← Chapters

အခန်း ၆၀၂

Vol. 41 Ch. 602

အခန်း ၆၀၂

Vol. 41 Ch. 602

အခန်း (၆၀၂) ကောလဟာလများ (အပိုင်း ၂)

ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ဆုမိုက ထပ်မံ မေးခွန်းထုတ်လိုက်၏။

"အစ်မယွင်... တစ်ခုခုများ သတိထားမိလား..."

ယန်ရှောင်ယွင်က တစ်ခဏမျှ စဉ်းစားပြီးမှ ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်သည်။

"သိုင်းလောက တစ်ခွင်မှာ အငြိုးအတေးတွေက မရေမတွက်နိုင်အောင်ပဲ... တချို့လူတွေက နေရောင်ခြည် လုံးဝ မသန်းတဲ့ အမှောင်ထုထဲမှာပဲ အသက်ရှင်နေကြတာလေ... အမှောင်ထဲမှာ ကြီးထွားလာတဲ့ အကုသိုလ်တွေက သာမန်လူတွေ စိတ်ကူးလို့တောင် မရနိုင်ဘူး... ဒီလိုလူမျိုးတွေက လျှို့ဝှက်ချက်တွေနဲ့ပဲ လှုပ်ရှားနေမှာ အသေအချာပဲ"

ဆုမိုက ခေါင်းညိတ်လိုက်ပြီး မတ်တတ်ရပ်ကာ ထိုလူနှစ်ဦးထံ လျှောက်သွားလိုက်၏။ သူသည် ထိုသူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ချည်နှောင်ထားသော 'ဒုက္ခသည် သိုင်းကျမ်း' ကို ဖြေလျှော့ပေးလိုက်ပြီး စက္ကူနှင့် စုတ်တံကို ညွှန်ပြလိုက်သည်။

လူနှစ်ဦးမှာ မျက်နှာများ ဖြူရော်နေပြီး နာကျင်မှုကြောင့် အားအင် ကုန်ခမ်းနေကြပြီ ဖြစ်၏။ သူတို့သည် စုတ်တံကို မြင်သည်နှင့် တစ်ပြိုင်နက် အတင်းအကျပ် လုယူကြတော့သည်။ တစ်ဦးက စုတ်တံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ဆုမိုကို ထိုးရန် ကြိုးစားလိုက်၏။

အကယ်၍ အခြားသော အခြေအနေမျိုး ဖြစ်ခဲ့လျှင်ပင်၊ သူတို့ နှစ်ဦးစလုံး ဓားကောင်းတစ်လက်စီ ကိုင်ထားလျှင်တောင် ဆုမိုကို ယှဉ်နိုင်ရန်မှာ နှစ်ပေါင်းများစွာ လေ့ကျင့်မှုများ လိုအပ်နေသေးသည် မဟုတ်ပါလော။ ယခုကဲ့သို့ သွေးကြောကွက်များ အပိတ်ခံထားရပြီး သိုင်းပညာ အသုံးမပြုနိုင်သော အခြေအနေတွင်မူ ပြောနေရန်ပင် မလိုတော့ချေ။

ဆုမိုက အသာအယာ ကန်ထုတ်လိုက်ရာ စုတ်တံမှာ လွင့်ထွက်သွားတော့၏။ ထိုမြင်ကွင်းကို မြင်လိုက်ရသော အခြား ဝတ်ရုံဖြူ ဓားသမားမှာ စုတ်တံရှိရာသို့ ဒိုင်ဗင်ထိုးကာ ဖမ်းယူလိုက်သည်။ ထို့နောက် သူသည် စုတ်တံကို သူ၏ လည်ချောင်းဆီသို့ အားကုန် ထိုးစိုက်ပစ်လိုက်တော့၏။

သူတို့သည် စာမရေးတတ်သလို 'ဒုက္ခသည် သိုင်းကျမ်း' ၏ နှိပ်စက်မှုကိုလည်း ဆက်လက် မခံစားလိုတော့ချေ။ ဆုမိုကို လုပ်ကြံရန် မဖြစ်နိုင်တော့သဖြင့် ဤမျှလောက် နာကျင်စွာ ရှင်သန်နေမည့်အစား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းကသာ သူတို့အတွက် ပိုမို ကောင်းမွန်သော ရွေးချယ်မှု ဖြစ်နေခဲ့လေပြီ။

