← Chapters

အခန်း ၇၄၀

Vol. 50 Ch. 740

အခန်း ၇၄၀

Vol. 50 Ch. 740

အခန်း (၇၄၀) ပင်လယ်ကမ်းစပ်ရှိ အပန်းဖြေနားနေဆောင်၊ တပိုင်းသူတော်စင် စွမ်းအားရှင် ရွှယ်ယန် နှင့် တုန်လှုပ်ခြင်း

အမျိုးသမီး၏ အရပ်အမောင်းမှာ သွယ်လျလှပပြီး၊ သူမ၏ မျက်နှာကို ဇာပဝါပါးလေးဖြင့် ဖုံးအုပ်ထား၏။ သူမ၏ အလှတရားမှာ ပြိုင်ဘက်ကင်းလှပြီး သူမ လှုပ်ရှားသွားလာသည့်နေရာ တစ်ဒါဇင်မိုင် ပတ်လည်အတွင်း၌ နှင်းပွင့်ကြီးများ စတင်ကျဆင်းလာ၏။

သို့သော် ထိုအမျိုးသမီး ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ကျဆင်းနေသော နှင်းပွင့်များမှာ အလျင်အမြန်ပင် အရည်ပျော် ပျောက်ကွယ်သွားသည်။ အရာအားလုံးမှာ မျက်လှည့်ပြကွက်တစ်ခုကဲ့သို့ပင်။

“ဘယ်သူလဲ”

ရုပ်သေးလူသားသည် ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို စူးစိုက်ကြည့်ကာ သူမ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။

“အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ အဆင့်ရှိတဲ့ ရုပ်သေးလူသားလေး ပါလား”

ထိုအမျိုးသမီးက မှတ်ချက်ချလိုက်ပြီး၊ သူမ၏ လှပသော မျက်နှာပေါ်တွင် အံ့ဩမှု အရိပ်အယောင်လေးများ ပေါ်ထွက်လာ၏။

“ငါ့လမ်းကို ဘာလို့ ပိတ်ရတာလဲ”

သူမသည် ရှေ့သို့ ကျော့ရှင်းစွာ ခြေတစ်လှမ်း တိုးလိုက်၏။ သူမ၏ ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော နယ်ပယ်သည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး၊ ရုပ်သေးလူသားကို ထိုနေရာတွင်ပင် အေးခဲသွားစေတော့သည်။

၎င်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆင့်မြင့် ဟင်းလင်းပြင်ဖြိုခွဲအဆင့် တွင် ရှိနေသော်ငြား၊ ယခုအခါတွင်မူ ဆင်ကြီးတစ်ကောင်ကို ရင်ဆိုင်နေရသော ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ အင်အားမဲ့နေပြီး လုံးဝ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ချေ။

“အရှေ့ဘက်က နေရာဟာ သခင်ကြီးရဲ့ နယ်မြေ ဖြစ်တယ်... ဝင်ခွင့်မပြုဘူး”

ရုပ်သေးလူသားမှာ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိချေ။ ၎င်း၌ ဉာဏ်ရည်ဉာဏ်သွေး အချို့ရှိသော်လည်း ပြည့်စုံမှုမရှိပေ။ ယဲ့ဖုန်း၏ အမိန့်ကိုသာ နာခံတတ်ပြီး အခြားသူများအပေါ် ကြောက်ရွံ့မှုဟူ၍ လုံးဝ မရှိချေ။ ကောင်းကင်ဘုရင် ကိုယ်တိုင် ပေါ်လာလျှင်ပင် ၎င်းက ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပေလိမ့်မည်။ ၎င်း၏ ဦးခေါင်းမှာ အစ်ကိုကြီး ခေါင်းပြား ထက်ပင် ပို၍ မာကျောသည်ဟု ဆိုနိုင်၏။

“မင်းရဲ့ သခင် ဟုတ်လား...”

