← Chapters

အခန်း ၆၁၀

Vol. 41 Ch. 610

အခန်း ၆၁၀

Vol. 41 Ch. 610

အခန်း (၆၁၀) လက်ညှိုးတောက်ချက်၏ စွမ်းပကား

မြို့တော်ဝန် အိမ်တော် အတွင်း၌ ဖြစ်လေသည်။ မဟာမိတ်ခေါင်းဆောင်ကျန့် က လက်ဖက်ရည်ခွက်ကို လက်ထဲတွင် ဆုပ်ကိုင်ထားရင်း ခွက်အတွင်းရှိ လက်ဖက်ရွက်လေးများကို ညင်သာစွာ ခတ်ထုတ်နေ၏။

သူသည် လက်ဖက်ရည်ကို တစ်ငုံ သောက်ရန် ဟန်ပြင်ပြီးမှ စိတ်ပြောင်းသွားသည့်အလား ခွက်ကို စားပွဲပေါ်သို့ ပြန်လည် ချထားလိုက်ပြန်သည်။

ထို့နောက် သူ၏ ရှေ့တွင် ရိုသေစွာ ရပ်နေသော လက်အောက်ငယ်သားကို ကြည့်ကာ လွှတ်ခနဲ မေးလိုက်၏။

“သူက တကယ်ပဲ အဲဒီလို ပြောလိုက်တာလား”

“ဟုတ်ကဲ့ပါ ခင်ဗျာ... သူ အဲဒီ စကားတွေကို ပြောပြီးတာနဲ့ သူ့ဘေးက လူတွေကို ခေါ်ပြီး လှမ်းထွက်သွားပါပြီ... လမ်းမကြီးပေါ်မှာ ရှိနေတဲ့ သိုင်းသမား ရာနဲ့ချီ ရှိနေတာတောင် ကျင့်ကြံသူ တစ်ယောက်မှ သူ့လမ်းကို မပိတ်ရဲကြပါဘူး ”

ထိုသူသည် ခေါင်းကို အနည်းငယ် ငုံ့ထားပြီး မဟာမိတ်ခေါင်းဆောင်ကျန့် ၏ အကြည့်ကို မရင်ဆိုင်ရဲဘဲ ရှိနေလေ၏။

မဟာမိတ်ခေါင်းဆောင်ကျန့် က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

“သူက သူ့ရဲ့ ဩဇာအာဏာကို တည်ဆောက်ဖို့ ကြိုးစားနေတာပဲ... ရွှမ်ကျီ တောင်ကြား ကိစ္စကတည်းက သူ့ရဲ့ နာမည်က ဟိုးဟိုးကျော် သွားခဲ့တာလေ... တုန်းချန် ခရီးစဉ်ကတော့ သူ့ကို အထွတ်အထိပ် ရောက်သွားစေတာပေါ့... ဒါပေမဲ့ အထွတ်အထိပ်ကို ရောက်လာတာနဲ့အမျှ သံသယတွေကလည်း ဒွန်တွဲနေတတ်တာပဲ”

“မနေ့က ဝမ်တင်းရှန်း ရောက်လာတာက အစကတော့ ဇဝေဇဝါ ဖြစ်စရာပဲ... အခုမှပဲ ငါ သဘောပေါက်တော့တယ်... ဒါက ဒီကိစ္စအတွက်ပဲကိုး... ဝမ်အာဂို ဆိုတဲ့ ထူးဆန်းတဲ့ အထောက်အထားကို သုံးပြီး ဆုမို ကို စိန်ခေါ်ခိုင်းတာ... အကယ်၍ ဆုမို သာ သူ့ကို အထင်သေးပြီး သိုင်းကွက် အနည်းငယ်လောက် အပြန်အလှန် ဖလှယ်လိုက်မယ် ဆိုရင်... တုန်းဟွမ်ရဲ့ နံပါတ်တစ် ဆိုတဲ့ ဘွဲ့ထူးက ပိုပြီးတော့ မေးခွန်းထုတ်စရာ ဖြစ်လာမှာလေ”

“ကံဆိုးတာက ရွှီလု ဝင်ပါလိုက်တဲ့အတွက် ဝမ်တင်းရှန်း ရဲ့ အကွက်က အချည်းနှီး ဖြစ်သွားရတယ်... ဒီနေ့ ဆုမို ပြသလိုက်တဲ့ ဩဇာအာဏာ ကတော့ အောက်တန်းစား သိုင်းသမားတွေကို တော်တော်လေး ခြိမ်းခြောက်နိုင်သွားတာပေါ့... ဒီ ဆုမို ဆိုတဲ့ လူက... တကယ့်ကို သာမန် မဟုတ်ဘူး”

