← Chapters

အခန်း ၆၅၆

Vol. 44 Ch. 656

အခန်း ၆၅၆

Vol. 44 Ch. 656

အခန်း (၆၅၆) ရွှေအရိုးစု

"အစ်မလား….?"

ချင်ယွင်သည် သူ၏ရှေ့ရှိ လှပသော အမျိုးသမီးကို အံ့သြစွာ ကြည့်လိုက်သည်။ ဤမျက်​နှာကို သူ မည်သို့ မမှတ်မိဘဲနေမည်နည်း?။ သူသည် သူ၏အစ်မ လျူရန်ယွင်နှင့် ခြောက်နှစ်ကြာအောင် နေထိုင်လာခဲ့သည်။ ထို့ကြောင့် သူမ၏ရုပ်ရည် အသွင်အပြင် သည် သူ၏နှလုံးသားထဲတွင် ရေးထွင်းထားပြီး ဖြစ်ပါသည်။

"ယွင်အာ…၊ လာ..လာ..၊ အစ်မကြီးကို လာပြီးပွေ့ဖက်ဦး။ အစ်မကြီးကလည် မင်းကို ပွေ့ဖက်ပါရစေ။" လျူရန်ယွင်က လူတိုင်းကို စွဲလန်းသွားစေလောက်သည့် အပြုံးဖြင့် ချစ်စဖွယ်ကောင်းစွာ ပြုံးပြနေသည်။

သူမ၏နဂိုကတည်းက လှပသော မျက်နှာလေးသည် ယခုချိန်မှာ ပိုလို့တောင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပိုင်ဆိုင်ထားပါသည်။ သူမ၏ရုပ်ရည်သည် ပို၍ပင် ချောမောလှနေသည်။ သူမသည် အနီရောင် ပိတ်သား ဂါဝန်ရှည်ကိုသာ ၀တ်ဆင်ထား ပြီး သူမ၏ ကျက်သရေရှိပြီး ချောမောလှပသော ခန္ဓာကိုယ်က ဖျတ်ခနဲ ဖျတ်ခနဲ မထင်မရှား မြင်နေရဟန်တူသည်။ ၎င်းမြင်ကွင်းသည် အလွန်အမင်း သက်ဝင်လှုပ်ရှား လွန်းသည်။

"မဟုတ်ဘူး၊ မင်းက ငါ့အစ်မ မဟုတ်ဘူး။ ငါ့အစ်မရဲ့ ရုပ်ရည်က ပျက်စီးသွားခဲ့ပြီ။ သူက မင်းလို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ မင်းက ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်ရဲ့ ပစ္စည်းဝိဉာဉ်ပဲ။" ချင်ယွင်သည် ချက်ချင်းဆိုသလိုပင် သူ၏အသိစိတ် ပြန်ဝင်လာပြီး သူ၏ရှေ့မှာရှိနေသော အမျိုးသမီးကို စိုက်ကြည့်နေသည်။

ဤဆိုးညစ်သော ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင် ၏ ပစ္စည်းဝိညာဉ် သည် အမှန်တကယ်ပင် သူ့ကိုလှည့်ဖြားရန် သူ့အစ်မ၏ ရုပ်ရည်အသွင်အပြင်ကို ပြောင်းလဲထားသည်။ အကယ်၍ သူသည် သူ့အစ်မ၏ရုပ်ရည်သည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်ကို သိရှိမထားပါက၊ ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်နှင့် ပတ်သက်၍ သူသည် အမှန်တကယ်ပင် သူ၏အစ်မဟု တူညီစွာ ပြောမိပေလိမ့်မည်။

"မှန်တယ်၊ ငါက ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်ရဲ့ ဝိညာဉ်အစစ်ပဲ။" ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်တွင် ရှိနေသော လျူရန်ယွင်သည် မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်း အေးစက်လာပြီး သတိထား နိုးကြားသည့် အမူအရာ ပေါ်လာပါသည်။

