အခန်း ၆၁၅
Vol. 41 Ch. 615
အခန်း (၆၁၅) - ဒီအတိုင်း မေးကြည့်တာပါ (အပိုင်း ၃)
ငြိမ်းသတ်ခြင်း ခံထားရသော သူတို့ ရင်ထဲမှ မျှော်လင့်ချက် မီးတောက်များမှာ တဖြည်းဖြည်းချင်း ပြန်လည် တောက်လောင် လာလေ၏။ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း သူတို့ အားလုံးသည် ထူးကဲသော တိုးတက်မှုများ ရရှိထားသည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည် နေကြသဖြင့် အကယ်၍ ယန်ရှောင်ယွင် နှင့် ပြန်လည် ယှဉ်ပြိုင် တိုက်ခိုက်မည် ဆိုပါက ရလဒ်မှာ မည်သို့ ဖြစ်မည်နည်း ဟု တွေးတော နေမိကြခြင်း ပင်။
ကျောက်ဝမ်ဟောက် ပင်လျှင် သူ၏ သိက္ခာကို ပြန်လည် ဆယ်ယူရန် စိတ်ကူး ရှိနေခဲ့၏။ သို့သော်ငြားလည်း ယခုအခါ ယန်ရှောင်ယွင် ၏ တိုက်ခိုက်မှုများကို မြင်တွေ့ လိုက်ရသော အခါတွင်မူ သူမ၏ သိုင်းပညာမှာ လွန်ခဲ့သော နှစ်များစွာ ကထက် သိသိသာသာ သာလွန် နေခဲ့ပြီ ဖြစ်ကြောင်း သဘောပေါက် သွားတော့သည်။
သူမ၏ တိုးတက်မှု နှုန်းမှာ မှန်းဆ၍ ပင် မရနိုင်လောက်အောင် လျင်မြန် လွန်းလှ၏။ အကယ်၍ သူတို့သာ လော့ရှားမြို့ မှ သခင်လေးများ ကို ဆက်လက် ဒုက္ခပေး နေမည် ဆိုလျှင် သူတို့၏ မိဘများက ခြေထောက် နောက်ထပ် တစ်စုံ ပိုပေးလျှင် တောင်မှ ဤမိန်းမကြီး ၏ တိုက်ခိုက်မှုများကို ခံနိုင်ရည် ရှိကြမည် မဟုတ်ချေ။
သူမက တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှသည့် မိန်းမသား ပင်။ ဤသည်ကို တွေးတော ရင်း ကျောက်ဝမ်ဟောက် တစ်ယောက် ဆုမိုကိုပင် အတိုင်းမသိ ကျေးဇူးတင် နေမိတော့၏။ ဤလောကကြီး တွင် အာမခံခေါင်းဆောင် ဆုမို တစ်ဦးတည်း သာလျှင် ဤမိန်းမသားကို ထိန်းချုပ် နိုင်လိမ့်မည် မဟုတ်ပါလော။
သူ စဉ်းစား နေစဉ်မှာပင် သူ၏ အကြည့်များက ဆုမို ရှိရာ ဘက်သို့ ရောက်ရှိ သွားတော့သည်။ လူလတ်ပိုင်း အမျိုးသား ထံမှ ထွက်ပေါ် လာသော မရေမတွက် နိုင်သည့် ကြယ်စင် အလင်းတန်း များကြားမှ ထိုလူသည် ကောင်းကင်ယံ သို့ ဒုန်းစိုင်း ပျံတက် သွားလေ၏။
လေထဲတွင် ရှိနေစဉ် သူ၏ လက်များမှာ အလွန် လျင်မြန်စွာ လှုပ်ရှား လာပြီး ကျွမ်းကျင် လှသော နည်းစနစ်များဖြင့် လျှို့ဝှက် လက်နက်များကို ပစ်လွှတ် လိုက်ရာ မြင်ကွင်းမှာ အရိပ်များ ထပ်နေသကဲ့သို့ ပင် ရှိနေတော့သည်။ တစ်ခဏ အတွင်းမှာပင် ကောင်းကင် တစ်ခွင်၌ ပျံသန်း နေသော ကြယ်ပွင့်များ အလား မြှားတိုများမှာ မဆုံးနိုင်သော မြစ်တစ်စင်း ကဲ့သို့ ဆုမို ဆီသို့ တရစပ် ပြေးဝင် လာလေ၏။
၎င်းကို မြင်သောအခါ ကျောက်ဝမ်ဟောက် တစ်ယောက် ရုတ်တရက် အကြံရ သွားပြီး ကျယ်လောင်စွာ အော်ဟစ် သတိပေး လိုက်တော့သည်။
“ခေါင်းဆောင်ဆု... ခြေလှမ်းကို သတိထားပါ... ဒီလူ သုံးယောက်က...”