လှပပြီး အေးစက်တည်ငြိမ်သော ထိုအမျိုးသမီး၏ မျက်ခုံးလေးများ အနည်းငယ် တွန့်ကွေးသွားပြီး၊ သူမ၏ အကြည့်များက ရုပ်သေးလူသားကို ကျော်လွန်ကာ ကောင်းကင်မူလ ပင်လယ်၏ ပင်လယ်အော်တစ်ခု၌ တည်ရှိနေသော အပန်းဖြေနားနေဆောင်လေးတစ်ခုဆီသို့ ရောက်ရှိသွား၏။

“ကြည့်ရတာ သူက တော်တော်လေး အနုပညာ စိတ်ကူးရှိတဲ့သူပဲ”

အေးစက်တည်ငြိမ်သော ထိုအမျိုးသမီးမှာ ရန်လိုတတ်သူ မဟုတ်ပေ။ သူမသည် ထိပ်တန်းအဆင့် စွမ်းအားရှင်တစ်ဦး ဖြစ်သော်လည်း အားနည်းသူများကို ဘယ်သောအခါမျှ အနိုင်မကျင့်တတ်ချေ။ အနီးအနားရှိ နေရာမှာ တစ်စုံတစ်ဦး၏ အပန်းဖြေနားနေဆောင် ဖြစ်နေသဖြင့် သူမသည် သဘာဝကျကျပင် ကျူးကျော်ဝင်ရောက်မည် မဟုတ်ပေ။

“ဝှီး...”

အမျိုးသမီးသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ပြီး နောက်တစ်စက္ကန့်တွင် မိုင်ပေါင်း ထောင်ချီ ကွာဝေးသော နေရာသို့ ရောက်ရှိသွားကာ ယဲ့ဖုန်း နေထိုင်ရာ ပင်လယ်အော်ကို တိုက်ရိုက် ကျော်ဖြတ်သွားသည်။ သူမ၏ အကြည့်များ အောက်ဘက်သို့ ရောက်ရှိသွား၏။ အမျိုးသမီးသည် မြေပြင်ပေါ်၌ ယဲ့ဖုန်း၏ အိမ်ဝင်းနှင့် ဆင်တူသော အပြင်အဆင်များရှိပြီး၊ ကောင်းကင်မူလ ပင်လယ်ဘေးတွင် တည်ရှိနေသော အခြား အိမ်လေးတစ်လုံးကို တွေ့လိုက်ရသည်။ သို့သော် ဤနေရာမှာမူ ပို၍ စည်ကားနေပြီး အစေခံမိန်းကလေး အချို့လည်း ရှိနေကာ၊ ယဲ့ဖုန်း၏ အိမ်လေးထက် များစွာ ပိုမို သက်ဝင်လှုပ်ရှားနေ၏။

“တာအိုရောင်းရင်း ရူရုံ... ငါ ရောက်လာပြီ”

အေးစက်တည်ငြိမ်သော အမျိုးသမီးသည် ထိုအိမ်ဝင်းငယ်လေး အပြင်ဘက်သို့ ဆင်းသက်လိုက်ပြီး၊ ဇာပဝါပါးလေး နောက်ကွယ်ရှိ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။

“ညီမလေး ရွှယ်ယန် ပါလား... နောက်ဆုံးတော့ ရောက်လာပြီပဲ”

ယင်ရူရုံသည် အိမ်ဝင်းငယ်လေးထဲမှ ထွက်လာပြီး သူမကို နှုတ်ဆက်ရန် လျင်မြန်စွာ လျှောက်လှမ်းလာကာ၊ ထိုအေးစက်တည်ငြိမ်သော အမျိုးသမီး၏ ဖြူဖွေးနုဖတ်နေသော လက်ကောက်ဝတ်ကို သူမ၏ ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်လိုက်၏။

“နင့်လက်က... တကယ်ပဲ တာအို ဒဏ်ရာ ရသွားတာလား”

ရွှယ်ယန်သည် ယင်ရူရုံ၏ ညာဘက်လက်ကို သတိပြုမိသွားသည်။ ယင်ရူရုံ၏ လက်ဝါးပြင်ပေါ်တွင် ရွှေရောင် အပ်ပေါက်လေးများ မရေမတွက်နိုင်အောင် ဖုံးလွှမ်းနေကာ အတော်လေး ကြောက်စရာကောင်းနေသည်ကို တွေ့လိုက်ရ၏။

“ဟူး... အဲဒီအချိန်တုန်းက ငါ တော်တော်လေး မိုက်မဲခဲ့တာပါ”

