အခန်း ၆၁၄
Vol. 41 Ch. 614
အခန်း (၆၁၄) - ဒီအတိုင်း မေးကြည့်တာပါ (အပိုင်း ၂)
“ကောင်းပြီလေ”
လူလတ်ပိုင်း အမျိုးသားက ပြုံးလျက် ဆိုလိုက်၏။
“ကျွန်တော်တို့ ညီအစ်ကိုတွေ ကြားထားတာကတော့ အာမခံခေါင်းဆောင်ဆု ဆီမှာ အလွန်တရာ တန်ဖိုးကြီးတဲ့ ရတနာတစ်ခု ပါလာတယ် ဆိုတာပါပဲ”
“ဒါကြောင့်ပဲ အမြင်မကျယ်ဘဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ လူမိုက်တွေရဲ့ လောဘကို ဆွဲဆောင်မိသလို ဖြစ်နေတာပေါ့။ ဒီနေ့ ကျွန်တော်တို့ ဒီမှာ လာပိတ်ဆို့နေရတာက ခေါင်းဆောင်ဆု ကို ကိစ္စတစ်ခုလောက် သဘောတူခိုင်းချင်လို့ပါ”
“ပြောပြပါဦး”
“ကျွန်တော်တို့ သုံးယောက်လုံး ဇီယန် အာမခံဌာန ထဲကို ဝင်ချင်ပါတယ်။ ခေါင်းဆောင်ဆု ရဲ့ လက်အောက်မှာ တပည့်တွေအဖြစ် ခစားပြီး အမိန့်တော်တွေကို နာခံချင်လို့ပါ။ ဒါကို ခေါင်းဆောင်ဆု အနေနဲ့ သဘောတူပေးဖို့ မျှော်လင့်ပါတယ်”
စကားအဆုံးတွင် သူတို့ သုံးဦးစလုံးသည် မြေပြင်ပေါ်သို့ “ဘုန်း” ခနဲ မြည်အောင် ဒူးထောက်ချလိုက်ကြ၏။ ထိပ်တန်း သိုင်းပညာရှင်များ ပိုင်ဆိုင်သင့်သည့် မာန်မာနနှင့် သိက္ခာတရားများ လုံးဝ မရှိတော့သကဲ့သို့ပင်။
ဒါတင် မကသေးဘဲ သူတို့သည် မြေပြင်ကို ဦးခေါင်းဖြင့် သုံးကြိမ်တိုင်တိုင် ဆက်တိုက် ဆောင့်၍ အလေးပြုလိုက်ကြသေး၏။ ထွက်ပေါ်လာသော အသံများမှာ အလွန်ပင် ကျယ်လောင်လှပေသည်။
ဦးတိုက် အလေးပြုပြီးနောက် သူတို့သည် ဆုမိုကို မော့ကြည့်လိုက်ကြပြီး လက်သီးဆုပ်မိုးလျက် တပြိုင်နက် ဟစ်အော်လိုက်ကြတော့၏။
“ခေါင်းဆောင်ကြီးကို ဂါရဝပြုပါတယ် ခင်ဗျာ”
ကျောက်ဝမ်ဟောက်နှင့် အခြားသူများမှာမူ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။ ဤကဲ့သို့သော သိုင်းပညာရှင်များက ဘာကြောင့် ဤမျှလွယ်လွယ်ကူကူ အညံခံ ဂါရဝပြုကြသနည်း။
တုန်းဟွမ် ၏ ထိပ်တန်း သိုင်းပညာရှင် ဆိုသည့် ဂုဏ်သတင်းကြောင့်ပဲ ကျိုးနွံသွားကြခြင်းလော။
တစ်ဖက်တွင်မူ လုယက်ရန် လာရောက်သည့် လူမိုက်များမှာ သူတို့ကိုယ်သူတို့ အဖက်လုပ်မခံရသလို ခံစားနေကြရ၏။ သို့သော် ယနေ့ မြင်ကွင်းမှာ သူတို့ မျှော်လင့်ထားသလို မဟုတ်တော့ချေ။
လူမိုက်ခေါင်းဆောင်မှာ မည်သူမျှ သတိမထားမိခင် တိတ်တဆိတ် ဆုတ်ခွာသွားရမလားဟုပင် စဉ်းစားနေပြီ ဖြစ်၏။
ဤလူသုံးဦး စတင် ပေါ်လာစဉ်က မည်သည့် အသံမျှ မထွက်ခဲ့ချေ။
ဘယ်သူကမှလည်း သူတို့ကို အလေးအနက် မထားခဲ့ကြပါ။
သို့သော် လူလတ်ပိုင်း အမျိုးသား၏ လျှို့ဝှက်လက်နက် ပစ်လွှတ်မှု နှစ်ကြိမ်ကမူ တကယ့်ကို အံ့မခန်း ဖြစ်ခဲ့ရသည် မဟုတ်ပါလော။
