အခန်း ၂၀၀၁
Vol. 134 Ch. 2001
အခန်း(၂၀၀၁) လီဝေယွမ်ကို ကွပ်မျက်ခြင်းနှင့် တိုက်ပွဲနိဂုံး
ပြင်းထန်လှသော တိုက်ပွဲအတွင်းမှာပင် ချူးယွင်ဖန်းသည် ဖန်ဆင်းရှင် တတိယအဆင့်
သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ကျင့်စဉ်အဆင့်က တတိယအဆင့်သို့ ရောက်ရှိသွားချိန်တွင် ချူးယွင်ဖန်း၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်မှာ သတ္တမအဆင့်သို့ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။ ဆေးလုံးများ၏ စွမ်းအားမြှင့်တင်မှုနှင့်ပါ ပေါင်းစပ်လိုက်သောအခါ သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ နှစ်ဆမျှ ဖြစ်သွားခဲ့ရသည်။
ဒါက လတ်တလောမှ ချိုးဖျက်ဝင်ရောက်ခဲ့ခြင်းသာ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ ဆက်လက်တိုးပွားနေဆဲပင်ဖြစ်၏။ မူလက သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ လီဝေယွမ်နှင့် ကွာခြားမှု မရှိခဲ့ပေ။ သို့သော်လည်း အဆင့်တက်လှမ်းပြီးနောက်တွင်မူ သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ နှစ်ဆခန့် ဖြစ်သွားခဲ့ပြီး လီဝေယွမ်အပေါ် ထိတ်လန့်ဖွယ်ရာ ဖိနှိပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ စိတ်အာရုံတစ်ချက် လှုပ်ရှားလိုက်ရုံဖြင့်ပင် သူသည် ထွက်ပြေးရန် ကြိုးပမ်းနေသော လီဝေယွမ်ကို ပိတ်ဆို့တားဆီးလိုက်နိုင်သည်။
ဤအခိုက်အတန့်တွင် လီဝေယွမ်လည်း အလွန်ပင် ခံရခက်နေရသည်။ ချူးယွင်ဖန်း၏ ကျင့်စဉ်အဆင့် တိုးတက်လာမှုကို သူ မမြင်ရခြင်းမဟုတ်ဘဲ မြင်နေရသော်လည်း ၎င်းကို ဖြေရှင်းနိုင်မည့် နည်းလမ်း မရှိခြင်း ဖြစ်သည်။ ချူးယွင်ဖန်းက ထို့အတိုင်းပင် အဆင့်တက်လှမ်းသွားခဲ့သည်။ သူက အခါခါ အဆင့်တက်လှမ်းနေခဲ့ခြင်း ဖြစ်သည်။
လီဝေယွမ်က လူအန္တရာယ် မဟုတ်ပေ။ ချူးယွင်ဖန်းသည် အဘယ်ကြောင့် အခြားတိုက်ကွက်များကို ရုတ်တရက် စွန့်လွှတ်၍ ရိုးရှင်းသော လက်သီးချက်များကိုသာ ပြောင်းလဲအသုံးပြုခဲ့သလဲဆိုသည်ကို သူ ကျိန်းသေ သိရှိသည်။ ချူးယွင်ဖန်းသည် သူ့ကို ဓားသွေးကျောက်အဖြစ် အသုံးချကာ မိမိကိုယ်ကိုယ် အကျပ်အတည်းထဲသို့ တွန်းပို့လိုခြင်း ဖြစ်သည်။ ချူးယွင်ဖန်းသည် မိမိ၏ အစွမ်းကုန်အလားအလာများကို ထုတ်ဖော်၍ အဆင့်တက်လှမ်းမှုကို အောင်မြင်အောင် လုပ်ဆောင်လိုခဲ့ခြင်း ဖြစ်သည်။
လီဝေယွမ်သည် ယခင် ပါရမီရှင်စာရင်းဝင် ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ ချူးယွင်ဖန်း၏ ဓားသွေးကျောက်မျှသာ ဖြစ်သွားခဲ့ရသည်။ သူ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ ၎င်းက အမှန်တရားပင် ဖြစ်သည်။