ယင်ရူရုံက သက်ပြင်းချလိုက်၏။ ထိုအချိန်က သူမ၏ တုံ့ပြန်မှုမှာ အမှန်တကယ်ပင် စိတ်လိုက်မာန်ပါ နိုင်လွန်းခဲ့ကြောင်း သူမ ဝန်ခံရမည်သာ ဖြစ်သည်။ ယဲ့ဖုန်းကို သူမ မေးခွန်းမထုတ်သင့်ခဲ့ပေ။ ရလဒ်အနေဖြင့် ကုသိုလ်မှတ်တမ်း စာရင်း၏ တန်ပြန်သက်ရောက်မှုကြောင့် သူမသည် ပြင်းထန်သော တာအို ဒဏ်ရာကို ရရှိခဲ့သည်။

လတ်တလော နေ့ရက်များတွင် ယင်ရူရုံသည် သူမ မွေးဖွားရာ ဇာတိမြေသို့ ပြန်လည်ရောက်ရှိနေခဲ့၏။ နှစ်ကာလပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း၊ မည်သူမျှ မနေထိုင်ကြတော့သည့်တိုင် ထိုနေရာ၏ သဘာဝရှုခင်းများမှာမူ လှပနေဆဲပင်။

ထို့ကြောင့် သူမသည် ဤနေရာတွင် ဆိတ်ငြိမ်သော အိမ်ဝင်းငယ်လေးတစ်ခုကို တည်ဆောက်ခဲ့ပြီး အစေခံမိန်းကလေး အချို့၏ အဖော်အသင်းဖြင့် နေ့စဉ်နေ့တိုင်း သန့်စင်သော လက်နက်များကို အသုံးပြုကာ သူမ၏ တာအို ဒဏ်ရာကို သက်သာစေရန် ကြိုးပမ်းနေခဲ့သည်။

“ဂိုဏ်းချုပ်ယဲ့က ရွေးချယ်ခံရသူလေ... သူ့ကို ဘာလို့ သွားပြီး မေးခွန်းထုတ်ရတာလဲ... မဟုတ်ရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး”

ရွှယ်ယန်သည် ယင်ရူရုံ၏ လက်ဝါးပြင်ကို ကြည့်ရင်း သနားကရုဏာ သက်မိသွား၏။ ယင်ရူရုံမှာလည်း အတော်လေး ကူကယ်ရာမဲ့ ဖြစ်နေ၏။ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးတွင် သူမ၌ ရင်းနှီးသော သူငယ်ချင်းဟူ၍ တစ်ယောက်တည်းသာ ရှိပြီး၊ ထိုသူမှာ သူမရှေ့ရှိ အေးစက်တည်ငြိမ်သော အမျိုးသမီး ရွှယ်ယန်ပင် ဖြစ်သည်။

ရွှယ်ယန်၊ အမျိုးသမီး၊ မကြာသေးမီကမှ အဆင့်တက်ထားသော အဆင့် (၄) တပိုင်းသူတော်စင်။

သူမသည် မြင့်မြတ်သော နယ်မြေကြီး (၉) ခုထဲမှ တစ်ခုဖြစ်သည့် ရေခဲနှင့် နှင်း မြင့်မြတ်သော နယ်မြေမှ လာခြင်းဖြစ်ပြီး၊ ထိုမြင့်မြတ်သော နယ်မြေ၏ နာမည်ကျော် မဟာအကြီးအကဲတစ်ဦး ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) က ရှန်ကျိုးတိုက်ကြီး၏ နံပါတ်တစ် အလှပဂေးတစ်ဦး ဖြစ်ခဲ့ဖူးပြီး၊ အပြင်ပန်းတွင် ရေခဲကဲ့သို့ အေးစက်နေသော်လည်း စိတ်ထားကောင်းမွန်သူ ဖြစ်ကာ လူအများ၏ အိမ်မက်ထဲမှ နတ်သမီးလေးတစ်ပါးလည်း ဖြစ်၏။

“ဒီအကြောင်းတွေ မပြောကြရအောင်ပါ တာအိုရောင်းရင်း ရွှယ်ယန်ရယ်”

ယင်ရူရုံသည် ရွှယ်ယန်၏ လက်ကို ဆွဲကိုင်ကာ အိမ်ဝင်းအတွင်းသို့ ခေါ်ဆောင်သွားပြီး၊ ပုလဲ ခန်းဆီးများ နောက်ကွယ်ရှိ ဝါးဖျာပေါ်တွင် ထိုင်လျက် လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောဆိုကြတော့သည်။

“မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာပြီနော်... နင်က အဆင့် (၄) တပိုင်းသူတော်စင် ကိုတောင် ချိုးဖြတ် တက်လှမ်းသွားပြီပဲ... ရေခဲနှင့် နှင်း မြင့်မြတ်သော နယ်မြေ ရဲ့ နယ်မြေသခင် တောင် ဖြစ်လာသေးတယ်... ဂုဏ်ယူပါတယ်ဟာ”

ယင်ရူရုံသည် ရွှယ်ယန်ကို ကြည့်ကာ စိတ်ရင်းမှန်ဖြင့် ဝမ်းသာပျော်ရွှင်စွာ ပြောလိုက်၏။

မည်သို့ပင်ဆိုစေ ရွှယ်ယန်သည် သူမ၏ တစ်ဦးတည်းသော ရင်းနှီးသည့် သူငယ်ချင်း ဖြစ်သည် မဟုတ်ပါလား။ ယင်ရူရုံသည် မာနကြီးပြီး အေးစက်သော အမူအရာ ရှိသော်လည်း သူမ၏ စိတ်ထားကောင်းမွန်သော သူငယ်ချင်းအပေါ်တွင်မူ မည်သည့် ကောက်ကျစ်စဉ်းလဲမှုမျှ မရှိဘဲ ရင်ဖွင့်တိုင်ပင်ရန် လိုလားသည်။

“ရူရုံ... အခုတစ်ခေါက် ငါ လာရတဲ့ ရည်ရွယ်ချက် နှစ်ခု ရှိတယ်... နင် ဘယ်လိုနေလဲဆိုတာ လာကြည့်တာရယ်... ငါ့ရဲ့ သူတော်စင်တက်လှမ်းခြင်း အခမ်းအနားကို လာတက်ဖို့ နင့်ကို ဖိတ်ချင်လို့ရယ်ပါ”

ရွှယ်ယန်သည် ဖိတ်စာတစ်စောင်ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်၏။

“ငါ သေချာပေါက် လာခဲ့ပါ့မယ်”

ယင်ရူရုံ ကိုယ်တိုင်ကိုယ်ကျ ကတိပေးလိုက်သည်။

ရွှယ်ယန်သည် ခေါင်းငုံ့ကာ ယင်ရူရုံ၏ လက်ဝါးပြင်ပေါ်ရှိ တာအို ဒဏ်ရာကို ကြည့်ရင်း စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

“နာနေသေးလား”

“ငါ့အတွက်ကတော့ ကိစ္စမရှိပါဘူး... ဒါ့အပြင် နယ်မြေသခင်ဟောင်း ချန်ရစ်ခဲ့တဲ့ သန့်စင်သော လက်နက်တွေ ရှိနေတာပဲ... ဖြည်းဖြည်းချင်း ကုရင် (၁၀) နှစ်၊ မြန်မြန် ကုရင် (၁) နှစ်အတွင်းမှာ တာအို ဒဏ်ရာကို ငါ အမြစ်ပြတ် ကုသနိုင်မှာပါ”

ယင်ရူရုံသည် သူမ၏ လက်ကို ဆန့်ထုတ်လိုက်ရာ လက်ဝါးပြင်ပေါ်တွင် အလင်းလုံးတစ်ခု ထွက်ပေါ်လာ၏။ ဒါက ထျန်းမြောင် မြင့်မြတ်သော နယ်မြေ၏ သန့်စင်သော လက်နက်ပင် ဖြစ်သည်။ ထိုသန့်စင်သော လက်နက်အတွင်းရှိ အစွမ်းထက်လှသော သူတော်စင် အရှိန်အဝါသာ မရှိပါက၊ ယင်ရူရုံအနေဖြင့် သူမ၏ ကိုယ်ပိုင်ခွန်အားဖြင့် တာအို ဒဏ်ရာကို ဖျောက်ဖျက်ပစ်ရန် အနည်းဆုံး နှစ် (၁၀၀)၊ (၁၀၀၀) သို့မဟုတ် နှစ် (၁၀၀၀၀) ပင် အချိန်ယူရပေလိမ့်မည်။

ကျန်ရှိနေသော နေ့ဝက်ခန့် အချိန်အတွင်း သူတို့နှစ်ဦးသည် ဆက်လက်၍ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြတော့သည်။

