← Chapters

အခန်း ၆၁၃

Vol. 41 Ch. 613

အခန်း ၆၁၃

Vol. 41 Ch. 613

အခန်း (၆၁၃) - ဒီအတိုင်း မေးကြည့်တာပါ

တစ်ခဏအတွင်းမှာတင် တစ်လောကလုံး တိတ်ဆိတ်အေးစက်သွားတော့၏။ လုယက်ရန် ရောက်ရှိလာကြသော လူမိုက်များရော၊ ယန်ဝေအာမခံဌာနမှ လူများပါ အလိုအလျောက်ပင် လက်နက်ကိုယ်စီ ချလိုက်ကြပြီး လှုပ်ရှားမှုမှန်သမျှ ရပ်တန့်သွားကြရသည်။

ဒဏ်ရာရထားသော လူအချို့ထံမှ နာကျင်စွာ အော်ဟစ်ညည်းတွားသံများသာ ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်နေ၏။ လက်မောင်းတစ်ဖက် ပြတ်တောက်သွားခဲ့သော တာဝန်ခံကျိုးသည် သတ္တိခဲတစ်ဦး ပီသပေသည်။

သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး အာမခံလှည်းကို အားပြုမှီကာ သွေးတိတ်စေရန် မိမိ၏ သွေးကြောကွက်ကို ဖိနှိပ်လိုက်၏။ ကျန်ရှိနေသော မျက်လုံးတစ်ဖက်ကမူ အခြေအနေအရပ်ရပ်ကို အကဲခတ်နေလေသည်။

“ကောင်းတယ်... တကယ့်ကို ပြောင်မြောက်တဲ့ အတတ်ပညာပဲ”

တိတ်ဆိတ်မှုကို ပထမဆုံး စတင်ဖြိုခွင်းလိုက်သူမှာ ဘေးတစ်ဖက်တွင် ရပ်ကြည့်နေသော လူသုံးဦးပင် ဖြစ်၏။ ထိုသူသုံးဦး၏ ပုံရိပ်များမှာ ဝေဝါးသွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် အခင်းဖြစ်ပွားရာ ဗဟိုချက်မသို့ ရောက်ရှိလာကြသည်။

ထိုသူတို့၏ လှုပ်ရှားမှုကြောင့် ယန်ဝေအာမခံဌာနမှ လူများမှာ ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ အလွန်တရာ သတိကြီးစွာ ထားလိုက်ကြသလို၊ လုယက်ရန် လာရောက်သူ လူမိုက်များမှာလည်း အထူးပင် နိုးနိုးကြားကြား ရှိနေကြတော့၏။ ကျောက်ဝမ်ဟောက်မှာမူ တစ်ခဏမျှ မှင်သက် ထုံထိုင်းသွားရသည်။ ဤလူသုံးဦးမှာ လူမိုက်များနှင့် တစ်ဖွဲ့တည်းဟု သူက ထင်မှတ်ထားခဲ့သော်လည်း အခုတော့ ထိုသို့ မဟုတ်မှန်း သိသာနေပေပြီ။

သူသည် အလိုအလျောက်ပင် ဆုမိုကို လှမ်းကြည့်လိုက်မိ၏။ ထိုစဉ် ဆုမို၏ ရယ်မောသံကို ကြားလိုက်ရလေသည်။

“ခင်ဗျားတို့ သုံးယောက်က... ကျုပ်ဆီကို လာကြတာလား”

“အတိအကျပါပဲ”

ထိုလူသုံးဦးမှာ ထူးခြားသော အသွင်အပြင်ကိုယ်စီ ရှိကြ၏။ လျှို့ဝှက်လက်နက်ကို ပစ်လွှတ်ခဲ့သူမှာ အနက်ရောင် ဝတ်ရုံရှည်ကြီးကို လေလုံအောင် ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ အခြားတစ်ဦးမှာမူ ဆံပင်နှင့် မုတ်ဆိတ်ဖြူများဖြင့် ခါးကုန်းကုန်း၊ ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦး ဖြစ်၏။ သူသည် ပါးစပ်ကို နားရွက်တက်ချိတ်မတတ် ဖြဲကာ ရယ်မောနေပြီး အသက်အရွယ်နှင့်မလိုက်အောင် ခိုင်မာနေသေးသော သွားဝါကြီးများကို ထုတ်ပြနေလေသည်။