သူ စကား မဆုံးမီ မှာပင် မြေအောက် မှ လက်များ ထွက်ပေါ် လာပြီး ဆုမို ၏ ခြေကျင်းဝတ် များကို လှမ်း၍ ဖမ်းဆုပ် ရန် ကြိုးပမ်း လာတော့၏။
ခေါင်းလောင်း မြည်သံ ကဲ့သို့ နက်ရှိုင်း လှသော အသံ တစ်ခု ထွက်ပေါ် လာပြီး ဆုမို ကမူ ကောင်းကင် တစ်ခွင် လွှမ်းခြုံ နေသည့် မြှားတို များကို လျစ်လျူ ရှုလိုက်၏။
သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည် တွင် (၁၂) ဆင့် ရွှေခေါင်းလောင်း ကျင့်စဉ် ၏ အရှိန်အဝါ များက ရုတ်ချည်း ဖုံးလွှမ်း သွားလေသည်။ ထိုအခိုက်..ဆုမို.. ကိုယ်ကို ကိုင်းညွှတ် လိုက်ပြီး အောက်ဘက် မှ ထွက်ပေါ် လာသော လက်များကို အမိအရ ဖမ်းဆုပ် လိုက်တော့၏။
“ထွက်ခဲ့စမ်း”
တိုးညင်းသော ဟိန်းဟောက် သံနှင့်အတူ ပြင်းထန်စွာ ဆွဲတင် လိုက်ရာ မြေအောက် တွင် ပုန်းကွယ် နေသော အဘိုးအိုမှာ ဆုမို ၏ အတင်းအကြပ် ဆွဲထုတ်ခြင်း ကို ခံလိုက် ရလေသည်။ သူ၏ ခြေဖဝါး အောက်ရှိ မြေသားများ ပျော့ပြောင်း သွားချိန်တွင် ဆုမိုကမူ လှည့်ကြည့် ပင် မကြည့်ဘဲ ထိုအဘိုးအို ကို လေထဲရှိ လူလတ်ပိုင်း အမျိုးသား ထံသို့ တည့်တည့်မတ်မတ် လွှတ်တင် ပစ်လိုက်၏။
လူလတ်ပိုင်း အမျိုးသား ၏ မြှားတိုများမှာ တရစပ် ပစ်လွှတ် နေဆဲ ဖြစ်ရာ ဤမြင်ကွင်းကို မြင်လိုက် ရသော အခါတွင်မူ သူ၏ ဝတ်ရုံကြီးကို အလျင်အမြန် လှည့်ပတ် လိုက်ရတော့သည်။ မျက်တောင် တစ်ခတ် အတွင်းမှာပင် ပျံသန်း နေသော မြှားတိုများမှာ ရုတ်ချည်း ရပ်တန့် သွားခဲ့ပြီ။
သို့သော်ငြားလည်း မြှားတို အချို့မှာမူ အဘိုးအိုကို ထိမှန် သွားခဲ့သဖြင့် သူသည် နာကျင်စွာ အော်ဟစ် လိုက်ရလေ၏။ သူသည် ခန္ဓာကိုယ် ပေါ်ရှိ ဒဏ်ရာများကို ဂရုမစိုက် ဘဲ မြေပြင်ပေါ် သို့ လှမ်းကြည့် လိုက်ရာ ဆုမို တစ်ယောက် မြေကျင်း ထဲသို့ ကျဆင်း သွားသည်ကို မြင်တွေ့ လိုက်ရသဖြင့် အားရပါးရ ရယ်မော လိုက်တော့၏။
“တုန်းဟွမ်ရဲ့ နံပါတ်တစ် ဆိုတဲ့ ကောင်ကလည်း တကယ်တော့ ဘာမှ မဟုတ်ပါလားကွ”
“အဆိပ်သူငယ် ရဲ့ အဆိပ် ပညာက နတ်ဘုရား အဆင့်ပဲ... မင်း ဘယ်လောက်ပဲ သိုင်းပညာ တော်တော်... ဒီကျင်း ထဲကို ရောက်သွား ပြီ ဆိုရင်တော့ အားအင် ကုန်ခမ်း နေတဲ့ ပုစွန်လေး တစ်ကောင် ဖြစ်သွား မှာပဲလေ”
