီးသည် ချင်ယွင်ကို ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ပြောသည် "ဒီတိုက်ပွဲစိတ်ဝိဉာဉ်လက်နက်က နောက်ဆုံး အားကိုးရာ မဟုတ်ဘူး။ မင်း အဲဒါကို မသုံးတာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် တိုက်ပွဲစိတ်ဝိညာဉ်က မင်းရဲ့စိတ်ကို အလွယ်တကူ ထိခိုက်စေလိမ့်မယ်။ ပြီးတော့ အတွင်းစိတ်ဝိညာဉ်က အနာဂတ်မှာ မင်းရဲ့ကျင့်ကြံမူလမ်းကြောင်းကို ဆုံးဖြတ်ပေးနိုင်တယ်။"

ချင်ယွင်သည် အနည်းငယ် မှင်သက်သွားသည်။ နှင်းအမျိုးသမီးက သူ့ကို အမှန်တကယ် သတိပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားဘူး။ ဤအရာက သူ့ကို အရမ်းအံ့သြစေသည်။

"ကျေးဇူးတင်ပါတယ် စီနီယာ နှင်းအမျိုးသမီး၊ ဒီဂျူနီယာက သိပါပြီ။" ချင်ယွင်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူသည် အစိမ်းရောင်ကြားပန်းစည်းတံဆိပ်ကို ပိုင်ဆိုင်ထားပြီး သူ၏ လက်ရှိ စိတ်အခြေအနေသည် ကနဦးစကြဝဠာနှင့် ဆက်စပ်နေသည်။ ယင်းလက်နက်က သူ၏စိတ်ကို ထိခိုက်စေရန်မှာ မဖြစ်နိုင်ပေ။ သို့သော် သူ၏နှလုံးသားသည် ကျေးဇူးတင် စိတ်ဖြင့် ပြည့်နှက်နေသေး၏။ အနည်းဆုံးတော့ နှင်းအမျိုးသမီးက သူ့ကို ဂရုစိုက်သည်။

ချင်ယွင်က သူမစကားကို နားထောင်သည်ကို မြင်သည်နှင့် နှင်းအမျိုးသမီးသည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ထို့နောက် အဝေးကို လှည့်ကြည့်လိုက်ပြီး ဆက်ပြောသည် “မိုင်ငါးဆယ်အကွာမှာ ပြင်းထန်တဲ့ စွမ်အားတစ်ခုကို ငါ ခံစားရတယ်။ တကယ်လို့ ငါ ခန့်မှန်းတာ မမှားရင် အဲဒါက အင်မော်တယ်နန်းတော်ရဲ့ တတိယထပ်ကို ဝင်မယ့်ပေါက်ဖြစ်ဖို့ အလားအလာ အရမ်းများတယ်။ မင်းတို့ ငါ့နောက်လိုက်ချင်လိုက်၊ မလိုက်ချင်နေ။ ဒါကတော့ မင်းတို့ သဘောပဲ"

ထိုသို့ပြောပြီးနောက် နှင်းအမျိုးသမီးသည် ရှေးမှဦးဆောင်ကာ သူမ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း လျှောက်သွားတော့သည်။

နှင်းအမျိုးသမီး၏ စကားကို လူတိုင်းကြားသောအခါ အားလုံးသည် အံ့အားသင့်ပြီး အဝေးသို့ လှမ်းကြည့်ကြသည်။

ရှင်းရှင်းပြောရရင် သူတို့သည် မည်သည့်အရာကိုမျှ မခံစားရပါဘူး။ ရှေးဟောင်းခေတ် စစ်မြေပြင်သည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သူတို့၏ စိတ်ဝိညာဉ် စွမ်းအားသည် မီတာတစ်ထောင်သာ လွှမ်းခြုံနိုင်ပါသည်။ ထို့ကြောင့်၊ ဤ နှင်းအမျိုးသမီးသည် မိုင်ငါးဆယ်အကွာမှ စွမ်အားတစ်ခုကို မည်သို့ခံစားနိုင်သည်ကို အလွန်သိချင်နေကြသည်။

