← Chapters

အခန်း ၆၇၄

Vol. 45 Ch. 674

အခန်း ၆၇၄

Vol. 45 Ch. 674

အခန်း (၆၇၄) နဂါးနက်ကို သတ်ဖြတ်ခြင်း။

“ဖောက်…။

စူးရှသော ဓားအလင်းသည် နဂါးနက်လည်ပင်း၏ နောက်ကျောဘက်ကို အတားအဆီး မရှိဘဲ ထိုးဖောက်ဝင်ရောက်သွားကာ နဂါးနက်၏ လည်ပင်းရှေ့မှ ဖောက်ထွက်သွားပါ သည်။

အဖြူရောင် ဝတ်ရုံကို ၀တ်ဆင်ထားပြီး အစိမ်းရောင်ခန္ဓာကိုယ်ရှိသည့် ချင်ယွင်သည် သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားကို ကိုင်ဆောင်ပြီး နဂါးနက်၏ နောက်တွင် ရပ်နေသည်။

စူးရှသော မြူနှင်းချောက်နက်ဓားသည် နဂါးနက်၏ လည်ပင်းကို ထိုးဖောက် ဝင်ရောက်နေခဲ့ပြီး လတ်ဆတ်သော သွေးများက မြူနှင်းချောက်နက်ဓား၏ ထိပ်ဖျားမှ မြေပြင်ပေါ်သို့ အဆက်မပြတ် စီးကျလာသည်။

"ဘယ်လို..ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ မင်းက ငါ့အားနည်းချက်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ… ?"

နဂါးနက်သည် မျက်လုံးကြီး ပြူးကျယ်သွားကာ အနှိုင်းမဲ့ ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာ ဖြစ်ပေါ်နေသည်။ ချင်ယွင်၏ နှလုံးကို ဆုပ်ကိုင်ထားသော သူ၏လက်ကိုပင် အမှန်တကယ် အားစိုက်ထုတ်ရန် တခဏတာ မေ့လျော့သွားခဲ့သည်။

သူ့လည်ပင်း၏ နောက်ကျောဘက်သည် သူ့ခုခံကာကွယ်မှု၏ အားအနည်းဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း ကျန်သည့်နေရာအားလုံးသည် တူညီသော မာကျောမူအနေထား ဖြစ်နေသောကြောင့် ပုံမှန်အားဖြင့် နဂါးနက်များသည် သူတို့၏ နောက်ကျောကို ဂရုစိုက်ခဲသည်။

နဂါးနက် အဖွဲ့ဝင်များမှလွဲ၍ အခြားမည်သူကမျှ ဤအားနည်းချက်ကို မသိနိုင်ပေ။

သူ၏ရှေ့မှ ဤလူသားသည် သူ၏အားနည်းချက်ကို မည်သို့ သိနိုင်မည်နည်း?။

"ကျုပ် အရင်တုန်းက နဂါးနက်တစ်ကောင်ကို သတ်ဖြတ်ဖူးတယ်။ ဒါကြောင့် ခင်ဗျားရဲ့ အားနည်းချက်ကို ကျုပ်သိနေတယ်" ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

ယခု သစ်သားစွမ်းရည်ကိုယ်ပွားသည် နဂါးနက်၏လည်ပင်းကို ထိုးဖောက်ထားပြီး ဖြစ်သည်။ ထို့ကြောင့် နဂါးနက်၏ ဦးခေါင်းကို ဖြတ်ရန် လွယ်ကူသွားပြီ ဖြစ်သည့် အတွက် နဂါးနက်ကို အမှန်အတိုင်းပြောရန် သူ့အနေဖြင့် မကြောက်တော့ပေ။

"ငါ မင်းကို သေစေချင်တယ်။"