ရပ်နေသော လက်အောက်ငယ်သားက တစ်ခဏမျှ စဉ်းစားပြီးနောက် တိုးညင်းစွာ လျှောက်တင်လိုက်၏။

“မြို့တော်ဝန် က အမြော်အမြင် ကြီးမားလှပါတယ်... ဆုမို ရဲ့ သိုင်းပညာ အစွမ်းက တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလွန်းပါတယ် ခင်ဗျာ”

“ကြောက်မက်ဖွယ် ကောင်းတာလား”

မဟာမိတ်ခေါင်းဆောင်ကျန့် က သူ့ကို ကြည့်ပြီး ခေါင်းခါပြလိုက်၏။

“သူ အခုချိန်အထိ ပြသထားတာတွေက ကြောက်မက်ဖွယ် ကောင်းတယ် ဆိုတဲ့ အဆင့်ကို မရောက်သေးဘူး... သူ့ကို အထင်ကြီးစရာ ကောင်းစေတာက သူ့ရဲ့ စရိုက်နဲ့ ဗျူဟာတွေပဲ... ဒီလောက် ရှုပ်ထွေးနေတဲ့ အခြေအနေမှာတောင် သူက လိုရင်းကို ဖောက်ထွင်း သိမြင်နိုင်ပြီး ပြတ်သားတဲ့ လုပ်ရပ်တွေကို လုပ်နိုင်ခဲ့တယ်”

“အကယ်၍ သူသာ ဒီနေ့ ဩဇာ တည်ဆောက်ဖို့အတွက် လူမသတ်ခဲ့ဘူး ဆိုရင်... သူ့ရဲ့ ရှေ့ခရီးစဉ်က အခုထက် အဆပေါင်းများစွာ ပိုပြီး ခက်ခဲသွားမှာ အသေအချာပဲ”

ဤသို့ ပြောလိုက်ပြီးနောက် သူသည် မသိစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်မိ၏။ ဆုမို ၏ အမြင်အာရုံ နှင့် ဉာဏ်ရည် က ထူးကဲလွန်းလှသဖြင့် သူ၏ ရင်ထဲတွင် စိုးရိမ်စိတ် တချို့ ဝင်ရောက်လာရသည်။

မနေ့က သူ၏ လုပ်ရပ်များမှာ အလွန်အကျွံ ဖြစ်သွားခဲ့လေသလား။ အကယ်၍ ဆုမို တစ်ခုခုကို ရိပ်မိသွားလျှင် မနေ့ညက လာရောက် လည်ပတ်ခြင်းက တခြား ရည်ရွယ်ချက် ရှိနေနိုင်သလား။

သို့သော် တစ်ဖန် ပြန်လည် တွေးတောကြည့်လိုက်သောအခါ ထိုသို့ မဖြစ်နိုင်ဟု သူ ယူဆလိုက်ပြန်၏။

မိမိ၏ စုံစမ်းမှုများက အလွန်တရာ စေ့စပ် သေချာလှပေသည်။ ဆုမို နှင့် ဝေဇီယီ တို့ကြားတွင် ဝေရူဟန် က ဝင်ရောက် စွက်ဖက်ပြီး သူ၏ သမီးကို တုန်းဟွမ် နံပါတ်တစ် နှင့် လက်ထပ်ပေးရန် ကြိုးပမ်းနေသော်လည်း ဆုမို ဘက်ကမူ မည်သည့် လိုက်လျောမှုမျှ မပြုလုပ်ခဲ့ချေ။

ဆုမို ပြသထားသော ရပ်တည်ချက်မှာ ဝေဇီယီ နှင့် သူငယ်ချင်း ဖြစ်မှုအပေါ်တွင်သာ အခြေခံထားပြီး မည်သည့်အခါမျှ အကန့်အသတ်ကို ကျော်လွန်ခြင်း မရှိခဲ့ပေ။