စုတ်တံမှာ လည်ချောင်းကို ထိုးဖောက်သွားသော်လည်း ချက်ချင်း သေဆုံးသွားခြင်း မရှိသေးပေ။ ထိုလူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ မျက်ဝန်းများထဲတွင် နာကျင်မှုများ ရှိနေသော်လည်း သက်သာရာရသွားသော အငွေ့အသက်များက ပို၍ ထင်ရှားနေ၏။

၎င်းကို မြင်လိုက်ရသောအခါ ဆုမိုကို သတ်ရန် ကြိုးစားခဲ့သည့် အခြား ဓားသမားမှာလည်း အသည်းအသန် တိုးဝင်သွားပြီး သူ၏ သူငယ်ချင်း လည်ပင်းမှ စုတ်တံကို ဆွဲထုတ်ရန် ကြိုးစားတော့သည်။ ဆုမိုက ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။ သူ၏ လက်ချောင်းကို တစ်ချက် တောက်လိုက်ရာ ထိုလူ၏ တန်ကျုံး သွေးကြောကွက် ကို အတိအကျ ထိမှန်သွားတော့သည်။

ထိုလူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီးနောက် ခေါင်းငိုက်စိုက်ကျကာ နောက်ဆုံးထွက်သက် ရှူထုတ်လိုက်ရလေ၏။ ဆုမိုသည် သေလုမြောပါး ဖြစ်နေသော အခြား ဝတ်ရုံဖြူ ဓားသမားကို တစ်ချက် လှည့်ကြည့်လိုက်ပြီး နောက်ထပ် လက်ချောင်း တစ်ချက် တောက်ကာ သူ၏ အသက်ကိုလည်း အမြန်ဆုံး အဆုံးသတ်ပေးလိုက်တော့သည်။

လူနှစ်ဦးကို သတ်ဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က ပြတင်းပေါက်မှတစ်ဆင့် ခုန်ဝင်လာခဲ့၏။

အခန်းထဲသို့ အတင်းတိုးဝင်လာရင်း ထိုသူက စကားဆိုလာသည်။

"ကျွန်တော် ပစ္စည်းတွေ အများကြီး ဝယ်ခဲ့တယ်ဗျ... ခုနက ခေါင်းဆောင်တို့ စားနေတဲ့ ဝက်ခြေထောက်ရော၊ ကြက်ကင်ရော၊ ဘဲကင်ရောပေါ့... အဲဒီ မိန်းကလေး ကြိုက်ပါ့မလားတော့ မသိဘူး... အော်... ဒါနဲ့ စကားမစပ်... တကယ်လို့ လူသားစားမယ် ဆိုရင်လည်း ဒီမှာ နှစ်ယောက် ရှိနေတာပဲ မဟုတ်လား... လတ်လတ်ဆတ်ဆတ်ကြီးတွေလေ... ကျွန်တော် ဝယ်လာတာထက် ပိုအရသာ ရှိမှာပါ..."

စကားအဆုံးတွင်မှ သူသည် မြေပြင်ပေါ်၌ ဆန့်ငင်ဆန့်ငင် ဖြစ်ကာ အသက်ကင်းမဲ့နေသော အလောင်းနှစ်လောင်းကို မြင်တွေ့သွားတော့၏။ လူသားစားမည် ဆိုသည်မှာ နောက်ပြောင်လိုက်ခြင်း ဖြစ်သော်လည်း ဤအလောင်းနှစ်လောင်းကို မြင်လိုက်ရသောအခါ ရွှီလု၏ ရင်ထဲတွင် နှမြောတသမှု တစ်ခု ဖြစ်ပေါ်လာရသည်။

"ဒါ... ဒါက ဘယ်လို ဖြစ်တာလဲ... တစ်ညဝက်လုံး အပင်ပန်းခံ ဖမ်းလာတာကို... ဒီတိုင်းကြီး သေသွားပြီလားဗျာ"

"စကားလည်း မပြောနိုင်ဘူး... စာလည်း မရေးတတ်ဘူးလေ... သူတို့ကို အသက်ရှင်လျက် ထားထားလို့ ဘာထူးမှာလဲ"

ဆုမိုက ရွှီလုကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"ခင်ဗျားဆီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ... ဒီလူနှစ်ယောက်က ဝမ်တင်းရှန်း ဆီကနေ လာတာလား... ခင်ဗျားရဲ့ ကိုယ်ဖော့ပညာနဲ့ ဆိုရင် သူတို့ .. သတိထားမိပြီး လိုက်လာဖို့ မဖြစ်နိုင်ဘူးလေ"

"အဲဒါကတော့..."

