အခန်း ၂၀၀၆
Vol. 134 Ch. 2006
အခန်း(၂၀၀၆) လီမျိုးနွယ်စုကသာ ကောင်းကင်၊ မြေကြီးနဲ့ ဥပဒေပဲ
စစ်စခန်းအတွင်းရှိ ရှုပ်ပွပျက်စီးနေသော အခြေအနေများကို ကြည့်လျက် ချူးယွင်ဖန်းသည် တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ နေရာအနှံ့တွင် အမှိုက်သရိုက်များ စ၍ စုပုံနေကာ ညစ်ပတ်ပေရေကာ ရှုပ်ပွနေခဲ့သည်။ မြေပြင်ပေါ်တွင် သွေးများ စိမ့်ဝင်နေသည်ကိုပင် မြင်တွေ့ရသည်။ ၎င်းသည် စစ်စခန်းတစ်ခုနှင့်မတူဘဲ အမှိုက်ပုံတစ်ခုနှင့် ပို၍ တူနေခဲ့သည်။
ပေါင်းထိုင်ခံတပ်က မူလစခန်းပင်လျှင် ဤကဲ့သို့သော အခြေအနေမျိုး မရှိခဲ့ဖူးပေ။ သူကိုယ်တိုင် သေချာစွာ လေ့ကျင့်ပေးကာ စနစ်တကျ ပြုပြင်ထားခဲ့သော ပြင်ပစစ်တပ်၏ စခန်းဆိုလျှင်မူ ပြောနေရန်ပင် မလိုတော့ပေ။ သို့သော်လည်း ဤနေရာသည် တိုက်ခိုက်ခံထားရသည့် ပုံစံမျိုးတော့ မပေါ်ပေ။ ထိုစဉ် ရုတ်တရက် အဝေးမှ နှင်တံရိုက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မင်းတို့လို အောက်တန်းစား တိရစ္ဆာန်တွေ။ ဘာလို့ အခုထိ ထွက်မသွားကြသေးတာလဲ။ ငါကပဲ ရိုက်ထုတ်ပေးရမလား။”
ချူးယွင်ဖန်း မော့ကြည့်လိုက်သောအခါ စုတ်ပြဲနေသော စစ်ဝတ်စုံများကို ဝတ်ဆင်ထားသည့် စစ်သားတစ်စု အတန်းလိုက် လျှောက်လှမ်းလာကြသည်ကို မြင်လိုက်ရသည်။ သူတို့သည် စစ်စခန်းအပြင်ဘက်သို့ ယိုင်တိုင်တိုင်ဖြင့် ထွက်ခွာနေကြရခြင်းဖြစ်ကာ သူတို့၏နောက်တွင်မူ တန်ဖိုးကြီးဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်က နှင်တံအရှည်ကြီးတစ်ခုဖြင့် ၎င်းတို့ကို လိုက်လံရိုက်နှက်နေခဲ့သည်။
“ဗိုလ်ချုပ် ပြန်လာတဲ့အခါကျရင် မင်းတို့ကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။” နှင်တံဖြင့် အရိုက်ခံလိုက်ရသော စစ်သားတစ်ယောက်က အော်ဟစ်လိုက်သည်။
သို့သော်လည်း သူ ပြန်လည်ရရှိလိုက်သည်မှာ ပြင်းထန်သော နှင်တံချက်အချို့သာ ဖြစ်သည်။ ထိုလူက အော်ဟစ်ရယ်မောလျက် ပြောလိုက်သည်။
“မင်းတို့ရဲ့ ဗိုလ်ချုပ် ဟုတ်လား။ သူ သေသွားတာ ကြာလှပြီ။ အခုကစပြီး ငါတို့ လီမျိုးနွယ်စုကပဲ ဒီနေရာမှာ အရာရာကို ဆုံးဖြတ်မှာ။ မင်းတို့လို ပုန်ကန်တဲ့ စစ်သားတွေ။ စွမ်းနိုင်ရင် ပြန်တွန်းလှန်ကြည့်လေ။ ငါ မင်းတို့ကို အသေသတ်ပစ်မယ်။”