ထိုအချက်ကြောင့်ပင် သူ၏ လုပ်ဆောင်ချက်များက ဝေရူဟန် နှင့် သူ့အကြား စိမ်းကားမှုကို ဖြစ်ပေါ်စေနိုင်သည်။ မနေ့ညက ဆုမို သည် ရှင်းလင်းစွာ ထုတ်ဖော် မပြောကြားခဲ့သော်လည်း သူ၏ အမူအရာက ဝေရူဟန် အပေါ် မကျေနပ်မှုကို ပြသနေခဲ့ပြီး ဖြစ်၏။

ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်လေသည်။ ၎င်းကို မြင်သောအခါ လက်အောက်ငယ်သားက တိုးညင်းစွာ မေးမြန်းလာ၏။

“မြို့တော်ဝန်... ကျွန်တော်တို့ ဘာဆက်လုပ်သင့်ပါသလဲ ခင်ဗျာ”

“ဟင်”

မဟာမိတ်ခေါင်းဆောင်ကျန့် က သူ့ကို တစ်ချက် ကြည့်ကာ အပြုံးသဲ့သဲ့လေးဖြင့် စကားဆိုလိုက်သည်။

“ကြယ်စင် ပင်လယ် ဥက္ကာပျံ သံမဏိ ဆိုတာလား... အဲဒါက ကောလဟာလ တစ်ခု သက်သက်ပါပဲ... အဲဒီအတွက်နဲ့ အသက်တွေ စတေးပြီး ရုန်းကန်နေကြတာက တကယ့်ကို သနားစရာ ကောင်းပြီး ရယ်စရာလည်း ကောင်းလှတယ်... မင်းကရော ဓားတစ်လက်၊ လက်နက် တစ်ခု ရှိရုံနဲ့ သိုင်းလောက ထိပ်သီးတွေ ကြားမှာ နာမည်ကျော် တစ်ယောက် ဖြစ်လာမယ်လို့ ထင်နေတာလား”

“မထင်ရဲပါဘူး ခင်ဗျာ”

ထိုသူက အလျင်အမြန် ခေါင်းခါယမ်းလိုက်၏။

“ဒါပေမဲ့...”

မဟာမိတ်ခေါင်းဆောင်ကျန့် က တစ်ဖန် ပြုံးလိုက်ပြန်သည်။

“လူအချို့ကို စုစည်းပြီး သူတို့ကြားထဲ ရောနှော လိုက်သွားပါ... ပြီးရင် အခွင့်အရေး ရတာနဲ့ တိုက်ခိုက်လိုက်ကြ... သူ့ရဲ့ ခရီးစဉ်ကို နှောင့်နှေးအောင် လုပ်နိုင်ရင် အမြဲတမ်း ကောင်းတာပဲလေ... တစ်စုံတစ်ယောက်က ရေနောက်တုန်း ငါးဖမ်းချင်နေတယ် ဆိုမှတော့... ငါတို့က ဒီရေကို ပိုပြီး နောက်သွားအောင် လုပ်ပေးရတာပေါ့”

“လက်အောက်ငယ်သား နားလည်ပါပြီ... ဒါဆို ခွင့်ပြုပါဦး ခင်ဗျာ”

“သွားတော့... လျှို့ဝှက်စွာ လုပ်ဆောင်ပါ... လူတွေ သေသွားနိုင်ပေမဲ့ မင်းတို့ရဲ့ အထောက်အထားကိုတော့ အသိမခံပါနဲ့”

“ဟုတ်ကဲ့ပါ”

ခန်းမဆောင် အတွင်းရှိ လူသည် ပြန်လည် ဖြေကြားပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့၏။ မဟာမိတ်ခေါင်းဆောင်ကျန့် က သူ၏ လက်ဖက်ရည်ခွက် အတွင်းရှိ လက်ဖက်ရွက် နှစ်ရွက်ကို စိုက်ကြည့်ရင်း အတွေးထဲတွင် နစ်မျောနေခဲ့သည်။

'တုန်းဟွမ်ရဲ့ နံပါတ်တစ် ဆိုတဲ့သူက... သွေးချောင်းစီး တိုက်ပွဲတွေနဲ့ ဆေးကြောမခံရဘူး ဆိုရင် ဘယ်သူက ယုံမှာလဲ... ဒါနဲ့ ငါ့ရဲ့ နောက်ထပ် ကစားကွက်က ဘာဖြစ်မလဲ...'