သူတို့၏ ရည်ရွယ်ချက် မှာ ဆုမို ကို တိုက်ရိုက် ရင်ဆိုင် တိုက်ခိုက်ရန် လုံးဝ မဟုတ်ချေ။ ဤအဘိုးအို ၏ သိုင်းပညာ မှာ မြေအောက် နတ်ဘုရား သိုင်းပညာ မှ ဆင်းသက် လာခြင်း ဖြစ်ပြီး သင်းခွေချပ် တစ်ကောင် အလား မြေကျင်း များ တူးရာတွင် အလွန် ကျွမ်းကျင် လှပေသည်။
သူသည် မြေအောက် တွင် နေရာလွတ် တစ်ခုကို တူးဆွ ဖန်တီး ထားခဲ့ခြင်း ဖြစ်၏။ အဆိပ်သူငယ် ထိုနေရာ သို့ ဝင်ရောက် သွားသည်နှင့် တစ်ပြိုင်နက် သေစေ နိုင်သော အဆိပ် ထောင်ချောက် များစွာကို ဆင်ယူ ထားခဲ့ပြီး ဖြစ်လေသည်။ ဆုမို ထိုနေရာ သို့ ဝင်နင်း မိသည်နှင့် တစ်ပြိုင်နက် အဆိပ် မိသွားမည် မှာ မြေကြီး လက်ခတ် မလွဲပင်။
သူ့တွင် မည်မျှပင် ကြီးမားသော အတွင်းအား များ ရှိနေပါစေ ထိုအခိုက်အတန့် ၌ အတွင်းအား ကို ပြန်လည် စုစည်းရန် ဆိုသည်မှာ စိတ်ကူးယဉ် အိပ်မက် တစ်ခု သာ ဖြစ်ပေလိမ့်မည်။ ထိုအခါ ကျမှသာ သူတို့ စိတ်ကြိုက် ခြယ်လှယ် ကြတော့မည် ဖြစ်ပြီး ဆုမို ဘက်မှ ပြန်လည် ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။
အစောပိုင်း က သူတို့ ဒူးထောက် ဦးတိုက် ပြခဲ့ကြခြင်း မှာ ဆုမို သည် ငယ်ရွယ် သဖြင့် သူ၏ ဂုဏ်သတင်း အပေါ် အလွန်အမင်း ယုံကြည် နေလိမ့်မည် ဟု တွက်ဆ ကာ သူတို့ကို လာရောက် ထူပေးမည် ကို မျှော်လင့် ခဲ့ခြင်း ဖြစ်၏။ အဆိပ်သူငယ် က သူ၏ အဆိပ် ပညာကို ထုတ်ဖော် လိုက်သည် နှင့် ကာကွယ်ရန် အလွန် ခက်ခဲ သွားမည် မဟုတ်ပါလော။
သို့သော် မမျှော်လင့်ဘဲ ဆုမိုကမူ သူတို့ကို ထူပေးရန် စိတ်ကူး ပင် မရှိခဲ့ဘဲ သူတို့၏ လုယက်လိုသော ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိ ကာ တိုက်ခိုက် လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဆုမို သည် သူတို့၏ ပထမ တိုက်ခိုက်မှု ကို ရှောင်တိမ်း နိုင်ခဲ့သော်လည်း အဆုံးတွင်မူ ထောင်ချောက် အတွင်းသို့ ကျဆင်း သွားခဲ့ပြီ ဖြစ်ရာ သူတို့၏ ကောက်ကျစ်သော အစီအစဉ် အောင်မြင် သွားပြီဟု တွေးတော နေကြခြင်း ပင်။
သူတို့သည် မိမိကိုယ်ကိုယ် အလွန် ကျေနပ် နေကြပြီး အောက်သို့ ခုန်ဆင်း ကာ ဆုမိုကို အပြတ် ရှင်းရန် ပြင်ဆင် လိုက်ကြ၏။ သို့သော် ထိုအခိုက်အတန့် မှာပင် ပြိုကျ နေသော မြေပြင်ဆီမှ မြေသားများ လေထဲသို့ လွင့်စင် တက်လာတော့သည်။