"မင်းက မင်းအစ်မရဲ့ မူလရုပ်ရည်အသွင်အပြင် ပြန်လည်ရရှိအောင် အမြဲတမ်း ကူညီပေးချင်နေခဲ့တာ မဟုတ်ဘူးလား။ ကြည့်လိုက်လေ၊ အခု ငါ မင်းကို ကူညီပေးနိုင်ပြီ မဟုတ်လား" တကယ်လို့ မင်းသာ ငါနဲ့အတူရှိနေသရွေ့ မင်းအစ်မရဲ့ လှပတဲ့ ရုပ်ရည် အသွင်အပြင်ကို အမြဲတမ်း မြင်နိုင်တော့မှာလေ" ရတနာခုနစ်ပါး စိတ်ဝိညာဉ် စုပ်ယူခြင်းကုလားထိုင်၏ ပစ္စည်းဝိညာဉ်က ချင်ယွင်ကို ဆက်လက်စွဲဆောင်ကာ ချင်ယွင်ကို စိတ်ရှုပ်ထွေးသွားစေရန်အတွက် စွဲဆောင်မှုရှိသည့် အခြေအနေအတွင်းမှာ ဆက်လက် ရှိနေသည်။

"မင်းကို ငါ့အစ်မအဖြစ် လုံးဝ ​ခွင့်​မပြုနိုင်ဘူး" ချင်ယွင်သည် ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်၏ စွဲဆောင်ခြင်းကို မခံရဘဲ၊ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက ထွက်ပေါ်လာပြီး အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ စွမ်းအားကို အလျင်အမြန် လှုံ့ဆော်လိုက်သည်။

အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ စွမ်းအားက တဟုန်ထိုး ပျံ့နှံ့လာသည်နှင့် ချင်ယွင်၏ လက်ဖဝါးအလယ်မှာ လက်ဖဝါးအရွယ်ရှိ အစိမ်းရောင်ကြာပန်းပုံစံတစ်ခုကို စုစည်းလိုက်သည်။

လျူရန်ယွင်သည် ချင်ယွင်၏လက်ဖဝါးအလယ်တွင် ဖြစ်ပေါ်လာသော အစိမ်းရောင် ကြာပန်းကို မြင်လိုက်ရသည့်အခါ သူမ၏ ချောမောလှပသော မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် ချက်ချင်း ပေါ်လာပါသည်။ "မင်းက ငါ့ကိုသတ်ဖို့ တကယ်ဆန္ဒရှိနေတာလား?"ဟု အလျင်စလို ပြောလိုက်သည်။

"ဟမ့်၊ မင်းက ငါ့အစ်မ မဟုတ်ဘူး၊ မင်းနဲ့ခွဲခွာဖို့ ငါ ဘာလို့ ဝန်လေးနေရမှာလဲ?" လျူရန်ယွင်ကို အပြင်းအထန် တိုက်ခိုက်ရန်အတွက် သူ၏လက်ထဲမှ အစိမ်းရောင် ကြာပန်းကို အသက်သွင်းလိုက်ရင်း ချင်ယွင်၏ မျက်လုံးတွေက ရုတ်တရက် အေးစက် သွားခဲ့သည်။

ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်သည် အချိန်အတန်ကြာအောင် တမင်တကာ အချိန်ဆွဲနေမှန်း သူ သိပါသည်။ ယခုဆို အချိန်က အမွှေးတိုင်တစ်ဝက်ခန့် ထွန်းချိန်လောက် အချိန်ကုန်သွားခဲ့ပြီ။ ထိုအရိုးစုများနှင့် ထိုလူလေးယောက်သည် သူတို့၏ လွတ်လပ်မှုကို ပြန်လည်ရရှိရန် အမွှေးတိုင်တစ်ဝက် ထွန်းချိန်လောက်သာ အချိန်ကျန်တော့သည်။ ထိုအချိန်ရောက်လျှင်၊ ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်ကို နောက်တစ်ကြိမ် သတ်ဖြတ်ရန် အလွန်ခက်ခဲသွားမည် ဖြစ်ပါသည်။

"မင်းက ငါ့ကို ဒီလိုလုပ်ဖို့ တွန်အားပေးနေတာပဲ။" "လျူရန်ယွင်"သည် ချင်ယွင်က သူ၏ စွမ်းအားကို အမှန်တကယ် အသုံးပြုပြီး သူမကို အပြင်းအထန် တိုက်ခိုက်ရန် အစိမ်းရောင်ကြာပန်းကို အမှန်တကယ် အသုံးပြုနေကြောင်း မြင်လိုက်ရစဉ်မှာ သူမ၏ မျက်နှာသည် ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သော အမူအရာ ပေါ်လာသည်။