ထိုလူ၏ မျက်နှာထက်တွင် မည်သူ့ကိုမျှ ဂရုမစိုက်သည့် အမူအရာမျိုး ရှိနေခဲ့ကာ ဤနေရာကို စစ်စခန်းတစ်ခုကဲ့သို့ သဘောထားပုံမရပေ။
“လီမျိုးနွယ်စုကသာ ကောင်းကင်၊ မြေကြီးနဲ့ ဥပဒေပဲ။”
“တကယ့်ကို လေကြီးလုံးကြီးတွေပဲ။”
ရုတ်တရက် အေးစက်လှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူတိုင်း မော့ကြည့်လိုက်ကြကာ ထိုလူမှာလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ ဒီလူငယ်က ဘယ်ကနေ ရောက်လာတာလဲ။ သို့သော်လည်း ခေတ္တမျှ မှင်သက်သွားပြီးနောက်တွင်မူ စစ်သားများအားလုံး စိတ်လှုပ်ရှားသွားခဲ့ကြရသည်။
“မင်းက…” ထိုလူ စကားမပြောနိုင်ခင်မှာတင် စစ်သားများက သူ၏သံသယကို ရှင်းလင်းပေးလိုက်ကြသည်။
“ဗိုလ်ချုပ် … ဗိုလ်ချုပ် ပြန်လာပြီပဲ။”
“ဒါ တကယ့်ကို ကောင်းတာပဲ။ ဗိုလ်ချုပ် ဒီအတိုင်း အလွယ်တကူ မသေနိုင်ဘူးဆိုတာ ကျွန်တော်တို့ သိနေခဲ့တာ။”
လူတိုင်း အလွန်အမင်း ဝမ်းမြောက်သွားခဲ့ကြရသည်၊ အထူးသဖြင့် စိတ်ဓာတ်ကြံ့ခိုင်လှသော ယောက်ျားရင့်မာကြီးအချို့မှာ မျက်ရည်များပင် ဝဲနေခဲ့ကြသည်။ ချူးယွင်ဖန်းကို မြင်တွေ့လိုက်ရသဖြင့် သူတို့ မည်မျှအထိ စိတ်လှုပ်ရှားသွားကြသလဲဆိုသည်မှာ ထင်ရှားလှပေသည်။
“မင်းက ကိုယ့်ကိုယ်ကိုယ် ဘာကောင်မို့လို့ ခွင့်ပြုချက်မရှိဘဲ စစ်စခန်းထဲကို ရဲရဲဝံ့ဝံ့ ကျူးကျော်ဝင်ရောက်ရဲတာလဲ။” ချူးယွင်ဖန်းက နှာခေါင်းရှုံ့လိုက်ပြီးနောက် ထိုလူ၏ရှေ့သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။
ထိုလူသည် ရုတ်တရက် ထိတ်လန့်သွားခဲ့သော်လည်း မြန်မြန်ဆန်ဆန်ပင် တည်ငြိမ်မှုကို ပြန်လည်ရရှိလာခဲ့သည်။ သူ၏ မျက်ဝန်းများထဲတွင်မူ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်အချို့ ပေါ်ထွက်လာခဲ့သည်။
“မင်းက ချူးယွင်ဖန်း ဖြစ်နေရင်လည်း ဘာဖြစ်လဲ။ ဤစစ်စခန်းကို စစ်ဝန်ကြီးဌာနကနေပြီး လီမျိုးနွယ်စုရဲ့ သခင်လေး ချန်းယွမ်ရဲ့ ကွပ်ကဲမှုအောက်ကို လွှဲပြောင်းပေးအပ်ထားပြီးသား။ မင်းမှာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိတော့ဘူး။”
“လီချန်းယွမ် ဟုတ်လား။” ချူးယွင်ဖန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိကာ သူ၏မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
