အခန်း ၆၁၁
Vol. 41 Ch. 611
အခန်း (၆၁၁) လက်ညှိုးတောက်ချက်၏ စွမ်းပကား (အပိုင်း ၂)
“ဒီကိစ္စကို အဘိုးကြီးဝေ က ကြားဝင် ဖြေရှင်းပေးနေပြီ ဆိုတော့... ကျွန်တော်
တို့ဘက်က သိပ်ပြီး စိတ်ပူနေစရာ မလိုတော့ဘူး... လုပ်သင့်လုပ်ထိုက်တာတွေလည်း အကုန် လုပ်ပြီးသွားပြီလေ... အားလုံးပဲ သတိနဲ့ အသင့်ပြင်ထားကြဦး... နောက်တစ်ခါ ဆုံမယ့် အခြေအနေကတော့ အခုလိုမျိုး အေးအေးဆေးဆေး ရှိမှာ မဟုတ်ဘူး”
ယန်ရှောင်ယွင် က ထိုစကားကို ကြားသောအခါ သဘောကျစွာ ခစ်ခနဲ ရယ်မောလိုက်တော့၏။
“နင်.. တုန်းချန် ကို သွားနေတဲ့ လအနည်းငယ် အတွင်းမှာ... ငါ့လက်တွေက တော်တော်လေး ယားနေတာလေ... အခုလို ပြောလိုက်တော့မှပဲ ပိုပြီးတောင် မျှော်လင့်မိသွားပြီ”
ဟူစန်းတောက် မှာမူ တိတ်ဆိတ်စွာပင် လိုက်ပါလာခဲ့၏။ သူ စဉ်းစားနေသည်မှာ ဆုမို အတွက် ပြဿနာ မဖန်တီးမိရန် သာလျှင်။
ကျန်းရှောင်ရှောင် ကမူ ခြေလှမ်းကျဲကြီးများဖြင့် ပြေးလွှားရင်း ဆုမို ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်လေသည်။
“သခင်... ဒီနေ့ နေ့လယ်စာ အတွက် ဘာတွေ စားကြမှာလဲ ဟင်”
ဆုမို ကမူ သူမ၏ မေးခွန်းကို ပြန်လည် ဖြေကြားရန်ပင် စိတ်မပါတော့ချေ။
ဤသို့ဖြင့် သူတို့၏ ခရီးစဉ်က ဆက်လက် စီးဆင်းနေပြီး မွန်းတည့်ချိန်သို့ နီးကပ်လာသော်လည်း ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက်နေဆဲပင်။
လမ်းမပေါ်တွင် သူတို့အဖွဲ့အပြင် တခြားသော လမ်းသွားလမ်းလာ အချို့လည်း ရှိနေသော်ငြားလည်း... အားလုံးက ကိုယ်စီ ရည်မှန်းချက်များဖြင့် အလျင်အမြန် သွားလာနေကြရာ မည်သည့် ပတ်သက်မှုမျှ မရှိခဲ့ချေ။
နေရောင်ခြည်က ဦးခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာတော့သည်။ ခေတ္တမျှ နားခိုရန် အရိပ်ကောင်းသော နေရာတစ်ခုကို ရှာဖွေရင်း လမ်းဘေးရှိ လက်ဖက်ရည်ဆိုင် တစ်ခုကို မြင်တွေ့လိုက်ရ၏။ ပူပြင်းလှသော ရာသီဥတုတွင် လက်ဖက်ရည်အေး ဟူသော ဆိုင်းဘုတ်မှာ လမ်းသွားလမ်းလာများ အတွက် ဆွဲဆောင်မှု တစ်ခုပင်။
ဆိုင်အပြင်ဘက်တွင် ရထားလုံး အများအပြား ရပ်နားထားပြီး အတွင်း၌လည်း လူများဖြင့် စည်ကားနေလေသည်။ ယန်ရှောင်ယွင် က ထိုရထားလုံးများကို တစ်ချက် အကဲခတ်လိုက်ရာ ရထားလုံး အချို့ပေါ်တွင် လွင့်ထူထားသော အလံများကို သတိပြုမိသွား၏။
လေထဲတွင် တဖျတ်ဖျတ် လွင့်နေသော အလံကြီးများပေါ်၌ ယန်ဝေ ဟူသော စာလုံးကို အထင်အရှား မြင်တွေ့ရပေသည်။
“ယန်ဝေ အာမခံဌာန လား...”