သို့တိုင် တကယ့် သေမင်းတံခါးဝကတော့ ဆုမို ပင်။
သူ၏ လက်ညှိုးတောက်ချက်မှ ထွက်ပေါ်လာသော စွမ်းအားမှာ ကျောချမ်းစရာ ကောင်းလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သည်နေရာမှာ ဆက်နေလျှင်တော့ ဒုက္ခလှလှ တွေ့တော့မည်မှာ အမှန်ပင်။
လူမိုက်ခေါင်းဆောင်… ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ရှိနေသူ အများစု၏ အာရုံမှာ ဆုမိုနှင့် ထိုလူသုံးဦးထံတွင် ရောက်နေသော်လည်း သူတို့ကို သေချာ စိုက်ကြည့်နေသည့် လူတစ်ယောက် ရှိနေသေး၏။
ထိုသူမှာ အခြားသူ မဟုတ်ဘဲ ယန်ဝေ အာမခံဌာန မှ တာဝန်ခံကျိုး ပင် ဖြစ်လေသည်။
သိသာလှသည်မှာ သူတို့သာ ယခုအချိန်တွင် ထွက်ပြေးရန် ကြိုးစားပါက တာဝန်ခံကျိုးက သဘောတူမည် မဟုတ်ချေ။
သူသည် သက်ပြင်းတစ်ချက်ကိုသာ ချလိုက်ပြီး အခြေအနေများ မည်သို့ ဆက်ဖြစ်မည်ကို စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်တော့၏။
သို့သော် အခြေအနေများ၏ အလှည့်အပြောင်းမှာ မျှော်လင့်ထားသည်ထက် ပိုမို လျင်မြန်လှပေသည်။
ဆုမိုက အားရပါးရ ရယ်မောလိုက်၏။
“ကျုပ်ရဲ့ ဇီယန် အာမခံဌာန က သေးငယ်ပါတယ်... ဒါပေမဲ့ အထဲကို ဝင်လာမယ့်သူတွေကတော့ ကောက်ကျစ် စဉ်းလဲတဲ့ စိတ်ဓာတ်မျိုး ရှိနေလို့ မဖြစ်ဘူးလေ...”
“ဒါဆိုရင် ခေါင်းဆောင်ဆု က သဘောမတူဘူးပေါ့ ဟုတ်လား”
လူလတ်ပိုင်း အမျိုးသားက ဆုမိုကို စူးစိုက်ကြည့်လိုက်၏။
“ဒါပေမဲ့ ကျွန်တော်တို့က ဒူးထောက် ဦးတိုက်ပြီးပြီလေ။ အကယ်၍ ခေါင်းဆောင်ဆု က လက်မခံဘူး ဆိုရင်တော့... ကျွန်တော်တို့ ဒူးထောက် အလေးပြုခဲ့တာတွေကို အနည်းဆုံးတော့ ပြန်ပေးရမှာပေါ့”
ယန်ရှောင်ယွင် က ထိုစကားကို ကြားသောအခါ ဒေါသတကြီး ရယ်မောလိုက်တော့၏။
“နင်တို့ဘာသာ နင်တို့ ဒူးထောက်တာလေ... ဘယ်သူက အတင်းခိုင်းလို့လဲ။ နင်တို့ဘာသာ နင်တို့ ဦးတိုက်တာလေ... ဘယ်သူက နင်တို့ ခေါင်းကို အတင်းဖိထားလို့လဲ”
“အခုမှ လာပြီး ပြန်ပေးရမယ် ဆိုတော့... ဒါက ဘယ်လို ကိုယ်ပိုင် ယုတ္တိဗေဒမျိုးလဲ”
“အစ်မယွင်... အစ်မ ပြောတာ မှားနေတယ်”
ဆုမိုက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
“သူတို့က ကျိုးကြောင်းဆင်ခြင်မှု လာလုပ်နေကြတာ မဟုတ်ဘူး”
“ဒါဆို သူတို့ ဘာလုပ်ချင်နေတာလဲ”
“သူတို့က... အာမခံပစ္စည်းကို လုဖို့ လာကြတာပဲ”
ထိုအခိုက်အတန့်၌ ဆုမို၏ ပုံရိပ်က ထိုလူသုံးဦးထံသို့ လျှပ်တစ်ပြက် တိုးဝင်သွားလေတော့၏။