သေချာသည်မှာ၊ ချင်ယွင်သည် သူ၏ မျိုးနွယ်စုဝင်တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း နဂါးနက် ကြားသောအခါ၊ သူ၏မျက်လုံးများသည် ချက်ချင်းပင် နီမြန်းလာသည်။ ချင်ယွင်ကို ဆုပ်ကိုင်ထားသော နဂါးလက်သည်းသည် ချက်ချင်းပင် သူ၏ခွန်အားကို ဖြည့်သွင်းလိုက်ပြီး ချင်ယွင်၏ နှလုံးကို လုံးလုံးလျားလျား ကြေမွသွားစေသည်။

တစ်ချိန်တည်းမှာပင်၊ နဂါးနက်နောက်ကွယ်ရှိ သစ်သားစွမ်းရည်ကိုယ်ပွားသည် သူ၏ ခွန်အားကို အသုံးပြုလိုက်သည်။ သူသည် ဓားရှည်ကို လှည့်ပြီး နဂါးနက်၏ ဦးခေါင်းကို ဖြတ်ပစ်လိုက်သည်။

နဂါးနက်လူငယ်၏ လည်ပင်းမှ သွေးများ ဖျန်းခနဲ ထွက်ကျလာပြီး သူသည် သစ်သားစွမ်းရည်ကိုယ်ပွားဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားလေသည်။

သို့သော် နဂါးနက်သည် လုံးလုံး သေဆုံးခြင်း မရှိသေးပေ။ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်သည် မူလပုံစံအဖြစ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ မျက်လုံးတွေက လှုပ်ရှားနေတုန်းပင်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်က လှုပ်ရှားနိုင် စွမ်း မရှိတော့ပြီ။

ထိုအချိန်တွင်၊ ကွဲကြေသွားသော ချင်ယွင်၏ နှလုံးသည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်၏ လည်ပတ်မူအောက်တွင် ပြန်လည်သိပ်သည်းလာခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း ပြန်လည်ရှင်သန်လာခဲ့သည်။

သို့သော် ချင်ယွင်၏ ဤအချိန်သည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေပါသည်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်များ သည် ကုန်ဆုံးလုနီးပါး ဖြစ်နေပါပြီ။

"ဘယ်လိုလဲ?။ မင်းရဲ့ အကာကွယ်ကို ချိုးဖျက်နိုင်တယ်လို့ ငါပြောခဲ့ဖူးပါတယ်၊ အခု မင်းမြင်နိုင်ပြီ မဟုတ်လား?” ချင်ယွင်သည် နဂါးနက်၏ နဂါးခေါင်းနားသို့ လျှောက်သွားပြီး အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။

"ဟမ့်၊ လူသား၊ မင်း ငါ့ကိုသတ်ဝံ့ရင် ငါတို့ရဲ့ နဂါးနက်မျိုးနွယ်က မင်းကို လွှတ်ထားမှာ မဟုတ်ဘူး”..။ နဂါးနက်ကြီးသည် ချင်ယွင်ကို ဒေါသအပြည့် ဖြစ်နေသော မျက်လုံး တစ်စုံဖြင့် စိုက်ကြည့်ရင်း ဒေါသတကြီး ပြောလိုက်ပါသည်။

"ဟုတ်လား ?" ချင်ယွင်၏ ပါးစပ်ထောင့်က မထီမဲ့မြင် လှောင်ပြောင်သံ ထွက်ပေါ်လာ သည်။ ဤနဂါးမျိုးနွယ်သည် အမှန်တကယ်ပင် မာနကြီးပြီး သေမင်း၏တံခါးဝသို့ ရောက်ရှိနေစဉ်မှာပင် ၎င်းမာနတရားကို စွန့်လွှတ်လိုစိတ် မရှိခဲ့ပေ။

"ဒါဆို မင်းရဲ့နဂါးမျိုးနွယ်က မင်းအတွက် လက်စားချေပေးတဲ့အထိ ခင်ဗျား စောင့်နိုင် တယ်..” ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်ပြီး နဂါးနက်၏ ဦးခေါင်းကို ဓားဖြင့် ထိုးဖောက်ကာ လုံးလုံး အဆုံးသတ်ပေးလိုက်ပါသည်။