ရွှီလု တစ်ယောက် မည်သို့ ပြန်ပြောရမည်ကို မသိဘဲ ဖြစ်သွားပြီး သူ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကိုသာ အစအဆုံး ပြန်လည် ပြောပြလိုက်တော့၏။ အဆုံးတွင် သူက တောင်းပန်စကား ဆိုလာသည်။

"အပြစ်မရှိတဲ့ သူတွေကို သူတို့ သတ်တာကို ကျွန်တော် မကြည့်ရက်လို့... ကိုယ်ထင်ပြပြီး အစီအစဉ်တွေကို ဖျက်ဆီးလိုက်မိပါတယ်... ခေါင်းဆောင်ဆု ရဲ့ အပြစ်ပေးမှုကို ခံယူဖို့ အဆင်သင့်ပါပဲဗျာ"

ထိုစကားများကို ကြားလိုက်ရသောအခါ ဆုမို၏ မျက်နှာပေါ်တွင် မထင်မှတ်ထားသော အားရကျေနပ်သည့် အမူအရာလေးတစ်ခု ပေါ်ပေါက်လာလေ၏။ သူသည် စားပွဲခုံကို နှစ်ချက်ခေါက်ကာ စကားဆိုလိုက်သည်။

"ကောင်းတယ်... သူရဲကောင်းရွှီ က အပြစ်မဲ့တဲ့ လူတွေကို ကယ်တင်ဖို့အတွက် ကိုယ်ထင်ပြခဲ့တာပဲ... လေးစားစရာ ကောင်းတဲ့ လုပ်ရပ်ပါ... ကျွန်တော်ကိုယ်တိုင်သာ အဲဒီနေရာမှာ ရှိနေရင်လည်း သူတို့ကို ရမ်းကားပြီး သတ်ခွင့်ပေးမှာ မဟုတ်ဘူး... ခင်ဗျား ဘာမှ မမှားပါဘူး"

ထိုစကားကို ကြားသောအခါမှ ရွှီလု၏ ရင်ထဲမှ အပူလုံးကြီး ကျသွားတော့၏။

သူ၏ အဆိပ်ဖြေဆေးမှာ စိတ်ချရပြီ မဟုတ်ပါလော။

အမှန်တကယ်ပင် ဆုမိုကို ထာဝရည မိစ္ဆာသခင် က နတ်ဆိုးတစ်ဦးဟု ခေါ်ဆိုခဲ့သော်လည်း၊ သူ၏ အပြုံးနောက်ကွယ်တွင် ဓားဝှက်ထားသော်လည်း သူသည် သိုင်းလောက၏ စည်းမျဉ်းများကို လေးစားပြီး သူရဲကောင်းဆန်သော လမ်းစဉ်ကို လျှောက်လှမ်းသူ တစ်ဦးသာ ဖြစ်ပေသည်။ ရည်ရွယ်ချက်အတွက် မည်သည့်အရာကိုမဆို လုပ်ရဲသည့် လူယုတ်မာများနှင့် လုံးဝ မတူညီချေ။

သို့သော်လည်း နောက်တစ်ချက် တွေးမိသည်မှာ... အကယ်၍ ဆုမိုသာ အမှန်တကယ် နတ်ဆိုးတစ်ဦး ဖြစ်သွားခဲ့မည်ဆိုလျှင် ထာဝရည မိစ္ဆာသခင် ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းလေမလား။

ထိုအတွေးကြောင့်ပင် ရွှီလု တစ်ယောက် တုန်လှုပ်သွားရ၏။ သူ၏ အတွေးကမ္ဘာထဲတွင် နစ်မျောနေစဉ်မှာပင် ဆုမို၏ အသံကို ကြားလိုက်ရပြန်သည်။

"သူရဲကောင်းရွှီ ကို နောက်ထပ် အကူအညီတစ်ခု ထပ်တောင်းချင်သေးတယ်"