ထိုအချက်ကို တွေးမိ၍ လီဝေယွမ်၏ အမူအရာက တောင့်တင်းသွားခဲ့ပြီးနောက် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားကို ပြသလိုက်သည်။ သူသည် ချူးယွင်ဖန်းထံမှ ကြီးမားလှသော အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံစားနေရသည်။ ယင်းက အစောပိုင်းက အခြေအနေနှင့် လုံးဝ ကွဲပြားခြားနားလှသည်။ အစောပိုင်းကဆိုလျှင် သူ အလိုရှိပါက ချူးယွင်ဖန်းထံမှ လွတ်မြောက်နိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိခဲ့သော်လည်း ယခုအခါတွင်မူ သူ လွတ်မြောက်နိုင်လိမ့်မည်ဟူသော ယုံကြည်မှုပင် မရှိတော့ပေ။
“မင်းက ငါ့ကို ဓားသွေးကျောက် အသုံးချရဲတယ်ပေါ့။” လီဝေယွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“အဲ့တာ ဘာဖြစ်လဲ။” ချူးယွင်ဖန်းက လှောင်ပြုံးပြုံးလိုက်သည်။
“ဒါမှမဟုတ်ရင် မင်း အခုထိ အသက်ရှင်နေနိုင်လိမ့်မယ်လို့ ထင်နေတာလား။”
ချူးယွင်ဖန်းသည် တိုက်ပွဲ၏ လမ်းတစ်ဝက်သို့ ရောက်မှသာ ဤကိစ္စကို သတိရမိခြင်း ဖြစ်သည်။ သာမန်အရှိန်အတိုင်းဆိုလျှင် သစ်သားဝိညာဉ်အနှစ်သာရ၏ အကူအညီ ရှိနေလျှင်ပင် ဖန်ဆင်းရှင်အဆင့်၏ တတိယမြောက်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် သူ၏အတွက် တစ်လ သို့မဟုတ် နှစ်လထက်မနည်း ကြာမြင့်ပေလိမ့်မည်။ သို့သော်လည်း လီဝေယွမ်၏ စွမ်းအားအကူအညီဖြင့် သူသည် မိမိ၏ အလားအလာအားလုံးကို ဖျစ်ညှစ်ထုတ်ယူနိုင်ခဲ့ပြီး တိုက်ပွဲအတွင်းမှာတင် အဆင့်တက်လှမ်းမှုကို အောင်မြင်စွာ ပြီးဆုံးစေခဲ့သည်။ သူ ထိုမျှအထိ ကြာရှည်စွာ စောင့်ဆိုင်းနေရန် မလိုတော့ပေ။
ယခုအခါ သူ၏အဆင့်တက်လှမ်းမှု ပြီးဆုံးသွားပြီဖြစ်သဖြင့် သူ၏အစွမ်းမှာ အံ့ဩစရာကောင်းသော အရှိန်အဟုန်ဖြင့် မြင့်တက်နေသည်ကို သူ ခံစားမိနေသည်။ အထွတ်အထိပ် ဖန်ဆင်းရှင်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် သူ ကြောက်ရွံ့နေမည် မဟုတ်တော့ပေ။ သူသည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရုံသာမက ပြန်လည်ခုခံနိုင်စွမ်းပါ ရှိလာပြီ ဖြစ်သည်။ အစပိုင်းက သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်ခဲ့သော သတ္တမအဆင့် ဖန်ဆင်းရှင်မှာမူ ယခုအခါ သူ၏ ပြိုင်ဘက် မဟုတ်တော့ပေ။ ယင်းက လီဝေယွမ်၏ အကြီးမားဆုံး အသုံးဝင်မှုပင် ဖြစ်သည်။