“ဒါနဲ့ စကားမစပ်... အနီးအနားမှာ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ အဆင့်ရှိတဲ့ ရုပ်သေးလူသား အစောင့်တစ်ရုပ် ပိုင်ဆိုင်ထားတဲ့ တာအို ဆရာ တစ်ယောက် ရှိတယ်... ရူရုံ... အဲဒါ ဘယ်သူလဲ နင် သိလား”

မခွဲခွာမီ ရွှယ်ယန် မနေနိုင်ဘဲ မေးလိုက်မိ၏။

“ဟင်”

ယင်ရူရုံ ထုံထိုင်းသွား၏။ သူမသည် လွန်ခဲ့သော ရက်အနည်းငယ်က ဤဒေသကို သူမ၏ နတ်ဘုရား အာရုံဖြင့် စူးစမ်းရှာဖွေခဲ့သော်လည်း၊ မိုင်တစ်သန်းခန့် အကွာအဝေးအတွင်း၌ ထင်ရှားသော စွမ်းအားရှင် မည်သူမျှ မရှိခဲ့ချေ။ ဒါဆို ဒီလူက ဒီကို အသစ်ရောက်လာတာများလား။

သူမ၏ မျက်နှာပေါ်ရှိ ဇဝေဇဝါဖြစ်မှုကို မြင်သောအခါ ယင်ရူရုံသည် ထိုတာအိုဆရာကို မသိကြောင်း ရွှယ်ယန် သဘောပေါက်သွားပြီး စကားဆိုလိုက်၏။

“ငါတို့ အတူတူ သွားကြည့်ကြမလား... အကယ်၍ ရေစက်ပါရင် သူ့ကိုလည်း ငါ့ရဲ့ သူတော်စင်တက်လှမ်းခြင်း အခမ်းအနားကို လာတက်ဖို့ ဖိတ်လို့ရတာပေါ့”

“အကြံကောင်းပဲ”

ယင်ရူရုံ ခေါင်းညိတ်လိုက်၏။ သူမသည် ဤအပန်းဖြေနားနေဆောင်ထဲတွင် နေရသည်ကို ပျင်းရိနေပြီ ဖြစ်ရာ၊ အပြင်ထွက်ကြည့်ခြင်းက အပန်းဖြေစရာတစ်ခု ဖြစ်နိုင်၏။

“ဝှီး...”

အမျိုးသမီးနှစ်ဦးသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ယဲ့ဖုန်း၏ အိမ်ဝင်းအပြင်ဘက်သို့ ရောက်ရှိလာကြ၏။

“‌အောက်... အီးအီးအွတ်...”

အိမ်ဝင်းအရှေ့ဘက် မြက်ခင်းပြင်ပေါ်တွင် ကြက်ဒါဇင်ပေါင်းများစွာ အစာရှာဖွေနေကြပြီး၊ တစ်ခါတစ်ရံ အနီးအနားရှိ အဆိပ်ပြင်းသော မြွေများနှင့် တိုက်ခိုက်နေကြ၏။ အကိုက်ခံရချိန်တွင် သူတို့သည် ထိခိုက်ဒဏ်ရာရသည့် အရိပ်အယောင်မျှ မပြဘဲ၊ ထိုမြွေများကို ကင်ပစ်လိုက်သော မီးတောက်များပင် မှုတ်ထုတ်လိုက်ကြသေးသည်။

“ဖီးနစ် သွေးမျိုးဆက် ပါတဲ့ ကြက်တွေပါလား”

အမျိုးသမီးနှစ်ဦးသည် ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ အံ့ဩသွားကြတော့သည်။

“မူး...”

ထိုအခိုက်အတန့်တွင် ကျွဲတစ်ကောင် ပြေးဝင်လာပြီး ကောင်းကင်ယံသို့ မြင့်မားစွာ ခုန်တက်ကာ ကောင်းကင်မူလ ပင်လယ်အတွင်းသို့ ထိုးဆင်းသွားရာ၊ ဧရာမ ရေပက်ကျသံကြီး ထွက်ပေါ်လာပြီး ရေစချိုးတော့သည်။

“ဒီကျွဲက နွားနတ်ဘုရား သွေးမျိုးဆက် ရှိနေပုံပဲ”

“ဟုတ်တယ်... တော်တော်လေး အားနည်းနေပေမယ့်ပေါ့”

အမျိုးသမီးနှစ်ဦး အချင်းချင်း ဆွေးနွေးလိုက်ကြ၏။

“ဝှီး...”