ချူးယွင်ဖန်း၏ နတ်ဘုရားစိတ်အာရုံသည် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့ပြီး စစ်စခန်းတစ်ခုလုံး၏ အခြေအနေကို သူ၏နတ်ဘုရားစိတ်အာရုံအတွင်း ထည့်သွင်းလိုက်သည်။ သူ ချက်ချင်းပင် အမျက်ဒေါသ ထွက်သွားခဲ့ရသည်။ ပြင်ပစစ်တပ်မှ စစ်သားများကို ဤကဲ့သို့ နှိပ်စက်ညှဉ်းပန်းနေခြင်းမှာ သူ၏ရှေ့တွင်တင် ဖြစ်ပွားနေခြင်းမဟုတ်ဘဲ စစ်စခန်းတစ်ခုလုံး၏ နေရာအနှံ့အပြားတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ လီမျိုးနွယ်စု၏ ကိုယ်ပိုင်အစေခံများသည် ပြင်ပစစ်တပ်မှ စစ်သားများကို မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ရိုင်းစိုင်းစွာ ကိုင်တွယ်နေကြခြင်း ဖြစ်သည်။ ရေတွက်၍မရသော စစ်သားများမှာ နှိပ်စက်ညှဉ်းပန်းခံရသဖြင့် သေဆုံးသွားခဲ့ကြရပြီး သူတို့၏ အလောင်းများကိုလည်း ဘေးတွင် ဒီအတိုင်း ပစ်ထားခဲ့ကြသည်။ မည်သူမျှ ဂရုမစိုက်ကြပေ။ သဘာဝအတိုင်းပင် ဤအရာများသည် ချူးယွင်ဖန်း၏ အမြင်ကို ရှောင်လွှဲနိုင်ခြင်း မရှိခဲ့ပေ။
“လီမျိုးနွယ်စုက တကယ့်ကို သတ္တိကောင်းလွန်းနေတာပဲ။” ချူးယွင်ဖန်းက သူ၏အသံကို ထိန်းချုပ်ထားသော်လည်း ၎င်းအတွင်း၌ ပါဝင်နေသော အမျက်ဒေါသမှာ နောက်အခိုက်အတန့်တွင် ပေါက်ကွဲထွက်လုမတတ် ဖြစ်နေခဲ့သည်။
ချူးယွင်ဖန်းက လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ခန္ဓာကိုယ်ထဲမှ လျှပ်စီးကြိုးတန်းများ ထွက်ပေါ်လာခဲ့ပြီး စစ်စခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ နောက်အခိုက်အတန့်တွင်မူ လူရိပ်ရာပေါင်းများစွာကို စစ်စခန်းထဲမှ ဆွဲထုတ်လိုက်သည်။ ဤလူများအားလုံးသည် လီမျိုးနွယ်စု၏ စစ်ဝတ်စုံများကို ဝတ်ဆင်ထားကြသူများ ဖြစ်သည်။ ယခုအခါ သူတို့အားလုံး ဆွဲထုတ်ခြင်း ခံလိုက်ရသဖြင့် အော်ဟစ်သံပေါင်းစုံကိုပင် ကြားနိုင်နေ၏။
စစ်စခန်းအတွင်းရှိ စစ်သားအမြောက်အမြားမှာ မည်သို့ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်ကြသဖြင့် ၎င်းတို့၏ မျက်ဝန်းများထဲတွင် ဇဝေဇဝါ ဖြစ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ နောက်အခိုက်အတန့်တွင်မူ ထိုလူများသည် လျှပ်စီးကြိုးတန်းများဖြင့် ဖမ်းဆီးခြင်း ခံလိုက်ရပြီး စစ်စခန်းအထက်ရှိ အလံတိုင်ထက်တွင် ချိတ်ဆွဲခြင်း ခံလိုက်ရတော့သည်။
“အားးးးးး။”