သူ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထိုလူသုံးဦးမှာလည်း ကြိုတင် ပြင်ဆင်ထားသည့်အတိုင်း လှုပ်ရှားလိုက်ကြသည်။ အဘိုးအိုမှာ ကိုယ်ကို ရုတ်တရက် လှည့်ပတ်လိုက်ပြီး မြေကြီးထဲသို့ ငုပ်လျှိုး ပျောက်ကွယ်သွားတော့၏။
သူရှိနေခဲ့သည့် နေရာတွင် ကျင်းကြီး တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
လူငယ်လေးမှာလည်း ထိုကျင်းထဲသို့ ခေါင်းစိုက်ကာ လျင်မြန်စွာ ငုပ်လျှိုးသွားပြန်၏။
ယခုမူ လူလတ်ပိုင်း အမျိုးသား တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ သူ၏ ဝတ်ရုံကြီးက လေထဲသို့ ပျံတက်သွားပြီးနောက် အတွင်းမှ မရေမတွက်နိုင်သော မြှားတိုများစွာ ထွက်ပေါ်လာတော့၏။
အတွင်းအားများ၏ တွန်းကန်မှုကြောင့် ကောင်းကင်ယံ တစ်ခုလုံးတွင် ကြယ်ပွင့်များ ပြည့်နှက်သွားသည့်အလား မြှားတိုများက ဝင်းလက်သွားကြသည်။
၎င်းတို့က ဆုမိုကိုသာမက သူ၏ အနောက်ရှိ ယန်ရှောင်ယွင် နှင့် အခြားသူများကိုပါ ပစ်မှတ်ထားထားခြင်း ဖြစ်၏။
ဤလှုပ်ရှားမှုမှာ ဆုမိုကို တွန့်ဆုတ်သွားစေရန်နှင့် အကာအကွယ် လုပ်နေရသဖြင့် ရှေ့ဆက် မတိုက်နိုင်အောင် ပိတ်ဆို့ရန် ရည်ရွယ်ထားခြင်းပင်။
သို့သော်ငြားလည်း ဆုမို ၌ တွေဝေမှု အလျဉ်း မရှိခဲ့ချေ။ လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် လျှို့ဝှက်လက်နက် တစ်ဒါဇင်ကျော်ကို အလွယ်တကူပင် ဖမ်းဆုပ်လိုက်တော့၏။
သို့သော်လည်း ကျန်ရှိနေသော မြှားတို ဒါဇင်ပေါင်းများစွာမှာမူ သူ၏ ဘေးမှနေ၍ ယန်ရှောင်ယွင် နှင့် အခြားသူများဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားကြလေသည်။
ယန်ရှောင်ယွင် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ နဂါးဟိန်းသံ တစ်ခု ပဲ့တင်ထပ်သွား၏။
သူမ၏ လှံဖျားမှ နဂါးပုံသဏ္ဌာန် ချီ အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။ မိုးပြာနဂါး အရပ်ရှစ်မျက်နှာ လျှပ်စီးလှံသိုင်း ကို လျင်မြန်စွာ လှည့်ပတ်လိုက်ရာ အနားသို့ ချဉ်းကပ်လာသော မြှားတိုများမှာ သူမ၏ လှံဖျားနောက်သို့ အလိုအလျောက်ပင် လိုက်ပါသွားကြရတော့၏။ လေထဲ၌ နဂါးပုံသဏ္ဌာန် ချီများနှင့်အတူ မြှားတိုများမှာ လမ်းကြောင်း ပြောင်းသွားပြီး အဝေးသို့ ပြန်လည် ပစ်လွှတ်ခြင်း ခံလိုက်ရလေပြီ။
နာကျင်စွာ အော်ဟစ်သံများမှာ အဆက်မပြတ် ထွက်ပေါ်လာတော့၏။
ရှေ့တိုးရမလား၊ နောက်ဆုတ်ရမလား မသိဘဲ ရပ်ကြည့်နေကြသော လုယက်သူ လူမိုက်များမှာသာ ကံဆိုးမိုးမှောင် ကျကုန်ကြခြင်းပင်။
