အခန်း ၆၀၈
Vol. 41 Ch. 608
အခန်း (၆၀၈) ခင်ဗျားတို့က အာမခံပစ္စည်းကို လုချင်တာလား (အပိုင်း ၂)
ဆုမိုသည် ဤသို့ ပြောဆိုပြီးနောက် ခေတ္တမျှ ဆိုင်းငံ့လိုက်၏။ ထို့နောက် ပြုံးလျက်ပင် ဆက်လက် ပြောဆိုလိုက်လေသည်။
“ကျွန်တော့်ကို ခွင့်လွှတ်ပေးကြပါ... ဒီကိစ္စက ကျွန်တော့်ရဲ့ အခုလက်ရှိ အာမခံ တာဝန်နဲ့ တိုက်ရိုက် သက်ဆိုင်နေလို့... ဘာသတင်း အချက်အလက်မှ ထပ်ပြီး ထုတ်ဖော် မပြောနိုင်တာကို နားလည်ပေးစေချင်ပါတယ်”
လူအုပ်ကြီးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ဤအဖြေကို ကျေနပ်နိုင်ခြင်း မရှိကြချေ။ သို့သော်ငြားလည်း မည်သို့ ထပ်မံ ပြောဆိုရမည်ကိုမူ မသိဘဲ ဖြစ်နေကြ၏။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လူအုပ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာတော့သည်။
“အာမခံခေါင်းဆောင်ဆု က ဘာလို့ ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ... ကျွန်တော်တို့ထဲမှာ သူရဲကောင်းကျိ ရဲ့ မိတ်ဆွေတွေ အများကြီး ပါတာပဲကိုး... ဒီနေ့ ကျွန်တော်တို့ လာတာက ခေါင်းဆောင်ဆု ကို ဒုက္ခပေးဖို့ မဟုတ်ပါဘူး... ကျွန်တော်တို့က သူရဲကောင်းကျိ ရဲ့ နောက်ဆုံး ဆန္ဒကို လေးစားတဲ့ အနေနဲ့ ဒီပစ္စည်းကို ဝိုင်းဝန်း စောင့်ရှောက်ပေးချင်ရုံ သက်သက်ပါ...”
“ဒါပေမဲ့ ဒီပစ္စည်းကို အာမခံခေါင်းဆောင်ဆု ကိုယ်တိုင် ပို့ဆောင်ပေးနေတာ ဆိုရင်တော့... ခင်ဗျားရဲ့ ရှေ့မှောက်မှာ ကျွန်တော်တို့က ရမ်းကားဖို့ မဝံ့ရဲပါဘူး... အဲဒီအစား ဒီပစ္စည်းကို ဘယ်နေရာကို ပို့ရမှာလဲ ဆိုတာလေးပဲ ပြောပြပေးပါ... ဒါမှမဟုတ် ကျွန်တော်တို့ အားလုံးကို ခင်ဗျားနဲ့အတူ လိုက်ပါပြီး အာမခံပစ္စည်းကို ကာကွယ်ခွင့် ပြုပါ... ဒါဆိုရင် လမ်းခရီးက ပိုပြီး အေးချမ်းသွားမှာ အသေအချာပဲလေ... ဒီလုပ်ရပ်ဟာ ကောင်းကင်ဘုံက သူရဲကောင်းကျိ ရဲ့ ဝိညာဉ်အတွက်လည်း ဂုဏ်ပြုရာ ရောက်မှာပါ”
“အတိအကျပဲ”
“ပြောတာ တကယ့်ကို မှန်တယ်”
“ဟုတ်တာပေါ့ဗျာ”
ဤစကားများက လူအုပ်ကြီး၏ စိတ်ကို ဆွဲဆောင်နိုင်သွားပုံရ၏။ တစ်ခဏအတွင်းမှာပင် လူတိုင်းက ခေါင်းတညိတ်ညိတ်ဖြင့် ဤနည်းလမ်းထက် ပိုမို ကောင်းမွန်သော ဖြေရှင်းနည်း မရှိနိုင်တော့ဟု ခံစားလိုက်ကြရသည်။
