← Chapters

အခန်း ၆၁၂

Vol. 41 Ch. 612

အခန်း ၆၁၂

Vol. 41 Ch. 612

အခန်း (၆၁၂) လက်ညှိုးတောက်ချက်၏ စွမ်းပကား (အပိုင်း ၃)

“မဟုတ်တာ... မလုပ်ပါနဲ့ဗျာ...”

ဆုမိုက လက်ဝှေ့ယမ်းလိုက်ရင်း နေရာဖယ်ပေးရန် ပြင်နေကြသော အာမခံခေါင်းဆောင်များကို တားမြစ်လိုက်ပြီး ပြုံးလျက် ဆိုလိုက်၏။

“ကျွန်တော်က ဒီအတိုင်း ဖြတ်သွားရင်း ယန်ဝေ အလံကို မြင်တွေ့လို့ ဝင်ပြီး နှုတ်ဆက်တာပါ... ထပ်ပြီးတော့ မနှောင့်ယှက်တော့ပါဘူး... အေးအေးဆေးဆေးပဲ ဆက်ပြီး သုံးဆောင်ကြပါဦး...”

ကျောက်ဝမ်ဟောက်က ဆုမို ဘာကြောင့် လာရောက် နှုတ်ဆက်သလဲ ဆိုသည်ကို ချက်ချင်းပင် သဘောပေါက်သွားလေသည်။

သိုင်းလောက၏ ဤကဲ့သို့သော အခြေခံ စည်းမျဉ်းများကို လူတိုင်း နားလည်ထားကြသည် မဟုတ်ပါလော။ သူက ချက်ချင်း ပြုံးလိုက်ပြီး ပြန်လည် ပြောဆိုလိုက်၏။

“ကောင်းပါပြီ... ဒါဆိုရင်လည်း အာမခံခေါင်းဆောင် ဆုကို ကျွန်တော် ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး... နောင်တစ်ချိန် အားလပ်တဲ့အခါကျရင်တော့ ကိုယ်တိုင် လာရောက် ဂါရဝပြုပြီး ပညာယူပါဦးမယ်...”

“ကောင်းပါပြီ...”

လူတွေ ဆုံတွေ့ကြသည့်အခါတိုင်း တစ်ခုခု ဖြစ်နေရမည်ဟု မဆိုလိုပေ။ တစ်ဦးနှင့် တစ်ဦး နှုတ်ဆက်လိုက်ရုံ၊ ခေါင်းညိတ်ပြလိုက်ရုံနှင့်တင် လုံလောက်နေပြီ ဖြစ်၏။

ဆုမိုက သူ၏ အဖွဲ့သားများကို ဦးဆောင်ပြီး ထိုင်လိုက်သည်။ ကျန်းရှောင်ရှောင်ကတော့ ထုံးစံအတိုင်း စားပွဲအပြည့် ဟင်းပွဲများကို မှာယူရန် ပြင်နေတော့၏။

သို့သော် ဘေးနားမှ ယန်ရှောင်ယွင်က တားမြစ်လိုက်သဖြင့် သူတို့၏ ငွေအိတ်လေး သက်သာရာ ရသွားချေသည်။

ဆုမိုတို့ အဖွဲ့ ထိုင်ပြီးပြီးချင်းမှာပင် လူအချို့က နေရာမှ ထရပ်လိုက်ကြ၏။ စားပွဲပေါ်သို့ ငွေစအချို့ တင်ခဲ့ပြီးနောက် အလောတကြီး ထွက်ခွာသွားကြတော့သည်။

သူတို့ စားပွဲကို ကြည့်လိုက်သောအခါ ဟင်းပွဲများ ရောက်ခါစသာ ရှိသေးပြီး နှစ်ကိုက် သုံးကိုက်ထက် ပိုမစားရသေးကြောင်း တွေ့လိုက်ရ၏။ သူတို့ ဦးတည်သွားသည်မှာလည်း အနောက်ဘက်သို့ပင် ဖြစ်လေသည်။

ယန်ရှောင်ယွင်ကလည်း ထိုမြင်ကွင်းကို သတိထားမိသဖြင့် ဆုမိုကို လှမ်းကြည့်လိုက်ရာ ဆုမိုက စကားမပြောရန် ခေါင်းခါပြလိုက်လေ၏။ သူတို့ စားပွဲသို့ ဟင်းပွဲများ ရောက်လာချိန်တွင် ကျောက်ဝမ်ဟောက်တို့ အဖွဲ့မှာ စားသောက်ပြီးလုနီးပါး ဖြစ်နေပြီပင်။

ကျောက်ဝမ်ဟောက်က ငွေရှင်းချိန်တွင် ဆုမိုကို နှုတ်ဆက်ရန် မမေ့ခဲ့ချေ။ ထို့နောက် သူ၏ အဖွဲ့ကို ဦးဆောင်ကာ ရထားလုံးများဖြင့် ထွက်ခွာသွားတော့သည်။