ယန်ရှောင်ယွင် က ဆုမိုကို အလေးအနက်ကြည့်လိုက်၏။ ဆုမို က ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။ မထင်မှတ်ဘဲ ယန်ဝေ အာမခံဌာန ၏ အဖွဲ့သားများနှင့် ဤနေရာတွင် ဆုံတွေ့ရခြင်းပင်။
ဆုမို တစ်ခဏမျှ စဉ်းစား တွေးတောလိုက်ပြီးနောက် ပြောဆိုလိုက်၏။
“လမ်းဘေးမှာ ဆုံမိတာပဲလေ... မျက်ကွယ်ပြုပြီး သွားလို့တော့ မကောင်းဘူး... ယန်ဝေ အာမခံဌာန က ဘယ်သူ ဦးဆောင်လာလဲ ဆိုတာကို သွားကြည့်ပြီး နှုတ်ဆက်လိုက်ကြရအောင်”
ယန်ရှောင်ယွင် ကလည်း ထိုစကားကို ထောက်ခံသောအားဖြင့် ခေါင်းညိတ်လိုက်လေသည်။
အကယ်၍ သူတို့သာ ရှောင်လွှဲသွားခဲ့မည် ဆိုပါက သိုင်းလောက အတွင်း၌ ပြောစရာ စကားများ ဖြစ်လာနိုင်သည် မဟုတ်ပါလော။ ယခင်က လော့ရှားမြို့ တွင် အာမခံဌာန ကြီး သုံးခု ရှိခဲ့သော်လည်း ယခုအခါတွင်မူ ယန်ဝေ အာမခံဌာန တစ်ခုသာ ကျန်ရှိတော့ပြီး ၎င်းမှာလည်း ဇီယန် အာမခံဌာန ၏ အရှိန်အဝါ အောက်တွင် မှေးမှိန်နေခဲ့ပြီ ဖြစ်၏။
အထူးသဖြင့် ဆုမို ၏ ဂုဏ်သတင်းက တုန်းဟွမ် တစ်ခွင် ကျော်ကြားလာပြီးနောက် ဇီယန် အာမခံဌာန ၏ အဆင့်အတန်းမှာ မည်သူမျှ မလိုက်နိုင်အောင် မြင့်မားသွားခဲ့လေပြီ။
ထိုအခြေအနေတွင် လမ်းခရီး၌ ဆုံတွေ့ပါလျက်နှင့် ကိုယ်ထင်မပြဘဲ ရှောင်ထွက်သွားမည် ဆိုပါက... “ဇီယန် အာမခံဌာန က အသုံးမကျဘူး၊ လမ်းမှာ ယန်ဝေ အာမခံဌာန နဲ့ ဆုံတာတောင် မျက်နှာမပြရဲဘူး” ဟူသော ကောလဟာလများ ထွက်ပေါ်လာမည်မှာ အသေအချာပင်။
ထို့ကြောင့် ယခုကဲ့သို့ ရှေ့ထွက် နှုတ်ဆက်ခြင်းမှာ ဆုမို အနေဖြင့် ရန်စလိုသော သဘော သို့မဟုတ် အနိုင်ကျင့်လိုသော သဘော မဟုတ်ဘဲ သိုင်းလောက၏ မလွဲမရှောင်သာသော ဓလေ့စရိုက် တစ်ခုသာ ဖြစ်ပေသည်။
စကားပြောနေစဉ်မှာပင် သူတို့အဖွဲ့မှာ လက်ဖက်ရည်ဆိုင် အပြင်ဘက်သို့ ရောက်ရှိသွား၏။ သူတို့၏ မြင်းများကို ချည်နှောင်နေစဉ်မှာပင် ဆိုင်အတွင်းရှိ လူများ၏ အကြည့်များက သူတို့ထံသို့ ကျရောက်လာတော့၏။