အရိပ်တစ်ခုမှာ ရုတ်တရက် အထက်သို့ ပျံတက် လာခဲ့ပြီး သူ၏ လက်ထဲတွင် လူတစ်ယောက်ကို ဆုပ်ကိုင် ထားဆဲ ဖြစ်၏။ ၎င်းမှာ အခြားသူ မဟုတ်ဘဲ လူငယ်လေး အဆိပ်သူငယ် ပင် ဖြစ်လေသည်။
ဆုမိုက သူ၏ လည်ပင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားသဖြင့် အဆိပ်သူငယ် မှာ စကားတစ်ခွန်း မျှ မဆိုနိုင်တော့ဘဲ သူ၏ မျက်နှာတွင် မယုံကြည် နိုင်မှုများသာ ဖုံးလွှမ်း နေတော့၏။ ၎င်းကို မြင်လိုက် ရသော အခါ လူလတ်ပိုင်း အမျိုးသား နှင့် အဘိုးအို တို့မှာ မှင်သက် ထုံထိုင်း သွားကြရတော့သည်။
“မင်း...ဘာလို့ ဒဏ်ရာ တစ်စက်မှ မရတာလဲ”
ဆုမိုက သူတို့ကို တစ်ချက် လှမ်းကြည့် လိုက်သော်လည်း ပြန်လည် ဖြေကြားရန် လုံးဝ စိတ်မပါ ခဲ့ချေ။ သူ့တွင် (၁၂) ဆင့်မြောက် ရွှေခေါင်းလောင်း ကျင့်စဉ် ရှိနေသဖြင့် အဆိပ် ခပ်သိမ်းကို ခံနိုင်ရည် ရှိကြောင်း သူတို့ ကို ရှင်းပြ နေရန် လိုအပ်ပါ သလား။
သူတို့ကို ရှင်းပြ နေမည့် အစား အသေသတ် ပစ်လိုက်ခြင်း ကသာ ပို၍ ထိရောက် လိမ့်မည် မဟုတ်ပါလော။
ဆုမိုက လက်ကောက်ဝတ် ကို အသာအယာ ခါထုတ် လိုက်ရာ အဆိပ်သူငယ် ၏ အလောင်းမှာ ထိုလူ နှစ်ဦး ထံသို့ လွင့်စင် သွားတော့၏။
ဤအခြင်းအရာကို မြင်သောအခါ အဘိုးအို မှာ မြေပြင်ပေါ် သို့ ငုပ်လျှိုး ရန် ပြင်လိုက် သော်လည်း နောက်ကျ သွားခဲ့ပြီတည်း။
အကယ်၍ ထိုအလောင်း နှင့် မတိုက်မိ စေချင်လျှင် သူ ရှောင်တိမ်း ရမည် ..သို့တည်းမဟုတ်..ကာကွယ် ရမည် သာ။
သူသည် ကာကွယ်ရန် မဝံ့ရဲ ခဲ့ချေ။ အဘယ်ကြောင့် ဆိုသော် ဆုမို ၏ အတွင်းအား မှာ အလွန်တရာ နက်ရှိုင်း လှသဖြင့် အနည်းငယ်မျှ ထိမိရုံနှင့်ပင် သူ အပြင်းအထန် ဒဏ်ရာ ရသွားနိုင်သောကြောင့် ပင်။
ထို့ကြောင့် ရှောင်တိမ်းရန် သာ အဘိုးအို ရွေးချယ် လိုက်ရတော့သည်။
သူ ရှောင်တိမ်း လိုက်သည်နှင့် တစ်ပြိုင်နက် မြေအောက် နတ်ဘုရား သိုင်းပညာ ကို အသုံးပြုရန် သူ ချက်ချင်း စီစဉ် လိုက်၏။ ယနေ့ သူတို့၏ လုပ်ငန်းမှာ အောင်မြင်ရန် လုံးဝ မဖြစ်နိုင် တော့သဖြင့် အမြန်ဆုံး ထွက်ပြေး ရန်သာ ကောင်းလိမ့်မည်။ သို့သော် သူ ရှောင်တိမ်း လိုက်ချိန် မှာပင် တောက်လောင် နေသော နေမင်း တစ်စင်း ကဲ့သို့ ပူပြင်း လှသော လှိုင်းလုံး ကြီးတစ်ခု သူ၏ အနားသို့ ချဉ်းကပ် လာခဲ့ပြီ ဖြစ်သည်။