ဟူစန်းတောက်က သူတို့ ထွက်ခွာသွားရာ လမ်းကြောင်းကို ကြည့်ပြီးမှ စကားဆိုလာ၏။

“ခေါင်းဆောင်... ရှေ့မှာ ကွမ်းယွဲ့တောင်တန်း ရှိတယ်... လမ်းဘေး ဝဲယာက မြင့်မားတဲ့အတွက် ချုံခိုတိုက်ခိုက်ဖို့ အကောင်းဆုံးပဲ... အကယ်၍ အာမခံပစ္စည်း ပါတဲ့သူတွေ ဖြတ်သွားမယ် ဆိုရင်တော့ တိုက်ခိုက်ခံရဖို့ သေချာသလောက် ရှိပါတယ်...”

ဆုမိုက ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။

“ခင်ဗျား ဒီဘက်မှာ အဆက်အသွယ် ရှိလား...”

ဟူစန်းတောက်က ခေါင်းကို ကုတ်လိုက်ရင်း ပြန်လည် ဖြေကြားလိုက်သည်။

“အရင်က ကွမ်းယွဲ့တောင်တန်းကို ဖြတ်သွားတုန်းက တိုက်ဝမ်ကျေးရွာက တတိယ ခေါင်းဆောင်နဲ့ သိကျွမ်းခဲ့ဖူးတယ်... ဒါပေမဲ့ အချိန်တွေ အများကြီး ကုန်သွားပြီဆိုတော့ ကျွန်တော့် မျက်နှာက အသုံးဝင်ပါဦးမလား မသိဘူး...”

“အသုံးဝင်ရင်တောင် အခုချိန်မှာတော့ အပိုပဲ ဖြစ်လိမ့်မယ်...”

ဆုမိုက ပြုံးလျက် ဆိုလိုက်၏။

“ခဏနေရင် အမြန်ဖြတ်ကြတာပေါ့... လမ်းမှာ တားထားတဲ့ ကြိုးတွေကို သတိထားကြဦး... ကျွန်တော်တို့ဆီမှာ ကုန်တင်လှည်းတွေ မပါတော့ သူတို့ မျက်စိကျမှာ မဟုတ်ဘူး... အကယ်၍ ပြဿနာ တက်လာခဲ့ရင်... ခင်ဗျားရဲ့ အရှိန်အဝါက မလုပ်နိုင်လို့ သူတို့က ရန်စလာမယ် ဆိုရင်တော့... တိုက်ပြီး ထွက်ကြတာပေါ့... ကိစ္စပြီးရင်တော့ တိုက်ဝမ်ကျေးရွာကို ကျွန်တော်ကိုယ်တိုင် ပြန်လာပြီး အမြစ်ဖြတ် ရှင်းလင်းပေးမယ်...”

ဟူစန်းတောက်၏ ရင်ထဲ၌ အေးစိမ့်သွားရတော့၏။

သူသည် ဆုမို၏ စရိုက်ကို ယခုမှပင် အပြည့်အဝ နားလည်သွားခဲ့လေပြီ။

ဆုမိုက သူတစ်ပါးအပေါ် ကြင်နာသည့် အခါတွင်မူ တကယ့်ကို လူကောင်းတစ်ယောက်ပင်။ မည်သူ့ကိုမဆို အပြုံးဖြင့် ဆက်ဆံတတ်ပြီး မောက်မာမှု တစ်စက်မျှ မရှိချေ။

အရင်က တုန်းချန်တွင် ဆုမို၏ ပျူငှာသည့် အမူအရာကို မြင်ခဲ့စဉ်က ဟူစန်းတောက် အမှန်တကယ်ပင် စိတ်လှုပ်ရှားခဲ့ရသည် မဟုတ်ပါလော။

ယခုမူ သူ သဘောပေါက်လိုက်ပြီ ဖြစ်၏။ တစ်ကြိမ်တစ်ခါ ပဋိပက္ခ ဖြစ်ပြီး သတ်ဖြတ်လိုစိတ် ဝင်လာပြီ ဆိုပါက အာမခံခေါင်းဆောင် ဆုမိုက အမြစ်ပါ မကျန်အောင် ရှင်းလင်းတတ်သည့် လူစားမျိုးပင်။

အရင်က သူ လမ်းပိတ်ပြီး ဆုမိုနှင့် သိုင်းကွက် ဖလှယ်ချင်ခဲ့သည်ကို ပြန်လည် စဉ်းစားမိရင်း သူ ကျောချမ်းသွားရ၏။

‘အဲဒီတုန်းကသာ သူ ဇွတ်အတင်း လုပ်ခဲ့လျှင် အခုချိန်မှာ ငါ့သင်္ချိုင်းက မြက်တွေတောင် ရှည်နေလောက်ပြီ’