နောက်ဆုံးတစ်ဦးမှာမူ လူငယ်လေးတစ်ဦး ဖြစ်၏။ ကြည့်ရသည်မှာ ဆယ်ကျော်သက်အရွယ်သာ ရှိဦးမည်ဖြစ်ပြီး မျက်နှာတွင် ကလေးဆန်သော အမူအရာများ ရှိနေဆဲပင်။ သူသည် ဇီးသီး သကြားလုံးတုတ်ချောင်းကို အားရပါးရ စားရင်း နှုတ်ခမ်းကို လျှာဖြင့် သပ်နေလေ၏။

ယခုတစ်ကြိမ် စကားပြောဆိုသူမှာ လူလတ်ပိုင်း အမျိုးသားပင် ဖြစ်ပြီး သူက ပြုံးလျက် ဆိုလာသည်။

“အာမခံခေါင်းဆောင်ဆု အနောက်ဘက်ကို ခရီးထွက်လာတယ်လို့ ကျွန်တော်တို့ ကြားထားပါတယ်... ဒီဘက်တစ်ကြောမှာ ချုံခိုတိုက်ခိုက်ဖို့ အကောင်းဆုံးနေရာကတော့ ကွမ်းယွဲ့တောင်တန်းကလွဲလို့ တခြားမရှိဘူးလေ”

“ဒါပေမဲ့ ဒီကွမ်းယွဲ့တောင်တန်းထဲမှာ ဒီလောက် ဇာတ်လမ်းတွေ အဆက်မပြတ် ခင်းနေလိမ့်မယ်လို့တော့ ကျွန်တော်တို့ မထင်ထားခဲ့ဘူးဗျာ”

“ကျွန်တော့်ညီအစ်ကိုတွေက အာမခံပစ္စည်း လုယက်ပြီး အသက်မွေးတဲ့သူတွေ မဟုတ်ပေမဲ့... မထင်မှတ်ဘဲ ရလာမယ့် လာဘ်လာဘမျိုးကိုတော့ ငြင်းလေ့မရှိကြဘူးလေ”

ထိုစကားကို ကြားသောအခါ ကျောက်ဝမ်ဟောက်၏ မျက်နှာမှာ ဒေါသကြောင့် ညိုမည်းသွားတော့၏။

“မင်းတို့လို လူယုတ်မာတွေက... မင်းတို့...”

သို့သော် သူသည် စကားဆက်ရန် စကားလုံး ရှာမတွေ့တော့ချေ။ အာမခံခရီးစဉ် ထွက်လာသည်နှင့်တစ်ပြိုင်နက် ဘေးအန္တရာယ်များကို ရင်ဆိုင်ရန် အသင့်ပြင်ထားရမည်သာ။ အခု သူတို့နှင့် ဆုံတွေ့ရခြင်းမှာ မိမိတို့၏ အစွမ်းအစ မလုံလောက်သောကြောင့်သာ ဖြစ်၏။ သူတို့ကို ရက်စက်သည်ဟု အပြစ်တင်နေ၍ ဘာထူးမည်နည်း။

ရန်သူများက အာမခံပစ္စည်းကို လုယက်ရန် ဆုံးဖြတ်ထားပြီးမှတော့ ၎င်းမှာ အသေအလဲ တိုက်ပွဲတစ်ခုသာ ဖြစ်ပေလိမ့်မည်။ တစ်ဖက်လူက အင်အားကြီးလွန်းသည်ဟု မကျေမနပ် ဖြစ်နေမည့်အစား မိမိကိုယ်ကိုယ်သာ အားနည်းလွန်းသည်ဟု အပြစ်တင်ခြင်းက ပို၍ ယုတ္တိရှိသည် မဟုတ်ပါလော။

“ဒီကလေးက ပါးစပ်ကို ဘယ်လို စောင့်စည်းရမလဲဆိုတာ မသိသေးဘူးပဲ... ရိုက်ပစ်မှ ရတော့မယ်”

လူလတ်ပိုင်း အမျိုးသား၏ စကားအဆုံးတွင် “ဝှစ်...” ဟူသော အသံနှင့်အတူ မြှားတိုတစ်စင်းသည် ကျောက်ဝမ်ဟောက်ဆီသို့ တည့်တည့်မတ်မတ် ပျံသန်းလာတော့၏။

ကျောက်ဝမ်ဟောက်၏ သိုင်းပညာမှာ သူ၏ မိသားစု အမွေအနှစ်များပင် ဖြစ်သည်။ ယခင်က ယန်ဝေအာမခံဌာန၏ ခေါင်းဆောင် ကျောက်ယုံချန်သည် “ပျံလွှားမြွေ ကိုးသွယ် အသွင်ပြောင်းသိုင်း” ဖြင့် အာမခံဌာန၏ အခြေအမြစ်ကို ခိုင်မာအောင် တည်ဆောက်ခဲ့သူ ဖြစ်၏။