သို့သော် ဆုမို တို့အဖွဲ့တွင် မည်သည့် အလံမျှ ပါမလာသဖြင့် သူတို့ကို မှတ်မိသူ အလွန်တရာ နည်းပါးလှပေသည်။ တကယ်ပင် မမှတ်မိခြင်းလား သို့မဟုတ် မသိချင်ယောင် ဆောင်နေခြင်းလား ဆိုသည်ကိုမူ ယခုလောလောဆယ်တွင် ခွဲခြားရန် ခက်ခဲနေသေး၏။
ဆုမို က လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ထောင့်တစ်နေရာတွင် ထိုင်နေသော လူအချို့ကို သတိပြုမိလိုက်သည်။
ထိုသူမှာ ယန်ဝေ အာမခံဌာန ၏ သခင်လေး ကျောက်ဝမ်ဟောက် ပင် ဖြစ်လေသည်။
ကျောက်ဝမ်ဟောက် ကလည်း ဆုမိုကို မြင်သည်နှင့် တစ်ပြိုင်နက် နေရာမှ မတ်တတ်ထရပ်လိုက်တော့၏။
သူသည် ဆုမိုကို ချက်ချင်းပင် မှတ်မိသွားခြင်း ဖြစ်ပေသည်။ မြို့တစ်မြို့တည်းတွင် နေထိုင်ကြသူများ ဖြစ်သည့်အပြင် ဆုမို ၏ ဂုဏ်သတင်းက ကျောက်ဝမ်ဟောက် ထက် များစွာ ပိုမို ကြီးမားနေသည် မဟုတ်ပါလော။
ရွှမ်ကျီ တောင်ကြား တိုက်ပွဲ မတိုင်မီက ဖြစ်စေ၊ နောက်ပိုင်းတွင် ဖြစ်စေ... ဆုမို ၏ နာမည်က အမြဲတမ်း ထင်ရှားနေခဲ့သည်သာ။
ယခင်က အပျော်အပါး မက်သော သူဌေးသား တစ်ဦးအဖြစ် နာမည်ကျော်ခဲ့စဉ်က လူတိုင်းက သူ့ကို အတုမယူသင့်သော သူတစ်ဦးအဖြစ် ပြောဆိုခဲ့ကြသော်လည်း ယခုအခါတွင်မူ ထိပ်တန်း သိုင်းပညာရှင် တစ်ဦးအဖြစ် ကျော်ကြားလာခဲ့ရာ လူအများ၏ အားကျမှုကို ရရှိနေခဲ့ပြီ ဖြစ်၏။
ကျောက်ဝမ်ဟောက် သည် ဆုမိုနှင့် ယခင်က အကြိမ်အနည်းငယ် ဆုံဖူးသော်လည်း စကားတစ်ခွန်းမျှ မပြောဖူးခဲ့ချေ။
တစ်ဦးက ကောင်းကင် ကိုးထပ် ထက်တွင် ပျံသန်းနေသော နဂါးတစ်ကောင် ဖြစ်နေချိန်တွင် အခြားတစ်ဦးမှာမူ ရွှံ့နွံများကြားတွင် နေထိုင်လိုသော ပိုးကောင်လေး တစ်ကောင်သဖွယ် ဖြစ်နေခဲ့သည် မဟုတ်ပါလော။
သဘာဝကျကျပင် သူတို့ကြားတွင် ဆွေးနွေးစရာ အကြောင်းအရာ မရှိခဲ့ချေ။
နောက်ပိုင်းတွင် ဆုမို ၏ ဂုဏ်သတင်းက တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားသောအခါ ကျောက်ဝမ်ဟောက် အနေဖြင့် အံ့အားသင့်မိသော်လည်း များများစားစား မဝေဖန်ပေ။ မထင်မှတ်ဘဲ ယနေ့တွင် ဤလက်ဖက်ရည်ဆိုင်လေး အတွင်း၌ ဆုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