ယန်ရှောင်ယွင်၏ မျက်နှာတွင်မူ ဒေါသအရိပ်အယောင်များ ထင်ဟပ်နေပြီး ဟူစန်းတောက်မှာလည်း သူ၏ ဓားလက်ကိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ပြီ ဖြစ်၏။ ကျန်းရှောင်ရှောင် ကမူ မီးဖိုချောင်ဘက်ဆီမှ ရနံ့များကို တရှုံ့ရှုံ့ နမ်းရှိုက်နေရင်း ခုနတင် မနက်စာ စားထားသည်ကိုပင် မေ့လျော့နေပုံရလေသည်။
အိမ်တော်မှ မထွက်ခွာမီမှာပင် ရွှီလု ကတော့ ပြတင်းပေါက်မှတစ်ဆင့် ခုန်ထွက်ကာ ဆုမို အပ်နှံထားသော ကိစ္စရပ်များကို ဖြေရှင်းရန် သူ၏ လမ်းစဉ်အတိုင်း သွားနှင့်ခဲ့ပြီ ဖြစ်၏။ ဆုမို တစ်ဦးတည်းသာလျှင် တည်ငြိမ်စွာ ပြုံးနေခဲ့သည်။
“ခင်ဗျားတို့ရဲ့ စကားတွေက ကျွန်တော့်ကို တကယ့်ကို အခက်တွေ့စေတာပဲ... အာမခံဌာန တစ်ခုရဲ့ ပိုင်ရှင် အနေနဲ့ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်း သုံးချက် ရှိတယ်... ပထမက ပို့ဆောင်နေတဲ့ ပစ္စည်းကို အပြင်လူ လုံးဝ မသိစေရဘူး... ဒုတိယက သွားမယ့် လမ်းကြောင်း အတိအကျကို လျှို့ဝှက်ထားရမယ်... တတိယကတော့... ဒီပစ္စည်းကို ဘယ်သူ့ဆီ ပေးအပ်ရမလဲ ဆိုတာကို လုံးဝ လျှို့ဝှက်ထားရမှာပဲ...”
“ခင်ဗျားတို့ အားလုံးက သူရဲကောင်းကျိ ရဲ့ မိတ်ဆွေတွေ ဖြစ်လို့ ကျိုးကြောင်းဆင်ခြင်မှုအရ ကျွန်တော်က မလိမ်ညာသင့်ဘူး ဆိုပေမဲ့... အကယ်၍ ဒီလိုသာ စံနမူနာ တစ်ခု ဖြစ်သွားခဲ့မယ် ဆိုရင်... နောင်တစ်ချိန်မှာ ဘယ်သူကများ ဇီယန် အာမခံဌာန ကို ယုံယုံကြည်ကြည်နဲ့ အသုံးချတော့မှာလဲ... အဲဒါကြောင့် ခင်ဗျားတို့ အားလုံးကို နားလည်ပေးဖို့ ကျွန်တော် တောင်းဆိုပါရစေ”
“အတင့်ရဲလှချေလား”
ဒုန်း ခနဲ မြည်အောင် စားပွဲကို ရိုက်လိုက်ရင်း လူတစ်ယောက်က မတ်တတ်ရပ်လိုက်၏။
“မင်းကို အာမခံခေါင်းဆောင်ဆု လို့ ခေါ်တာက လေးစားလို့နော်... အခုတော့ တော်တော်လေး မောက်မာနေတာပဲ မဟုတ်လား... ငါတို့ စကားကိုလည်း နားမထောင်ဘူး... ဘာမှလည်း လုပ်ပေးလို့ မရဘူး ဆိုတော့... မင်းက ငါတို့ကိုများ အဖက်မလုပ်တာလား”
“ပါးစပ်ကို စောင့်စည်းစမ်း”
ယန်ရှောင်ယွင်က သူမ၏ နဂါးချောက်နက် တျန်ယွမ် လှံတံ ကို ချိန်ရွယ်လိုက်သော်လည်း ဆုမိုက သူမ၏ လက်ကို အသာအယာ ဆွဲတားလိုက်ပြီး ပြုံးလျက် စကားဆိုလိုက်၏။