သူ မော်ကြည့် လိုက်သောအခါ ဆုမို ၏ လက်ဝါးမှာ သူ၏ အရှေ့သို့ ရောက်ရှိ နေခဲ့ပြီ။ အဘိုးအို မှာ စဉ်းစား နေရန် အချိန် မရတော့ဘဲ ထူးဆန်းသော လက်အိတ် များ ဝတ်ဆင် ထားသည့် သူ၏ လက်နှစ်ဖက် ဖြင့် လေထုကို ဆုပ်ကိုင် လိုက်ရာ ငွေရောင် အလင်းတန်းများ ဝင်းလက် သွားတော့၏။ ရှားပါး ကုန်ကြမ်း များဖြင့် ပြုလုပ် ထားသော ဤလက်အိတ် များသည် ကျောက်တုံး များနှင့် တောင်တန်း များကိုပင် ဖြိုခွဲ နိုင်စွမ်း ရှိပေသည်။
ဤအရေးကြီးသော အချိန်တွင် အဘိုးအိုသည် သူ၏ လက်ချောင်း များဖြင့် ငွေရောင် အလင်း ပိုက်ကွန် တစ်ခုကို ရက်လုပ် လိုက်ပြီး ဆုမိုကို သာမန် ကျောက်တုံး တစ်တုံး အလား ချေမှုန်း ပစ်ရန် ကြိုးပမ်း လိုက်တော့၏။ သို့သော်ငြားလည်း သူသည် ဆုမို ကို အထင်သေး မိသွားခဲ့ပြီ ဖြစ်သည်။
သာမန် လူတစ်ယောက် သာ ဆိုပါက ဤဖမ်းဆုပ်မှု ကြောင့် ကိုယ်ခန္ဓာ တစ်ခုလုံး စုတ်ပြတ် သွားပေလိမ့်မည်။ သို့သော် ဆုမို ၏ ကိုယ်ခန္ဓာမှာ သံမဏိ အလား မာကျော လှပြီး (၁၂) ဆင့်မြောက် ရွှေခေါင်းလောင်း ကျင့်စဉ် ကို ပိုင်ဆိုင် ထားသူ ဖြစ်ရာ ဤမျှလောက် သေးသိမ် သော စွမ်းရည်များဖြင့် သူ့ကို တုန်လှုပ် စေရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
မျက်တောင် တစ်ခတ် အတွင်းမှာပင် သူ၏ လက်ချောင်း ဆယ်ချောင်း စလုံးမှာ ပြင်းထန်သော နာကျင်မှု နှင့်အတူ တစ်ပြိုင်နက် ကျိုးကြေ သွားရတော့သည်။ ဆုမို ၏ လက်ဝါးမှာ ထိုအတားအဆီး များကို ထိုးဖောက် ကာ သူ၏ ရင်ဘတ် တည့်တည့် သို့ စိုက်ဝင် သွားခဲ့ပြီ။
အတွင်းအားများ ပေါက်ကွဲ ထွက်သွားသည် နှင့်အမျှ အဘိုးအို ၏ ကိုယ်ခန္ဓာ မှာလည်း တစ်စစီ ပြတ်တောက် သွားရလေတော့၏။ ထိုအခိုက်အတန့် မှာပင် လူလတ်ပိုင်း အမျိုးသား ၏ အသံမှာ ဟိန်းထွက် လာတော့သည်။
“ကြယ်စင် ပင်လယ် ဥက္ကာပျံ သံမဏိ က ဆုမိုရဲ့ လက်ထဲမှာ... အဲဒါက ကောင်းကင်နဲ့ မြေပြင်ရဲ့ ရတနာပဲ... တန်ဖိုးဖြတ်လို့ မရဘူးဟေ့”
ထိုသို့ အော်ဟစ် ပြီးနောက် သူသည် လှည့်၍ ထွက်ပြေး သွားတော့၏။
“ကောင်းကင်နဲ့ မြေပြင်ရဲ့ ရတနာ ဟုတ်လား”
“တန်ဖိုးဖြတ်လို့ မရဘူး ဆိုပဲ”
တွေဝေ နေကြသော လူများ၏ နားထဲသို့ ဤစကားလုံး များက ဝင်ရောက် သွားခဲ့ပြီ။ သူတို့သည် ဆုမို ၏ လက်ညှိုးတောက်သိုင်း ကြောင့် သာမက ယန်ရှောင်ယွင် ၏ တိုက်ခိုက်မှုများ ကြောင့်ပါ ထိတ်လန့် နေကြသော်လည်း ဤစကားများက သူတို့ကို အိပ်မက် ထဲမှ လန့်နိုး လာစေသကဲ့သို့ ရှိနေတော့၏။