ယန်ရှောင်ယွင် သည် လေလွင့်ပြုန်းတီးမှု မရှိစေရ ဆိုသည့် မူဝါဒအတိုင်း ထိုမြှားတို အားလုံးကို လူမိုက်များထံသို့သာ ပြန်လည် ပေးပို့လိုက်ရာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိခိုက် သေဆုံးမှု များပြားသွားတော့သည်။
ကျောက်ဝမ်ဟောက်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများ ပြာဝေသွားရ၏။
‘ဒီမိန်းကလေးရဲ့ သိုင်းပညာက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ အံ့ဩစရာ ကောင်းလောက်အောင် တိုးတက်သွားရတာလဲ’
တကယ်တော့ သူနှင့် ယန်ရှောင်ယွင် မှာ ဆုမို ထက်ပင် ပိုမို ရင်းနှီးကြသည်ဟု ဆိုနိုင်ပေသည်။ အပြန်အလှန် စကားပြောဖူးသည့် အကြိမ်ပေါင်းလည်း မနည်းလှချေ။
အဓိက အကြောင်းရင်းမှာ ယခင်က ယန်ရှောင်ယွင် သည် လော့ရှားမြို့ ရှိ လူငယ်မျိုးဆက်များကို လှည့်လည် စိန်ခေါ်ခဲ့ခြင်းကြောင့်ပင် ဖြစ်၏။ ကျောက်ဝမ်ဟောက် မှာလည်း လော့ရှားမြို့ ၏ ထင်ရှားသော လူငယ် တစ်ဦးဖြစ်ရာ ယန်ရှောင်ယွင် ၏ 'စိန်ခေါ်မှု' ကို အကြိမ်ကြိမ် ခံခဲ့ရသည်မှာ မလွဲမရှောင်သာပင်။
ထို့ကြောင့် သူတို့၏ ပတ်သက်မှုတွင် ကျောက်ဝမ်ဟောက် ပြောလေ့ရှိသော စကားများမှာ "ကျေးဇူးပြုပြီး သင်ပြပေးပါ"၊ "ထပ်မရိုက်ပါနဲ့တော့"၊ "သတ်ချင်ရင်လည်း သတ်လိုက်ပါတော့" ဆိုသည့် စကားမျိုးများသာ ဖြစ်ခဲ့လေသည်။
သို့ရာတွင် ယန်ရှောင်ယွင် တစ်ယောက် သိုင်းလောက ထဲသို့ အာမခံခရီးစဉ်များ စတင် ထွက်ခွာသွားချိန်တွင်မူ လော့ရှားမြို့ ရှိ သခင်လေးများ အားလုံး စိတ်သက်သာရာ ရသွားကြရတော့၏။
လှပသော်လည်း ရက်စက် ကြမ်းကြုတ်လှသည့်၊ နဂါးချောက်နက် တျန်ယွမ် လှံတံ ကို ကိုင်ပြီး တွေ့သမျှလူကို လိုက်ရိုက်နေသည့် ဤမိန်းမကြီးနှင့် ထပ်မံ မတွေ့ဆုံရတော့သဖြင့် တော်သေးသည်ဟုသာ တွေးမိကြသည်။
ထို့ကြောင့်ပင် ယနေ့ ယန်ရှောင်ယွင် ကို မြင်လိုက်ရသောအခါ သူသည် မမြင်ချင်ယောင် ဆောင်နေခဲ့ခြင်း ဖြစ်၏။
အဓိက အကြောင်းရင်းမှာ ယခင်အတိုင်း ယန်ရှောင်ယွင် က သူမ၏ နဂါးချောက်နက် တျန်ယွမ် လှံတံ ကို ဆွဲထုတ်ကာ စကားတစ်ခွန်းမှ မပြောရသေးခင် သူ့ကို ရက်ရက်စက်စက် လာရိုက်မည်ကို ကြောက်ရွံ့နေသောကြောင့်ပင်။ ထိုသို့သာ ဖြစ်လာလျှင် သူ မည်သည့်နေရာတွင်မှ ကျိုးကြောင်းဆင်ဖြင်မှု သွားလုပ်နိုင်တော့မည် မဟုတ်ချေ။
သို့သော်လည်း ယနေ့ မြင်ကွင်းအရ ဆိုလျှင် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ယန်ရှောင်ယွင် သည် လော့ရှားမြို့ ရှိ လူငယ်များကို စိန်ခေါ်ခြင်း မပြုတော့ခြင်းမှာ အကြောင်းရှိနေခဲ့ပြီ ဖြစ်၏။
--