ချူးယွင်ဖန်းက ယင်းကို ဝန်ခံလိုက်သည်ကို ကြားသောအခါ လီဝေယွမ် ပို၍ပင် ခံရခက်သွားရသည်။ ကံကောင်းသည်မှာ သူသည် ယခုအချိန်က ချူးယွင်ဖန်းနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် အချိန်မဟုတ်ကြောင်း သတိရမိသွားခြင်း ဖြစ်၏။
“မင်း ငါ့ကို သတ်လို့မရဘူး။ မဟုတ်ရင် လီမျိုးနွယ်စုက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။”
လီဝေယွမ်သည် လီမျိုးနွယ်စု၏ အဆင့်အတန်းကို နောက်ဆုံးတွင် သတိရမိသွားခဲ့သည်။ လီမျိုးနွယ်စုသည် တရှ၏ စစ်ဘက်ဆိုင်ရာ မင်းစိုးရာဇာမိသားစုဖြစ်ကာ ၎င်းတို့၏ ကျောထောက်နောက်ခံက အလွန်ပင် နက်ရှိုင်းလှသည်။
“မင်းကို သတ်လိုက်တော့ ဘာဖြစ်လဲ။ လီဝေယွမ်… မင်းက လီမျိုးနွယ်စုရဲ့ သားချင်းတစ်ယောက် ဖြစ်ပေမဲ့ နတ်ဆိုးဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး နန်းတော်ရဲ့ ပြင်ပစစ်သူကြီးကို တိုက်ခိုက်ခဲ့တယ်။ မင်းက အသေခံရမှာပဲ။ မင်းကို သတ်လိုက်လို့ ဘာတတ်နိုင်မှာလဲ။” ချူးယွင်ဖန်းက အေးစက်စွာ သွားကို ဖြဲ၍ ပြုံးလိုက်သည်။
ချူးယွင်ဖန်းတွင် ဤအရာရှိ ရာထူးအဆင့်အတန်း၏ အကာအကွယ် မရှိလျှင်ပင် သူသည် ဝိုင်းရံပိတ်ဆို့ခြင်း ခံခဲ့ရသောကြောင့် လီဝေယွမ်ကို လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ လီမျိုးနွယ်စုဆိုသည်ကား ဘာမှမဟုတ်ပေ။
လီမျိုးနွယ်စုက အစွမ်းထက်သော်လည်း ချူးယွင်ဖန်း၏ နောက်ကွယ်တွင် ရှိသော ကြယ်ကြွေကောင်းကင်ဂိုဏ်းမှာလည်း အလွယ်တကူ အနိုင်ကျင့်၍ရသော ဂိုဏ်းမဟုတ်ပေ။ ကြယ်ကြွေကောင်းကင်ဂိုဏ်းမရှိလျှင်ပင် ချူးယွင်ဖန်းသည် သူ၏ကျင့်စဉ်အဆင့်ဖြင့် မည်သည်ကိုမျှ ကြောက်ရွံ့နေရန် မလိုတော့ပေ။ သူ၏ ယခုလက်ရှိ ကျင့်စဉ်အဆင့်အရဆိုလျှင် လီမျိုးနွယ်စုထဲတွင် သူ့ကို ခြိမ်းခြောက်နိုင်မည့်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။ ကျန်ရှိသောသူများမှာမူ သူ၏အတွက် စဉ်းတီတုံးပေါ်က ငါးများကဲ့သို့ပင် ဖြစ်သည်။
“စကားအပိုတွေ ရပ်ပြီး သေလိုက်တော့” ချူးယွင်ဖန်းက အော်ဟစ်လိုက်ပြီး သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
လက်သီးအရှိန်အဝါသည် လေပြင်းမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝေဟင်ထက်တွင် နဂါး ရှစ်ကောင်အဖြစ် စုစည်းသွားခဲ့သည်။ ထိုနဂါးရှစ်ကောင်က အရာအားလုံးကို ဖိနှိပ်ထားလိုက်သည်။ တစ်ခဏအတွင်းမှာပင် ၎င်းတို့သည် လီဝေယွမ်ထံသို့ တရကြမ်း တိုးဝင်သွားတော့သည်။
“ဝိညာဉ်နဂါး လှံချက်။”