ထိုစဉ် လူမိုက်ခေါင်းဆောင် က ကျယ်လောင်စွာ အော်ဟစ် လိုက်လေသည်။
“အဓိပ္ပာယ်မရှိတာ”
လူလတ်ပိုင်း အမျိုးသား လုံးဝ မျှော်လင့် မထားသော အဖြစ်အပျက် တစ်ခု ဖြစ်ပွား လာခဲ့၏။
မူလက ရက်စက် ကြမ်းကြုတ် လှသော လုယက်သူ လူမိုက်များမှာ သူ၏ စကားကို ကြားပြီးနောက် ဆုမို ကို တားဆီးပေးမည့် အမြောက်စာ များ ဖြစ်မလာ ခဲ့ဘဲ အားလုံးက လှည့်၍ အသည်းအသန် ထွက်ပြေး ကြတော့ခြင်း ပင်။
ထိုအခိုက်အတန့် ၌ သူတို့သည် သူတို့၏ မိဘများက ခြေထောက် များများ ပိုမပေးခဲ့ သည်ကိုသာ နောင်တ ရနေကြတော့သည်။
ကြယ်စင် ပင်လယ် ဥက္ကာပျံ သံမဏိ တို့၊ ကောင်းကင်နှင့် မြေကြီး ရတနာ တို့ကို မည်သူက ဂရုစိုက်နေနိုင်ပါဦးမည်နည်း။
ဆုမို ပြသသွားသည့် အံ့မခန်း သိုင်းပညာများ၊ ယခု ထိုသူ့ဆီက မြှားတို တွေရယ်ကို သုံးပြီး လက်ညှိုး တစ်ချက်လောက် တောက်လိုက် ရုံနှင့်တင် မိမိတို့ဘက်က အစုလိုက် အပြုံလိုက် သေကုန် ကြတော့မည်လေ။
.. ဘယ်သူကများ အသက်နှင့် လဲပြီး တန်ဖိုးကြီး တာတွေကို လိုချင် နေဦးမည်လဲ။
မျက်စိတစ်မှိတ် အတွင်းမှာပင် လူအားလုံးမှာ ခြေရာ ဖျောက်သွား ကြလေပြီ။ ယန်ဝေ အာမခံဌာန မှ လူများပင်လျှင် သူတို့ကို တားဆီး နိုင်ခြင်း မရှိခဲ့ချေ။ လူလတ်ပိုင်း အမျိုးသား တစ်ယောက် မှင်သက် ထုံထိုင်း နေစဉ်မှာပင် သူ၏ အနောက်ဘက် ဆီမှ အသံတစ်သံ ထွက်ပေါ် လာတော့၏။
“ငါ သိချင်တာက... မင်းဆီမှာ မြှားတို ဘယ်နှစ်စင်း ကျန်သေးလဲ ဆိုတာပါပဲ”
လူလတ်ပိုင်း အမျိုးသား မှာ မသိစိတ်ဖြင့် လှည့်ကြည့် လိုက်ရာ လေခွင်းသံ တစ်ခုကို ကြားလိုက် ရပြီး နောက်တစ်ခဏ ၌ မြှားတို တစ်စင်းမှာ သူ၏ ဦးခေါင်းကို ဖောက်ထွင်း သွားခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်ဝန်း များထဲတွင် မယုံကြည် နိုင်မှုများ ပြည့်နှက် နေတော့၏။
‘မင်းက ငါ့ကို မြှားတို ဘယ်နှစ်စင်း ကျန်သေးလဲ လို့ မေးခဲ့တယ် မဟုတ်လား။ ငါတောင် ဘာမှ ပြန်မပြော ရသေးဘူးလေ’
သူ၏ မျက်ဝန်းထဲရှိ ဇဝေဇဝါ ဖြစ်နေမှုကို မြင်နေရသည့် အလား ဆုမိုက ပြုံးလျက် ဆိုလိုက်၏။
“ကျုပ်က ဒီအတိုင်း အေးအေးဆေးဆေး မေးကြည့်တာပါ”
--