ထိုအခိုက်.. ရုပ်သေးလူသားတစ်ရုပ် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ရောက်ရှိလာပြီး အမျိုးသမီးနှစ်ဦး၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။

“သခင်ကြီး အိပ်နေတယ်... အနီးအနားကို ထပ်မလာနဲ့”

ရုပ်သေးလူသားများက လက်တစ်ဖက် ဆန့်ထုတ်လိုက်ရာ ၎င်းတို့ထံမှ လောင်ကျွမ်းလုမတတ် ပူပြင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး၊ သူတို့၏ အရှေ့တွင် မျဉ်သားလိုက်သည်။ ဆိုလိုရင်းမှာ ရှင်းလင်းလှ၏။

‘ဒီမျဉ်းကို မကျော်နဲ့’

“ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးမှာ ဒီမြင့်မြတ်သော နယ်မြေသခင်ကို နောက်ဆုတ်သွားအောင် လုပ်နိုင်တဲ့လူ ဘယ်သူမှ မရှိဘူး... ဒီနေ့ ငါ ကိုယ်ထိလက်ရောက် မလုပ်ချင်ဘူး... မင်း ချက်ချင်း ဖယ်စမ်း”

ယင်ရူရုံသည် လက်ကို ဝှေ့ယမ်းကာ ရုပ်သေးလူသားများကို လွင့်စင်သွားစေရန် ပြင်ဆင်လိုက်၏။

“သြော်... အဲဒီလိုလား”

ထိုအခိုက်အတန့်တွင် အိမ်ဝင်းအတွင်းမှ အကန့်အသတ်မဲ့သော အာဏာနှင့် ဂုဏ်သိက္ခာများ ပြည့်နှက်နေသည့် ပျင်းရိပျင်းတွဲ အသံတစ်ခု ထွက်ပေါ်လာ၏။

နောက်တစ်စက္ကန့်တွင်..

ကျောဘက်တွင် ဓားရှည်တစ်လက် လွယ်ထားသော ချောမောခန့်ညားသည့် လူငယ်တစ်ဦးသည် အိမ်ဝင်းတံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်ကာ အမျိုးသမီးနှစ်ဦး၏ အမြင်အာရုံထဲသို့ ရောက်ရှိလာတော့သည်။

“ဒါ... ဒါက ရှင်ပါလား”

ယဲ့ဖုန်းကို မြင်လိုက်ရသည်နှင့် ယင်ရူရုံ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွား၏။ သူမ၏ လက်ဝါးပြင်ပေါ်ရှိ တာအို ဒဏ်ရာမှ နာကျင်မှုများကို ခံစားလိုက်ရပြီး၊ မနေနိုင်ဘဲ နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်သွားမိရာ သူမ၏ ခြေလှမ်းတိုင်းသည် မြက်ခင်းပြင်ပေါ်တွင် သုံးလက်မခန့် နက်သော ခြေရာများကို ချန်ရစ်ခဲ့သည်။

“ယင်ရူရုံ... ဘာဖြစ်တာလဲ”

ရွှယ်ယန်သည် ယင်ရူရုံကို ကပျာကယာ ဖေးမလိုက်သော်လည်း၊ သူမကိုယ်တိုင်လည်း အစွမ်းထက်လှသော ကောင်းကင်နှင့် မြေကြီး၏ နယ်ပယ်တစ်ခုဖြင့် လွှမ်းခြုံခံလိုက်ရကြောင်း တွေ့ရှိလိုက်ရပြီး၊ သဘာဝ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီများကိုပင် ဆင့်ခေါ်နိုင်စွမ်း မရှိတော့သဖြင့် သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။

“ဒါ... ဒါက ကံကြမ္မာရဲ့ သားတော် ရဲ့ ဖိအားလား”

ယင်ရူရုံနှင့် ရွှယ်ယန်တို့ နှစ်ဦးစလုံး ယဲ့ဖုန်းကို ကြည့်လိုက်ရာ သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေကြ၏။ အထူးသဖြင့် ယင်ရူရုံမှာ ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသကဲ့သို့ အလွန်တရာ သက်တောင့်သက်သာ မရှိဖြစ်နေတော့၏။

--

All Chapters