လီဝေယွမ်သည် ချူးယွင်ဖန်းကို အနည်းငယ်မျှ အထင်မသေးရဲတော့ပေ။ သူသည် သူ၏ ထိတ်လန့်ဖွယ်အကော်းဆုံး တိုက်ကွက်ဖြစ်သော ဝိညာဉ်နဂါးလှံချက်ကို ချက်ချင်းပင် အသက်သွင်းလိုက်ပြီး ချူးယွင်ဖန်း၏ နဂါးရှစ်ကောင်ထံသို့ ခုတ်ချလိုက်တော့သည်။
ဘုန်း
ဝိညာဉ်နဂါးလှံချက်သည် ကြီးမားလှသော ဝိညာဉ်နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသော်လည်း၊ နောက်တစ်ခဏ၌ လက်သီးအရှိန်အဝါကြောင့် ဖြစ်ပေါ်လာသော နဂါးရှစ်ကောင်၏ ဆွဲဖြဲဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ အဝေးမှကြည့်လျှင် လူတိုင်းသည် ရှေးဟောင်းခေတ်က ဒဏ္ဍာရီလာ သတ္တဝါကြီးများ အပြန်အလှန် တိုက်ခိုက်နေကြသည့် ထိတ်လန့်ဖွယ် မြင်ကွင်းကြီးကို မြင်တွေ့လိုက်ရပုံရသည်။ ဤသိုင်းပညာများနှင့် မန္တန်စွမ်းအားများမှာ ထိုကဲ့သို့သော တိုက်ပွဲများကို အတုယူ၍ ဖန်တီးထားခြင်း ဖြစ်သည်။
ဘုန်း
ချူးယွင်ဖန်းသည် ဝိညာဉ်နဂါးကြီးကို လက်သီးတစ်ချက်တည်းနှင့် ဖျက်ဆီးသုတ်သင်ပစ်လိုက်ပြီးနောက် လက်သီးအရှိန်အဝါသည် လီဝေယွမ်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားခဲ့သည်။ လီဝေယွမ်၏ ရှေ့တွင် ရှိနေသော အကာအကွယ်အတားအဆီး အထပ်ထပ်တို့မှာ စက္ကူကဲ့သို့ပင် တစ်လွှာပြီးတစ်လွှာ ကြေမွသွားခဲ့ပြီး တစ်ခဏအတွင်းမှာပင် ပြိုလဲပျက်စီးသွားခဲ့ရသည်။
ဝေါ့…
လီဝေယွမ်က သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူသည် သူ၏ရင်ဘတ်တစ်ခုလုံး ချူးယွင်ဖန်း၏ လက်သီးချက်ကြောင့် အပေါက်ပွင့်ထွက်သွားတော့မည့်အတိုင်း ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြယ်ပျံတစ်လုံးကဲ့သို့ပင် ပင်လယ်ပြင်ထံသို့ လွင့်စင်ကျရောက်သွားခဲ့သည်။
ဘုန်း
ပင်လယ်ပြင်မျက်နှာပြင်ထက်တွင် ကြီးမားလှသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီး လှိုင်းတံပိုးကြီးများကို ထွက်ပေါ်စေခဲ့သည်။
‘သူက အဆင့်တက်လှမ်းပြီးတာနဲ့ ဒီလောက်တောင် သန်မာလာတာလား။’ လီဝေယွမ်၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ဖြင့် လင်းလက်သွားခဲ့သည်။
ချူးယွင်ဖန်းသည် မူလက သူနှင့် အဆင့်တူသာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ ခဏလေးအတွင်းမှာပင် သူသည် လတ်လတ်ဆတ်ဆတ် အဆင့်တက်လှမ်းပြီးနောက် လက်သီးတစ်ချက်တည်းနှင့် အဝေးသို့ လွင့်ထွက်သွားစေခဲ့သည်။ လီဝေယွမ်၏ ယခုလက်ရှိ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်အထွတ်အထိပ် ဖန်ဆင်းရှင်များထက် များစွာ သာလွန်လှသည်။ သာမန်အထွတ်အထိပ် ဖန်ဆင်းရှင်တစ်ယောက်သည် သူ၏လက်ချက်ဖြင့် တိုက်ကွက် ၁၀ ကွက်ပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် မည်မျှအထိ တုန်လှုပ်ဖွယ်ကောင်းနေကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