နဂါးနက်ကြီးသည် တဝုန်းဝုန်း မြည်သံ ထွက်ပေါ်လာသည်အထိ ရုန်းကန်ပြီးနောက် လုံးလုံး သေဆုံးသွားပါ သည်။

ချင်ယွင်သည် လုံးဝ တိတ်ဆိတ်နေသော နဂါးနက်ကို ကြည့်ကာ မြေပြင်ပေါ်တွင် တိုက်ရိုက် ပစ်ထိုင်ချလိုက်သည် ။

အကယ်၍ သူသည် နဂါးနက်၏ အားနည်းချက်ကို မသိရှိဘဲ သူ၏ရန်သူများကို လျှော့တွက်မိပါက၊ ယခုအချိန်တွင် သူသည် မြေပြင်ပေါ်သို့ လဲကျသွားသူ ဖြစ်နေပေ လိမ့်မည်။

သို့သော်ငြားလည်း ယခုအချိန်တွင် သူသည် တိုက်ပွဲဝင်ရန် အင်အားမရှိတော့ပေ။

သစ်သားစွမ်းရည် ကိုယ်ပွားသည်လည်း အလားတူပင် ဖြစ်သည်။ အစောပိုင်းက သူ အသုံးပြုခဲ့သော သွေးအရိပ်လုပ်ကြံသတ်ဖြတ်ခြင်းပညာရပ်သည် သစ်သားစွမ်းရည် ကိုယ်ပွား၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန် အနှစ်သာရအားလုံးကို ခန်းခြောက်သွား စေပြီး ဖြစ်သည်။

ချင်ယွင်သည် သူ၏ သစ်သားစွမ်းရည်ကိုယ်ပွားကို ဖယ်ရှားလိုက်ပြီး သူ၏ ကျင့်ကြံခြင်း ပညာရပ်ကို ဖြန့်ကျက်ရန် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူသည် တစ်ဖန်ထ၍ ဧရာမနဂါးနက်ကြီး၏ နံဘေးသို့ လျှောက်သွားခြင်း မပြုမီအချိန်ထိ သူ၏ခန္ဓာကိုယ်ရှိ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရနှင့် စွမ်းအင်များ ပြန်လည် ကောင်းမွန်လာသည်အထိ သူ စောင့်ဆိုင်းခဲ့သည်။

နဂါးမျိုးနွယ်ကို နတ်ဆိုးမျိုးနွယ်၏ အစွမ်းထက်ဆုံး မျိုးနွယ်အဖြစ် ချီးကျူးခံရခြင်း၏ အကြောင်းရင်းမှာ အကြောင်းပြချက်မရှိဘဲ မဟုတ်ပေ။ သူ၏ရှေ့မှာရှိနေသည့် နဂါးနက်ခန္ဓာကိုယ်ကြီးတစ်ခုလုံးက ရတနာတွေဖြင့် ဖုံးလွှမ်းနေပါသည်။

သူ၏ နဂါးအကြေးခွံများကို မာကျောသော ချပ်ဝတ်တန်ဆာအဖြစ် သန့်စင်နိုင်ပြီး သူ၏ အသွေးနှင့်အသားများတွင် မနှိုင်းယှဉ်နိုင်သော စွမ်းအင်မြောက်များစွာ ပါဝင်နေပါ သည်။ သူ၏ခန္ဓာကိုယ်ရှိ သွေးကြောများကို လေးတစ်စင်း၏ မြှားကြိုးများအဖြစ် အသုံးပြုနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

နဂါးနှလုံးသား နှင့် ဒန်ထန်တို့သည် အင်မော်တယ်ဆေးများကို သန့်စင်ရန်အတွက် ကောင်းမွန်သော ပါဝင်ပစ္စည်းများ ဖြစ်ကြပါသည်။