ကျင်းယန်မြို့ မှ ထွက်ခွာလာပြီးနောက် သူတို့သည် မြင်းများကို အနောက်ဘက်သို့ ဦးတည်ကာ ဒုန်းစိုင်း စီးနှင်လာခဲ့ကြ၏။ မြေပြင်မှ တုန်ခါနေသော အသံကြီးများနှင့်အတူ ကျန်းရှောင်ရှောင် ကလည်း မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်စွာ ပြေးလွှားနေလေသည်။

ဆုမို နှင့် သူ၏ အဖွဲ့သားများက ဝဖြိုးသော မိန်းကလေးကို နှိပ်စက်နေခြင်း မဟုတ်ပေ။ သူမ၏ ကိုယ်အလေးချိန်ကို မည်သည့် မြင်းကမျှ မသယ်ဆောင်နိုင်သောကြောင့်သာ ဖြစ်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ပေါင်းများစွာကို သူတို့ နောက်ချန်ထားခဲ့ပြီး ဖြစ်သည်။ ယန်ရှောင်ယွင် က အနောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် စကားဆိုလာ၏။

“ဘယ်သူမှ လိုက်မလာတော့ဘူး... လော့ဖုန်း မဟာမိတ်အဖွဲ့ က လူတွေလည်း မပါဘူးနော်”

ဆုမိုက ပြုံးလိုက်သည်။ “မဟာမိတ်ခေါင်းဆောင်ကျန့် ကတော့ ကျွန်တော် လူအများရှေ့မှာ အရှက်ကွဲမှာကို မြင်ချင်နေတာလေ... အကယ်၍ သူတို့က လိုက်လာချင်ရင်တောင် သူတို့ရဲ့ အထောက်အထားကို ဖုံးကွယ်ပြီး ရုပ်ဖျက်ပြီးမှသာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ ရဲကြလိမ့်မယ်”

“အဲဒါလည်း ဟုတ်တာပါပဲ”

ယန်ရှောင်ယွင် ကလည်း ထိုစကားကို ထောက်ခံသောအားဖြင့် ပြုံးလိုက်၏။

“ဒါပေမဲ့ ကျင်းယန်မြို့ကို ဖြတ်လာတာတောင် လော့ဖုန်း မဟာမိတ်အဖွဲ့ ရဲ့ ဆဋ္ဌမမြောက် မဟာမိတ်ခေါင်းဆောင် က ကိုယ်ထင်မပြတာ ထူးဆန်းတယ်နော်”

“အစ်မယွင်... ဘာလို့ သူ ကိုယ်ထင် မပြတာလဲ ဆိုတာကို ကျွန်တော့်ကို ပြောပြပါဦး”

“...သံသယ ကင်းအောင်လို့လား”

ယန်ရှောင်ယွင် က တစ်ခဏမျှ စဉ်းစားပြီးနောက် ဆက်လက် ပြောဆိုလိုက်၏။

“လက်ရှိ အခြေအနေကို ကြည့်ရင် မဟာမိတ်ခေါင်းဆောင်ကျန့် က ဝူတောက်ယို အပေါ် သစ္စာခံထားတဲ့ ပုံပဲ... ပြီးတော့ အပြင်ပန်းမှာတော့ နင်က သခင်မကြီးဝေ ရဲ့ နောက်ခံ မဟုတ်လား... ဒီအချိန်မှာ ဆဋ္ဌမမြောက် မဟာမိတ်ခေါင်းဆောင် သာ ကိုယ်ထင်ပြရင် အနေရခက်တဲ့ အခြေအနေ ဖြစ်သွားလိမ့်မယ်... လူတွေက သူ ဘယ်ဘက်က ရပ်တည်နေသလဲ ဆိုတာကို ထင်ကြေးပေးလာနိုင်ပြီး နောင်တစ်ချိန်မှာ ကျင်းယန်မြို့ အတွင်း သူ့ရဲ့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ခက်ခဲသွားစေနိုင်တယ်လေ”

“ဟားဟားဟား”

ဆုမိုက အားရပါးရ ရယ်လိုက်သည်။

“လော့ဖုန်း မဟာမိတ်အဖွဲ့ ရဲ့ လှည့်ကွက်တွေက ပေါ်လုနီးပါး ဖြစ်နေပြီ... ကန်ထဲက ရေတွေ အကုန် ခမ်းသွားတဲ့ အခါကျမှ... ဘယ်ငါးက ဆက်ပြီး ခုန်နေဦးမလဲ၊ ဘယ်လို ကျောက်တုံးတွေ ပေါ်လာမလဲ ဆိုတာ သိရမှာပေါ့...”

--

All Chapters