ဟူစန်းတောက် ဘာမှ ဆက်မတွေးတော့ဘဲ ထမင်းကိုသာ အာရုံစိုက် စားလိုက်တော့သည်။

စားသောက်ပြီးနောက်တွင်မူ ကျန်းရှောင်ရှောင်က လွဲ၍ လူတိုင်း ကျေနပ်သွားကြ၏။

သူတို့ ..ငွေ ရှင်းပြီး အနောက်ဘက်သို့ ဆက်လက် ခရီးထွက်လာခဲ့ကြသည်။

မကြာမီမှာပင် ကွမ်းယွဲ့တောင်တန်းသို့ ရောက်ရှိလာပြီး မြင်းများကို အရှိန်တင် စီးနှင်လာစဉ်မှာပင် ဆုမိုက ရုတ်တရက် သတိပေးလိုက်တော့၏။

“ရှေ့မှာ တိုက်ပွဲ ဖြစ်နေတယ်... အားလုံး သတိထားကြ...”

သိုင်းလောကတွင် တိုက်ပွဲများမှာ နေရာတိုင်း ဖြစ်နေတတ်သည်မှာ ဓမ္မတာပင်။

သို့သော် ယခု သူတို့ဆီမှာ ကြီးမားသော ပြဿနာတွေ ပါလာခဲ့ပြီ မဟုတ်ပါလော။

အစောက ဆိုင်ထဲမှာ လူအချို့ အလောတကြီး ထွက်သွားတာကလည်း ထူးဆန်းနေခဲ့သည်ပဲ။ ဒါက မလွဲမရှောင်သာဘဲ သံသယ ဝင်စရာ ဖြစ်နေစေ၏။

သိုင်းလောကက သာမန် တိုက်ပွဲတွေအား ကြောက်စရာ မလို သော်ငြား

ထိုတိုက်ပွဲတွေက ကိုယ့်ကို ပစ်မှတ်ထားသည့် လှည့်ကွက်တွေ ဖြစ်နေမှာကိုသာ စိုးရိမ်ရပါသည်။

ဆုမိုက စကားဆုံးသည်နှင့် အရှေ့ဆုံးမှ ဦးဆောင်လိုက်သည်။

သူက အမြင်အာရုံကို အစွမ်းကုန် အသုံးချပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

ခဏအကြာတွင် အဖွဲ့သားအားလုံး ရောက်ရှိလာကြ၏။

အရှေ့သို့ မျှော်ကြည့်လိုက်ချိန်တွင် ဆုမို တစ်ယောက် အံ့အားသင့်သွားရလေသည်။

တိုက်ပွဲ ဖြစ်နေသည့် လူများမှာ အခြားသူများ မဟုတ်ဘဲ ယန်ဝေ အာမခံဌာနမှ ကျောက်ဝမ်ဟောက်နှင့် နာမည်မသိ လူမိုက်အုပ်စု တစ်စုပဲ ဖြစ်နေတော့၏။

လမ်းကျဉ်းလေး၏ ဘေးဘက်တွင်မူ နောက်ထပ် လူသုံးယောက်က ရပ်ကြည့်နေကြပြီး လက်ညှိုးထိုး ဝေဖန်နေကြ၏။

ရုတ်တရက် သူတို့ထဲမှ တစ်ယောက်က လျှို့ဝှက် လက်နက်တစ်ခုကို ပစ်လွှတ်လိုက်သည်။

နာကျင်စွာ အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာပြီး အသည်းအသန် တိုက်ခိုက်နေသည့် အာမခံ အဖွဲ့မှူး တစ်ယောက်၏ မျက်လုံးထဲသို့ မြှားတို တစ်စင်း စိုက်ဝင်သွား၏။ သွေးများက ပါးပြင်ပေါ် စီးကျလာပြီး နာကျင်မှုကို အောင့်အီးနေစဉ်မှာပင် ဓားသွားများက သူ့ဆီ တိုးဝင်လာတော့သည်။

သူက မတတ်သာဘဲ ဓားတစ်ချက်ကို ကာကွယ်လိုက်နိုင်သော်လည်း အချည်းနှီးသာ။ သူ၏ အခြား လက်မောင်း တစ်ဖက်မှာတော့ တိခနဲ ပြတ်တောက်သွားပြီး သွေးများ ပန်းထွက်လာတော့၏။

“တာဝန်ခံကျိုး...”