သို့သော်လည်း ချင်ယွင်သည် ယခုအချိန်တွင် ၎င်းတို့ကို ဂရုမစိုက်ခဲ့ပေ။ သူ အမှန်တကယ် ဂရုစိုက်နေသည့်အရာမှာ ကိုလူချောပြောခဲ့သည့် အင်မော်တယ် နန်းတော်၏ ကြယ်အမြုတေကို ရှာဖွေရန်အတွက် ဤနဂါးနက်ကြီး၏ ခန္ဓာကိုယ်ကို ဖြတ်တောက်ပစ်လိုက်လေသည်။

ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို ဆွဲထုတ်ယူလိုက်သည်။ ယခုအချိန်တွင်၊ ရှေးဟောင်းခေတ် စစ်ဗိုလ်ချုပ်ကြီးတစ်ဦး၏ အလိုဆန္ဒကို ပိုင်ဆိုင်ထားသော တိုက်ပွဲစိတ်ဝိညာဉ်လက်နက်သည် ကွဲအက်သွားပြီဖြစ်ကာ အတွင်း၌ရှိသော တိုက်ပွဲ စိတ်ဝိညာဉ်လည်း ပျောက်ကွယ်သွားခဲ့ပြီ။ ၎င်းသည် သုံးစားမရသော သာမန်ဓား တစ်ချောင်းအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီ။

ထို့ကြောင့် ချင်ယွင်သည် နဂါး၏ခန္ဓာကိုယ်ကို ဖြတ်တောက်ရန်အတွက် မြူနှင်းချောက်နက်ဓားကိုသာ အားကိုးနိုင်ပါသည်။

"ဖျစ်……..!"

ချင်ယွင်သည် နဂါးကြေးခွံကို ဆွဲခွာပြီး နဂါး၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲရန် ကြိုးပမ်း အားထုတ်လိုက်သည်။

တစ်နာရီခန့် အကြာတွင် ချင်ယွင်သည် နောက်ဆုံးတွင် အင်မော်တယ်နန်းတော်၏ ကြယ်အမြုတေကို နဂါးနက်ကြီး၏ ဝမ်းဗိုက်ထဲမှ ထုတ်ယူလိုက်သည်။

အင်မော်တယ်နန်းတော်၏ ကြယ်အမြုတေသည် လက်သီးအရွယ်မျှသာ ဖြစ်သည်။ ၎င်းသည် ရောင်စုံကျောက်တုံးတစ်တုံး ဖြစ်ပါသည်။ ဤသည်မှာ အင်မော်တယ် နန်းတော်တစ်ခုလုံး၏ ပင်မအမြုတွေ ဖြစ်သည်။ ဤအင်မော်တယ် နန်းတော်၏ ကြယ်အမြုတေကို သန့်စင်လိုက်ခြင်းဖြင့်သာ အင်မော်တယ်နန်းတော် တစ်ခုလုံးကို လုံး၀ ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။

ချင်ယွင်သည် သူ၏လက်ထဲမှ အင်မော်တယ်နန်းတော်၏ ကြယ်အမြုတေကို ကြည့်လိုက်ရင်း သူ၏မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်လာပါ သည်။

နဂါးနက်လူငယ်ကို သတ်ဖြတ်ပြီး အင်မော်တယ်နန်းတော်၏ ကြယ်အမြုတေကို ထုတ်ယူရခြင်းသည် နဂါးနက်လူငယ်အတွက် အလွန်မင်း မတရားပါချေ။