“အစ်မယွင်... စိတ်မလိုက်ပါနဲ့ဦး... သိုင်းလောကထဲ သွားလာတဲ့အခါ ကျိုးကြောင်းဆင်ခြင်မှုနဲ့ပဲ နားချရတာပေါ့... အာမခံဌာန တစ်ခုကို ဦးစီးနေတာ ဖြစ်လို့ နေရာအနှံ့က မိတ်ဆွေတွေရဲ့ စေတနာတွေကို စားသုံးပြီး ရှင်သန်နေရတာလေ... အဲဒီလိုနဲ့မှ ဇီယန် အာမခံဌာန က ဒီနေ့လို ခမ်းနားတဲ့ အဆင့်ကို ရောက်ရှိလာတာပေါ့”
ယန်ရှောင်ယွင်က ဆုမိုကို မယုံကြည်နိုင်သလို လှမ်းကြည့်လိုက်မိ၏။
‘တည်းခိုခန်းထဲမှာတုန်းက နင့်ရဲ့ ရပ်တည်ချက်က ဒီလိုမျိုး မဟုတ်ပါဘူး’
သူမ စိတ်ထဲက တွေးနေမိသည်။
ထို့နောက် ဆုမိုက ပြုံးလျက်ပင် မေးမြန်းလိုက်ပြန်၏။
“ဒါနဲ့... ဒီလူကြီးမင်းရဲ့ ဂုဏ်အမည်ကို သိခွင့်ရမလား”
“ဟမ့်”
ထိုလူက လူအုပ်ကြီးကို တိုးဝှေ့ကာ ရှေ့သို့ တစ်လှမ်း တက်လာခဲ့သည်။ “ငါ့မျိုးရိုးက ဆန်... နာမည်က ဆန်ပေးအာပဲ... သိုင်းလောကမှာတော့ အာဏာရှင် လက်သီးရှင် လို့ လူသိများတယ်ဟေ့”
ယန်ရှောင်ယွင်မှာ မျက်မှောင်ကြုတ်ကာ စဉ်းစားသော်လည်း ဤအမည်ဖြင့် ကျော်ကြားသော သိုင်းလောကသား တစ်ဦးတစ်ယောက်မျှ ရှိနေသည်ကို သူမ သတိမပြုမိခဲ့ချေ။ သို့သော်ငြားလည်း ဆုမိုက ပြုံးလိုက်ရင်း ဆိုလာ၏။
“ဪ... လေးစားရတဲ့ ဆရာကြီးစန်း ကိုး... ခင်ဗျားရဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ... ဒါဆိုရင် အခု ဆရာကြီးစန်း ပြောတဲ့အတိုင်း ဆိုရင်... ဒီနေ့ ကိစ္စကို ဘယ်လို ဖြေရှင်းစေချင်တာလဲ”
“ဟားဟားဟားဟား”
ဆုမိုက ဤမျှလောက် ယဉ်ကျေးပျူငှာစွာနှင့် လေးစားသမှု ပြုသည်ကို မြင်ရသောအခါ စန်းပေ့အာ မှာ အလွန်တရာ ကြည်နူး ကျေနပ်သွားပြီး လူအများ၏ အသိအမှတ်ပြုမှုကို ခံစားလိုက်ရတော့သည်။
ယနေ့ ရလဒ်က ဘာပဲဖြစ်နေပါစေ၊ တုန်းဟွမ် ၏ နံပါတ်တစ် သိုင်းပညာရှင် ၏ လေးစားမှုကို ရရှိခြင်းက သူ၏ ဂုဏ်သတင်းကို ပိုမို တောက်ပြောင်စေမည်မှာ အမှန်ပင်။
ထို့နောက် ဆုမို၏ မေးခွန်းကို ကြားသောအခါ စန်းပေ့အာ က မဆိုင်းမတွပင် ပြန်လည် ဖြေကြားလိုက်တော့၏။
“ဒီပစ္စည်းကို ဒီမှာပဲ ချထားခဲ့ပြီး... အာမခံဌာနကိုသာ ပြန်လှည့်သွားလိုက်တော့”
“...ဆရာကြီးစန်း က ကျွန်တော် သယ်လာတဲ့ ပစ္စည်းကို အလိုရှိနေတာလား”
ဆုမိုက သူ၏ လက်ထဲရှိ သေတ္တာကို အသာအယာ မြှောက်ကြည့်လိုက်သည်။
စန်းပေ့အာ က ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်လေသည်။ ဆုမိုက အလွန်တရာ အခက်တွေ့နေဟန်ဖြင့် လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်၏။
“ဒါကို အားလုံးက သဘောတူကြတာလား...”