သဘာဝကျကျပင် ထိုပညာရပ်များကို ကျောက်ဝမ်ဟောက်က ဆက်ခံထားပေသည်။ မြှားတို ပျံသန်းလာသည်ကို မြင်သောအခါ သူ၏ လက်ထဲရှိ “ကိုးဆစ်နှင်တံ” မှာ နတ်မြွေတစ်ကောင်အလား လေထဲသို့ မြောက်တက်သွား၏။ သူသည် နှင်တံကို ရုတ်တရက် ဝေ့ယမ်းလိုက်ရာ မြှားတို အနားမရောက်မီမှာပင် နှင်တံဖြင့် ရစ်ပတ်မိသွားတော့သည်။

သူသည် ထိုမြှားတိုကို တိုက်ခိုက်သူထံသို့ လက်ဆောင်အဖြစ် ပြန်လည် ပစ်လွှတ်ရန် ဟန်ပြင်လိုက်သော်လည်း နောက်ထပ် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သွေးများ အေးစိမ့်သွားရ၏။

ဒုတိယမြောက် မြှားတိုတစ်စင်းသည် သူ လုံးဝ မသိလိုက်ဘဲ သူ၏ မျက်နှာရှေ့သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်၌ သူ၏ ကိုယ်နေဟန်ထားက အားကုန် ထုတ်ထားပြီးဖြစ်ရာ ဤကဲ့သို့ ရုတ်တရက် ရောက်လာသော ဒုတိယမြောက် မြှားတိုကို ကာကွယ်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။ သူသည် ထိတ်လန့်သွားရုံတင်မကဘဲ ဤဒုက္ခ မြှားတိုက မည်သည့်အချိန်မှာ ထွက်ပေါ်လာသနည်း ဟူသည်ကိုလည်း အံ့ဩမဆုံး ဖြစ်နေရသည်။

သို့သော် ဤကိစ္စများကို စဉ်းစားနေရန် အချိန်မရှိတော့ချေ။ ထိုစဉ် အလင်းတန်းတစ်ခု ဝင်းလက်သွားပြီး သူ၏ နားထဲတွင် “ထန်း...” ဟူသော သတ္တုချင်း ထိခိုက်သံကို ကြားလိုက်ရ၏။ တဆက်တည်းမှာပင် လေထုကို ဆွဲဖြဲသွားသော စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာပြန်သည်။

ကျောက်ဝမ်ဟောက်၏ မျက်နှာဆီသို့ ဦးတည်နေသော မြှားတိုမှာ အခြားသော မြှားတိုတစ်စင်း၏ ကြားဖြတ် တိုက်ခိုက်မှုကို ခံလိုက်ရခြင်းပင်။

“သခင်လေး...”

ဤအခိုက်အတန့်ကျမှ အာမခံသိုင်းသမားများနှင့် အစောင့်အရှောက်များမှာ သတိဝင်လာကြပြီး ကျောက်ဝမ်ဟောက်၏ အရှေ့တွင် အလျင်အမြန် ကာကွယ်လိုက်ကြ၏။

ကျောက်ဝမ်ဟောက်သည် မျက်မှောင်ကို တင်းကြပ်စွာ ကြုတ်လိုက်ပြီး လူတိုင်းကို တည်ငြိမ်ရန် ပြောလိုက်သည်။

ထို့နောက် လက်သီးဆုပ်မိုးကာ ဆုမိုကို ကျေးဇူးတင်စကား ဆိုလိုက်၏။

“ကျေးဇူးတင်ပါတယ်... ခေါင်းဆောင်ဆု”

ကျောက်ဝမ်ဟောက်၏ အသက်ကို လက်ညှိုးတောက်သိုင်းဖြင့် ကယ်တင်လိုက်သူမှာ အခြားသူမဟုတ်ဘဲ ဆုမိုပင် ဖြစ်လေသည်။

ဆုမိုကမူ ဘာမှ မဟုတ်သကဲ့သို့ ပြုံးလိုက်ပြီး သူ၏ လက်ထဲရှိ မြှားတိုဖြင့်သာ အသာအယာ ကစားနေ၏။

ကျောက်ဝမ်ဟောက်မှာမူ မျက်နှာထားကို တည်တင်းလိုက်ပြီး ထိုလူသုံးဦးဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။

“မင်းတို့.. ဘယ်သူတွေလဲ.. အမှန်တိုင်း ပြောစမ်း”

သူတို့၏ လျှို့ဝှက်လက်နက် အတတ်ပညာမှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှသော်လည်း ယခု သိုင်းကွက် နှစ်ကွက်ကမူ ဘာမှ သိပ်မထူးခြားလှသေးချေ။ တစ်နည်းအားဖြင့် ပြောရလျှင် သူတို့၏ အစစ်အမှန် စွမ်းရည်များကို ထုတ်မပြရသေးခြင်းပင်။