“ငရဲကန်ချက်ကိုးချက်”
ထိုအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ နှိုင်းယှဉ်၍မရအောင် အေးစက်လှသော အသံသည် ကောင်းကင်ယံထက်မှ ထွက်ပေါ်လာခဲ့သည်။ သူသည် ခြေဦးဖြင့် နင်းခြေလိုက်ရာ ထိတ်လန့်ဖွယ်ရာ ခြေရာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော ငရဲရေများကို ပြန့်နှံ့စေကာ လီဝေယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ နင်းခြေချလိုက်တော့သည်။
ဤအခိုက်အတန့်တွင် ပြင်းထန်စွာ ဒဏ်ရာရထားသော လီဝေယွမ်သည် ၎င်းကို မတားနိုင်တော့သဖြင့် တစ်ခဏအတွင်းမှာပင် နင်းခြေခြင်း ခံလိုက်ရသည်။
ဘုန်း
လီဝေယွမ်၏ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ဆက်လက်မတောင့်ခံနိုင်တော့ဘဲ ဝေဟင်ထက်တွင်ပင် တစ်စစီ ကြေမွ ပျက်စီးသွားခဲ့ရသည်။ လူအမြောက်အမြားက ဤမြင်ကွင်းကို မြင်သောအခါ အသက်ရှူမှားမတတ် ဖြစ်သွားကြရသည်။ အဆင့်တက်လှမ်းသွားခဲ့သော ချူးယွင်ဖန်းသည် လီဝေယွမ်ကို သတ်ဖြတ်ရန်အတွက် တိုက်ကွက် နှစ်ကွက်သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ချူးယွင်ဖန်းသည် ကြီးမားလှသော စွမ်းအင်လက်ဝါးကြီးတစ်ခုကို ဖန်တီးကာ လီဝေယွမ်၏ အလောင်းကို တောင်မြစ်ပန်းချီကားထဲသို့ ထည့်ပြီးနောက် သက်ပြင်းတစ်ချက်ကို အေးအေးလူလူ ချလိုက်တော့သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်နေသော အရှိန်အဝါများမှာလည်း အံ့ဩစရာကောင်းသော အရှိန်အဟုန်ဖြင့် လွင့်ပြယ်သွားခဲ့ပြီ ဖြစ်သည်။
ချူးယွင်ဖန်း၏ အရှိန်အဝါက တဖြည်းဖြည်းချင်း လျော့ကျသွားခဲ့ကာ ဖန်ဆင်းရှင်အဆင့် သတ္တမအဆင့်နှင့် နှိုင်းယှဉ်နိုင်သော အဆင့်တစ်ခုသို့ ပြန်လည်ကျဆင်းသွားခဲ့သည်။ ထိုအင်အားကြီးအဖွဲ့အစည်းများနှင့် ချူးယွင်ဖန်းကြားမှ တိုက်ပွဲသည် နောက်ဆုံးတွင်မူ ပြီးဆုံးခြင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
အဝေးမှ စောင့်ကြည့်နေကြသော အရှေ့ပင်လယ်ပြင် ကျင့်ကြံသူများသည် ချူးယွင်ဖန်း၏ ဆေးစွမ်းပြယ်သွားပြီဖြစ်ကြောင်းနှင့် ထိုကဲ့သို့သော ထိတ်လန့်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်ကို ထပ်မံထုတ်ဖော်နိုင်တော့မည် မဟုတ်ကြောင်း သိကြသော်လည်း၊ ၎င်းတို့ထဲမှ မည်သူတစ်ဦးမျှ ရှေ့သို့ တိုးမလာဝံ့ကြပေ။
ဤလူ၏ အရှိန်အဝါစွမ်းပကားက ကမ္ဘာမြေကြီးတစ်ခုလုံးကို တုန်ဟိန်းစေခဲ့ပေပြီ။
--