အော်ဟစ်ညည်းတွားသံမျိုးစုံ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ချူးယွင်ဖန်း ထုတ်လွှတ်လိုက်သော လျှပ်စီးကြိုးတန်းများသည် လျှပ်စီးစွမ်းအားကို ထိန်းချုပ်ထားခြင်းဖြစ်သဖြင့် ၎င်းတို့ကို ချက်ချင်း ဓာတ်လိုက်ပြီး သေဆုံးသွားအောင် မပြုလုပ်ခဲ့ပေ။ သို့မဟုတ်ပါက ဤသူများသည် လီမျိုးနွယ်စု၏ ထိပ်တန်းပညာရှင်များဖြစ်ကာ ၎င်းတို့၏ ကျင့်စဉ်အဆင့်မှာ အလွန်သန်မာကြသော်လည်း ၎င်းတို့အားလုံးက ဒြပ်မဲ့အဆင့်သာရှိကြသည်။
ချူးယွင်ဖန်းက စကြဝဠာအဆင့်ရှိသူအချိ့ပင် မြင်တွေ့ခဲ့ရသော်လည်း ၎င်းတို့သည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို မည်သို့ ယှဉ်နိုင်မည်နည်း။
သို့သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း ဆက်တိုက် စီးဆင်းနေသော လျှပ်စီးစီးကြောင်းများက ၎င်းတို့ကို မေ့မရနိုင်သော နာကျင်မှုကို ခံစားရစေသည်။ ၎င်းတို့၏ နတ်စွမ်းအင်များမှာလည်း ခဏချင်းအတွင်းမှာတင် ပြန့်ကျဲသွားခဲ့ရသည်။ ပြန့်ကျဲမသွားလျှင်ပင် သူတို့ ပြန်လည်မတွန်းလှန်နိုင်ကြပေ။
ချူးယွင်ဖန်းသည် ကောင်းကင်ထက်သို့ ပျံသန်းလိုက်ပြီး သူ၏အသံကို စစ်စခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားစေခဲ့သည်။
“ငါ ချူးယွင်ဖန်း၊ ပြင်ပစစ်တပ်ရဲ့ ဗိုလ်ချုပ် ပြန်လာပြီ။ ယခုကစပြီး ပြင်ပစစ်တပ်ဟာ ငါ့ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်။ စစ်တပ်တစ်ခုလုံး အနားယူဖို့ ဖျက်သိမ်းလိုက်တယ်။ တပ်မှူးအဆင့်ထက် မြင့်တဲ့ အရာရှိအားလုံး ငါ့ရဲ့ စစ်တဲကို လာပြီး အစည်းအဝေးတက်ကြပါ။”
“ဗိုလ်ချုပ် ပြန်လာပြီ။”
“ငါတို့ရဲ့ ဒုက္ခတွေ ပြီးဆုံးသွားပြီ။”
“ဗိုလ်ချုပ်က ဘာလို့ အခုမှ ပြန်လာရတာလဲ။”
စစ်သားများသည် ဤစကားကို ကြားရသောအခါ ခဏမျှ ကြောင်အမ်းသွားခဲ့ကြပြီးနောက် အားလုံး ဝုန်းဒိုင်းကြဲ ကမောက်ကမ ဖြစ်သွားခဲ့ကြရသည်။ ဤကာလအတောအတွင်း ၎င်းတို့သည် အလွန်အမင်း နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ကြရသည်။ ချူးယွင်ဖန်း သေဆုံးသွားခဲ့ပြီးနောက်တွင်မူ သူတို့သည် ဂုဏ်ယူစရာကောင်းသော စစ်သားများအဆင့်မှ လေလွင့်နေသူများအဖြစ် ပြောင်းလဲသွားခဲ့ရသည်။ မည်သူမဆို လာရောက်၍ သူတို့ကို နှိပ်စက်နိုင်ကြသည်၊ အထူးသဖြင့် ချူးယွင်ဖန်း၏ ရန်သူဖြစ်သော လီမျိုးနွယ်စု ဖြစ်သည်။