ကျောက်ဝမ်ဟောက်က မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။

အတိအကျ ထိုအခိုက်အတန့်မှာပင် ဆုမိုတို့ အဖွဲ့ ရောက်ရှိလာခဲ့ခြင်း ဖြစ်လေ၏။

မြင်းခွာသံများကို ကြားလိုက်ရသဖြင့် ကျောက်ဝမ်ဟောက် လှည့်ကြည့်လိုက်ရာ ဆုမိုတို့ကို မြင်တွေ့လိုက်ရသည်။

သူ၏ မျက်ဝန်းထဲတွင် အသက်ရှင်သန်လိုသည့် မျှော်လင့်ချက် အလင်းတန်းလေး တစ်ခု ဝင်းလက်သွားပြီး ကျယ်လောင်စွာ အော်ဟစ် အကူအညီ တောင်းလိုက်တော့၏။

“အာမခံခေါင်းဆောင် ဆု... ကျွန်တော်တို့ကို ကယ်ပါဦးဗျာ...”

သူ အော်လိုက်ပေမဲ့ ရင်ထဲမှာတော့ မျှော်လင့်ချက် သိပ်မရှိလှချေ။

မိမိတို့က တွေ့ဖူးရုံ သက်သက်သာ ဖြစ်ပြီး စီးပွားရေး ပြိုင်ဘက်တွေလည်း ဖြစ်နေသည် မဟုတ်ပါလော။

အကယ်၍ ဆုမိုက ကူညီခဲ့လျှင်တော့ ဒါဟာ သူ့၏ ကြီးမြတ်သည့် သဘောထားကြောင့် ဖြစ်ပေလိမ့်မည်။ အကယ်၍ မကူညီဘဲ နေခဲ့လျှင်လည်း ဘယ်သူကမှ အပြစ်တင်နိုင်မှာ မဟုတ်ပါလေ။

ယခုတော့ သူတို့၏ အသက်က ဆုမို၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်နေတော့၏။

သို့သော် ထိုအခိုက်အတန့်မှာပင် ဓားရိပ်များကြားမှ အေးစိမ့်သည့် အလင်းတန်း သုံးခုက ဆုမိုဆီသို့ တိုးဝင်လာနေသည်။

သူတို့က ဆုမို၏ နားထင်၊ လည်ချောင်းနှင့် ရင်ဘတ်ကို ပစ်မှတ်ထားထားခြင်း ဖြစ်၏။

ဆုမို၏ မျက်နှာ အမူအရာက အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိချေ။ သူ၏ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ မဟာနေမင်း ဖြန့်ကျက်လက်ဝါး ဖြင့် မြှားတို သုံးစင်းလုံးကို ကျွမ်းကျင်စွာ ဖမ်းဆုပ်လိုက်တော့သည်။

သူက လျှို့ဝှက် လက်နက် အသုံးပြုခြင်းကို မကျွမ်းကျင်ပေမဲ့ မြှားတို တစ်စင်းကို လက်ချောင်းများကြားတွင် ညှပ်လိုက်ပြီး ချက်ချင်းပင် တောက်ထုတ်လိုက်သည်။

“ဝီ…”

သံမဏိ မြှားတိုက လေထုကို ဆွဲဖြဲပြီး ကြယ်ကြွေသလို၊ မိုးကြိုးပစ်သလို အရှိန်ဖြင့် လူအုပ်ကြားထဲသို့ တိုးဝင်သွားတော့၏။

ပထမဆုံး လူက သူ၏ လက်နက်ဖြင့် ကာကွယ်ရန် ကြိုးစားသော်လည်း လက်ကိုပင် မမြှောက်နိုင်သေးမီ မြှားတိုက သူ၏ နှလုံးသားကို ဖောက်ထွင်းသွားလေပြီ။

မြှားတို၏ အရှိန်က ရပ်တန့်မသွားဘဲ နောက်ထပ် လူအချို့ကို ဆက်တိုက် ဖောက်ထွင်းသွားပြီးမှ တောအုပ်ထဲသို့ လွင့်စင်သွားတော့၏။ သစ်ပင် တစ်ပင်ကို ဖောက်ထွက်သွားပြီးနောက် အခြား သစ်ပင် တစ်ပင်တွင် သွားရောက် စိုက်ဝင်သွားခဲ့သည်။

ယန်ဝေ အာမခံဌာနမှ လူများရော၊ လူမိုက်များရော၊ ဘေးမှ လူထူးဆန်း သုံးယောက်ရော၊ နောက်ဆုံး ဆုမို အနောက်မှ ဟူစန်းတောက်ပါ လက်ချောင်း တစ်ချက် တောက်လိုက်ရုံဖြင့် ပြသလိုက်သည့် စွမ်းအားကြောင့် ပင့်သက်ရှိုက်မိသွားကြရတော့သည်။

ဒါဟာ နတ်ဘုရားတွေရဲ့ သိုင်းပညာများလား... ဒါကြောင့်ပဲ သူက တုန်းဟွမ်မှာ ပြိုင်ဘက်ကင်း ဖြစ်နေရတာလား...။

--

All Chapters