ဟုတ်ပါသည်၊ ချင်ယွင်သည်လည်း သံသယနည်းနည်းလေးမှ မရှိပါဘူး။ နှင်းအမျိုးသမီး ၏ အစစ်အမှန် ခန္ဓာကိုယ်သည် အင်မော်တယ်ဘုရင်အဆင့် သို့မဟုတ်၊ ၎င်းအဆင့်ကို ပင် ကျော်လွန်နေသော ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သည်ကို သူသိထားပါသည်။ မိုင်ငါးဆယ်အကွာက အရာတွေကို ထိုးထွင်းသိမြင်ဖို့က သူမအတွက် မခက်ခဲပါဘူး။

"ဒါဆိုလည်း သွားကြည့်ရအောင်။" ချင်ယွင်က အကြံပြုလိုက်သည်။ ထို့နောက် ယောင်လင်းခေါင်ကို ခေါ်ဆောင်ကာ နှင်းအမျိုးသမီးနောက်သို့ လိုက်ပါလာခဲ့သည်။

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ချင်းဝူယန် နှင့် လင်းယွန်ယန်တို့သည်လည်း နောက်မှ လိုက်ပါလာခဲ့သည်။

လူအားလုံး ထွက်သွားသည်ကိုမြင်တော့ ဟန်ဖန်းသည်လည်း သဘာဝအတိုင်း ကူကယ်ရာမဲ့ဖြစ်ကာ လိုက်ပါသွားရ၏။

ထို့ကြောင့် သူတို့ခြောက်ယောက်သည် အဝေးသို့ ဆက်လျှောက်သွားကြသည်။ လမ်းတစ်လျှောက်တွင် သူတို့အားလုံးသည် လှံ၊ ဓားနှင့်ဆင်တူသည့် တိုက်ပွဲစိတ်ဝိညာဉ် လက်နက်များကို ရှာဖွေနေကြသည်။ သို့သော် ကံမကောင်းစွာပင်၊ သူတို့သည် ဘာမှ မတွေ့ခဲ့ကြပါဘူး။

ယင်းကြောင့် ဟန်ဖန်သည် အလွန်ဒေါသထွက်သွားကာ ချင်ယွင်၏လက်ထဲရှိ ဓားကို အရယူရန် ပို၍ပင် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

ချင်ယွင်နှင့် အခြားသူများသည် နှင်းအမျိုးသမီး ပြောသည့်နေရာကို မရောက်ရှိမီ တစ်နာရီနီးပါးကြာ လမ်းလျှောက်ခဲ့ကြသည်။

သို့သော် သူတို့ရှေ့မှ မြင်ကွင်းက သူတို့ကို ရင်ထဲ မောဟိုက်လာစေသည်။

သူတို့ရှေ့မှာ အရိုးစုစစ်သားတွေနှင့် ပြည့်နေသော ရေကန်ကြီးတစ်ကန် ရှိပါသည်။

အဖြူရောင်အရိုးစုများသည် ရေကန်တစ်ဝိုက်တွင် လှည့်လည်သွားလာနေပြီး ၎င်းတို့၏ မျက်လုံးများသည် အစိမ်းရောင်မီးတောက်များဖြင့် တောက်ပနေသည်။ ၎င်းတို့သည် သန်းဆယ်နှင့်ချီ၍ အရေအတွက်ရှိပြီး ထူထပ်စွာ ပြည့်ကျပ်နေသည်။

ဤအရိုးစုများထဲတွင် အချို့အရိုးစုများသည် ပို၍ကြောက်စရာ ကောင်းသည်။ အဖြူရောင်အရိုးစု ချည်းသက်သက်ပင် ပေသုံးဆယ်လောက်မြင့်ပြီး အနီရောင် မီးတောက်မီးလျှံတွေက သူတို့မျက်လုံးထဲမှာ တောက်လောင်နေသည်။ သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အငွေ့အသက်သည် တုနှိုင်းမရလောက်အောင် ကြောက်စရာကောင်းသည်။

"ဒီရှေးဟောင်းခေတ် စစ်မြေပြင်မှာ အလောင်းတစ်လောင်းမှ မရှိတာ အံ့ဩစရာ မရှိတော့ပါဘူး။ ငါ့ခန့်မှန်းချက်တွေက ဒီနေရာကို ရောက်နေတာပဲ " ချင်းဝူယန်က မထိန်းနိုင်ဘဲ အော်ပြောလိုက်ပါသည်။

All Chapters