သို့သော် ၎င်းနှင့်ပတ်သက်၍ သူလည်း ဘာမျှ မတတ်နိုင်ပေ။ အကယ်၍ သူသည် နဂါးနက်လူငယ်ကို မသတ်ဘူးဆိုလျှင်၊ နဂါးနက်ကြီးက သူ့ကို သတ်လိမ့်မည်။ ထို့အပြင် သူသည် နဂါးနက်ကြီးကို မသတ်ဖြတ်ပါက သူသည် ဤနေရာမှ ထွက်ခွာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ထိုအချိန်တုန်းက ဤထောင်ချောက်ကို ဖန်တီးခဲ့သော ဟွမ်ထန်းလုံကိုသာ အပြစ်တင်ရတော့မည်။

"ဒါကို အရင်သန့်စင်တာ ပိုကောင်းပါတယ်လေ။ ငါတို့ ဒီက အရင်ထွက်ပြီးမှပဲ ဒီအကြောင်းကို ပြောကြတာပေါ့။" ချင်ယွင်သည် သူ၏စိတ်ထဲမှ အပြစ်ရှိသလို ခံစားချက်ကို ဖယ်ထုတ်ပြီး အင်မော်တယ်နန်းတော်၏ ကြယ်အမြုတေကို သူ၏ ဒန်တန်ထဲသို့ထည့်ပြီး သန့်စင်ရန် ပြင်ဆင်လိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင်၊ အင်မော်တယ်နန်းတော်၏ ကြယ်အမြုတေသည် တုနှိုင်းမရလောက်အောင် အစွမ်းထက်ပြီး တောက်ပသောအလင်းတန်းက ရုတ်တရက် ပွင့်လန်းလာသည်။ ထောင်သောင်းမကသော အလင်းတန်းများအတွင်းမှ ပုံသဏ္ဍာန် တစ်ခုက ထွက်ပေါ်လာသည်။

ဤလူသည် အရပ်မြင့်မားသည်။ ရွှေနဂါးဝတ်ရုံကို ၀တ်ဆင်ထားပြီး သူ၏ လှုပ်ရှားမှု တိုင်းက ခမ်းနားထည်ဝါမူနှင့်အတူ ကြီးစိုးလွှမ်းမိုးနိုင်သော အငွေ့အသက်များဖြင့် ပြည့်နေသည်။ ယင်းက လူတွေကို သူတို့၏နာခံအရှုံးပေးလိုစိတ်ကို ခံစားလာရစေ သည်။ ချင်ယွင်တောင်မှ သူ့ကို တောင်ကြီးတစ်ခုက ဖိနှိပ်ချုပ်ချယ်လာသလို ခံစားလိုက် ရပြီး မထိန်းနိုင်ဘဲ ဒူးထောက်လိုစိတ် ဖြစ်ပေါ်နေသည်။

"ခင်ဗျားက နဂါးနတ်ဘုရား ဟွမ်ထန်းလုံလား" ချင်ယွင်သည် ဤလူ၏ ကိုယ်ရေး အချက်လက်ကို ချက်ချင်း မှတ်မိသည်။

ဤအင်မော်တယ် နန်းတော်အတွင်းမှာ၊ နဂါးနတ်ဘုရား ဟွမ်ထန်းလုံမှလွဲ၍ ဤကဲ့သို့ ကြီးစိုးနိုင်သော အငွေ့အသက်မျိုးကို မည်သူကရော ပိုင်ဆိုင်နိုင်မည်နည်း?။ အရေးအကြီးဆုံးအချက်က ချင်ယွင်သည် ဤလူ၏ ခန္ဓာကိုယ်ပေါ်မှ နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါခြင်းအငွေ့အသက်ကို ခံစားလို့ရနိုင်ပါသည်။

"ဟား….၊ ဟား……၊ ကောင်လေး၊ မင်းက မဆိုးပါဘူး။ ငါ့ကို တစ်ချက်ကြည့်ရုံနဲ့ မင်းက မှတ်မိနိုင်တယ်။ ငါ ခန့်မှန်းသာ မမှားရင် မင်းက ငါ့ရဲ့သွေးအနှစ်သာရကို သန့်စင်ပြီး သားပဲ မဟုတ်လား?” ရွှေရောင်ဝတ်ထားသော အမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏အသံက နေရာတစ်ခုလုံး ပဲ့တင်ထပ်ပြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ချင်ယွင်လည်း အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်ပါသည် "စီနီယာ၊ စီနီယာက မသေသေးဘူးလား?"