တစ်ခဏအတွင်း ကျောက်ဝမ်ဟောက်၏ ရင်ထဲ၌ ဖော်ပြ၍ မရနိုင်သော လေးလံမှု တစ်ခုကို ခံစားလိုက်ရတော့သည်။
ယခုအခါ ဇီယန် အာမခံဌာန က အစွမ်းကုန် ထွန်းကားနေချိန်တွင် ယန်ဝေ အာမခံဌာန မှာမူ အနောက်ဘက်သို့ ဦးတည်သော ဤလမ်းကြောင်းလေး တစ်ခုတည်းကိုသာ မနည်း ထိန်းသိမ်းထားရခြင်းပင်။
ဆုမို ကို ဤလမ်းပေါ်တွင် မြင်တွေ့လိုက်ရခြင်းက သူတို့၏ လမ်းကြောင်းကို ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်နေခြင်းများလား...။ သူသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီးနောက် လက်သီးဆုပ်မိုး၍ နှုတ်ဆက်လိုက်၏။
“အာမခံခေါင်းဆောင် ဆု...”
“သခင်လေးကျောက်...”
ဆုမို က ပြုံးလျက် ပြန်လည် နှုတ်ဆက်လိုက်သည်။
“အပြင်မှာ ယန်ဝေ အလံတွေကို မြင်တော့ တစ်ယောက်ယောက်နဲ့ ဆုံမလားလို့ တွေးနေတာ... မထင်မှတ်ဘဲ သခင်လေးကျောက် ကိုယ်တိုင် အဖွဲ့ကို ဦးဆောင်လာတာ တွေ့ရတာပဲ... မတွေ့ရတာ ကြာပြီ ဖြစ်ပေမဲ့ သခင်လေး ကတော့ အရင်လိုပဲ ခန့်ညားနေဆဲပါပဲလား... တကယ့်ကို လေးစားစရာပါပဲ”
ထိုစကားကို ကြားလိုက်ရသော အခါမှ ကျောက်ဝမ်ဟောက် တစ်ယောက် စိတ်အေးသွားရတော့သည်။
သူ အမှန်တကယ် ကြောက်ရွံ့နေသည်မှာ ဆုမို က သူ၏ လက်ရှိ ဂုဏ်သတင်းကို အသုံးပြုကာ ယန်ဝေ အာမခံဌာန ၏ မျက်နှာကို အရှက်ခွဲလာမည်ကိုပင်။ လမ်းခရီးတွင် တိုက်ဆိုင်စွာ ဆုံတွေ့ခြင်းက ပြဿနာ မဟုတ်သော်လည်း ဆုမို ဤလမ်းကြောင်းကို အသုံးပြုရခြင်း၏ ရည်ရွယ်ချက်ကိုမူ ခေတ္တမျှ ဘေးဖယ်ထားလိုက်ရ၏။
အကယ်၍ ဆုမို သာ သူ၏ လက်ရှိ အရှိန်အဝါဖြင့် ယန်ဝေ အာမခံဌာန ကို နှိမ်ချလိုပါက အလွန်တရာ ဒုက္ခရောက်ရပေလိမ့်မည်။
ယခုမူ ဆုမို က ယဉ်ကျေးပျူငှာစွာ စကားဆိုလာသဖြင့် ကျောက်ဝမ်ဟောက် ၏ မျက်နှာပေါ်တွင် ပြုံးရွှင်သော အမူအရာများ ပြန်လည် ပေါ်ပေါက်လာတော့သည်။
“အာမခံခေါင်းဆောင် ဆု က အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ... လမ်းမှာ အခုလို ဆုံရတာကလည်း တကယ့်ကို ကံကြမ္မာ ပါပဲ... အားမနာဘူး ဆိုရင် ဝင်ထိုင်ပြီး စကားပြောကြရအောင်လေ”
--