ဤစကားကြောင့် လူအုပ်ကြီးမှာ အနည်းငယ် တွေဝေသွားကြရတော့သည်။
အခြေအနေမှာ တစ်စုံတစ်ခု လွဲချော်နေသယောင် ရှိနေသည် မဟုတ်ပါလော။ ဆုမို၏ ဂုဏ်သတင်းက နေရာအနှံ့ ကျော်ကြားလှ၏။ ရွှမ်ကျီ တောင်ကြား တွင် ထိပ်တန်း အကြီးအကဲ သုံးဦးကို နှိမ်နင်းခဲ့ပြီး၊ ထျန်းချွီမြို့ တွင် ယူချွမ်ဂိုဏ်းချုပ် ကို သတ်ဖြတ်ကာ၊ လျူယင်မြို့ တွင်လည်း ထာဝရည မိစ္ဆာသခင် ကို လက်သီးဖြင့် အနိုင်ယူခဲ့သူ ဖြစ်လေသည်။
နောက်ပိုင်း အဖြစ်အပျက်များမှာ အနည်းငယ် ဝေဝါးနေသော်ငြားလည်း သူသည် ဤမျှလောက် အလွယ်တကူ အရှုံးပေးမည့် လူမျိုး မဟုတ်ကြောင်း သူတို့ သိရှိထားကြ၏။
သို့သော် ယခုအခါ ရှင်းလင်းစွာ မပြောသော်လည်း ဆုမို၏ အခက်တွေ့နေသော မျက်နှာထားက... အကယ်၍ သူတို့သာ သဘောတူမည် ဆိုပါက သူသည် ပစ္စည်းကို ချထားခဲ့ပြီး အာမခံဌာနသို့ တကယ် ပြန်သွားတော့မည့် အလားပင်။
တစ်ခဏအတွင်းမှာပင် တစ်စုံတစ်ခု လွဲချော်နေသည်ဟု ခံစားမိသော်ငြားလည်း လောဘတရားက သူတို့၏ အသိဉာဏ်ကို ဖုံးလွှမ်းသွားတော့၏။
ဒါက 'ကြယ်စင် ပင်လယ် ဥက္ကာပျံ သံမဏိ' မဟုတ်ပါလော။ ၎င်းကို ရရှိလျှင် နတ်လက်နက် တစ်ခုကို သွန်းလုပ်နိုင်မည် ဖြစ်၏။
အကယ်၍ ထိုလက်နက်က ရှေးဟောင်း 'ထျန်းရှား' ဓားကို မမီရင်တောင်မှ လူတစ်ယောက်ကို ချက်ချင်းပင် ထိပ်တန်း သိုင်းပညာရှင် တစ်ဦးအဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိသည် မဟုတ်ပါလား။
သိုင်းလောကတွင် ဂုဏ်သတင်း ကျော်ကြားရန် အတွက်... ဤဆွဲဆောင်မှုကို မည်သူကများ ငြင်းဆန်နိုင်ပါမည်နည်း။
ချက်ချင်းပင် လူတစ်ယောက် ရှေ့သို့ တိုးထွက်လာခဲ့၏။
“မှန်ပါတယ်... ခေါင်းဆောင်ဆု... ကျေးဇူးပြုပြီး ပစ္စည်းကို ဒီမှာပဲ ချထားခဲ့ပါ”
တစ်ယောက်က အစပျိုးလိုက်သည်နှင့် ကျန်ရှိနေသော လူအချို့လည်း လိုက်လံ ပြောဆိုလာကြတော့သည်။
ထိုအခိုက်အတန့်မှာ ဆုမိုသည် မျက်မှောင်ကို တင်းကြပ်စွာ ကြုတ်လိုက်ပြီး လူတစ်ဦးချင်းစီကို သေချာစွာ စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်တော့သည်။
“ဟူး…..ကောင်းပြီလေ... နေခင်းကြောင်တောင်ကြီးမှာ၊ ကောင်းကင်ပြာကြီး အောက်မှာ... သူရဲကောင်းကျိ က ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ အပ်နှံထားတဲ့ ပစ္စည်းကို... ခင်ဗျားတို့က အတင်းအကြပ် လုယူချင်နေကြတာပေါ့...”
“ခင်ဗျားတို့... တော်တော်လေး သတ္တိကောင်းကြတာပဲ... အာမခံပစ္စည်းကို လုဖို့အထိ ကြံစည်နေကြတာလား...”
“…”
ရှေ့ထွက်လာခဲ့ကြသော လူများမှာ မှင်သက် ထုံထိုင်းသွားကြရတော့၏။ ထိုအခိုက်အတန့်၌ သူတို့ မည်သို့ ပြန်လည် ပြောဆိုရမည်ကို မသိဘဲ ဖြစ်နေကြရသည်။
ယနေ့ ဤနေရာသို့ မလာမီမှာပင် ဆုမို၏ လက်ထဲမှ ပစ္စည်းကို မည်သို့ ပါးနပ်စွာ လုယူရမည် ဆိုသည်ကိုသာ သူတို့ စဉ်းစားခဲ့ကြသည် မဟုတ်ပါလော။
လုယူမည် ဆိုသော စကားလုံးကိုမူ မည်သူကမျှ အပြင်ထုတ် မပြောဝံ့ခဲ့ကြချေ။
--