ထို့ကြောင့် ကျောက်ဝမ်ဟောက်အနေဖြင့် သူတို့၏ ဇာစ်မြစ်ကို အတိအကျ မသိနိုင်သော်လည်း သူ၏ ရင်ထဲတွင်မူ လေးလံမှုကို ခံစားနေရဆဲ ဖြစ်၏။ သူတို့၏ စွမ်းရည်အစစ်အမှန်ကို မထုတ်သုံးရသေးခင်မှာပင် ဤမျှ စွမ်းအားရှိနေပြီဆိုလျှင်။ အကယ်၍ သူတို့သာ အစွမ်းကုန် ကြိုးစားလာပါက မည်မျှအထိ ကြောက်စရာ ကောင်းနေလိမ့်မည်နည်း။

ဤလူတစ်စုက ဘာကြောင့် ဆုမိုဆီကို ရုတ်တရက် ရောက်လာကြတာလဲ။ သူတို့ တကယ် ဘာကို လိုချင်နေတာလဲ။

“ကလေးလေး... မင်းက ငါတို့ရဲ့ နာမည်ကို သိဖို့အတွက် အဆင့်မမီသေးဘူး”

လူလတ်ပိုင်း အမျိုးသားက အေးစက်စွာ ဆိုလိုက်၏။

“မင်းကို သိုင်းလောကထဲမှာ သွားလာတဲ့အခါ ပိုပြီး ပါးနပ်လာအောင်၊ ဘေးဒုက္ခဆိုတာ ပါးစပ်ကနေ လာတတ်တယ်ဆိုတာကို သင်ခန်းစာပေးတဲ့အနေနဲ့ နားတစ်ဖက်ကို ဖြတ်ယူမလို့ပဲ... ဒါပေမဲ့ ခေါင်းဆောင်ဆု က ကြားဝင်စွက်ဖက်လိုက်တော့လည်း ဒီနားတစ်ဖက်ကို မင်းရဲ့ ခေါင်းပေါ်မှာ ခဏလောက် ထပ်ထားပေးလိုက်ပါဦးမယ်”

ဤသို့ ပြောပြီးနောက် သူသည် ဆုမိုဘက်သို့ အာရုံပြောင်းလိုက်ပြီး ပြုံးလျက် ဆို၏။

“ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ ခေါင်းဆောင်ဆု... သိုင်းလောကထဲမှာ ကိုယ့်နေရာကိုယ် မသိတဲ့ လူငယ်လေးတွေ အမြဲရှိနေတတ်တာမို့ သူတို့ကို နည်းနည်းလောက် ဆုံးမပေးဖို့ လိုအပ်လို့ပါ”

“အို... အဲ့လိုလား...”

ဆုမိုက သူ၏ မျက်လုံးများကို အနည်းငယ် မှေးလိုက်သည်။

“သခင်လေးကျောက်က သိုင်းလောကရဲ့ ရာထူးအဆင့်အတန်းအရ ကျုပ်နဲ့ အဆင့်တူပဲလေ...ခင်ဗျားက အဲဒီလို ပြောလိုက်တော့... ကျုပ်ကိုပါ သင်ခန်းစာ ပေးချင်နေတဲ့ သဘောလား”

“ဒါပေါ့ဗျာ... မဟုတ်ရပါဘူး”

လူလတ်ပိုင်း အမျိုးသားက အားရပါးရ ရယ်မောလိုက်၏။

“ကျွန်တော်တို့ ညီအစ်ကိုတွေက ခေါင်းဆောင်ဆုကို ဒီနေရာမှာ စောင့်နေကြတာက... ကိုယ့်ကိုယ်ကိုယ် အသက်ကြီးတယ်လို့ ယူဆပြီး ဟန်ကိုယ်ဖို့ လာလုပ်နေတာ မဟုတ်ပါဘူး”

“ဘာပဲဖြစ်ဖြစ်... တုန်းဟွမ် တစ်ခွင်လုံးမှာတောင် ခေါင်းဆောင်ဆုရဲ့ ရှေ့မှာ မောက်မာရဲတဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ”

“ခင်ဗျားတို့ သုံးယောက်က ဒီကို လာတာ ဘာကို လိုချင်နေမှန်း ကျုပ်.. အခုထိ မသိသေးဘူး... သိသွားအောင်လို့ ခင်ဗျားတို့ရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းသာ ပြောပြလိုက်ပါတော့လား”

--

All Chapters