သူမ၏ ရုပ်ရည်အသွင်အပြင်သည်လည်း ကျောက်စိမ်းနှင့်တူသော မျက်နှာလေးမှ အရိုးစုတစ်ခုသို့ ပြောင်းလဲသွားပါသည်။

သို့သော် ဤအရိုးစုသည် သူတို့ပတ်ဝန်းကျင်ရှိ အရိုးစုများနှင့် အလွန်ကွာခြားပါသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် သတ္တုဖြင့် ပြုလုပ်ထားသကဲ့သို့ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။

တကယ်တော့ အရိုးစု၏ မျက်ခုံးကြားမှာ အနီရောင်ကြာပန်း အမှတ်အသားတစ်ခု ရှိနေသည်။ ၎င်းအမှတ်သားသည် သွေးကဲ့သို့ နီရဲနေပြီး ထူးထူးခြားခြား ရက်စက်လှ သည်။

"ဘုန်း….!"

ရွှေအရိုးစုသည် လက်သီးတစ်ချက် ထိုးလိုက်သည်နှင့် ချင်ယွင်၏လက်ထဲမှ အစိမ်းရောင် ကြာပန်းသည် ချက်ခြင်း ကွဲအက်သွားသည်။

ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ချင်ယွင်၏ လက်ဖဝါးမှာ ထွက်ပေါ်လာခဲ့ပြီး သူ့ကို လျင်မြန်စွာ နောက်ဆုတ်သွားစေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်သွားသည့် အမူအရာ ချက်ချင်း ထွက်ပေါ်လာသည်။ ဤပစ္စည်းဝိညာဉ်သည် ယခုလေးတင် သူ၏ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ စွမ်းအားကို ကြောက်နေသည် မဟုတ်ပါလော?။ ယခု အဘယ့်ကြောင့် ကြောက်သည့်ပုံ မပေါ်ရသနည်း?။

"အင်း? စိတ်ဝင်စားဖို့ ကောင်းတယ်။ ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင် ရဲ့ ပစ္စည်းဝိညာဉ်ဟာ ကိုယ်ထည်ထင်ရှားတဲ့အဆင့်ကို မရောက်သေးပေမယ့်၊ ဒီအရိုးစုမှာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ဝိညာဉ်စွမ်းအားကို အပြည့်အ၀ ဆုပ်ကိုင်ထားနိုင်ခဲ့ တယ်။ သူ့ကို နောက်ထပ် နှစ်ထောင်ပေါင်းများစွာ အချိန်ပေးလိုက်ရင် သူ တကယ် အောင်မြင်သွားမှာကို ငါ စိုးရိမ်မိတယ်။ " ရှေးဟောင်းတာအို ဆရာသခင်ရဲ့ အသံက ချင်ယွင်၏စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအသံကို ကြားလိုက်ရလျှင် ချင်ယွင်သည် စကားမပြောနိုင် ဖြစ်သွားရသည်။ ရှေးဟောင်းတာအိုဆရာသခင်သည် နိုးနေသည်မှာ အချိန်အတော်ကြာပြီဟု ထင်ရ သည်။ သူသည် အသံမထွက်ဘဲ ဤပြဇာတ်ကို ကြည့်နေသည်မှာ အချိန်အတော်ကြာ လောက်ပြီ။

သူ့အာရုံကို ဆွဲဆောင်နေသည် ဤရွှေအရိုးစုကြောင့်သာ ထို့သို့မဟုတ်ပါက သူသည် ဤပြပွဲကို မည်သည့်အချိန်အထိ ဆက်ကြည့်နေမည်နည်း? သူ တကယ်မသိနိုင်ပါဘူး။

သို့သော်လည်း ယခုအချိန်သည် စောဒကတက်ရမည့် အချိန်မဟုတ်ပေ။ ထိုအခိုက်တန့် တွင် သူသည် ရှေးဟောင်းတာအိုဆရာသခင်၏ စကားကြောင့် အံ့အားသင့်သွားရသည်။

ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်၏ပစ္စည်းဝိညာဉ်သည် အစစ်အမှန် လူသားတစ်ဦး ဖြစ်လာရန်အတွက် ဤရွှေအရိုးစုကို အသုံးပြုလိုခဲ့သည်။ ပစ္စည်းဝိညာဉ် သည် ဉာဏ်ရည်ဉာဏ်သွေးရှိပြီး အစစ်အမှန် အင်မော်တယ်အဆင့်မှာ သူ့ကိုယ်သူ ထင်ထင်ရှားရှား နေထိုင်နိုင်သော်လည်း အသွေးအသားရှိသော လူသားတစ်ဦး ဖြစ်လာရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ဤရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်သည် သူတော်စင်အဖြစ်သို့ လုံးဝ ပြောင်းလဲပြီး လူသားအင်မော်တယ်တစ်ပါးအဖြစ်သို့ ရောက်ရှိရန် ဤရွှေအရိုးစုကို အသုံးပြုရန် အမှန်တကယ် ကြိုးပမ်းခဲ့သည်။ ဤသည်မှာ အမှန်တကယ် ကောင်းကင်ဘုံကို အံတုနေသည့် လှုပ်ရှားမှုတစ်ခု ဖြစ်ပါသည်။

"ကောင်လေး…၊ ငါ တောင်းပန်တယ်ကွာ။ မင်း ဒီပစ္စည်းဝိညာဉ်ကို ဖျက်ဆီးပြီးရင် ဒီရွှေအရိုးစုကို ငါ့အတွက် ဖယ်ထားစမ်းပါ။ အနာဂတ်မှာ ငါ့အတွက် ခန္ဓာကိုယ်တစ်ခု လုပ်ဖို့ သူ့ကို အသုံးပြုရမယ်။" ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။

ချင်ယွင်သည် အနည်းငယ် အံ့သြသွားသည်။ ရှေးဟောင်းတာအိုဆရာသခင်၏ အမြင်က အရမ်းကို မြင့်မားလွန်းသည်။ အကယ်၍ သူသည် ဤအရိုးစုကို စိတ်ကူးယဉ်နေသည် ဆိုလျှင် ဤအရိုးစုသည် အလွန်ထူးခြားနေ၍ ဖြစ်ပေလိမ့်မည်။

"ဒါပေမယ့် အခု သူ့ကို ဘယ်လိုသတ်ရမလဲ။ သူက ကျွန်တော့်ရဲ့ အစိမ်းရောင် ကြာပန်းစည်းတံဆိပ်ကိုလည်း ကြောက်ပုံမပေါ်ဘူး။ ကျွန်တော့်မှာ အချိန် သိပ်မကျန်တော့ဘူး" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

"ဟမ့်၊ ဒါက အလွန့်လွန် ရိုးရှင်းပါတယ်။ သူ့မျက်ခုံးကြားက အနီရောင်ကြာပန်း အမှတ်အသားကို မင်း မြင်တယ်မလား။ အဲဒီအနီရောင် ကြာပန်းအမှတ်အသားပေါ်မှာ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို ထိလိုက်တာနဲ့ ဒီနတ်ဆိုးပစ္စည်းဝိညာဉ်ကို အပြီး တိုင် သုတ်သင်နိုင်လိမ့်မယ်" ရှေးဟောင်းတာအိုဆရာသခင် ရယ်မောရင်း ပြောသည်။

"ဒီလိုလား။" ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်မှ မတ်တပ် ထရပ်ပြီးသော ရွှေအရိုးစုလူသားကို ကြည့်လိုက်ရင်း ချင်ယွင်၏ မျက်နှာသည် ချက်ချင်း အပြုံးတစ်ခု ပေါ်လာသည်။

"ဟမ့်၊ မင်းရဲ့ ခန္ဓာကိုယ်က မဆိုးဘူး။ မင်းရဲ့ အသွေးအသားကို ငါလိုချင်တယ်။" ရွှေအရိုးစုလူသားသည် အေးစက်သော ရယ်မောသံဖြင့် ရယ်မောလိုက်ပြီး သူ၏ ရုပ်သွင်အပြင်သည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ချင်ယွင်ဆီသို့ ပြေးဝင်လာပါသည်။

ရွှေရောင်အရိုးလက်သီးကြီးက ချင်ယွင်၏ ရင်ဘတ်ဆီသို့ အပြင်းအထန် ထိုးနှက်လာပြီး ကြောက်စရာကောင်းသည့် အရှိန်အဟုန်ကိုပင် သယ်ဆောင်လာခဲ့သည်။

ချင်ယွင်၏မျက်လုံးများသည် အေးစက်မူနှင့်အတူ တဖျပ်ဖျပ် ဖျပ်ခတ်နေပြီး သူ၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်များ ထွက်ပေါ်လာသည်။

အလားတူ သူသည် စူးရှသော လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။

"ဘုန်း….!"