လီချန်းယွမ် ပြင်ပစစ်တပ်ကို လွှဲပြောင်းရယူခဲ့ကတည်းက စစ်စခန်းတစ်ခုလုံး နှိပ်စက်ညှဉ်းပန်းခြင်း ခံခဲ့ရသည်။ စစ်တပ်တစ်ခုလုံးသည် နှိပ်စက်ညှဉ်းပန်းမှုကြောင့် ပြိုလဲလုမတတ် ဖြစ်နေခဲ့သည်။ သို့သော်လည်း တရှ၏ ပြင်းထန်လှသော စစ်စည်းကမ်းများကြောင့် သူတို့ ထွက်ပြေးရန် မဖြစ်နိုင်ခဲ့ပေ။ တရှ၌ ထွက်ပြေးစစ်သားများကို ကိုင်တွယ်ရန်အတွက် အထူးအမဲလိုက်အဖွဲ့ ရှိသဖြင့် သူတို့ လွတ်မြောက်ရန် လမ်းမရှိပေ။ ထို့အပြင် သူတို့သည် သာမန်လူငယ်လေးများမျှသာ ဖြစ်သဖြင့်၊ အကယ်၍ ထွက်ပြေးခဲ့လျှင်ပင် အမြောက်စာ ဖြစ်သွားရုံသာရှိကာ ၎င်းတို့၏ မိသားစုများကိုပါ ထိခိုက်စေနိုင်ပေသည်။ ယင်းက ၎င်းတို့ကို လက်စုံချ အညံ့ခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ချူးယွင်ဖန်း ပြန်လည်ရောက်ရှိလာခြင်းက ၎င်းတို့အတွက် သဘာဝတရား၏ အသံကဲ့သို့ ဖြစ်နေခဲ့သည်။
“ဘယ်သူလဲ။ ဘယ်သူက ဒီလောက်အထိ ရိုင်းစိုင်းရဲတာလဲ။”
ရုတ်တရက် အဝေးရှိ ပေါင်းထိုင်မြို့မှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ နောက်အခိုက်အတန့်တွင်မူ ဆံပင်ဖြူ၍ ငယ်ရွယ်သော မျက်နှာသွင်ပြင်ရှိသည့် အဖိုးအိုတစ်ဦးသည် ပြင်ပစစ်တပ် စခန်း၏ အထက်တွင် ပေါ်ထွက်လာခဲ့သည်။
“လီမျိုးနွယ်စုရဲ့ ဂိုဏ်းချုပ်အကြီးအကဲ တစ်ယောက်လား။” ချူးယွင်ဖန်းက ထိုဆံပင်ဖြူအဖိုးအိုကို ကြည့်လိုက်ကာ သူ၏အဆင့်အတန်းကို ချက်ချင်း သတ်မှတ်လိုက်သည်။ သူ ထုတ်လွှတ်နေသော စွမ်းအင်လှိုင်း အတက်အကျများက ခွဲခြားရလွယ်ကူလှသဖြင့် လိမ်ညာရန် မဖြစ်နိုင်ပေ။
“မှန်တယ်။ ငါက လီဟွမ်ပဲ။ မင်းက ချူးယွင်ဖန်းလား။” ထိုအဖိုးအို ချူးယွင်ဖန်းကို မြင်လိုက်ရသောအခါ သူ၏မျက်ဝန်းများထဲတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်အချို့ ပေါ်ထွက်လာခဲ့သည်။
လီဟွမ် ပေါင်းထိုင်၌ အခြေစိုက်နေခဲ့သည်မှာ အချိန်အတန်ကြာပြီ ဖြစ်သည်။ ယခင်က သူ ရရှိခဲ့သော သတင်းမှာ ပြင်ပစစ်တပ်၏ မူလတပ်မှူးဖြစ်သူ ဗိုလ်ချုပ် ချူးယွင်ဖန်း ကျဆုံးသွားခဲ့ပြီဟူ၍ ဖြစ်သည်။ လီမျိုးနွယ်စုက သူ့ကို လွှဲပြောင်းရယူရန် စေလွှတ်ခဲ့ခြင်းဖြစ်သော်လည်း ချူးယွင်ဖန်းနှင့် လူကိုယ်တိုင် ထိပ်တိုက်တွေ့ဆုံရလိမ့်မည်ဟု မည်သူ သိခဲ့မည်နည်း။
--