"ခေါင်းဆောင်ဆု... အားမနာပါနဲ့... ခိုင်းစရာ ရှိတာသာ အမိန့်ပေးပါဗျာ"

ရွှီလုက ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။

"ဟို အိမ်ထောင်စု ဆီကို နောက်တစ်ခေါက် သွားကြည့်ပေးပါဦး... ဒီလူနှစ်ယောက် သွားပြီး လုပ်ကြံချင်နေတဲ့ သူတွေက ဘယ်သူတွေလဲ... ပြီးတော့ သူတို့မှာ ဘယ်လို ရန်သူတွေ ရှိလဲ ဆိုတာကို စုံစမ်းပေးစေချင်တယ်..."

"ကောင်းပါပြီ"

ရွှီလုက ချက်ချင်း သဘောတူလိုက်သော်လည်း စားပွဲပေါ်သို့ သူ တင်ထားသော စားစရာ အထုပ်အပိုးများကို ကြည့်ကာ တွေဝေသွားရပြန်သည်။ တစ်ခဏ ကြာသောအခါ ဆုမိုက သေသပ်စွာ ထုပ်ပိုးထားသော ကြက်ကင် တစ်ထုပ်ကို ရွှီလု ထံသို့ ကမ်းပေးလိုက်၏။

"ခင်ဗျား ပင်ပန်းသွားပြီ... ရော့ ဒါလေး စားလိုက်ဦး"

"...ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဆု"

ရွှီလုသည် ထိုကြက်ကင်ထုပ်ကို တိတ်ဆိတ်စွာ လက်ခံလိုက်သော်လည်း သူ၏ ရင်ထဲတွင် မျက်ရည်များ စီးကျနေတော့၏။

ဒီကြက်ကင်မှာ သူ၏ ခရီးစဉ်အတွက် ဆုကြေးလား။

ပြဿနာက... ဒီကြက်ကင်ကို ငါ့ပိုက်ဆံနဲ့ ငါ ဝယ်လာတာလေ...။

သူ ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် ဆုမိုက မြေပြင်ပေါ်ရှိ အလောင်းနှစ်လောင်းကို လက်ညှိုးထိုးပြလိုက်ပြန်သည်။

"ဒါတွေကိုလည်း တစ်ခါတည်း ယူသွားပေးပါဦး... အားမနာရင်ပေါ့..."

ရွှီလု တစ်ယောက် အလောင်းနှစ်လောင်းနှင့် ကြက်ကင်ထုပ်ကို သယ်ဆောင်ကာ ထွက်ခွာသွားပြီးနောက်၊ ယန်ရှောင်ယွင်က ပိတ်သွားသော ပြတင်းပေါက်ကို ကြည့်ကာ ဆုမိုဘက်သို့ လှည့်လိုက်၏။

"ဘာလို့လဲ မသိဘူး... သူရဲကောင်းရွှီ က တစ်မျိုးကြီးပဲနော်... နင့်ခိုင်းတာမှန်သမျှကို လက်အောက်ငယ်သား တစ်ယောက်လိုပဲ အကုန်လုပ်ပေးနေတာ..."

ဆုမိုက ပြုံးလိုက်သည်။

"ကျွန်တော့်အထင်တော့... သူ.. ကျွန်တော်တို့ အာမခံဌာနထဲ ဝင်ချင်နေပုံရတယ်... ဒါပေမဲ့ ဖွင့်ပြောဖို့ ရှက်နေတာ ဖြစ်ရမယ်... အဲဒီလိုမှ မဟုတ်ရင် လော့ရှားမြို့ကနေ ဒီအထိ ကျွန်တော့်နောက်ကို ဘာကိစ္စ လိုက်လာမှာလဲ..."

"သူ့ရဲ့ ကိုယ်ဖော့ပညာ က အရမ်း ပြောင်မြောက်တာလေ... အကယ်၍ သူသာ ငါတို့ အာမခံဌာနထဲ ဝင်လာခဲ့ရင် တကယ့်ကို အဖိုးတန်တဲ့ လူ တစ်ယောက် ဖြစ်လာမှာ အသေအချာပဲ"

ယန်ရှောင်ယွင်က ချက်ချင်းပင် ထောက်ခံ ခေါင်းညိတ်လိုက်တော့၏။

--

All Chapters