ဟွမ်ထန်းလုံသည် ​​ဒဏ်ရာအပြင်းအထန်ရပြီး သေဆုံးလုနီးပါး ဖြစ်နေပြီဟု ကောလာဟလတွေ ထွက်နေပါသည်။ သူသည် လေဟာနယ် အတားအဆီးကို ဖြတ်ကျော်ပြီး သေမျိုးကမ္ဘာသို့ ထွက်ပြေးသွားနိုင်သော်လည်း သူ သေသွားခဲ့ပြီ ဖြစ်ပါသည်။ သို့သော်လည်း ယခု ဟွမ်ထန်းလုံသည် အဘယ့်ကြောင့် ဤနေရာမှာ ရှိနေရသနည်း?။

"မဟုတ်ဘူး၊ ငါက သေသွားပါပြီ။ မင်း အခုမြင်နေရတာက ဒီ အင်မော်တယ်နန်းတော်ရဲ့ ကြယ်အမြုတွေမှာ ငါချန်ထားရစ်ခဲ့တဲ့ အင်မော်တယ် စိတ်ဝိညာဉ်မျှင်တန်းလေး တစ်ခု ပါပဲ " ဟွမ်ထန်းလုံက ပြုံးရင်း ပြောလိုက်သည်။

ချင်ယွင်သည် သက်ပြင်းချလိုက်မိသည်။ အကယ်၍ ဟွမ်ထန်းလုံသာ တကယ် မသေခဲ့ ဘူးဆိုလျှင် သူ၏မျက်နှာက အံ့အားသင့်နေသည့် အမူအရာ ပေါ်နေမိမှာ အမှန်ပင်။ ဤဟွမ်ထန်းလုံသည် ချင်ယွင်ကို ပြင်းထန်သော ဖိအားများပေးနိုင်သည့် အင်မော်တယ် စိတ်ဝိညာဉ်မျှင်တန်းလေး တစ်ခုမျှသာ ဖြစ်ပါသည်။ အကယ်၍ သူ၏ရှေ့မှာရှိနေသူက အစစ်အမှန် ဟွမ်ထန်းလုံသာဆိုလျှင် သူသည် အမှန်တကယ် ဒူးထောက်ရမှာ မဟုတ်ပေးဘူးလား?

"ကောင်လေး၊ အဓိပ္ပာယ်မရှိတဲ့စကားတွေ ရပ်လိုက်ရအောင်။ မင်းက နဂါးနက်ကို သတ်ပြီး အင်မော်တယ်နန်းတော်ရဲ့ကြယ်အမြုတေကို ရထားပြီးသားဆိုတော့ မင်းက ငါ့ရဲ့ ဆက်ခံသူဖြစ်ဖို့ အရည်အချင်းပြည့်မီပြီး နတ်နဂါးကျောက်စိမ်းတံဆိပ်နဲ့ ကြည်လင် ကောင်းကင်ဓားကို အမွေဆက်ခံဖို့ အရည်အချင်း ပြည့်မီသွားပြီ။" ဟွမ်ထန်းလုံက လွှမ်းမိုးကြီးစိုးစွာ ပြောလိုက်သည်။

"နတ်နဂါးကျောက်စိမ်းတံဆိပ်နဲ့ ကြည်လင်ကောင်းကင်ဓားလား”။ ထိုစကားကို ကြားလိုက်ရလျှင် ချင်ယွင်၏ မျက်လုံးတွေက ချက်ချင်းပင် ဝင်းလက်တောက်ပလာပါ သည်။

All Chapters