ကျယ်လောင်သော ပေါက်ကွဲသံက ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။ ချင်ယွင် နှင့် ရွှေအရိုးစုလူသားတို့သည် တစ်ချိန်တည်း နောက်ပြန် တွန်းထုတ်သွားကြသည်။

ချင်ယွင်၏ မျက်နှာသည် ဖော်ပြ၍မရသည် အံ့အားသင့်ဟန် အမူအရာ ပေါ်လာသည်။ သူ၏လက်သီးမှ ထုံကျင်သော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။ အကယ်၍ ပစ္စည်းဝိညာဉ်သည် အရိုးစု၏ ခွန်အားကို အပြည့်အဝ ဖမ်းဆုပ်နိုင်ခဲ့မည်ဆိုပါလျှင်၊ ချင်ယွင်၏ လက်မောင်းတစ်ခုလုံးသည် ယခုချက်ချင်းပင် လုံးလုံး ကွဲထွက်သွားပေ လိမ့်မည်။

"မာကျောလိုက်တဲ့ အရိုးစုပါလား?။ ဆရာကြီးက ဒီအရိုးစုကို လိုချင်နေတာ အံ့ဩစရာ မရှိတော့ဘူး။ သူ့ရဲ့ မာကျောမှုက အဆင့်မြင့်အဆင့် အင်မော်တယ်ပစ္စည်းတစ်ခုနဲ့ နှိုင်းယှဉ်လို့ရတယ်။" ချင်ယွင်သည် ကြောက်ရွံ့မှုအပြည့်ဖြင့် ရွှေအရိုးစုကို ကြည့်ပြီး အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"ချင်ယွင် ၊ ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး။ ငါတို့ ဆုံးဖြတ်ချက်အတိုင်း အမြန်လုပ် ရမယ်။" ထိုအချိန်တွင် နှင်းအမျိုးသမီး၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ဤသည်မှာ စိတ်ဝိညာဉ်ဖြင့် အသံထုတ်လွှင့်ခြင်း (ပေးပို့ခြင်း) ဖြစ်သည်။

ချင်ယွင် အံ့ဩသွားသည်။ သူသည် အဝေးကို လှမ်းကြည့်လိုက်လျှင် နှင်းအမျိုးသမီး သည် တောင့်ခံနိုင်ရန် ရုန်းကန်နေရသည်ကို တွေ့လိုက်ရသည်။ ထင်ရှားသည်မှာ၊ သူမကိုယ်ပွား၏ စွမ်းအားဖြင့်၊ ရေခဲနှင့်နှင်းနယ်မြေကို အချိန်အကြာကြီး ထိန်းသိမ်း ထားရန်မှာ သူမအတွက် အလွန်ခက်ခဲနေသည်။

"ဟား…။ ဟား…။ မင်း ငါ့ကို မသတ်နိုင်ဘူး၊ မင်းနဲ့အတူ သူမလည်း နောက်ကျရင် သေရလိမ့်မယ်" ရွှေအရိုးစုက ချင်ယွင်ကိုကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက် သည်။

"ဟမ့်၊ မင်းကမှ သေတဲ့သူပဲ"

ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုနှင့်အတူ ပေါက်ကွဲသွားသည်။ သူ၏လက်ထဲတွင် ရှေးဟောင်းဓားတစ်ချောင်း ပေါ်လာသည်။ ချင်ယွင်၏ ခန္ဓာကိုယ် ပေါ်ရှိ အငွေ့အသက်သည် ချက်ချင်းဆိုသလို အဆပေါင်းများစွာ တိုးလာခဲ့ပြီး ချင်ယွင်၏ နောက်တွင် ကြီးမားသော ရှေးဟောင်းခေတ်တိုက်ပွဲစိတ်ဝိညာဉ် အသွင်အပြင်တစ်ခုပါ ထွက်ပေါ်လာသည်။

All Chapters